အခန်း (၁၂၁) လျှို့ဝှက်တိုက်ခိုက်ခြင်း
“ငါ တစ္ဆေ ဖြစ်သွားရင်တောင် မင်းကို ခွင့်လွှတ်မှာ မဟုတ်ဘူး!” ဝမ်ထိုက်လိုင်၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် စိမ့်ထွက်လာသည်၊ ဒေါသအရှိန်ကြောင့် သူ့ဒဏ်ရာများ ပိုဆိုးလာသည်မှာထင်ရှားသည်။
စုန့်ချင်းရှု အားရပါးရ ရယ်မောပြီး ခန့်ညားစွာ လှည့်ထွက်သွားသည်။
ကောင်းကင်ထောင်မှ ထွက်သွားပြီးနောက် စုန့်ချင်းရှုသည် ဒိုလုံနှင့် သွားရောက်ဆွေးနွေးကာ အစောင့်များ အလှည့်ကျ ကင်းလှည့်ခြင်းကို နှောင့်နှေးစေရန် ပြောကြားခဲ့သည်။
ဒိုလုံက ခဏ တုံ့ဆိုင်းပြီး “စုန့်ညီလေး၊ အဲ့ဒီအချိန်ကျရင် အစောင့်တွေရဲ့ အသက်ကို တတ်နိုင်သမျှ မထိခိုက်အောင် လုပ်ပါ၊ ညီအစ်ကိုတွေရဲ့နောက်မှာ အိမ်ထောင်နဲ့ မိသားစုတွေ ရှိတယ်
“စိတ်ချပါ၊ ညီလေးက သနားကြင်နာတတ်တဲ့သူ မဟုတ်ရင်တောင် လူ့အသက်တွေကို မထိခိုက်ချင်ပါဘူး” စုန့်ချင်းရှုက ဒိုလုံကို အံ့သြစွာ ကြည့်သည်။
ည ရောက်သောအခါ စုန့်ချင်းရှုသည် ဒိုလုံ အထူးပြင်ဆင်ပေးထားသော ညဝတ်အကျီင်္ကို ဝတ်ဆင်ပြီး ကောင်းကင်ထောင်တံခါးဝမှ အစောင့်များကို တိတ်တဆိတ် အကြောပိတ်၍ ထိန်းချုပ်လိုက်ပြီးနောက် တိတ်တဆိတ်သက်ပြင်းချကာ ကိုယ်ဖော့ သိုင်းပညာကို အသုံးပြု၍ အတွင်းသို့ ပြေးဝင်သွားခဲ့သည်။
ပန်းနီအဖွဲ့ဝင်အချို့သည် နေ့ခင်းဘက်တွင် စုန့်ချင်းရှု၏ အချက်ပြမှုကို ရရှိခဲ့ပြီး အပြင်ဘက်သို့ အမြဲဂရုစိုက် စောင့်ကြည့်နေသည်၊ ရုတ်တရက် မျက်လုံးများရှေ့တွင် မီးခိုးတန်းတစ်ခုဖြတ်သွားပြီး မန်ချူးအစောင့်များ အားလုံး မြေပြင်ပေါ်သို့ ပျော့ခွေကျသွားသည်၊ ရောက်လာသူသည် စုန့်ချင်းရှု ဖြစ်ကြောင်း မြင်လိုက်သောအခါ အားလုံး ထိတ်လန့်သွားကြသည်။
“အချိန်မရှိဘူး၊ အဝတ်လဲပြီး ငါနဲ့ လိုက်ခဲ့” စုန့်ချင်းရှုသည် အစောင့်များ၏ ကိုယ်ပေါ်တွင် ရှာဖွေပြီး သော့များကို သက်ဆိုင်ရာ အချုပ်ခန်း အသီးသီးထဲသို့ ပစ်ထည့်လိုက်သည်၊ ပြီးနောက် အစောင့်ဝတ်စုံအချို့ကို တံခါးဝသို့ ပစ်ချလိုက်သည်။
လူအချို့ အလျင်အမြန် အဝတ်လဲနေစဉ် စုန့်ချင်းရှု တိတ်တဆိတ် ယွီယွီထုံဘေးသို့ ကပ်သွားပြီး အသံကို နှိမ့်ကာ မေးသည် “စဉ်းစားပြီးပြီလား၊ ဒါက နောက်ဆုံးအခွင့်အရေးပဲ၊ ဒီတစ်ကြိမ် လွဲသွားရင် ဝမ်ထိုက်လိုင်ကို ဘာအပြစ်အနာအဆာမှ မရှိဘဲ ရှင်းပစ်ဖို့ မလွယ်တော့ဘူး”
ယွီယွီထုံ၏ စိတ်သည် ရေကဲ့သို့ ငြိမ်သက်နေပြီး အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိပေ၊ အေးစက်စွာ ပြောသည် “ခင်ဗျား ထပ်ပြောစရာ မလိုဘူး၊ ခင်ဗျား ကျွန်တော်တို့ကို ကယ်တင်ပေးတဲ့အတွက် ကျွန်တော်လည်း ခင်ဗျားရဲ့ အကြံပြုချက်ကို ပန်းနီအဖွဲ့က ကျန်တဲ့ ခေါင်းဆောင်တွေကို မပြောပြဘူး၊ လူကြီးမင်း ကိုယ့်ဘာသာ ဂရုစိုက်ပါ”
စုန့်ချင်းရှု အတော်လေး ဝမ်းနည်းစွာ ခေါင်းခါလိုက်သည်၊ စိတ်ထဲတွင် “ယွီယွီထုံလို အကောင်းဆုံး အစားထိုး သားကောင် မရှိတော့ရင် ငါ ဝမ်ထိုက်လိုင်ကို သတ်တာ တခြားလူတွေကို ဘယ်လို လှည့်စားလို့ရပါ့မလဲ” ဟု တွေးနေသည်။
လော့ပင်း၏ ရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာကို စဉ်းစားမိသောအခါ စုန့်ချင်းရှုသည် ဝမ်ထိုက်လိုင်ကို တိုက်ခိုက်လိုသော စိတ်ဆန္ဒကို အတင်းအဓမ္မ ဖိနှိပ်လိုက်သည်၊ စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်နေသည်၊ “လူတစ်ယောက် အင်အားကြီးမားတဲ့အခါ အရင်က စိတ်ထဲက ဆိုးယုတ်တဲ့ အတွေးအချို့ကို လက်တွေ့လုပ်ဆောင်ဖို့ မလွန်ဆန်နိုင်ဘူးလား၊ ဒီလို အားကြီးသူကို လေးစားတဲ့ ကမ္ဘာမှာ ယောက်ျားတွေက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ဖို့ ခက်ခဲတယ်…”
“စုန့်သူရဲကောင်းရဲ့ မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ ကူညီကယ်ဆယ်မှုအတွက် ကျေးဇူးတင်ပါတယ်၊ အရင်က အထင်အမြင် လွဲမှားမှုတွေကို ကျွန်တော်တို့ ထွက်သွားပြီးနောက် ချန်ဂိုဏ်းချုပ်ကို သေချာ ရှင်းပြပါ့မယ်” လူဝကျောက်ဖန်စန်းသည် အင်္ကျီကြယ်သီးများကို အတင်းအကျပ် ဆွဲစေ့လိုက်ရသည်၊ သို့သော် တင်းကျပ်နေသော ကြိုးများကို ကြည့်ရင်း စုန့်ချင်းရှုက သူ နှာချေလိုက်ရုံဖြင့် အင်္ကျီများ တစ်စစီ ပြတ်ထွက်သွားလိမ့်မည်ဟု ထင်မိသည်။
“ဟွန့်!” ဘေးနားက ဝမ်ထိုက်လိုင်ကတော့ ပြောစရာမရှိအောင် စိတ်ဒုက္ခရောက်နေသည်၊ သူနှင့် စုန့်ချင်းရှု၏ သဘောတူညီမှု့ကို တခြားသူများ မသိစေချင်ပေ။
“ငါနဲ့ လိုက်ခဲ့၊ ခဏနေရင် တည်တည်ငြိမ်ငြိမ်နေပါ၊ လှည့်ကင်းအစောင့်တွေနဲ့ တွေ့ရင်လည်း မထိတ်လန့်နဲ့၊ ကောင်းကင်ထောင် အဖောက်ခံရတာကို ဘယ်သူမှ ချက်ချင်း သိမှာ မဟုတ်ဘူး” စုန့်ချင်းရှုကလည်း အပေါ်ဆုံး ညဝတ်အကျီင်္ကို ချွတ်လိုက်ပြီး အစောင့်ဝတ်စုံကို ဝတ်ကာ ရှေ့မှ ဦးဆောင်ပြီး ထွက်သွားသည်။
သုံးယောက်သား သူ့နောက်မှ လိုက်ပါသွားကြရာ အချိုးအကွေ့များစွာ ဖြတ်သန်းပြီးနောက် နောက်ဆုံးတော့ တားမြစ်နန်းတော်၏ အပြင်ဘက်နံရံ တစ်နေရာသို့ ရောက်လာသည်။ စုန့်ချင်းရှုက နံရံအပြင်ဘက်သို့ လက်ညှိုးထိုးပြရင်း လေးလေးနက်နက် ပြောသည်၊ "စုန့်တစ်ယောက်က မင်းတို့ကို ဒီအထိပဲ ပို့ပေးနိုင်တယ်။ ဒီနံရံကို ကျော်လိုက်တာနဲ့ နန်းတော်က ထွက်သွားနိုင်ပြီ။"
“တစ်ခုသတိပေးချင်တာက၊ ထွက်သွားပြီးရင်တော့ ခဏလောက် ပြန်မလာပါနဲ့။ မင်းတို့အရင်က နေကြာအဘိုးအိုကို နန်းတော်ထဲက ဘယ်လို ခေါ်ထုတ်သွားလဲ မသိပေမယ့် သူ မကြာခင် ပြန်ရောက်လာတော့မှာ၊ မင်းတို့ ငါ့ကိုတောင် မနိုင်ကြဘူး၊ နေကြာဘိုးဘေးဆို ပိုဆိုးလိမ့်မယ်။”
ကျောက်ဖန်စန်းတို့က ခေါင်းညိတ်လိုက်ကြပြီး မြင့်မားသော နန်းတော်အပြင်နံရံကို ကြည့်ရင်း အခက်အခဲနှင့် ကြုံရသလို မျက်နှာများ ပေါ်လာသည် “အခု ကျွန်တော်တို့မှာ လက်နက်ကိရိယာမရှိဘူး၊ ဒီလောက်မြင့်တဲ့ နံရံကို ကျွန်တော်တို့ ကျော်နိုင်မှာ မဟုတ်ဘူး”
စုန့်ချင်းရှု တအံ့တသြ ဖြစ်သွားသည်၊ နန်းတော်၏ မြင့်မားသော အပြင်နံရံကို ကြည့်ရင်း “နန်းတော်ကို စတင် တည်ဆောက်တုန်းက သိုင်းပညာရှင်တွေ ကိုယ်ဖော့ပညာကိုသုံးပြီး အမြင့်ကသွားမှာကိုကာကွယ်ဖို့ သေချာပေါက် စဉ်းစားခဲ့မှာပဲ၊ ဒါကြောင့် နန်းတော်နံရံတွေကို အခုလို မြင့်မားခိုင်ခံ့အောင် ဆောက်ခဲ့တာပဲ” ဟု စိတ်ထဲမှ တွေးလိုက်သည်။
“ကောင်းပြီ၊ ငါပဲ မင်းတို့ကို ခေါ်သွားမယ်” စုန့်ချင်းရှုက စကားမပြောနိုင်ဘဲ စိတ်ထဲတွင် ရေရွတ်နေသည် “အဖေလည်း ငါပဲ ၊အမေလည်း ငါပဲ၊ ဒီလောက် လွယ်ပါ့မလား၊ ကံကောင်းတာက မိန်းမလှလေး နှစ်ယောက်က တောင်းဆိုလို့ပေါ့”
စုန့်ချင်းရှုသည် ကျောက်ဖန်စန်း၏ ပခုံးကို ကိုင်ကာ အတွင်းအားကို အသုံးပြု၍ အပေါ်သို့ ခုန်တက်လိုက်သည်၊ သို့သော် ကျောက်ဖန်စန်း၏ကိုယ်အလေးချိန်ကို ခန့်မှန်းမှု လွဲမှားခဲ့သဖြင့် တစ်ဝက်ရောက်မှ အားနှင့် အရှိန်ကုန်သွားသည်။ ချက်ချင်း နန်းတော်နံရံကို ခြေဖျားဖြင့် တစ်ချက် ထောက်ကာ နံရံတွယ်ပုတ်သင်ညိုသိုင်းဖြင့် သာကျော်တက်သွားသည်။
“ကျောက်ဖန်စန်း လူဝကြီး၊ မင်း တကယ်ပဲ ကိုယ်အလေးချိန် လျှော့သင့်ပြီ၊ ကိုယ့်ကိုယ်ကိုယ် မေတ္တေယျဗုဒ္ဓများ(ကန်တော့၊ကန်တော့ မူရင်းစာရေးဆရာအတိုင်းပြန်ထားလို့ပါ) မှတ်နေတာလား” စုန့်ချင်းရှုက သူ့ကို အောက်ချပေးပြီးနောက် တိတ်တဆိတ် ချွေးစေးများ ပြန်သွားသည်။
“ဒီအဆီတွေနဲ့ ကျင့်သားရနေပြီ” ကျောက်ဖန်စန်း၏ ရယ်သံနှင့်အတူ ထိုဝသော ကိုယ်ခန္ဓာကပါ တုန်ခါလာသည် “စုန့်လူငယ်သူရဲကောင်း အရင်က ပြောခဲ့တဲ့ သူငယ်ချင်းက ဘယ်သူလဲ”
“နောင်တစ်ချိန်ကျ မင်း သေချာပေါက် သိပါလိမ့်မယ်” စုန့်ချင်းရှုက ပြန်မဖြေဘဲ ခုန်တက်လိုက်ပြီး နန်းတော်ထဲသို့ ထပ်မံ ဝင်ရောက်သွားသည်။
“အရင်ဆုံး ညီဆယ့်လေးကို အပြင်ပို့ပေးပါ” စုန့်ချင်းရှုက သူ၏ပခုံးကို ဆုပ်ကိုင်ရန် လက်ဆန့်လိုက်သည်ကို မြင်သောအခါ ဝမ်ထိုက်လိုင်က နောက်သို့ တစ်လှမ်းဆုတ်ကာ ပြောသည်။
စုန့်ချင်းရှုက သူ့ကို သံသယဖြင့် ကြည့်ပြီး ယွီယွီထုံကို ဆွဲယူကာ အပြင်သို့ ခုန်ထွက်သွားသည်၊ ကျောက်ဖန်စန်းနှင့် နှိုင်းယှဉ်လျှင် ယွီယွီထုံသည် လေထဲတွင် ပေါ့ပါးသည့် ငှက်တစ်ကောင်ပမာ ဖြစ်ပြီး စုန့်ချင်းရှုသည် အားစိုက်ထုတ်စရာမလိုဘဲ သူ့ကို အပြင်သို့ ပို့ပေးခဲ့သည်။
“စတုတ္ထသခင်ဝမ်၊ လာပါ၊ ခင်ဗျားကို အပြင်ပို့ပေးပါ့မယ်၊ စုန့်က လူကောင်းတစ်ယောက် မဟုတ်ပေမယ့် မင်းတို့ကို အပြင်ပို့ပေးမယ်လို့ ကတိပေးထားပြီးပြီဆိုတော့ သေချာပေါက် ကတိတည်မှာပါ၊ ခင်ဗျားကိုလျှို့ဝှက်ပြီး ဒုက္ခပေးမှာကို စိုးရိမ်စရာ မလိုပါဘူး” သူ၏မျက်နှာမှ သတိထားနေသောအမူအရာကို မြင်သောအခါ အရင်က မိမိ အနည်းငယ် လွန်ခဲ့ကြောင်း သိလိုက်သည်။
“မင်း ဒီနေ့ ငါ့ကို အပြင်ပို့ပေးရင်တောင် ငါ ကျေးဇူးတင်မှာမဟုတ်ဘူး၊ နောင်တစ်ချိန်ကျ မင်းကို သတ်ဖို့ နည်းလမ်းပေါင်းစုံ သေချာပေါက် ရှာမယ်” ဝမ်ထိုက်လိုင်၏ မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
“သတ်ပါ၊ သတ်ပါ၊ ဇနီးကို လုယူခံရတဲ့ အမုန်းတရားက ဘယ်ယောက်ျားမှ သည်းခံနိုင်မှာမဟုတ်ဘူး” ဝမ်ထိုက်လိုင်၏ ဒေါသထွက်နေသော အမူအရာကို မြင်သောအခါ စုန့်ချင်းရှု ရုတ်တရက် ကျန်းဝူကျိနှင့် ကျိုးကျစ်လော့ကို သတိရသွားသည်၊ အရင်က မိမိကိုယ်တိုင် ခံစားခဲ့ရတာကို ပြန်လည်သတိရသွားပြီး စိတ်ထဲတွင် နူးညံ့သွားသည် “ဝမ်စတုတ္ထသခင်က ဇနီးဖြစ်သူနဲ့ ဝေးရာကို ထွက်သွားပြီး စုန့် ရှာမတွေ့နိုင်တဲ့ နေရာတစ်ခုမှာ နေလို့ရတယ်၊ အဲ့လိုဆိုရင် စုန့်လက်ထဲက လွှဲပြောင်းစာက အလကား စာရွက်တစ်ရွက်ပဲ ဖြစ်သွားလိမ့်မယ်”
“မင်း သတိပေးတာ ကျေးဇူးပါပဲ” ဝမ်ထိုက်လိုင်က အေးစက်စွာ ပြုံးသည်။
နာမည်ကို တမင်တကာ ဖုံးကွယ်မထားခဲ့ဘူး။
“ငါ့ရဲ့ အလကားရတဲ့ ဇနီးက အခု ဘယ်ရောက်နေမလဲ၊ ငါ မန်ချူးဘက်မှာ နာမည်ကို တမင်သက်သက် ဖုံးကွယ်မထားခဲ့ဘူး၊ ဒါဆို သူမက ငါ့ကို လက်စားချေဖို့ စောစောကတည်းက လာရှာသင့်တာပဲ။" စုန့်ချင်းရှုသည် ဝမ်ထိုက်လိုင်ကို ဖေးမကာ အပေါ်သို့ တက်သွားစဉ် ရုတ်တရက် ကျိုးကျစ်လော့နှင့် ထိုညက ခံစားခဲ့ရသော အရသာပေါင်းစုံကို သတိရသွားသည်။
ရုတ်တရတ်နံရိုးကြားမှ ပြင်းထန်သော နာကျင်မှု ခံစားလိုက်ရပြီး စုန့်ချင်းရှု သွေးအန်လိုက်သည်၊ လက်ကို ဘေးသို့ ဝှေ့ယမ်းလိုက်ရာ ညည်းသံတစ်ခု ထွက်ပေါ်လာပြီး စုန့်ချင်းရှု၏ ကိုယ်ခန္ဓာမှာ မထိန်းနိုင်ဘဲ အောက်သို့ ပြုတ်ကျသွားသည်။
ဝမ်ထိုက်လိုင်သည် စုန့်ချင်းရှု၏ နံရိုးကြားအား မိုးကြိုးလက်ဝါး ၏ အင်အားအပြည့်ဖြင့် ရိုက်ခဲ့ပြီး ပြန်ကန်ထွက်သော အားကို အသုံးပြုကာ နန်းတော်နံရံ ထိပ်သို့ ခုန်တက်သွားသည်၊ အပေါ်စီးမှ နောက်ထပ် လက်ဝါးဖြင့် ထပ်၍တိုက်ခိုက်ရန် ပြင်နေစဉ် ရုတ်တရက် အနီးအနားမှ အစောင့်အဖွဲ့တစ်ဖွဲ့သည် ဒီဘက်သို့ လာနေသည်ကို မြင်လိုက်ရသည်။
တုံ့ဆိုင်းပြီးနောက် ဝမ်ထိုက်လိုင်သည် လော့ပင်းက အပြင်တွင် မိမိသတင်းကို စိုးရိမ်တကြီး စောင့်နေမည်ဟု တွေးလိုက်သည်၊ ဘာပဲဖြစ်ဖြစ် စုန့်ချင်းရှုက သူ့ မိုးကြိုးလက်ဝါး အပြည့်အဝ ထိမှန်သွားတာဆိုတော့ မသေရင်တောင် မသန်မစွမ်းတော့ ဖြစ်သွားမှာပဲ၊ အောက်သို့ တံတွေးတစ်ချက် ထွေးချလိုက်ပြီး လှည့်ထွက်၍ ပြေးသွားသည်။
တစ်ဖက်လူ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ စုန့်ချင်းရှု တုန်ယင်စွာ ထရပ်လိုက်သည်၊ စိတ်ထဲတွင်လည်း နာကြည်းနေသည်၊ စောစောကပင် ဝမ်ထိုက်လိုင်သည် အသက်ရှင်သန်နေသရွေ့ မိမိနှင့်အသက်ခြင်းလဲ၍ တိုက်ခိုက်မည့် အမူအရာဖြင့် မိမိအား ပေါ့ဆအောင် လုပ်ခဲ့သည်၊ တစ်ဖက်လူက ချက်ချင်း လက်စားချေရန် စိတ်ကူးထားသည်ကို မမျှော်လင့်ထားပေ၊ ထို့အပြင် စုန့်ချင်းရှုက ကျိုးကျစ်လော့ကို တွေးမိသောအခါ တခဏ စိတ်လွတ်သွားသောကြောင့် မိမိထက် သိုင်းပညာ အဆင့်နိမ့်သော ဝမ်ထိုက်လိုင်၏ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းကို ခံလိုက်ရသည်။
“မိုးကြိုးလက်ဝါး၏ စွမ်းအားက ကျောက်တုံးများကိုပင် ခွဲချေနိုင်သည်ဟု နာမည်ကျော်သည်မှာ အမှန်ပင်” စုန့်ချင်းရှု သွေးအန်လိုက်သည်၊ ကိုယ်၌ နတ်မြတ်အတွင်းအားသာ ကာကွယ်မှု မရှိခဲ့ရင် အခုပဲ သေဆုံးနေလောက်ပြီဆိုတာ သိလိုက်သည်။ ယခု အသက်အန္တရာယ် မရှိသော်လည်း လောလောဆယ် ဘယ်သူနဲ့မှ တိုက်ခိုက်လို့ရမှာ မဟုတ်ဘူး။
အနီးအနားမှ အစောင့်များ၏ အသံကို ကြားလိုက်သောအခါ စုန့်ချင်းရှုသည် ကိုယ့်အခြေအနေမှန်ကို တခြားသူများ သိစေလိုခြင် မရှိသောကြောင့် ချီစွမ်းအားကို အတင်းအကျပ် အသုံးပြုကာ သူ့ခြံဝင်းထဲသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်သွားသည်။
လော့ပင်းသည် စုန့်ချင်းရှုကို မြင်လိုက်သောအခါ ထိတ်လန့်သွားပြီး ချက်ချင်း ရှေ့သို့ တိုးလာကာ ဖေးမ၍ “ရှင် ဘာလို့ ဒီလောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရလာတာလဲ၊ စတုတ္ထအစ်ကိုဝမ်တို့ ကယ်ထုတ်ပြီးပြီလား”
စုန့်ချင်းရှုက သူမ၏ စကားကို ပြန်မဖြေဘဲ အခန်းထဲသို့ လှည့်ပတ်ကြည့်ပြီး မျက်မှောင်ကြုတ်ကာ မေးသည် “ချင်း… ယွမ်သခင်မကော၊ ပြီးတော့ လီမိန်းကလေးရော ဘယ်ရောက်သွားပြီလဲ”
"မနက်စောစောက ရှင် ထွက်သွားတာနဲ့ ယွမ်ကျစ်ညီမလေး နန်းတော်က ထွက်သွားတယ်။ သူမက စတုတ္ထအစ်ကိုနဲ့ မောင်ဆယ့်လေးတို့ကို ကယ်ဖို့ နည်းလမ်းရှာနိုင်မလား ကြည့်မယ်လို့ ပြောတယ်။ ယွမ်သခင်မကတော့..." လော့ပင်း မျက်နှာတွင် မူမမှန်သော အမူအရာဖြင့် ပြောသည်၊ "သူမလည်း မကြာခင် ထွက်သွားတယ်။ ဘယ်ကို သွားလဲ ကျွန်မ မသိဘူး။"
"အော်" စုန့်ချင်းရှု ခေါင်းညိတ်သည်။ စိတ်ထဲတွင်၊ "ဘာလို့ ဒီလောက် ကံဆိုးရတာလဲ? ကိုယ် ဒဏ်ရာရတာနဲ့ ယုံကြည်ရတဲ့ အမျိုးသမီးနှစ်ယောက်လုံး မရှိတော့ဘူး။ ရည်ရွယ်ချက် မကောင်းတဲ့ လော့ပင်းပဲ ကျန်တော့တယ်။" ဟု တွေးလိုက်သည်။
"ဝမ်စတုတ္ထအစ်ကိုတို့ ကယ်ထုတ်ပြီးပြီလား?" လော့ပင်း စိုးရိမ်တကြီး မေးသည်။
“မပြီးသေးဘူး။" စုန့်ချင်းရှု ဘာအမူအရာမှမပြဘဲ လိမ်ညာလိုက်သည်။ ဒီအချိန်မှာ ဝမ်ထိုက်လိုင် ထွက်ပြေးသွားပြီလို့ ပြောရဲမှာ မဟုတ်ဘူး။ မဟုတ်ရင် ပြိုင်ဘက်က ကိုယ် ဒဏ်ရာရနေတာကို မြင်ရင် လက်စားချေဖို့ ကြိုးစားလိမ့်မယ်။
လော့ပင်း မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှု ပေါ်လာသည်၊ "သူတို့ ထောင်ထဲမှာ တစ်ရက် ပိုနေလေလေ အန္တရာယ် ပိုများလေလေပဲ။ ရှင် သူတို့ကို ကယ်ထုတ်နိုင်မယ်လို့ သေချာလား?"
"ငါက အခု ဘုရင့်ကိုယ်ရံတော် ဒုတိယ အကြီးအကဲဆိုတာ မမေ့ပါနဲ့။" စုန့်ချင်းရှု ပြောနေရင်း ချောင်းဆိုးလိုက်သည်၊ "ဒီနေ့ ရန်သူတစ်ယောက်နဲ့ တွေ့ပြီး နည်းနည်းလေး ဒဏ်ရာရသွားတာ။ ကျွန်တော့် ဒဏ်ရာ နည်းနည်း သက်သာသွားရင် မင်းရဲ့ ခင်ပွန်းကို ကယ်တာ ပိုလွယ်သွားလိမ့်မယ်၊ စိတ်ချပါ။ ဘာကြောင့်မှန်း မသိပေမယ့် ဧကရာဇ်ခန်းရှီက သူတို့ကို စစ်ဆေးမေးမြန်းဖို့ စိတ်ကူးမရှိဘူး။ စစ်ဆေးမခံရသရွေ့ သူတို့ ကောင်းကင်ထောင်ထဲမှာ လုံခြုံနေတုန်းပဲ။"
ထူးဆန်းသည်မှာ လော့ပင်းသည် အရင်က စုန့်ချင်းရှုအား အမြန်ဆုံး သေဆုံးစေချင်ခဲ့သော်လည်း ယခု သူ ပြင်းထန်စွာ ဒဏ်ရာရနေသည်ကို မြင်သောအခါ သူ့ခင်ပွန်းကို ကယ်တင်နိုင်ရန် အမြန်ဆုံး ပြန်လည် ကောင်းမွန်စေချင်နေသည်။
ကုတင်ဘေးရှိ ဆေးကို ယူကာ လော့ပင်းက သူ့ကို ပေးသည်၊ "ဒါက ရှင် မနေ့ညက ယူလာတဲ့ လိမ်းဆေးပဲ။ အာနိသင် ကောင်းတယ်။ ရှင် စမ်းကြည့်ပါ။"
စုန့်ချင်းရှု သူမ၏ သွေးထွက်လွန်သောကြောင့် ဖြူဖျော့နေသော မျက်နှာကို ကြည့်ကာ၊ "မင်းရဲ့ ဒဏ်ရာကရော ဘယ်လိုလဲ?" ဟု မေးသည်။
အစောပိုင်းက သတိလစ်နေစဉ် ရှချင်းချင်းနှင့် လီယွမ်ကျစ်တို့က သူမအဝတ်အစားများကို ချွတ်ပြီး ဒဏ်ရာကို စည်းပေးခဲ့သည်ကို တွေးမိသောအခါ လော့ပင်း၏ သွေးမရှိသော ပါးပြင်ပေါ်တွင် နီရဲသောအရိပ်အယောင်လေးပေါ်လာပြီး၊ "အပြင်ဒဏ်ရာလေးတွေပါ။ ဘာမှ မဖြစ်ပါဘူး။" ဟု ပြန်ဖြေသည်။
"ငါက အတွင်းဒဏ်ရာ ရတာ။ လိမ်းဆေးက အသုံးမဝင်ဘူး။" စုန့်ချင်းရှု ကုတင်ပေါ်တွင် ထိုင်လိုက်ပြီး စောင်ထဲတွင် ကျန်ရှိနေသော နွေးထွေးမှုကို ခံစားရင်း၊ "မင်း ဒဏ်ရာ သက်သာသွားပြီဆိုတော့ ဒီကုတင်ကို ခဏ သုံးလိုက်မယ်။ မင်း ဂရုမစိုက်ဘူးဆိုရင် ကုတင်ပေါ်မှာ နေလို့ရတယ်။ ဘာပဲဖြစ်ဖြစ် ငါက ဒဏ်ရာ ကုသရမှာဆိုတော့ မင်းကို အခွင့်ကောင်းယူဖို့ အချိန်မရှိဘူး။" ဟု ပြောသည်။
လော့ပင်း ခေါင်းကို အမြန်ခါယမ်းပြီး "မလိုပါဘူး၊ မလိုပါဘူး။ တစ်နေ့လုံး အိပ်တာ လုံလောက်ပါပြီ။ ကျွန်မ အခန်းထဲမှာ လှုပ်ရှားလို့ ကောင်းတာပေါ့။"