အခန်း (၁၁၄) လော့ပင်း ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း
စုန့်ချင်းရှုက ကောင်းကင်တောင်ဂိုဏ်း၏ ထူးခြားသော ဓားသိုင်း “သုံးကွက်တစ်ကွက်ဓားသိုင်း”ဖြစ်သည်ကို မသိခဲ့ပေ။ ဓားသိုင်း၏ လှုပ်ရှားမှုတိုင်းသည် သုံးပုံတစ်ပုံသာ ရှိပြီး ရန်သူက ခုခံရန် ပြင်ဆင်နေချိန်တွင် ဓားသိုင်းက ပြောင်းလဲသွားပြီး သိုင်းကွက်တစ်ခုတည်းတွင် လှုပ်ရှားမှုသုံးခု ပါဝင်နေသည်။ ဓားသိုင်းပညာအပေါ် မွေးရာပါ ထက်မြက်သော အာရုံခံစားမှုကြောင့် စုန့်ချင်းရှုသည် ဤဓားသိုင်းပညာ၏ အားနည်းချက်ကို ချက်ချင်း မြင်လိုက်ရသည်။
သစ်သားဓားကို မြှောက်ကိုင်ကာ ပြိုင်ဘက် မည်သို့ပင် ပြောင်းလဲသည်ဖြစ်စေ စုန့်ချင်းရှုသည် သူ့ဓားကို ပြိုင်ဘက်၏ မျက်နှာဆီသို့ တည့်တည့် ထိုးစိုက်လိုက်သည်။ ချန်ကျားလော့ အလွန် အံ့အားသင့်သွားပြီး ချက်ချင်း နောက်သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်။
စုန့်ချင်းရှု စိတ်ထဲမှ ကံကောင်းသည်ဟု တွေးလိုက်သည်။ သူ့တွင် အချိန်အလွန် နည်းနေပြီး သူ့နှင့် ကြာကြာ တိုက်ခိုက်ရန် အချိန်မရှိပေ။ သူသည် ဝေကိုတိုက်ပြီး ကျောက်ကိုကယ်တင်ခြင်းနည်းဗျူဟာကို(တရုတ်စကားပုံ-ဆွန်ဇုစစ်ရေးဗျူဟာကျမ်းတွင်အကျယ်လေ့လာကြည့်ပါ) အသုံးပြုခဲ့သည်။ မဖြစ်မနေ ကူညီရမည့်သူကို တိုက်ခိုက်ခြင်း ဖြစ်သည်။ ချန်ကျားလော့သည် အကျိုးအမြတ်ကို အလွန်အမင်း ဂရုစိုက်သူဖြစ်သည်။ အကယ်၍ တစ်ဖက်လူက ရှောင်ဖုန်း ကဲ့သို့ ရက်စက်ပြတ်သားသော သူမျိုးဆိုလျှင် ဆက်တိုက် တိုက်ခိုက်လာပါက စုန့်ချင်းရှု သည် အနည်းငယ်သာ ဒဏ်ရာရမည်ဖြစ်ပြီး ကိုယ်တိုင် ပြင်းထန်စွာ ဒဏ်ရာရမည် သိသော်လည်း ရှောင်ဖုန်း သည် မတွန့်ဆုတ်ဘဲ ဆက်လက် တိုက်ခိုက်ပြီး စုန့်ချင်းရှု ကို ထိန်းထားနိုင်သည်။ ဤသို့ဖြင့် သူသည် မျက်စိတစ်မှိတ်အတွင်း ရှေ့သို့ တက်လာသော ချန် ညီအစ်ကိုများကို ရင်ဆိုင်ရန် အပိုအတွင်းအား မရှိတော့ပေ။
မျက်စိတစ်မှိတ်အတွင်း ထိပ်တန်း သိုင်းပညာရှင်များစွာကို နောက်ဆုတ်စေပြီးနောက် စုန့်ချင်းရှု၏ စစ်မှန်သောချီစွမ်းအင်သည် ကြီးမားစွာ ကုန်ဆုံးသွားပြီး အနည်းငယ်မျှသာ ရှိတော့သည်။ ထို့ကြောင့် နဂါးနိုင်လက်ဝါးသိုင်းဆယ့်ရှစ်ကွက်ထဲမှ "ကြိုးကြာမြေပြင် ဆင်းသက်ခြင်း" ကိုသာ အသုံးပြုနိုင်တော့သည်။ အားနည်းမှု့ကို ဖုံးကွယ်ပြီး ချန်ညီအစ်ကိုတို့၏ အနက်ရောင်သေမင်းလက်ဝါးကို နူးညံ့သော အားဖြင့် ခုခံကာကွယ်လိုက်သည်။
"အရှင်မင်းကြီးကို ကာကွယ်ကြ!" ထိုအချိန်တွင် ဒိုလုံတို့ ရောက်လာကြပြီး အခြေအနေကို မြင်သောအခါ အလွန် ထိတ်လန့်သွားကာ ဓားများကို ဆွဲထုတ်ပြီး ပြေးဝင်လာကြသည်။
ချန်ညီအစ်ကိုတို့၏ တိုက်ခိုက်မှု အရှိန်အနည်းငယ် နှေးသွားသဖြင့် စုန့်ချင်းရှု နောက်ဆုံးတော့ အသက်ရှုချိန်ရလာခဲ့သည်။ နဂါးနိုင်လက်ဝါးမှ "နဂါးကိုယ်ထင်ပြ" သိုင်းကွက်ဖြင့် အရှိန်အလွန်မြန်ဆန်စွာ တိုက်ခိုက်လိုက်ရာ ချန်ညီအစ်ကိုတို့ အလျင်စလို လက်ဝါးဖြင့် ခုခံလိုက်ရပြီး ပြင်းထန်သော အတွင်းဒဏ်ရာများ ရရှိသွားသည်။
ပန်းနီအဖွဲ့သားများ ချက်ချင်း ဝိုင်းဖွဲ့လိုက်ကြသည်။ မျက်စိတစ်မှိတ်အတွင်း သူတို့ဘက်မှ သိုင်းပညာအမြင့်ဆုံး လေးဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်ကို မြင်သောအခါ အားလုံး မျက်နှာများ ညှိုးငယ်သွားကြသည်။
အခြေအနေ မကောင်းတော့သည်ကို သိသောကြောင့် ချန်ကျားလော့ အသံနိမ့်ဖြင့်၊ "သွားတော့!" ဟု အော်လိုက်သည်။
"သူတို့ကို ဖမ်း!" ခန်းရှီ နောက်ဆုံးတွင် စိတ်သက်သာရာရသွားပြီး ပန်းနီအဖွဲ့သားများကို မုန်းတီးစွာ ကြည့်ရင်း ပြောလိုက်သည်။
"အမိန့်တော်အတိုင်းပါ!" ဒိုလုံ လှည့်ကြည့်ကာ အေးစက်စက် ပြုံးလိုက်သည်၊ "သွားချင်တယ် ဟုတ်လား? ဒီလောက် ဘယ်လွယ်မလဲ။" ချက်ချင်း သူ့လက်အောက်ခံများကို ခေါ်ကာ လိုက်လံ ရှင်းလင်းတော့သည်။
စုန့်ချင်းရှုကတော့ လှုပ်ရှားမှု့မရှိပဲ ခန်းရှီရှေ့တွင် ကာကွယ်နေပြီး တိုးတိုးလေး ပြောလိုက်သည်၊ "အရှင်မင်းကြီးရဲ့ လုံခြုံရေးက အရေးကြီးတယ်။ ကျွန်တော် ဒီမှာ စောင့်နေမယ်။ သူတို့ချောင်ပိတ်မိပြီး စိတ်ထင်ရာ လုပ်မှာစိုးလို့။"
ခန်းရှီသည် အစောပိုင်းက စုန့်ချင်းရှု လက်တစ်ဖက်လှုပ်ရှားရုံဖြင့် ရန်သူ သိုင်းပညာရှင်များစွာကို အနိုင်ယူသည်ကို မြင်ခဲ့ရသဖြင့် သူ့၏ သိုင်းပညာကို စိတ်ထဲတွင် အလွန် လေးစားခဲ့ပြီး သူ့အနားတွင် ကာကွယ်ပေးထားမှသာ စိတ်ချနိုင်သည်။ ထိုစကားကို ကြားသောအခါ အလိုအလျောက် ခေါင်းညိတ်လိုက်သည်။
စုန့်ချင်းရှု ကွင်းထဲမှ တိုက်ပွဲအခြေအနေကို စိုက်ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်၊ "ငါရေနစ်နေတဲ့သူကို ဝါးကူမထိုးရုံပဲတတ်နိုင်တယ် ကျန်တာတော့ မင်းတို့ထိုက်နဲ့ မင်းတို့ကံပဲ။"
နန်းတွင်းကိုယ်ရံတော်များ ပို၍ ပို၍ များလာပြီး ပန်းနီအဖွဲ့သားများလည်း တစ်ခြားဆီ ကွဲထွက်သွားကာ တစ်ဦးချင်းစီ တိုက်ခိုက်ရသည့် အခြေအနေသို့ ရောက်သွားကြသည်။
ချန်ကျားလော့သည် ဒီနေ့ အနည်းငယ် ပေါ့ဆမိပါက တစ်ဖွဲ့လုံး ပျက်စီးသွားမည်ကို သိသောကြောင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်၊ "ပန်းနီဆိုတာ လေပြေနဲ့ ဆုံဆည်းလိုက် ခွဲခွာလိုက်ပဲ~ အားလုံး ခွဲပြီး ထွက်ပြေးကြ!"
ဤအချိန် ပန်းနီအဖွဲ့တွင် သူ့၏ တိုက်ခိုက်နိုင်စွမ်းက အပြည့်အဝ ရှိနေသည်။ ချန်ကျားလော့သည် ကွင်းထဲတွင် ဟိုမှသည် လှည့်ပတ်ကာ အန္တရာယ်နှင့် ရင်ဆိုင်နေရသော ခေါင်းဆောင်အသီးသီးကို အဆက်မပြတ် ကူညီနေသည်။ ကိုယ်ရံတော်များကလည်း သူ့ကို တားဆီးထားနိုင်ခြင်း မရှိပေ။
ရွှေပုလွေပညာရှိ ယွီယွီထုံသည် သူ့ရှေ့မှ ကိုယ်ရံတော်နှစ်ဦးကို တွန်းထုတ် လိုက်သော်လည်း မမျှော်လင့်ဘဲ နောက်ထပ် ရံတော်နှစ်ဦး ရောက်လာသည်။ အနည်းငယ် သတိလစ်နေစဉ် ဗိုက်ကို ကန်ခံလိုက်ရပြီး ဘေးက ကျောက်ပုံထဲသို့ လဲကျသွားသည်။ ကိုယ်ရံတော်အချို့က အခွင့်ကောင်းယူကာ ဓားများဖြင့် ခုတ်ရန် ဝှေ့ယမ်းလိုက်ရာ ယွီယွီထုံ က 'ငါ သေရတော့မယ်' ဟု စိတ်ထဲက အော်ဟစ်လိုက်သည်။
မမျှော်လင့်ဘဲ တစ်ဖက်က ရံတော်အချို့ ကြေကွဲဖွယ် အော်ဟစ်ကာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားသည်။ ယွီယွီထုံ ကြည့်လိုက်ရာ လူအချို့၏ မျက်နှာပေါ်တွင် သေးငယ်သော ရွှေအပ်အချို့ စိုက်နေသည်။ "ဖူရုံ ရွှေအပ်!" ယွီယွီထုံ အံ့ဩစွာ လှည့်ကြည့်လိုက်ရာ ရံတော်ဝတ်စုံနှင့် လီယွမ်ကျစ် ကို တွေ့လိုက်သည်။ နှစ်ယောက်သား ပြန်လည် ဆုံတွေ့ပြီး မျက်နှာချင်းဆိုင်ကြည့်ကာ အကြည့်များဖြင့် အကြောင်းအရာများစွာ ဖလှယ်ကြသည်။
"ငါနဲ့ လိုက်ခဲ့!" လီယွမ်ကျစ် က ယွီယွီထုံ ကို ဆွဲပြီး ထွက်သွားရန် ပြင်လိုက်သော်လည်း ယွီယွီထုံ က သူမ၏ လက်ကို ခါထုတ်လိုက်သည်။
လီယွမ်ကျစ် သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေသည်ကို မြင်သောအခါ ယွီယွီထုံ က အံကို ကြိတ်ပြီး "ဒီနေ့ ငါတို့ ပန်းနီအဖွဲ့ တစ်ဖွဲ့လုံး ပျက်စီးတော့မှာ။ ငါ ဘယ်လိုလုပ် အသက်ရှင်နေနိုင်ပါ့မလဲ။ ညီအစ်ကိုတွေနဲ့ အတူတူ သေရတာက ဒီဘဝအတွက် အချီးနှီးမဟုတ်ပါဘူး။ မိန်းကလေးလီ၊ ငါ့အပေါ်ထားတဲ့ မင်းရဲ့ စေတနာကို နားလည်ပါတယ်။ဒါပေမယ့် နောက်ဘဝမှပဲ ပြန်ဆပ်တော့မယ်" ဟု ပြောသည်။
ပြောပြီးသည်နှင့် ယွီယွီထုံ ပြန်လှည့်သွားကာ စစ်မြေပြင်သို့ ပြန်ရောက်လာပြီး စတုတ္ထမရီး၊ ငါလာကူမယ်!”
ဝမ်ထိုက်လိုင် သည် စုန့်ချင်းရှု ၏ လက်ဝါးအောက်တွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ရာ သူ၏ သိုင်းပညာ သုံးပုံတစ်ပုံပင် မကျန်တော့ပေ။ ကိုယ်ရံတော်များ ဝန်းရံ တိုက်ခိုက်သောအခါ ချက်ချင်း အန္တရာယ်ကျရောက်သည်။
လော့ပင်း က သူမ၏ ခင်ပွန်း တစ်ခုခုဖြစ်မည်ကို ဘယ်လိုလုပ် ကြည့်နေနိုင်မည်နည်း။ အစကတည်းက သူ့ဘေးသို့ ပြေးသွားကာ ဘေးချင်းယှဉ် တိုက်ခိုက်ပြီး သူ့ခင်ပွန်းကို ကာကွယ်ပေးသည်။
သို့သော် လော့ပင်း ၏ သိုင်းပညာ အတော်လေးကောင်းမွန်သည်။ စုံတွဲဓားသိုင်းကိုလည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်သည်။ သို့သော်လည်း ပတ်ဝန်းကျင်ရှိ ကိုယ်ရံတော်များက အလွန်များပြားပြီး ခင်ပွန်းဖြစ်သူ ဝမ်ထိုက်လိုင် ကိုလည်း ကာကွယ်နေရသောကြောင့် မကြာမီပင် လော့ပင်း ဇနီးမောင်နှံ ဒဏ်ရာများစွာ ရရှိသွားသည်။
ယွီယွီထုံ လှည့်ကြည့်လိုက်သောအခါ ဒီမြင်ကွင်းကို မြင်လိုက်ရတာဖြစ်သည်။ သူသည် အမြဲတမ်း ဒီရင့်ကျက်ပြီး ဆွဲဆောင်မှုရှိသော စတုတ္ထမရီးအပေါ် တစ်မျိုးတစ်မည် စိတ်ရှိခဲ့သည်။ သူ စိတ်ထဲမှ 'စတုတ္ထညီမ သေသွားရင် ငါ ဒီလောကမှာ အသက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိတော့မလဲ' ဟု တွေးသည်။
ဆုံးဖြတ်ပြီးသောအခါ လီယွမ်ကျစ် ၏ ကယ်တင်မှု့ကို ပြတ်ပြတ်သားသား ငြင်းပယ်ပြီး မတွန့်ဆုတ်ဘဲ ကွင်းထဲသို့ ပြန်လာခဲ့သည်။
ကြေကွဲဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာရာ ကျန်းခါးကုန်း သည် ဓားများဖြင့် ခုတ်သတ်ခံရပြီ ဖြစ်သည်။ ပန်းနီအဖွဲ့ မှ လူတိုင်း မျက်လုံးများ နီရဲလာသည်။ ဝမ်ထိုက်လိုင် က ကျယ်လောင်စွာ အော်ဟစ်သည်။ "ခေါင်းဆောင်၊ ကျွန်တော်တို့ကို ဂရုစိုက်စရာ မလိုပါဘူး။ ခေါင်းဆောင် အရင် သွားပါ။ ပန်းနီအဖွဲ့ အသက်ရှင်နေသမျှ ပြန်လည် ထူထောင်နိုင်မှာပါ။ နောက်မှ ကျွန်တော်တို့အတွက် လက်စားချေပါ။ ချန် ညီအစ်ကိုတို့၊ ငါတို့ အတူတူ ခေါင်းဆောင် ကို ကာကွယ်ပြီး ဆုတ်ခွာကြမယ်" ဟု ပြောသည်။
ချန် ညီအစ်ကိုတို့ မျက်နှာချင်းဆိုင် ကြည့်ပြီး "ကောင်းပြီ!" ဟု ပြန်ဖြေသည်။ ဝမ်ထိုက်လိုင် ဘေးသို့ ရောက်လာပြီး ရုတ်တရက် သူ့ကျောကို ဖမ်းဆုပ်ကာ ရှေ့က ရံတော်အုပ်ထဲသို့ ပစ်ထည့်လိုက်သည်။
"စတုတ္ထ အစ်ကို!" လော့ပင်း ကြောက်လန့်တကြား ဖြစ်သွားသည်။ ခင်ပွန်းဖြစ်သူက တောက်ပနေသော ဓားများကြားသို့ ကျသွားသောအခါ အသက်ရှင်နိုင်မည် မဟုတ်တော့ပေ။
"ဒီလူကို အရှင်ထား ဖမ်း!" ခန်းရှီ ခုနက သူ့ကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့ခြင်းကို မှတ်မိနေသေးရာ ဒီလောက် လွယ်လွယ်နဲ့ သေခွင့်ပေးမည် မဟုတ်ပေ။
"အမိန့်တော်အတိုင်းပါ!"
ညီအစ်ကိုများက သစ္စာဖောက်ခြင်း ခံရသောကြောင့် ဝမ်ထိုက်လိုင် ဒေါသတကြီး ဖြစ်သွားသည်။ကိုယ်ရံတော်များက ဓားများကို သူ့လည်ပင်းပေါ် တင်လိုက်သောအခါ သူ မခံနိုင်တော့ဘဲ မေ့လဲသွားသည်။
ဒီအခြေအနေကို နှစ်ဖက်လုံးက မမျှော်လင့်ထားဘူး၊ အဲ့ဒီတစ်ခဏတာမှာ အစောင့်တွေရဲ့ ခုခံကာကွယ်ရေးက ချက်ချင်း လစ်ဟာသွားသည်၊ ချန်ညီအစ်ကိုတွေက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားကြသည်။
"ခေါင်းဆောင်၊ သူတို့ကို ဂရုမစိုက်ပါနဲ့။ နောက်မှ သစ္စာဖောက်တွေကို ရှင်းပါ။ ခေါင်းဆောင်အတွက် ကာထားပေးပါ့မယ်၊ အမြန်သွားပါ!" စောစောက တိုက်ပွဲအပြီးတွင် ကျောက်ဖန်စန်း ၏ ကိုယ်ပေါ်ရှိ လျှို့ဝှက်လက်နက်များ အနည်းငယ်သာ ကျန်တော့သည်။ ထို့ကြောင့် သူသည် လျှို့ဝှက်လက်နက်များ အားလုံးကို ချန်ကျားလော့ ဘေးရှိ ကိုယ်ရံတော်များဆီသို့ ပစ်လွှတ်လိုက်သည်။
အခြေအနေက ဒီအထိ ရောက်နေပြီဖြစ်သောကြောင့် ချန်ကျားလော့ မသွားလို့ မရတော့ပေ။ လမ်းပိတ်နေသော ကိုယ်ရံတော်အချို့ကို သတ်ဖြတ်ပြီး နံရံကို ကျော်ဖြတ်ကာ ထွက်ပြေးသည်။
သူ့ဘေးရှိ တောက်ပပြီး လှပသော စတုတ္ထမရီးကို ကြည့်ရင်း ယွီယွီထုံ သည် သူမအား ချင် စစ်သားများလက်ထဲ ရောက်ရှိပြီး အရှက်ရမည်ကို ရုတ်တရက် စိုးရိမ်လာသည်။ ချက်ချင်းပင် ကျန်ရှိသော အားအင်များကို ထုတ်သုံးကာ လော့ပင်း ကို ပင့်မြှောက်ပြီး ကျောက်ပုံဘက်သို့ ပစ်လိုက်သည်။ တစ်ဖက်တွင်လည်း နောက်က လိုက်လာသော ရန်သူများကို တားဆီးရင်း ပါးစပ်မှ အော်ဟစ်လိုက်သည်။ "သူ့ကို ကယ်ပြီး ခေါ်သွား!"
လော့ပင်း မှာ အားကုန်ခမ်းနေပြီဖြစ်ရာ မြေပြင်သို့ ရောက်သည်နှင့် ချက်ချင်း မေ့လဲသွားသည်။
ကျောက်ပုံထဲတွင် ပုန်းနေသော လီယွမ်ကျစ် သည် သူမ၏ ချစ်သူက နောက်မိန်းကလေးတစ်ယောက်ကို ကယ်တင်ရန် ပြန်သွားသည်ကို မြင်သောအခါ စိတ်ထဲတွင် နာကျင်ခံပြင်းမှုများ ခံစားရသည်။ သို့သော် ယွီယွီထုံ ၏ ခိုင်မာသော သဘောထားကို မြင်သောအခါ ချင် စစ်သားများကို အသက်နှင့်ရင်း၍တားဆီးထားသည်ကို မြင်သောအခါ သူမ၏ စိတ်ထဲက နာကျင်မှုကို မြိုသိပ်ကာ လော့ပင်း ကို ကျောပိုးပြီး ထွက်ပြေးသည်။
သို့သော် ယခုအခါ နေရာတိုင်းတွင် လုံခြုံရေးတင်းကျပ်နေပြီး နန်းတော်ကလည်း အလွန်ကြီးမားသောကြောင့် လီယွမ်ကျစ် မည်သည့်ဘက်သို့ ပြေးရမည်ကို မသိတော့ပေ။ ခဏတာ တွေဝေပြီးနောက် သူမသည် စိတ်မရှည်စွာဖြင့် လော့ပင်း ကို ကျောပိုးကာ ဒီရက်ပိုင်း နေခဲ့တဲ့ ခြံဝင်းဘက်ကို ပြေးသွားသည် စိတ်ထဲမှလည်း 'စုန့်ချင်းရှု ပြန်သွားရင် သိမသိဆိုတာကို နောက်မှ စဉ်းစားရတော့မယ်' ဟု တွေးသည်။