အခန်း (၁၂၂) စိတ်လှုပ်ရှားဖွယ်ည (အပိုင်း ၁)
“လုံးဝ အပြင်မထွက်နဲ့၊ မင်းတို့ အရင်တုန်းက လုပ်ခဲ့တဲ့ကိစ္စကြောင့် အခု နန်းတော်မှာ ရှာဖွေမှုတင်းကျပ်နေတယ်၊ ငါ့ ဒီနေရာကိုတော့ သူတို့ ဝင်ရဲမှာ မဟုတ်ဘူး၊ ဒါပေမဲ့ မင်း ထွက်သွားပြီး သူတို့ လက်ထဲ မိသွားရင်တော့ ငါ မင်းကို ကယ်ဖို့ အချိန်မရှိဘူး၊ မင်းရဲ့ အဲ့ဒီဆုလာဘ် မရှိတော့ရင်တော့ ငါလည်း မင်းရဲ့ ခင်ပွန်းကို သွားကယ်မှာ မဟုတ်ဘူး”
စုန့်ချင်းရှု လိမ်ညာ၍ ခြိမ်းခြောက်ပြောဆိုလိုက်သည်၊ မကြာမီတွင် နန်းတော်တစ်ခွင် ပန်းနီအဖွဲ့မှလူများ ကယ်ထုတ်ခံလိုက်ရပြီဖြစ်ကြောင်း သိသွားမည်ဖြစ်ရာ လော့ပင်း ထွက်သွားပြီး တစ်ခုခု ကြားသိခဲ့ပါက အခြေအနေ မကောင်းနိုင်ပေ။
“ကောင်းပါပြီ” လော့ပင်း နူးညံ့စွာ ခေါင်းညိတ်သည်၊ ရုတ်တရက် ရှက်ရွံ့သော အမူအရာဖြင့် “ရှင်… ရှင် ဒီမှာ စားစရာ ဘာများရှိလဲ၊ ကျွန်မ တစ်နေကုန် ဘာမှ မစားရသေးဘူး”
ရှေ့တွင် ရှက်ရွံ့နေသော လှပသည့် အမျိုးသမီးကို ကြည့်ရင်း စုန့်ချင်းရှု ကြိတ်၍ ရယ်မောလိုက်သည်၊ ထောင့်နားက ဗီရိုကို လက်ညှိုးထိုးပြသည် “အထဲမှာ မုန့်တွေ အများကြီး ရှိတယ်၊ နန်းတွင်းစားတော်ဆောင်က ဆက်သထားတာတွေ၊ စားချင်သလောက် စား။ အော်၊ ဒါနဲ့ မင်းစိတ်မရှိဘူးဆိုရင် ငါ့အတွက် ဆန်ပြုတ်လေး နည်းနည်း ပြုတ်ပေးလို့ ရမလား၊ ဒဏ်ရာရပြီးတော့ ဆန်ပြုတ်ပဲသောက်ချင်နေတယ်”
လော့ပင်း ခဏမျှ တိတ်ဆိတ်သွားပြီးနောက် "ဒါက ရှင့်ရဲ့ တောင်းဆိုမှုလို့ သတ်မှတ်လို့ရမလား" ဟု မေးသည်။ စုန့်ချင်းရှု၏ အံ့အားသင့်နေသော မျက်နှာကို မြင်သောအခါ သူမ ညင်သာစွာ ပြုံးလိုက်သည်။ "ထားလိုက်ပါတော့၊ ကောင်းမှုတစ်ခု လုပ်တယ်လို့ပဲ သဘောထားလိုက်ပါ။ ဒါပေမဲ့ ရှင် ဒီမှာ မီးဖိုချောင် ရှိလား" ဟု ပြောသည်။
“ဘေးခန်းမှာ၊ ဒါပေမဲ့ ဆန်လေးနည်းနည်းကလွဲလို့ တခြား ပါဝင်ပစ္စည်း ဘာမှ မရှိဘူး၊ ဘာလို့လဲဆိုတော့ ကိုယ်တိုင် ချက်ခဲလို့လေ” တစ်ဖက်လူက သူ့ရှေ့မှာ ပထမဆုံးအကြိမ် ပြုံးပြသည်ကို မြင်တော့ စုန့်ချင်းရှု စိတ်လှုပ်ရှားသွားသည်။
“ရှင် မြန်မြန် ဒဏ်ရာ ကုလိုက်ပါ၊ ကျွန်မ ဆန်ပြုတ်အရင် သွားပြင်လိုက်မယ်” လော့ပင်း ဗီရိုထဲမှ မုန့်အချို့ကို ကောက်ယူကာ ရင်ခွင်ထဲ ထည့်ထားပြီး သူ့အတွက် တံခါးကို ညင်သာစွာ ပိတ်ပေးလိုက်သည်။
စုန့်ချင်းရှု မျက်နှာ တည်သွားပြီး ယင်ကိုးပါးသိုင်းကျမ်းကို အသုံးပြုကာ ဒဏ်ရာ ကုသတော့သည်။
ဘယ်လောက်ကြာသွားမှန်း မသိတော့။ စုန့်ချင်းရှု ရုတ်တရက် မျက်လုံးဖွင့်လိုက်ရာ နှာခေါင်းဖျားမှ လတ်ဆတ်သော ဆန်ပြုတ်နံ့သင်းသင်းလေး ရလိုက်သည်။
"ရှင် နိုးလာပြီလား?" လော့ပင်းက ပဝါဖြင့် ဒယ်အိုးငယ်လေးတစ်လုံးကို ကိုင်ကာ ဖြည်းဖြည်းချင်း ဝင်လာသည်။ စားပွဲပေါ် တင်ပြီးနောက် ပူနေသော လက်ချောင်းများဖြင့် နားရွက်ကို မထိန်းနိုင်ဘဲ ဆုပ်ကိုင်လိုက်သည်။
သူမ၏ ရုတ်တရက် ကလေးမလေး ပုံစံကို မြင်သောအခါ စုန့်ချင်းရှု ရယ်မောလိုက်သည်၊ "ပူလို့ နားရွက်ကို ကိုင်တာက တကယ်ရော ထိရောက်ရဲ့လား?"
"သိပ်တော့ မထိရောက်ဘူးထင်တယ်။" လော့ပင်း ရှက်ပြုံးပြုံးပြီး လက်ချောင်းများကို ချလိုက်သည်၊ "ငယ်ငယ်ကတည်းက အမေက ဒီလိုပဲ သင်ပေးခဲ့တာ။"
လော့ပင်း ဆန်ပြုတ်တစ်ပန်းကန် ခပ်ပြီး ကုတင်ဘေးသို့ ယူလာကာ သူ့ကို ပေးသည်၊ "ရှင် အတွင်းဒဏ်ရာ ရထားတာ။ ဆန်ပြုတ်ပူပူ သောက်တာ ဒဏ်ရာအတွက် ကောင်းတယ်။"
သူမ၏ ကြွေပန်းကန်လုံးထက်ပင် ဖြူဖွေးနူးညံ့သော လက်များကို ကြည့်ရင်း စုန့်ချင်းရှု မနာလိုစွာ"ဝမ်သခင်က တကယ် ကံကောင်းတာပဲ။ ဒီလို လှပပြီး အရည်အချင်းရှိတဲ့ ဇနီးမျိုးရထားတာ၊ဓားနှစ်လက်ကိုင်ပြီး တိုက်ပွဲဝင်နိုင်သလို၊ မီးဖိုချောင်ဝင်ရင်လည်း အစားအစာတွေ ချက်ပြုတ်နိုင်တယ်" ဟု ပြောသည်။
"ရှင်သာ ထပ်ပြီး မလေးမစား စကားပြောရင် ကျွန်မ ယဉ်ကျေးတော့မှာ မဟုတ်ဘူး" လော့ပင်းက နှုတ်ခမ်းကိုက်ကာ ပြောသည်။ သူမက ရှေးခေတ်အမျိုးသမီးတစ်ယောက်ဖြစ်သောကြောင့် စုန့်ချင်းရှု၏ ပွင့်လင်းရဲတင်းသော ချီးကျူးစကားကို ဘယ်လိုမှ ခံနိုင်ရည်မရှိပေ။ သို့သော်လည်း လှပသောစကားကို လူတိုင်း ကြိုက်နှစ်သက်ကြသည်ဖြစ်ရာ လော့ပင်း၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်တော် ဒီလိုပြောတာကို မလေးမစားလုပ်တယ်လို့ ခေါ်တာလား?" စုန့်ချင်းရှု ဒီတစ်ခါတော့ တကယ် မတရားဘူးလို့ ခံစားရတယ်။ အရင်ဘဝက ဟာသတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်သေးဘူးလို့ စိတ်ထဲက တွေးမိသည်။
ကြွေပန်းကန်လုံးကို ယူလိုက်ပြီး အထဲက ပူပူနွေးနွေး သားသတ်လွတ်ဆန်ပြုတ်ကို ကြည့်ရင်း စုန့်ချင်းရှု မျက်နှာက ထူးဆန်းသွားပြီး မေးလိုက်သည်၊ "မင်း အထဲမှာ အဆိပ်များ ထည့်ထားသလား?"
"မစားချင်လည်း ထားလိုက်!" လော့ပင်း ဒေါသတကြီးဖြင့် ပန်းကန်လုံးကို ပြန်ယူရန် ကြံလိုက်ရာ စုန့်ချင်းရှုက တုံ့ပြန်မှု မြန်ဆန်စွာ လက်ကို နောက်သို့ အလိုအလျောက် ရုပ်လိုက်သည်။ လေထဲသို့သာ ဆုပ်ကိုင်လိုက်ရာ လော့ပင်း ကိုယ်ဟန်မထိန်းနိုင်ဘဲ စုန့်ချင်းရှုပေါ်သို့ လဲကျတော့မလို ဖြစ်သွားသည်။
စုန့်ချင်းရှုကတော့ ထိုသို့ဖြစ်သည်ကို မြင်ပြီး ဝမ်းသာနေသည်မှာ လက်နှစ်ဖက်ကို ဖြန့်ပြီး ဖက်ထားဖို့သာ လိုတော့သည်။ လော့ပင်းကတော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးမည်မဟုတ်ပေ။ သူမသည် သိုင်းပညာ ရှင်တစ်ယောက်ဖြစ်ရာ ခါးကို ကော့လိုက်ကာ လေထဲတွင် ကိုယ်ဟန်ကို မနည်း ထိန်းလိုက်ပြီးနောက် ကိုယ်ကို ဖြည်းဖြည်းချင်း ပြန်မတ်လိုက်သည်။
"စားချင်စား၊ မစားချင်နေ!" လော့ပင်း နည်းနည်း ရှက်သွားပြီး သူ့လက်ထဲက ပန်းကန်လုံးကို ပြန်လုရန် မကြိုးစားတော့ပေ။
"စားရမှာပေါ့။ စုန့်က သခင်မရဲ့ စေတနာကို ဘယ်လိုများ လျစ်လျူရှုနိုင်မှာလဲ?" ဆန်ပြုတ်ပူပူ တစ်ပန်းကန် သောက်လိုက်သောအခါ စုန့်ချင်းရှုသည် ဒန်ထျန်အတွင်းရှိ စစ်မှန်သောချီများ အသက်ဝင်လာသလို ခံစားရပြီး စိတ်ဓာတ်များလည်း တက်ကြွလာသဖြင့် ဒဏ်ရာကို အမြန်ဆုံး ကုသတော့သည်။
စုန့်ချင်းရှု တဖန်ထပ်၍ ကျင့်ကြံခြင်းမှ မျက်လုံးဖွင့်လိုက်သောအခါ အပြင်ဘက်မှ လင်းထိန်နေသော ကောင်းကင်ကို ကြည့်ရင်း သံသယဖြင့် မေးသည်၊ "သူတို့ နှစ်ယောက် ဘာလို့ ပြန်မလာသေးတာလဲ? တစ်ခုခုများ ဖြစ်နေတာလား?"
လော့ပင်း လက်ဖြင့် ပါးကို ထောက်ကာ စားပွဲဘေးတွင် မှိန်းနေစဉ် သူ့အသံကို ကြားသောအခါ လန့်ပြီး နိုးလာကာ၊ "ကျွန်မလည်း မသိဘူး။" သူမ စိတ်ထဲတွင်လည်း အံ့သြနေသည်။ ရှချင်းချင်း ဘယ်သွားတယ်ဆိုတာ သူမ သိသည်။ ဒါပေမဲ့ လီယွမ်ကျစ်က ဘာလို့ ပြန်မလာသေးတာလဲ?
ဒဏ်ရာက ၇၀ ရာခိုင်နှုန်းခန့် ပြန်ကောင်းလာပြီဟု ခံစားရသဖြင့် စုန့်ချင်းရှု ကုတင်ပေါ်မှ ဆင်းလာသည်၊ "ငါ သူတို့ကို သွားရှာလိုက်ဦးမယ်။ ပြီးတော့ နန်းတွင်းစားဖိုမှူးကို အစားအစာတွေ ပို့ခိုင်းလိုက်မယ်။ မုန့်ဆိုတာမျိုးက စားတာများရင် ငြီးငွေ့တတ်တယ်။"
လော့ပင်း ခေါင်းညိတ်လိုက်သည်။ စုန့်ချင်းရှု တံခါးအပြင်ဘက်သို့ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ထိုခဏ၌ သူမသည် ခင်ပွန်းကို အပြင်ထွက်ခွင့် ပြုလိုက်သော ဇနီးတစ်ယောက်လို လုံးဝ အဓိပ္ပာယ်မရှိသော ခံစားမှုတစ်ခု ရုတ်တရက် ပေါ်လာသည်။
နန်းတွင်းစားဖိုဆောင်က ထွက်လာပြီးနောက် စုန့်ချင်းရှု မျက်နှာထား တင်းမာစွာဖြင့် နန်းတော်ထဲတွင် လိုက်ရှာသည်။ အစပိုင်းတွင် ရှချင်းချင်းက စိတ်မထိန်းနိုင်တော့ဘဲ ခန်းရှီကို လုပ်ကြံရန် သွားပြီဟု ထင်ခဲ့သည်။ သို့သော် ဒိုလုံကို မေးမြန်းကြည့်သောအခါ မနေ့ညက ကိုယ်တိုင် သူပုန်ဟန်ဆောင်၍ ပန်းနီအဖွဲ့ကို ကယ်ထုတ်သွားသည်မှလွဲ၍ တခြား လုပ်ကြံသူ သတင်း မရှိကြောင်း သိရသည်။
နောက်ပိုင်းတွင် စုန့်ချင်းရှုသည် ရှချင်းချင်း နန်းတော်ထဲတွင် လမ်းပျောက်သွားပြီဟု ထင်ခဲ့သည်။ သူမ ဒီလောက် တုံးအလိမ့်မည် မဟုတ်ဟု ခံစားရသော်လည်း နန်းတော်က အလွန်ကြီးမားသောကြောင့် စုန့်ချင်းရှုလည်း မသေချာပေ။ လက်ရှိ ရာထူးကို အသုံးပြုကာ နန်းတော်ထဲတွင် လိုက်ရှာသည်။
နေဝင်သည်အထိ ရှာဖွေခဲ့သော်လည်း ရှချင်းချင်း၏ အရိပ်အယောင်ကို မတွေ့ရပေ။ ရုတ်တရက် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသောအခါ စုန့်ချင်းရှု မျက်နှာပျက်သွားပြီး သူ၏ နေအိမ်သို့ လျင်မြန်စွာ ပြန်လာခဲ့သည်။
"မင်း မနေ့က ရှချင်းချင်းကို ဘာတွေ ပြောခဲ့တာလဲ?" တံခါးကို တွန်းဖွင့်လိုက်ရာ စုန့်ချင်းရှုသည် လော့ပင်း၏ မျက်နှာကို သတိမထားမိဘဲ မျက်နှာတင်းမာစွာဖြင့်မေးလိုက်သည်။
သို့သော် လော့ပင်း သူ့၏မေးခွန်းကို ပြန်မဖြေဘဲ လက်ထဲမှ စက္ကူတစ်ရွက်ကို မြှောက်ပြကာ အေးစက်သောအသံဖြင့်၊ "ဒါ ဘာလဲ?"
စုန့်ချင်းရှု သူ့အင်္ကျီကို စမ်းကြည့်လိုက်ရာ မျက်နှာ အနည်းငယ် ပျက်သွားသည်။ မနေ့က ဒဏ်ရာ ကုသစဉ် မတော်တဆ ဝမ်ထိုက်လိုင်၏ ဇနီးအား လွှဲပြောင်းပေးအပ်ထားသောစာကို ကုတင်ပေါ်တွင် ချန်ထားခဲ့မိခြင်း ဖြစ်သည်။
အခြေအနေက ဒီလို ဖြစ်လာပြီဆိုတော့ စုန့်ချင်းရှု အဓိပ္ပာယ်မရှိသော ငြင်းခုံမှုများ မလုပ်တော့ဘဲ ပွင့်ပွင့်လင်းလင်း ပြောသည်၊ "မင်းက တောက စာမတတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ ဘာလို့ သိသိကြီးနဲ့ မေးနေတာလဲ?"
"ကောင်းတယ်၊ ကောင်းတယ်!" လော့ပင်း နှုတ်ခမ်းများ ဒေါသဖြင့် တုန်ယင်နေသည်၊ "ဒါက တကယ်ပဲ လေးယောက်မြောက်အစ်ကိုရဲ့ လက်ရေးပါ။ ရှင် ဘယ်လို ယုတ်မာ ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးပြီး သူ့ကို ဒါ ရေးခိုင်းတာလဲ?"
"ငါ ဘယ်လို ယုတ်မာ ကောက်ကျစ်တဲ့ နည်းလမ်းတွေ သုံးသုံး အရေးအကြီးဆုံးက ဝမ်ထိုက်လိုင်ကိုယ်တိုင် တကယ် ဒီစာကို ရေးခဲ့တာပဲ။" စုန့်ချင်းရှု လော့ပင်းကို ကြည့်လိုက်သည် "ဒီတော့ မင်းက သူ့စိတ်ထဲမှာ သိပ်အရေးမကြီးဘူး ထင်တယ်။"
စုန့်ချင်းရှု ပြောသည့် စကားလုံးတိုင်းသည် လော့ပင်း၏ နှလုံးသားကို ဓားသွားများကဲ့သို့ ထိုးစိုက်နေသည်။ အမျိုးသမီးများသည် စိတ်ခံစားမှုပြင်းထန်သော သတ္တဝါများဖြစ်ပြီး၊ အများစုမှာ အဖြစ်အပျက်ကိုယ်တိုင်ကို ဂရုမစိုက်ကြဘဲ အမျိုးသားများက အဓိပ္ပာယ်မရှိဟု ယူဆသောအရာများကို ဂရုစိုက်ကြသည်။
ဝမ်ထိုက်လိုင်က ပန်းနီဂိုဏ်းမှ ညီအစ်ကိုများကို ကယ်ဆယ်ရန်သာ ရည်ရွယ်ခဲ့ပြီး လော့ပင်း သိရှိခဲ့လျှင်ပင် သူ့လုပ်ရပ်ကို နားလည်ပေးလိမ့်မည်ဟု ထင်ခဲ့သည်။
လော့ပင်းသည် သူ့ဆန္ဒအတိုင်းပင်။ ထက်မြက်သော သူမသည် ထိုစာကို မြင်သည်နှင့် စုန့်ချင်းရှုက ဝမ်ထိုက်လိုင်ကို ဖိအားပေးခဲ့သည့် အခြေအနေကို လုံးဝ နီးပါး ပြန်လည် ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော် သူမ၏ အာရုံစိုက်မှုသည် ထိုနေရာတွင် မဟုတ်ဘဲ စုန့်ချင်းရှု ပြောခဲ့သည့်အတိုင်း၊ ယောက်ျားဖြစ်သူ၏ မည်သည့်အကြောင်းပြချက်များပင် ရှိနေပါစေ၊ သူမကို စွန့်လွှတ်ကာ အခြားယောက်ျားတစ်ယောက်ထံ ပေးအပ်ခဲ့ခြင်းပင် ဖြစ်သည်။