အခန်း (၁၂၀) သစ္စာနှင့် ချစ်ခြင်းကြား ဒွိဟ
အခန်းထဲသို့ ရောက်သောအခါ စုန့်ချင်းရှုက ယွီယွီထုံ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်၊ သူ့၏ ချောမောသော မျက်နှာနှင့် ထူးခြားသော စရိုက်လက္ခဏာတို့ ပေါင်းစပ်ပြီး တကယ်ပဲ မိန်းကလေးတွေရဲ့ နှလုံးသားကို ဖမ်းစားနိုင်သူဖြစ်သည်။
“ယွီလူငယ် သူရဲကောင်းရဲ့ ဒီလို တည်ငြိမ်မှုကို စုန့်တကယ်လေးစားမိပါတယ်” စုန့်ချင်းရှု၏ စကားကို ကြားပြီးနောက် ယွီယွီထုံ မျက်လုံးများကို ဖွင့်ကာ တစ်ချက် ကြည့်သည်။
မျက်လုံးထဲတွင် မုန်းတီးမှုတစ်စွန်းတစ်စ ဖြတ်ပြေးသွားသည်၊ ယွီယွီထုံက အေးစက်စွာ ပြုံးပြီး “စုန့်သခင် ဘာများ လမ်းညွှန်စရာရှိလို့လဲ”
“လမ်းညွှန်ပေးဖို့ မရဲပါဘူး” စုန့်ချင်းရှုက ဘာမှ မဖြစ်သလို ပြောသည် “ဧကရာဇ်က မနက်ဖြန် မင်းတို့အားလုံးကို ကွပ်မျက်ဖို့ အမိန့်ချပြီးပြီ၊ စုန့်က မင်းတို့ကို လာကြည့်တာပါ”
ယွီယွီထုံ ခန္ဓာကိုယ်က တစ်ချက်တုန်ယင်သွားပြီး ခပ်ရေးရေး ပြုံးသည် “ကျွန်တော်တို့ နန်းတော်ထဲ ဝင်ရောက် လုပ်ကြံတုန်းက သေဖို့ ဆုံးဖြတ်ပြီးသားပါ၊ ကံမကောင်းစွာနဲ့ပဲ နောက်ဆုံးမှာ မအောင်မြင်ခဲ့ဘူး၊ ဒါကတော့ ခင်ဗျားရဲ့ ကျေးဇူးကြောင့်ပါပဲ”
“မရဲပါဘူး၊ မရဲပါဘူး” စုန့်ချင်းရှု ရှက်ရွံ့စွာ ပြုံးသည် “မင်းနဲ့ငါ နှစ်ယောက်စလုံးက ကိုယ်တိုင် မဆုံးဖြတ်နိုင်တဲ့ ကမ္ဘာပေါ်က သနားစရာ လူသားတွေပါပဲ”
“စုန့်သခင် တကူးတက ကျွန်တော်နဲ့ စကားပြောဖို့ သက်သက်ပဲ မဟုတ်ဘူး ထင်တယ်” ယွီယွီထုံက သူ့ကို သံသယဖြင့် ကြည့်သည်။
“စုန့်က တစ်စုံတစ်ယောက်ရဲ့ တောင်းဆိုမှုနဲ့ ယွီလူငယ် သူရဲကောင်းကို ကယ်ဖို့ လာခဲ့တာပါ” စုန့်ချင်းရှု ပြောသည်။
“ဘယ်သူ့ရဲ့ တောင်းဆိုမှု့လဲ” ယွီယွီထုံက စုန့်ချင်းရှု၏ စကားကို မယုံကြည်ပေ၊ မျက်နှာပေါ်တွင် မယုံကြည်သော အမူအရာ ပြည့်နှက်နေပြီး စိတ်ထဲတွင် ဘာကြံစည်နေလဲဆိုတာကို ခန့်မှန်းနေသည်။
“ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ” စုန့်ချင်းရှုက လီယွမ်ကျစ် ရဲ့ နာမည်ကို တိုက်ရိုက် မပြောခဲ့ပေ။
“သူမလား” ယွီယွီထုံ ခဏထိတ်လန့်သွားပြီး မကြာခင်မှာပင် သူ ပြောနေတဲ့သူက ဘယ်သူလဲဆိုတာကို သဘောပေါက်သွားသည်။
“သူမက ဘာလို့ မင်းနဲ့ အတူရှိနေတာလဲ” ယွီယွီထုံ စိတ်ထဲတွင် အခုချိန်မှာ စိုးရိမ်မှုတွေ ပြည့်နှက်နေသည်။
“အခုက ဒီမေးခွန်းတွေ ဆွေးနွေးရမယ့် အချိန်မဟုတ်သေးဘူး” စုန့်ချင်းရှု ခေါင်းခါသည်၊ ပြန်မဖြေဘဲ အခန်းထဲတွင် ဖြည်းဖြည်းချင်း လှည့်သွားသည် “စုန့်က ပန်းနီအဖွဲ့ ခေါင်းဆောင်တွေရဲ့ အခြေအနေကို စုံစမ်းဖို့ တာဝန်ယူထားတာ၊ ကံကောင်းထောက်မစွာနဲ့ စိတ်ဝင်စားစရာ ဆက်ဆံရေးတစ်ခုကို တွေ့ခဲ့ရတယ်”
“ဘာလဲ” ယွီယွီထုံ စိတ်ထဲတွင် လှုပ်ရှားသွားပြီး မျက်နှာက ချက်ချင်း ပုံမှန် မဟုတ်တော့ပေ။
“ချောမောခန့်ညားပြီး စာပေရော သိုင်းပညာပါ တတ်ကျွမ်းတဲ့ လူငယ် သူရဲကောင်းတစ်ယောက်၊ အရင်က အဖွဲ့ထဲမှာ တောက်ပတဲ့ အနာဂတ် ရှိခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ စွဲမက်ဖွယ် လှပတဲ့ အမျိုးသမီးတစ်ဦးကို စွဲလမ်းခဲ့တယ်၊ ဒီအမျိုးသမီးက သူ့အစ်ကိုကြီးရဲ့ ဇနီးလည်း ဖြစ်နေသေးတယ်၊ ဒါကတော့ သမိုင်းမှာ ပထမဆုံး ရူးသွပ် သစ္စာမဲ့ပြီး ကျေးဇူးကန်းတဲ့ လူပဲ…” စုန့်ချင်းရှုရဲ့ အသံက ရပ်တန့်သွားသည်၊ ပြောလေလေ မျက်နှာက ထူးဆန်းလေလေ ဖြစ်သည်၊ မိမိနှင့်ပင်းရွဲ့အာ(ဟူအမျိုးသမီး)အကြောင်းကို ပြောနေသလို ဖြစ်နေပြီ၊ ဒီစကားတွေက ကိုယ့်မျက်နှာကိုယ် ဖြတ်ရိုက်သလို ဖြစ်နေပြီ။
“မပြောနဲ့တော့!” လော့ပင်းကို ချစ်မိတာက ယွီယွီထုံ တစ်သက်တာရဲ့ အကြီးဆုံး အရိမ်မဲကြီး(နတ်ဆိုး)ဖြစ်ပြီး သူ၏ရင်ထဲတွင် အလွန်ပင်နာကျင်ခံစားရသည်။
“ဒါ ဘာဖြစ်လဲ” စုန့်ချင်းရှုက ရယ်မောလိုက်သည် “ယောက်ျားနဲ့ မိန်းမ တစ်ယောက်ကို တစ်ယောက် ချစ်ကြတာ သာမာန်ပါပဲ။ တစ်ခြားတစ်ယောက်ရဲ့ ဇနီးဖြစ်ရင်တောင် ဘာဖြစ်လဲ၊ သူ့နှလုံးသားထဲမှာ မင်းရှိနေသရွေ့ ၊ ကွာရှင်းလို့ မရဘူးလား"
“ဒါပေမဲ့ စတုတ္ထအစ်မကြီးက စတုတ္ထအစ်ကိုကို အရမ်းချစ်တယ်၊ ကျွန်တော့်အပေါ်မှာလည်း မောင်နှမသံယောဇဉ်ပဲ ရှိတယ်” ယွီယွီထုံ တီးတိုးပြောသည်။
“ဝမ်ထိုက်လိုင် သေသွားရင်ရော၊ မင်းက အခွင့်အရေးကိုအသုံးချပြီး ဝင်လုံးရင် လော့ပင်းက မင်းကို ပြန်ချစ်မှာ မဟုတ်ဘူးလား” စုန့်ချင်းရှုရဲ့ ပုံစံက ဒီအချိန်မှာ ဦးချိုပေါက်နေတဲ့ နတ်ဆိုးလေးနဲ့ တူနေသည်။
စုန့်ချင်းရှု၏ စကားကို ကြားသောအခါ ယွီယွီထုံ နှလုံးခုန်နှုန်းက အရှိန်အဟုန်ပြင်းစွာ မြန်လာသည်၊ ထိုကဲ့သို့ မစဉ်းစားသင့်မှန်း သိသော်လည်း စိတ်ထဲတွင် “စတုတ္ထအစ်မက ငါ့ကို ပုံမှန်ကြည့်တဲ့ အကြည့်တွေအရ ချစ်ခြင်းမေတ္တာ ကင်းမဲ့နေတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူမက စတုတ္ထအစ်ကိုရဲ့ ဇနီး ဖြစ်နေပြီ၊ စတုတ္ထအစ်ကိုသာ…” ဟု တွေးမိသည်။
ဆုံးအောင် မတွေးရသေးမီ ယွီယွီထုံ ကိုယ့်ကိုယ်ကိုယ် ပါးရိုက်လိုက်ပြီး တုန်ယင်နေသော အသံဖြင့် “ယွီယွီထုံ၊ မင်း တိရစ္ဆာန်ထက်တောင် ဆိုးပါလား” ဟု ပြောသည်။
“တိရစ္ဆာန်စိတ် ရှိပေမဲ့ တိရစ္ဆာန်လိုသတ္တိ မရှိတဲ့လူဆိုတာ မင်းလိုလူမျိုးကို ပြောတာပဲ” စုန့်ချင်းရှုက သူ့ကို အထင်သေးစွာ ကြည့်ပြီး ဆက်လက် ဖြားယောင်းသည် “စိတ်ချပါ၊ ဒီနေ့ ငါတို့ ပြောခဲ့တာတွေကို ကောင်းကင်နဲ့ မြေကြီး၊ မင်းနဲ့ ငါပဲ သိရမယ်၊ တတိယလူ ဘယ်သူမှ သိမှာ မဟုတ်ဘူး”
“မင်း စကားတစ်ခွန်းပဲ ပြော၊ ငါ မင်းတို့ကို ကယ်တဲ့အခါ မတော်တဆမှုလေးတစ်ခုလောက် ဖန်တီးပေးမယ်၊ ဝမ်ထိုက်လိုင်ကို ကိုယ်ရံတော်တွေရဲ့ လက်ချက်နဲ့ သေစေမယ်၊ ဘယ်သူမှ မင်းကို သံသယ ရှိမှာ မဟုတ်ဘူး၊ ထွက်သွားရင် ချောမောလှပတဲ့ အမျိုးသမီးကို ပိုင်ဆိုင်ရမှာ၊ ဘာလို့ မလုပ်ချင်တာလဲ”
“ခင်ဗျား ကျွန်တော့်ဆီက ဘာလိုချင်တာလဲ” ယွီယွီထုံ၏ မျက်လုံးများ နီရဲနေသည်၊ လောကမှာ အလကား ရတဲ့ နေ့လယ်စာ မရှိမှန်း သိသည်၊ အသက်ရှူသံ ပြင်းပြင်းဖြင့် မေးသည်။
“ငါ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ တောင်းဆိုမှု့နဲ့ လာခဲ့တာလို့ မပြောခဲ့ဘူးလား၊ အဲ့ဒီ ကောင်မလေးက ချောလည်း ချောတယ်၊ စိတ်ထားလေးကလည်း ချစ်စရာ ကောင်းတယ်၊ ငါ့စိတ်နဲ့လည်း ကိုက်ညီတယ်၊ ဒါပေမဲ့ သူမက တစ်စုံတစ်ယောက်ကို မမေ့နိုင်ဘူး ဖြစ်နေတယ်၊ ဒါကြောင့် ငါက အဲ့ဒီလူရဲ့ အိပ်မက်တွေ ပြည့်ဝအောင်လုပ်ပေးပြီး အဲ့ဒီ ကောင်မလေးရဲ့ အတွေးတွေကို ဖြတ်တောက်စေချင်တာ” စုန့်ချင်းရှု မျက်နှာပေါ်တွင် ဆိုးယုတ်သော အမူအရာတစ်စွန်းတစ်စ ပေါ်လာသည်၊ ယွီယွီထုံသာ တကယ် သဘောတူခဲ့ရင် ဒီအခွင့်အရေးကို အသုံးချပြီး သူ့ကိုရော ဝမ်ထိုက်လိုင်ကိုပါ တစ်ခါတည်း ဖျက်ဆီးနိုင်မှာ၊ ဒါက ပိုပြီး အဆင်ပြေမှာ မဟုတ်လား။
ယွီယွီထုံ စိတ်ထဲတွင် ပြင်းထန်စွာ ရုန်းကန်နေသည်၊ သို့သော် နောက်ဆုံးတွင် အသိဉာဏ်က အောင်ပွဲခံသွားပြီး မျက်လုံးများက ကြည်လင်လာသည် “ကျွန်တော် ဒီလိုမျိုး သစ္စာမဲ့ပြီး တရားမဲ့တဲ့အလုပ်မျိုး မလုပ်ဘူး၊ ခင်ဗျားရဲ့ အကူအညီကိုလည်း မလိုအပ်ဘူး၊ လီမိန်းကလေးက မင်းကို အကြည့်မှားခဲ့တာဖြစ်မယ်၊ ဒီကောင်လေးက ခင်ဗျားရဲ့ မျက်နှာ အစစ်အမှန် ကို စောစောစီးစီး မြင်နိုင်ပါစေလို့ မျှော်လင့်တယ်”
စုန့်ချင်းရှု ကိုယ်တိုင်က ပုံမှန်အားဖြင့် ကောက်ကျစ်စဉ်းလဲသူ ဖြစ်သော်လည်း ဒီလို ပွင့်လင်းရိုးသားသူမျိုးကိုတော့ လေးစားသည်၊ သူက ပြတ်ပြတ်သားသား ငြင်းဆန်သည်ကို မြင်တော့ စိတ်ထဲတွင် ချီးကျူးလိုက်သော်လည်း နှုတ်မှ “လီမိန်းကလေးက ငါနဲ့ပေါင်းရင်ရော ဘာများမကောင်းတာရှိလို့လဲ၊ စိတ်ပူစရာလဲမရှိဘူး၊ ဂုဏ်သိက္ခာရှိ(ဂုဏ်သရေရှိ)တဲ့ သခင်မတောင်ဖြစ်နိုင်တယ်၊ မင်းတို့လို ဓားထိပ်မှာ သွေးစွန်းနေတဲ့ လူတွေနဲ့အတူနေပြီး မုဆိုးမဖြစ်ဖို့ သေချာနေတာထက် ပိုပြီး ပျော်ရွှင်ရမှာ မဟုတ်ဘူးလား”
ယွီယွီထုံ ကြောင်အ သွားသည်၊ တစ်ဖက်လူ ပြောတာက အဓိပ္ပာယ်ရှိတယ်လို့ ခံစားရပြီး စိတ်ဓာတ်ကျစွာဖြင့် “ကောင်းပြီ၊ ခင်ဗျား သူမကို ကောင်းကောင်း ဆက်ဆံပါစေလို့ပဲ မျှော်လင့်ပါတယ်” ဟု ပြောပြီးနောက် မျက်လုံးများကို မှိတ်လိုက်ပြီး စုန့်ချင်းရှု၏ လှည့်စားသောစကားများကို လုံးဝ ဂရုမစိုက်တော့ပေ။
စုန့်ချင်းရှု ပျင်းစရာကောင်းသည်ဟု ခံစားရပြီး လှည့်ထွက်သွားသည်၊ ဝမ်ထိုက်လိုင်၏ အခန်းတံခါးဝကို ဖြတ်သွားစဉ် “ခွေးအရာရှိ၊ ဝင်လာခဲ့!” ဟူသော ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။
မျက်လုံးများ တောက်ပသွားပြီး စုန့်ချင်းရှု ဝင်သွားကာ မျှော်လင့်တကြီး အမူအရာဖြင့် သူ့ကို ကြည့်သည် “ဘာလဲ၊ စဉ်းစားပြီးပြီလား”
“ငါ့ကို စာရွက်နဲ့ ဘောပင် ပေး!” ဝမ်ထိုက်လိုင်က မုန်းတီးစွာဖြင့် စကားလုံးအချို့ကို ညှစ်ထုတ်၍ပြောလိုက်သည်။
စုန့်ချင်းရှု ဝမ်းသာသွားပြီး ချက်ချင်း စာရွက်နဲ့ ဘောပင်ကို အလျင်အမြန်ထုတ်ကာ ပေးလိုက်သည်၊ တစ်ဖက်လူ ဒေါသတကြီးရေးနေသည်ကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်ရယ်မိသည် “ငါ တကယ်ပဲ မကောင်းတဲ့လူ ဖြစ်ဖို့ မွေးဖွားလာတာပဲ”
“ကွာရှင်းစာ?” စုန့်ချင်းရှု ယူကြည့်လိုက်သောအခါ မျက်မှောင်ကြုံသွားပြီး ခေါင်းခါလိုက်သည် “ငါ မင်းကို သူမကို ငါ့ဆီ လွှဲပြောင်းပေးဖို့ ပြောတာ၊ ကွာရှင်းစာ မလိုချင်ဘူး”
“မင်း!” ဝမ်ထိုက်လိုင် ချက်ချင်း ထရပ်ပြီး သူ့ကို ဒေါသတကြီး ကြည့်လိုက်သည်။
“စတုတ္ထသခင်ဝမ်က သူရဲကောင်းတစ်ယောက်ဖြစ်ပြီး ညီအစ်တွေအပေါ်မှာသစ္စာရှိတဲ့သူ ဖြစ်မှန်း သိပါတယ်၊ ညီအစ်ကိုတွေ ကိုယ့်ကြောင့် သေရတာကို သေချာပေါက် လိုချင်မှာမဟုတ်ဘူး” စုန့်ချင်းရှုက ဂရုမစိုက်ဘဲ ဆက်ပြောသည် “မင်းစိတ်ထဲမှာ ဆုံးဖြတ်ပြီးပြီဆိုရင် ဘာလို့ ချက်ချင်း မလုပ်ရမှာလဲ၊ စောစောစီးစီး ငါ့ကို ပေးရင် ငါ မင်းတို့ကို ကယ်ဖို့ အစီအစဉ်ဆွဲဖို့အချိန်ပို ရမယ်၊ မင်းတို့ရဲ့ အသက်တွေကလည်း ပိုပြီး လုံခြုံမှု ရှိမယ်”
ဝမ်ထိုက်လိုင် မျက်နှာ တုန်ယင်သွားပြီး သွားများကို ကိုက်ကာ ဘောပင်ဖြင့် အလျင်အမြန် ရေးလိုက်သည်၊ ခဏအကြာတွင် ထိုပါးလွှာသော စာရွက်ကို စုန့်ချင်းရှု လက်ထဲသို့ ပေးလိုက်သောအခါ ဝမ်ထိုက်လိုင်၏ မိုးကြိုးလက်ဝါး ကို လေ့ကျင့်ထားသောကြောင့် ပုံမှန်ဆိုလျှင် တည်ငြိမ်ပြီး လေးလံသော လက်များပင် တုန်ယင်နေသည်ကို မသိလိုက်ပေ။
စုန့်ချင်းရှု ယူကြည့်လိုက်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည် “မင်းလို သိုင်းလောက,က ကြမ်းတမ်းတဲ့ သိုင်းသမားတစ်ယောက်မှာ ဒီလို စာရေးနိုင်တဲ့စွမ်းရည် ရှိလိမ့်မယ်လို့ မထင်မိဘူး”
“စုန့်ချင်းရှု၊ ငါ ထွက်သွားပြီးတာနဲ့ မင်းကို သတ်ဖို့ နည်းလမ်းပေါင်းစုံ ရှာမယ်” ဝမ်ထိုက်လိုင်သည် ဒဏ်ရာရသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေသည်။
စုန့်ချင်းရှု ခေါင်းမော့ပြီး ဝမ်ထိုက်လိုင်ကို စိုက်ကြည့်ကာ အေးစက်စွာ ပြုံးသည် “မင်း ဒီလိုပြောရင် ငါ မင်းကို ကယ်တုန်းမှာ မတော်တဆမှုလေးတစ်ခု ဖန်တီးပြီး မင်းကို အရင် ငရဲကို ပို့လိုက်မှာ မကြောက်ဘူးလား”