အခန်း ၁၁၆ လော့ပင်း၏ ဖြူစင်မှု
လီယွမ်ကျစ် လန့်သွားသည်။ စုန့်ချင်းရှု ပြန်လာပြီဟု ထင်ကာ၊ လော့ပင်း၏ ထွက်ပေါ်နေသော ကိုယ်ခန္ဓာကို ဖုံးအုပ်ရန် စောင်ကို အမြန်ဆွဲယူပြီး ဖုံးပေးလိုက်သည်။
"အစ်မချင်းချင်း၊ နင်လား။" လီယွမ်ကျစ် သူမ၏ ရင်ဘတ်ငယ်လေးကို ထိတ်လန့်စွာ ပုတ်လိုက်သည်၊ "သူက ပန်းနီအဖွဲ့ရဲ့ ဆယ့်တစ်ယောက်မြောက်ခေါင်းဆောင် ယင်ယန်ဓား လော့ပင်းပါ။"
ရွှေမြွေဓားကို သိမ်းဆည်းပြီးနောက် ရှချင်းချင်း ကုတင်နားသို့ ရောက်လာသည်။ စောင်အောက်ရှိ အမျိုးသမီးတွင် လှပပြီး ဆွဲဆောင်မှုရှိသော မျက်နှာ ရှိပြီး သတိလစ်နေစဉ် တစ်ခါတစ်ရံ နာကျင်သော အမူအရာ ပေါ်လာသည်ကို မြင်သောအခါ သံသယဖြင့် မေးလိုက်သည်၊ "မိုးမြေအဖွဲ့နှင့် ထပ်တူ နာမည်ကြီးတဲ့ ပန်းနီအဖွဲ့လား? သူက ဘာလို့ နန်းတော်ထဲ ရောက်နေပြီး ဒဏ်ရာရနေရတာလဲ။"
လီယွမ်ကျစ်က ပန်းနီအဖွဲ့ နန်းတော်ထဲ ဝင်ရောက်လုပ်ကြံခြင်း၊ စုန့်ချင်းရှု အချိန်မီ ကယ်တင်ခဲ့သဖြင့် သူတို့ တစ်ဖွဲ့လုံး နီးပါး ပျက်စီးသွားခြင်းတို့ကို ရှချင်းချင်းအား အသေးစိတ် ပြောပြရတော့သည်။
လီယွမ်ကျစ်က အစိုးရအရာရှိသမီး ဖြစ်သောကြောင့် စုန့်ချင်းရှု လုပ်ရပ်ကို ဘာမှ မှားသည်ဟု မထင်ပေ။ သူမသည် ယွီယွီထုံ၏ ဘေးကင်းရေးကိုသာ စိုးရိမ်နေခြင်း ဖြစ်သည်။
ရှချင်းချင်းကတော့ မတူပေ။ ဒီနေ့ ဓားသူတော်စင် ဖုန်းချင်းယန်ပင် ရှုံးနိမ့်ခဲ့သဖြင့် သူမသည် ဒေါင်ဖန်းပုပိုင်ကို ဤဘဝတွင် လက်စားချေရန် မဖြစ်နိုင်တော့ဟု သိသည်။ ယခု သူမ၏ အာရုံစိုက်မှု အားလုံးသည် အခြားရန်သူကြီး ခန်းရှီပေါ်သို့ ပြောင်းသွားသည်။ ယခင်က စုန့်ချင်းရှုက သူမကို ခန်းရှီကို လုပ်ကြံရာတွင် မကူညီခဲ့ခြင်းမှာ ထားလိုက်ဦး။ ဒီနေ့ ပန်းနီအဖွဲ့ကို ဟန့်တားခဲ့သေးသည်။ လီယွမ်ကျစ်၏ ပြောပုံအရဆိုလျှင် စုန့်ချင်းရှု ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါက ပန်းနီအဖွဲ့သားများ လုပ်ကြံမှု အောင်မြင်ပြီးသား ဖြစ်လိမ့်မည်။
လီယွမ်ကျစ်၏ စကားကို နားထောင်နေစဉ် ရှချင်းချင်း၏ မျက်နှာသည် ပို၍ ပို၍ မဲမှောင်လာသည်။
"အစ်မချင်းချင်း၊ ရှင် ခဏနေကျရင် ကျွန်မကို သူမကို ဖွက်ပေးလို့ ရမလား?" လီယွမ်ကျစ်က ကုတင်ပေါ်ရှိ လော့ပင်းကို ညွှန်ပြကာ ပြောသည်၊ "စုန့်အစ်ကို သူ့ကို မြင်သွားမှာ စိုးရိမ်လို့..."
"ဘာဖြစ်မှာလဲ?" ရှချင်းချင်း အေးစက်စက် ပြုံးသည်၊ "ခန်းရှီကို ဆုချဖို့ သူ့ကို ခေါ်သွားမှာလား? အရင်ကဆို မင်းကို မစိုးရိမ်ဖို့ ပြောမိမှာ။ အခုတော့ တကယ် မပြောတတ်တော့ဘူး။"
"စုန့်သခင်ကို ဂါရဝပြုပါတယ်!" မလှမ်းမကမ်းမှ ကိုယ်ရံတော်များ၏ အရိုအသေပြုသံကို ကြားသောအခါ လီယွမ်ကျစ် မျက်နှာပြောင်းလဲသွားပြီး ချက်ချင်း ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို သူမနှင့် လော့ပင်းပေါ်တွင် ဖုံးအုပ်လိုက်သည်။
မကြာမီ စုန့်ချင်းရှု တံခါးဖွင့်ဝင်လာသည်။ ရှချင်းချင်း၏ မျက်နှာ မကောင်းသည်ကို မြင်သောအခါ နှစ်သိမ့်ရန် စကားစလိုက်သည်၊ "ဒီနေ့ ပြိုင်ပွဲရလဒ်ကို ကျွန်တော်လည်း ကြားပြီးပါပြီ။ ယွမ်သခင်မ မင်း..."
ရှချင်းချင်းသည် ညင်သာစွာ ပြုံးလိုက်ပြီး မျက်နှာတွင် မည်သည့် အမူအရာမျှ မပြသဘဲ လှည့်ထွက်သွားသည်။ ပြတင်းပေါက်ဘေးတွင် ထိုင်ကာ ကောင်းကင်ပေါ်ရှိ လကို ငေးကြည့်နေသည်။
စုန့်ချင်းရှု စကားရပ်သွားတန့်သွားသည်။ သို့သော် သူမကို မည်သို့ နှစ်သိမ့်ရမည်ကို မသိဘဲ လှည့်ကြည့်လိုက်ရာ လီယွမ်ကျစ် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး စောင်ဖြင့် လုံလုံခြုံခြုံ ဖုံးအုပ်ထားကာ မျက်လုံးတစ်စုံသာ ဝေ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ဤမြင်ကွင်းကို မြင်သောအခါ စုန့်ချင်းရှု မနေနိုင်ဘဲ ပြုံးလိုက်သည်၊ "လီ ကောင်မလေး၊ မင်း အစောကြီး အိပ်ယာဝင်ပြီလား?"
လီယွမ်ကျစ် "အင်း" ဟု ဆိုကာ တိုးတိုးလေး ပြောသည်၊ "စုန့်အစ်ကို၊ ကျွန်မ အဝတ်တွေ ချွတ်ပြီးသွားပြီ... ရှင်... ထွက်သွားလို့ ရမလား?" ပြောနေရင်း မျက်နှာပေါ်တွင် ရှက်ရွံသည့်အမူအရာ ပေါ်လာသည်။
သူမ၏ အမူအရာက အသက်ဝင်လှသည်ကို မြင်သောအခါ စုန့်ချင်းရှု မျက်နှာက ထူးဆန်းသွားပြီး၊ "လော့ပင်း သွေးထွက်လွန်ပြီး အသက်ရှူနှုန်းက အားနည်းနေတာကို နင် စောင်ကို ဒီလောက် ဖုံးထားရင် သူ့ကို အသက်ရှူကျပ်ပြီး သေသွားမှာ မကြောက်ဘူးလား?" ဟု ပြောလိုက်သည်။
"အို!" လီယွမ်ကျစ် လန့်သွားပြီး စောင်ကို အမြန်ဆွဲဖယ်လိုက်သည်။ လော့ပင်း ပုံမှန် အသက်ရှူနေသည်ကို မြင်သောအခါမှ စိတ်အေးသွားသည်။
"လီ ကောင်မလေး၊ မင်း အခုလို ငါ့ရှေ့မှာ ပေါ်နေတာ မင်းရဲ့အလှတွေ မြင်သွားမှာ မကြောက်ဘူးလား?" စုန့်ချင်းရှု လက်ပိုက်ထားပြီး တံခါးဝတွင် မှီကာ လီယွမ်ကျစ်ကို အေးအေးဆေးဆေး ကြည့်နေသည်။
သူမ၏ အဝတ်အစားများ ဝတ်ဆင်ထားပြီးသားဖြစ်သည်ကို ငုံ့ကြည့်လိုက်သောအခါ လီယွမ်ကျစ်၏ မျက်နှာလေး ပူလာသည်။ အစောပိုင်းက သူမ၏ လိမ်ညာမှုကို သွယ်ဝိုက်ပြောဆိုနေသည်ကို သိသဖြင့် ကလေးဆန်စွာ "စုန့်အစ်ကို၊ ရှင် အရမ်း ဆိုးတယ်။ သိသိကြီးနဲ့ ကျွန်မကို စနောက်နေတာ။"
စုန့်ချင်းရှုက ညင်သာစွာ ပြုံးပြီး လက်ထဲရှိ ဆေးအိတ်ကို ပစ်ချလိုက်သည်၊ “ဒါက နန်းတွင်းသမားတော်ဆီက ရတဲ့ အကောင်းဆုံး ဒဏ်ရာကုသဆေးပဲ၊ လော့ပင်းကို အမြန်လိမ်းပေးလိုက်ပါ”
"အစ်မချင်းချင်း၊ ရှင် ကျွန်မကို ဆေးလိမ်းပေးဖို့ လာကူညီပေးလို့ ရမလား?" လီယွမ်ကျစ် ကုတင်ပေါ်မှ ခုန်ဆင်းကာ ဆေးထုပ်ကို ကိုင်ရင်း ရှချင်းချင်းကို သနားစဖွယ် ကြည့်နေသည်။
ရှချင်းချင်း ခဏတာ တုံ့ဆိုင်းပြီး လော့ပင်းဘေးသို့ ရောက်လာသည်။ ဆေးလိမ်းရန် ပြင်ဆင်နေစဉ် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားကာ၊ "သူ့ကို မောင်းထုတ်လိုက်၊ ခိုးမကြည့်စေနဲ့" ဟု ပြောလိုက်သည်။
လီယွမ်ကျစ်သည် မူလကပင် စုန့်ချင်းရှုအား ယွီယွီထုံ၏ သတင်းကို မေးမြန်းရန် ရည်ရွယ်ထားရာ ဤစကားကို ကြားသောအခါ အလွန် ဝမ်းသာသွားပြီး စုန့်ချင်းရှု၏ လက်မောင်းကို ဆွဲကာ အပြင်ဘက်သို့ ဆွဲထုတ်သွားသည်။ ပါးစပ်မှလည်း၊ "အစ်မချင်းချင်း၊ ကျွန်မ သူ့ကို စောင့်ကြည့်ထားပါ့မယ်။" ဟု အော်လိုက်သည်။
စုန့်ချင်းရှုကတော့ လီယွမ်ကျစ် သူ့ကို ဆွဲထုတ်သွားသည်ကို ခွင့်ပြုလိုက်သည်။ ခြံဝင်းအလယ်သို့ ရောက်သောအခါ လီယွမ်ကျစ်အား ပြုံးစိစိဖြင့် စိုက်ကြည့်နေပြီး ဘာစကားမှ မပြောပေ။
လီယွမ်ကျစ် မျက်နှာနီရဲသွားပြီး မေးလိုက်ရတော့သည် "စုန့်အစ်ကို၊ ပန်းနီအဖွဲ့ထဲက ယွီယွီထုံ နောက်ဆုံးတော့ လွတ်သွားလား?"
မေးပြီးနောက် လီယွမ်ကျစ် သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်။
"သေပြီ။" စုန့်ချင်းရှု ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။
"ဘာ!" လီယွမ်ကျစ်၏ မျက်နှာလေး သွေးဆုတ်ဖြူဖျော့သွားပြီး တစ်ကိုယ်လုံး ပျော့ခွေသွားကာ မြေပြင်ပေါ်သို့ လဲကျတော့မလို ဖြစ်သွားသည်။
စုန့်ချင်းရှု သူမကို အလျင်အမြန် ဖမ်းလိုက်သည်။ လက်ထဲတွင် နူးညံ့မှု အပြည့်အဝ ရှိသည်ဟု ခံစားရပြီး သူ့နောက်ပြောင်မှုက အနည်းငယ် လွန်ကဲသွားသည်ဟု ခံစားရသဖြင့် ချက်ချင်း ပြောလိုက်သည်၊ "မင်းကို နောက်နေတာပါ။ သူကို့ ကိုယ်ရံတော်တွေ ဖမ်းသွားတာ။ အခု ကောင်းကင်ထောင်ထဲမှာ ချုပ်နှောင်ထားတယ်။ ယာယီတော့ အသက်ရှင်နေပေမဲ့ သေခြင်းတရားကိုတော့ မလွတ်မြောက်နိုင်ဘူး ထင်တယ်။"
လီယွမ်ကျစ် သူမ၏ လက်သေးသေးလေးဖြင့် ညင်သာစွာ တွန်းထုတ်ကာ စုန့်ချင်းရှုနှင့် သုံးလှမ်းအကွာတွင် ရပ်လိုက်ပြီး သူ့ကို အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်လိုက်သည် "စုန့်အစ်ကို၊ ရှင် ဘာလို့ ဒီလို လိမ်ညာရတာလဲ?"
"မင်းလည်း အစောပိုင်းက ငါ့ကို လိမ်နေတာ မဟုတ်လား?" စုန့်ချင်းရှု မတတ်သာစွာ ပြောသည်၊ "ဒါက ဂူဆူး မုရုံမျိုးနွယ်စုရဲ့ 'သူ့နည်းလမ်းဖြင့် သူ့ကို ပြန်တိုက်ခိုက်ခြင်း' ပဲ။"
လီယွမ်ကျစ် မျက်နှာနီရဲသွားပြီး တောက်ပကြည်လင်သော မျက်လုံးကြီးများဖြင့် သူ့ကို သံသယဖြင့် ကြည့်လိုက်သည်၊ "အစောပိုင်းက ချန်ချင်နန်းဆောင်မှာတုန်းက ကျွန်မ ကျောက်ပုံထဲမှာ ရှိနေတာကို စောစောကတည်းက ရှင်သိနေတာလား?"
"မသိရင် မင်းနဲ့ လော့ပင်း ဘယ်လို ထွက်ပြေးနိုင်မှာလဲ?" စုန့်ချင်းရှု ပြုံးလိုက်သည်။
လီယွမ်ကျစ် တိတ်ဆိတ်သွားသည်။ ခေါင်းငုံ့ကာ ခြေဖျားဖြင့် မြေကြီးပေါ်ပုံဆွဲနေရင်း တိုးတိုးလေး ပြောသည်၊ "စုန့်အစ်ကို၊ ရှင် အရမ်းတော်တာပဲ၊ ယွီယွီထုံကို ကယ်လို့ မရဘူးလား?"
စုန့်ချင်းရှု မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်၊ "အဲဒီတုန်းက သူ့အတွက် အသက်ရှင်ဖို့ လမ်းဖွင့်ပေးပြီးသား။ သူ မင်းနဲ့အတူ ထွက်ပြေးလို့ ရလျက်သားနဲ့။ ဘယ်သူသိမှာလဲ သူက သုတ်ကြောင်ပြီး နောက်ထပ် မိန်းမတစ်ယောက်ကို ကယ်ဖို့ ပြန်ပြေးသွားလိမ့်မယ်လို့။ ဒီလိုလူမျိုးအတွက် မင်း ဒီလောက်ထိတောင် လုပ်ပေးဖို့ ထိုက်တန်ရဲ့လား?"
"ယွီအစ်ကိုရဲ့ စိတ်ကို ကျွန်မလည်း နည်းနည်းတော့ ခန့်မှန်းနိုင်ပါတယ်။ လော့အစ်မက လှတယ်။ လူတွေကိုလည်း နူးညံ့ပြီး နွေးထွေးစွာ ဆက်ဆံတယ်။ ဒီနှစ်တွေအတွင်း ယွီအစ်ကိုကို မကြာခဏလည်း ဂရုစိုက်ပေးတယ်။ ယွီအစ်ကို သူ့အပေါ်... သူ့အပေါ် နှစ်သက်မြတ်နိုးတာလည်း မထူးဆန်းပါဘူး။" လီယွမ်ကျစ် နားလည်နိုင်သော်လည်း ပြောနေရင်း စိတ်ထဲတွင် နာကျင်မှုကို မထိန်းနိုင်အောင် ခံစားရသည်။
"လော့ပင်းက သူ့စတုတ္ထအစ်ကို ဝမ်ထိုက်လိုင်ရဲ့ ဇနီးဆိုတာကိုသိရဲ့နဲ့ ဒီလို နားလည်ပေးနိုင်တာလား?" စုန့်ချင်းရှု စိတ်ထဲကနေ၊ "မနာလိုမှုက မိန်းမတွေရဲ့ မူလအပြစ် မဟုတ်ဘူးလား?" ဟု တွေးလိုက်သည်။
“ယွီအစ်ကိုက တကယ်တမ်း ဘာအပြုအမူမှ ကျူးလွန်ခဲ့တာ မရှိသေးဘူး”" လီယွမ်ကျစ်၏ စကားသည် သူမ၏ ချစ်ရသူကို ခုခံပြောဆိုခြင်းလား သို့မဟုတ် မိမိကိုယ်ကို ဖြေသိမ့်ခြင်းလား မသိပေ။ ရုတ်တရက် ခေါင်းကို မော့ကာ စုန့်ချင်းရှုကို သံသယဖြင့် ကြည့်လိုက်သည်၊ "စုန့်အစ်ကို၊ ရှင် ဒီကိစ္စတွေကို ဘာလို့ ဒီလောက် သိနေရတာလဲ?"
"ဘာလို့လဲဆိုတော့ စုန့်အစ်ကိုက သိုင်းလောကရဲ့ လျှို့ဝှက်ချက်လုံးကိုသိသူတစ်ယောက် ဖြစ်နေလို့ပဲ။" စုန့်ချင်းရှု ပြုံးလိုက်သည် "သွားရအောင်။ မင်းရဲ့ ချစ်သူ စိတ်ထဲမှာ စွဲလမ်းနေတဲ့ လော့သူရဲကောင်းမလေးကို အရင်ဝင်ကြည့်ရအောင်။ ပြီးမှ ယွီယွီထုံကို ကယ်ဖို့ အခွင့်အရေး ရှိမရှိ စဉ်းစားကြတာပေါ့။"
လီယွမ်ကျစ် ချက်ချင်း တားလိုက်သည်၊ "အစ်မချင်းချင်းက သူ့မဒဏ်ရာအတွက် ဆေးလိမ်းပေးနေတာမပြီးသေးရင် ဘယ်လိုလုပ်မလဲ၊ ရှင် ဝင်သွားရင်.......ရှင်ဝင်သွားရင်................. နောက်ဆက်တွဲစကားလုံးများကို သူမကဲ့သို့ အပျိုစင် တစ်ယောက်အနေဖြင့် ပြောရန် ရှက်ရွံ့နေသည်။
"ကောင်မလေး၊ ပြောရရင် သူမက မင်းရဲ့ ပြိုင်ဘက်ပဲ။" စုန့်ချင်းရှု လီယွမ်ကျစ်ကို ရယ်စရာကောင်းစွာ ကြည့်နေသည်၊ "တကယ်လို့ မမြင်သင့်တာတွေ ငါ မြင်လိုက်ရင် မင်း ပျော်သင့်တာ မဟုတ်ဘူးလား?"
လီယွမ်ကျစ် သတိမရသေးခင် စုန့်ချင်းရှု တံခါးကို တွန်းဖွင့်ဝင်ရောက်သွားသည်။ ထိုအချိန်တွင် လော့ပင်း နိုးလာပြီး ရှချင်းချင်း၏ အသက်ကယ်တင်ခြင်းအတွက် ကျေးဇူးတင်စကား ပြောနေသည်။
စုန့်ချင်းရှု သူမကို ကြည့်လိုက်ရာ သွေးထွက်လွန်သောကြောင့် မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ရှိနေသော်လည်း အရွယ်ရောက်သော အမျိုးသမီး၏ ကျက်သရေရှိမှု့နှင့်ဆွဲဆောင်မှုရှိသော သွင်ပြင်ကို ဖုံးကွယ်၍မရနိုင်သည်ကို တွေ့လိုက်ရသည်။ စိတ်ထဲတွင်"အမျိုးသမီးအချို့၏ရုပ်ရည်သည် တိုင်းပြည်ပျက်လောက်အောင် လှပခြင်းမျိုးမဟုတ်သော်လည်း အမျိုးသားများ၏ စိတ်ကို အလွယ်တကူ လှုပ်ခတ်စေနိုင်သည်။" ဟု သက်ပြင်းချလိုက်သည်။ အင်တာနက်တွင် "လော့ပင်း၏ ဖြူစင်မှု"(အချိန်ရရင်ဘာသာပြန်ပေးမယ်) ဟူသော ဇာတ်လမ်း ပျံ့နှံ့နေသည်မှာ မဆန်းတော့ပေ။ သို့သော် ရေးသားပုံက ကြမ်းတမ်းပြီး တိုက်ရိုက်ဆန်လွန်းသောကြောင့် အခြားစာအုပ်ဖြစ်သည့် "အပျိုစင် ပိုင်ရှဲ" ကဲ့သို့ အမျိုးသားများ၏ စိတ်ထဲမှ စွဲလမ်းမှုကို မနှိုးဆွနိုင်ခဲ့ပေ။