အခန်း (၁၀၈) ဘုန်းကြီးသုံးပါး ရေမသောက်ရ
ဆက်လက်၍ လမ်းလျှောက်လာရာ စိုးရိမ်တကြီး စောင့်မျှော်နေသော လီယွမ်ကျစ်ကို မြင်လိုက်ရသဖြင့် စုန့်ချင်းရှု ချက်ချင်း ပြေးသွားသည်။
“ငါတို့ အရင် အပြင်ထွက်ပြီးမှ ပြောရအောင်” စုန့်ချင်းရှုက ရှချင်းချင်းရဲ့ သွေးကြောတွေကို ချက်ချင်း ဖြေပေးလိုက်ပြီး နှစ်ယောက်လုံးကို ဆွဲခေါ်ကာ နန်းတော်တံခါးဆီသို့ လျှောက်သွားလိုက်သည်။
သို့သော် ရှချင်းချင်းက သူ့လက်ကို ချက်ချင်း ခါချလိုက်ပြီး သူ့ကို မုန်းတီးစွာ ကြည့်လိုက်သည်။ စုန့်ချင်းရှုက သက်ပြင်းချပြီး “ယွမ်သခင်မ၊ ခုနက အခြေအနေအရ အသေးစိတ် မရှင်းပြနိုင်ခဲ့တာ၊ တကယ်ပဲ မင်းကောင်းဖို့အတွက်လုပ်လိုက်ရတာပါ”
“ကျွန်မအတွက်ဆိုတာ သိပါတယ်!” ရှချင်းချင်း မျက်လုံးထဲမှာ မျက်ရည်များ ဝဲလာသည် “ဒါပေမဲ့ ကျွန်မ မလိုအပ်ဘူး! ခုနက ဆရာတူအစ်ကိုက သူ့အသက်နဲ့ လဲလှယ်ပေးခဲ့တဲ့ အခွင့်အရေးကို ကျွန်မ အစွမ်းကုန် အသုံးချလိုက်ရင် ခွေးဧကရာဇ်နဲ့ အတူတူ သေဆုံးသွားလဲ ဘာမှမဖြစ်ဘူး"
“တကယ်လို့ မင်း တိုက်ခိုက်တာ အောင်မြင်ခဲ့ရင်တောင် ငါကတော့ ဘာမှ မဖြစ်ဘူး၊ ဒါပေမဲ့ မင်းနဲ့အတူ နန်းတော်ထဲ ဝင်လာတဲ့ လီသခင်မလေးကတော့ နောက်ပိုင်းမှာ သေရမှာ သေချာတယ်။ မင်း သူ့မိဘတွေကိုပါ ဒုက္ခပေးမိမှာ။ လက်စားချေဖို့အတွက် အပြစ်မဲ့တဲ့သူတွေကို သေစေချင်တာက မင်းတကယ်ပဲ မြင်ချင်တဲ့ အရာလား?” စုန့်ချင်းရှုက ပြတ်သားစွာ ပြောလိုက်သည်။
“လက်စားချေနိုင်ရင် ဘယ်လို အဖိုးအခမျိုးမဆို ပေးဆပ်ဖို့ ကျွန်မ ဆန္ဒရှိတယ်!” ရှချင်းချင်းက လီယွမ်ကျစ်ကို တောင်းပန်သော အကြည့်ဖြင့် ကြည့်လိုက်သည် “နောက်ဘဝ ရောက်ရင် ရှင်တို့ကို နွားလို၊ မြင်းလို အစေခံရမယ်ဆိုရင်တောင် ကျွန်မ သဘောတူတယ်"
လီယွမ်ကျစ် မျက်နှာ နည်းနည်း မကောင်းလှဘဲ ဘေးသို့ ရှောင်လိုက်သည်။
“ဒါပေမဲ့ မင်း တကယ် အောင်မြင်မယ်လို့ ထင်လား?” စုန့်ချင်းရှုက လှောင်ပြောင်သော လေသံဖြင့် ပြောလိုက်သည်။
"ရှင်က ကျွန်မကို လက်စားချေဖို့ ကူညီမယ်လို့ အမြဲပြောနေတာ။ ခုနက အခြေအနေမှာ ရှင်သာ ကျွန်မနဲ့ အတူတူ ထွက်တိုက်ခဲ့ရင် ခန်းရှီ သေမှာ သေချာတယ်။ ပြောရရင် ရှင်က ကျော်ကြားမှု့နဲ့ စည်းစိမ်ဥစ္စာကို တပ်မက်ပြီး ကျွန်မအပေါ် ဟန်ဆောင်နေတာပဲ။" ရှချင်းချင်းက စုန့်ချင်းရှုကို အေးစက်စက် မျက်လုံးများဖြင့် ကြည့်နေသည်။
စုန့်ချင်းရှုလည်း အနည်းငယ် ဒေါသထွက်လာသည်။ "မင်းကလည်း ငါ့ကို လက်စားချေဖို့ကူညီပေးရင် မင်းကိုယ်မင်း ပေးအပ်မယ်လို့ ပြောခဲ့တာပဲ။ ခုနက တိုက်ခိုက်ပြီးနောက် ငါတို့ သေရမှာ သေချာတယ်။ ငါ့ရဲ့ ဆုလာဘ်ကို ဘယ်မှာ သွားယူရမလဲ" ဟု ပြောသည်။
ရှချင်းချင်း ရင်ဘတ်မှာ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။ ခဏအကြာတွင် သူမသွားဖြူလေးများဖြင့်အံကြိတ်လိုက်ပြီး "ကောင်းပြီ၊ ရှင် လိုချင်ရင် ဒီနေ့ပဲ ပေးမယ်။ တစ်ရက် မလုံလောက်ရင် သုံးရက်။ သုံးရက် မလုံလောက်ရင် ကျွန်မ တစ်လလုံး စိတ်ရောကိုယ်ပါ ရှင့်ကို ပြုစုပေးမယ်။ ရှင့်ကို နူးညံ့မှုအပြည့်အဝ ခံစားခွင့်ပေးမယ်.. တစ်လကြာရင် ရှင် ကျွန်မနဲ့အတူ ခန်းရှီကို သတ်ဖို့ လိုက်ခဲ့မလား၊ ဘယ်လိုလဲ?"
ဘေးမှ လီယွမ်ကျစ်သည် နဖူးကို လက်ဖြင့် ထောက်ကာ မျက်နှာတွင် စကားမပြောနိုင်အောင် ဖြစ်နေသည်"ငါဘာလို့ဒီလောက်ကံဆိုးပြီး ဓားပြလှေပေါ် ဘယ်လို ရောက်သွားတာလဲ?"
အခန်းထဲမှာ တစ်လလုံး ပျော်ပါးရမယ်? ထိုမြင်ကွင်းက အလွန်လှပသဖြင့် စိတ်ထဲတွင် အနည်းငယ် စိတ်ကူးယဉ်လိုက်သည်နှင့် စုန့်ချင်းရှု စိတ်လှုပ်ရှားသွားသည်။ ခက်ခဲစွာဖြင့်ပင် ချက်ချင်း လက်ခံလိုက်ချင်သည့် စိတ်ကို ထိန်းချုပ်လိုက်သည်၊ "ယွမ်သခင်မ၊ အဲဒီလို ပြောတာက မင်းနဲ့ စနေရုံသက်သက်ပါ။ တကယ်တော့ ခုနက ဘုရင့်စာကြည့်တိုက်ထဲမှာ ဒေါင်ဖန်းပုပိုင်နဲ့ ယှဉ်နိုင်တဲ့ သိုင်းပညာရှင်တစ်ဦး ပုန်းအောင်းနေခဲ့တယ်။ ကွေ့ရှင်းရှု မိသားစုသုံးဦးလုံးကို သူက လျှို့ဝှက်စွာ ထိန်းချုပ်ထားတာ။ ငါမင်းနဲ့ အတူတူ လှုပ်ရှားခဲ့ရင်တောင် အောင်မြင်နိုင်ခြေ လုံးဝ မရှိဘူး။"
"လောကမှာ ဒီလောက် ကျွမ်းကျင်တဲ့သိုင်းပညာရှင်တွေ အများကြီး ရှိလို့လား?" ရှချင်းချင်း မျက်နှာတွင် သံသယများ ပြည့်နှက်နေပြီး သူ့ကို စိုက်ကြည့်သည်။
"ငါတကယ်ပြောနေတာပါ" စုန့်ချင်းရှု ချက်ချင်း နေကြာသိုင်းကျမ်းကို တီထွင်သူ အဘိုးကြီး၏ နောက်ခံကို သူမအား ပြောပြလိုက်သည်။ သူမက ဆက်လက်၍ မယုံတစ်ဝက် ယုံတစ်ဝက်ဖြစ်နေသည်ကို မြင်သောအခါ
"မယုံရင် ကွေ့ရှင်းရှု မိသားစုသုံးဦးရဲ့ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်နိုင်တယ်။ ကြည့်လိုက်တာနဲ့ သိပါလိမ့်မယ်။"
ရှချင်းချင်း မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်၊ "သူတို့ရဲ့ ရုပ်အလောင်းတွေကို နန်းတွင်းကိုယ်ရံတော်တွေ ဆွဲထုတ်သွားပြီ။ ဘယ်လို ဖျက်ဆီးခံရမလဲ မသိဘူး။"
"ငါ သူတို့ရဲ့ ရုပ်အလောင်းတွေကို ပြန်ယူလာပေးရင် မင်း ငါ့ကို ခွင့်လွှတ်မှာလား?" စုန့်ချင်းရှု ရှချင်းချင်းကို ကြည့်ပြီး မေးလိုက်သည်။
စုန့်ချင်းရှု၏ ထိုအမူအရာကို မြင်သောအခါ ရှချင်းချင်း အံကြိတ်လိုက်သည်။ သူမ ခွင့်မလွှတ်ဘူးလို့ ပြောပြီး ဆရာတူအစ်ကိုကြီးလင်မယားရဲ့ ရုပ်အလောင်းတွေကို ဖျက်ဆီးခံရအောင် ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ။ မတတ်သာစွာဖြင့် ခေါင်းညိတ်လိုက်ပြီး မကျေမနပ် ပြောလိုက်သည်
"ကောင်းပြီ!"
"ဒီလို စိတ်မပါလက်မပါကြီး မဖြေပါနဲ့" စုန့်ချင်းရှု မျက်နှာပြုံးကာ ပြောလိုက်သည် "ငါ အရင်ဆုံး မင်းတို့ကို နန်းတော်ထဲကနေ ထုတ်ပေးမယ်။ နန်းတော်ထဲမှာ အစောင့်အကြပ်တွေ အရမ်းတင်းကျပ်နေလို့ မင်းတို့ရဲ့ လုံခြုံရေးကို ငါ စိတ်ပူတယ်။"
လူအုပ်စု နန်းတော်တံခါးဝသို့ ရောက်သောအခါ အစောင့်က စုန့်ချင်းရှုကို စိတ်မသက်မသာဖြင့် ကြည့်လိုက်သည် "စုန့်သခင်ကြီး၊ မကြာသေးခင်က မြို့တော်ထဲမှာ သိုင်းလောက သားတွေ အရမ်းများတာကြောင့် နန်းတော်လုံခြုံရေးအတွက် အရှင်မင်းကြီးမင်းကြီးက အမိန့်တော် အသစ်ထုတ်ပြန်ထားပါတယ်။ လပြည့်ညမရောက်ခင် သူ့ရဲ့ ရွှေတံဆိပ် မရှိရင် ဘယ်သူမှ နန်းတော်ထဲကို ဝင်ခွင့် ထွက်ခွင့် မရှိပါဘူး။"
“ဘာလို့ ဒီလို ဖြစ်ရတာလဲ? ငါအခုပဲ ဧကရာဇ် စာကြည့်ခန်းကနေ ထွက်လာတာ” စုန့်ချင်းရှုက မျက်နှာပေါ်တွင် အံ့အားသင့်မှုအပြည့်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲမှာတော့ ပျော်ရွှင်နေသည်။ ဒါက တကယ်ကို ကောင်းကင်က ကူညီလိုက်တာပဲ။
စုန့်ချင်းရှုသည် မိန်းကလေးနှစ်ဦးကို ခေါ်၍ ပြန်လှည့်ကာ သူ၏နေအိမ်သို့ လျှောက်သွားရင်း မတတ်သာသောပုံစံဖြင့် ပြောလိုက်သည် "အမျိုးသမီးနှစ်ယောက် ကျွန်တော့်အိမ်မှာပဲ ခဏလောက်နေပြီး ဒုက္ခခံပေးကြပါ။"
ရှချင်းချင်းသည် သူ့နှင့် အတူနေလာသည်မှာ ကြာပြီဖြစ်သဖြင့် စုန့်ချင်းရှု၏ စိတ်ကူးများကို ကောင်းစွာ သိသည်။ သို့သော် ယခုမူ စိတ်ပူပန်မှုများစွာ ရှိနေသဖြင့် ဘာမှမပြောတော့ပေ။
လီယွမ်ကျစ်ကမူ နန်းတော်ထဲတွင် နေရသည်ကို ပို၍ ပျော်ရွှင်နေသည်။ တစ်ကြောင်းမှာ သူမ တစ်ခါမျှ မရောက်ဖူးသောကြောင့် ထူးဆန်းသည်ဟု ထင်သည်။ နောက်တစ်ကြောင်းမှာ နန်းတော်မှ ထွက်သွားပြီးနောက် လပြည့်ည တိုက်ပွဲမတိုင်မီ နန်းတော်သို့ ပြန်မဝင်နိုင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ ထိုသို့ဆိုလျှင် ဤခရီးတစ်လျှောက်လုံး ခံစားခဲ့ရသော ကြောက်ရွံ့မှုများမှာ အချည်းနှီး ဖြစ်သွားမည် မဟုတ်ပါလား။
“မင်းတို့ ဒီအခန်းထဲမှာ ခဏနေဦး၊ ဟိုဟိုဒီဒီ လျှောက်မသွားနဲ့၊ ငါ အရင် ကွေ့ရှင်းရှုတို့ရဲ့ ရုပ်အလောင်းတွေကို ဘယ်လို စီမံထားလဲ သွားကြည့်လိုက်ဦးမယ်” စုန့်ချင်းရှုက နှစ်ယောက်လုံးကို သူ့ခြံဝင်းထဲ ခေါ်သွားပြီး မှာကြားပြီးနောက် ဒိုလုံကို သွားရှာလိုက်သည်။
စုန့်ချင်းရှုသည် ဒိုလုံကို ခက်ခက်ခဲခဲ ရှာတွေ့သောအခါ ချက်ချင်း ရှေ့သို့ တိုးသွားပြီး စကားစလိုက်သည်၊ "ဒိုအစ်ကိုကြီး ဒီနေ့ လုပ်ကြံသူတွေကို သတ်နိုင်ခဲ့တာ တကယ်ကို ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။"
"စုန့်ညီလေးပါလား၊ အင်း မပြောချင်တော့ပါကွာ" ဒိုလုံသည် စုန့်ချင်းရှုကို မြင်လိုက်သည်နှင့် မျက်နှာတွင် စိတ်မကျေနပ်မှု့အပြည့်ဖြင့် သူ၏ စိတ်ပျက်စရာများကို စတင်ပြောတော့သည်"ငါသတိပေါ့လျော့လို့ လုပ်ကြံသူတွေရဲ့ အလှည့်စားခံရပြီး သူတို့ကို အရှင်မင်းကြီးရှေ့ ခေါ်သွားမိတယ်။ ကံကောင်းစွာနဲ့ နောက်ဆုံးမှာ အန္တရာယ်ကင်းခဲ့တယ်။ ဧကရာဇ် အပြစ်မပေးခဲ့တာ ကံကောင်းတယ်။ မဟုတ်ရင် ငါ သေဒဏ်ကျခံရမှာပဲ။"
"ဒီနေ့လုပ်ကြံသူတွေကြောင့် ညီအစ်ကိုတွေ အများကြီးဆုံးရှုံးခဲ့ရတယ်။ ဒိုအစ်ကိုကြီး သူတို့ရဲ့ အလောင်းတွေကို ဘယ်လို စီမံဖို့ စီစဉ်ထားလဲ မသိဘူး?" စုန့်ချင်းရှုက မတော်တဆဟန်ဆောင်ကာ မေးလိုက်သည်။
"ပြောစရာလိုသေးလား!" ဒိုလုံ အံတင်းတင်းကြိတ်၍ပြောလိုက်သည်၊ "သူတို့ကို မြို့တံခါးမှာ ရက်အနည်းငယ်လောက် နေပူလှန်းထားမယ်။ အဲဒီသိုင်းလောက, က လမ်းဘေးလူမိုက်တွေကို သတိပေးမယ်။ ဘယ်သူမဆို မကောင်းကြံရင် ဒါက သူတို့ရဲ့ အဆုံးသတ်ပဲ။"
"ဒီလိုလား..." စုန့်ချင်းရှုက ပြောချင်သလိုလို၊ မပြောချင်သလိုလို ဟန်ဆောင်လိုက်သည်။
ထင်သည့်အတိုင်းပင် ဒိုလုံ ထောင်ချောက်မိသွားသည်။ မကြာသေးခင်က ကိစ္စများစွာ အဆင်မပြေခဲ့သဖြင့် သူသည် ကြောက်လန့်နေသော ငှက်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ စိတ်ထဲတွင် တစ်ချက် တုန်လှုပ်သွားပြီး ချက်ချင်း မေးလိုက်သည် "စုန့်ညီလေး ဘာများ စိုးရိမ်စရာ ရှိလို့လဲ?"
စုန့်ချင်းရှုသည် သူ၏ပခုံးကို ဖက်ကာ ဘေးသို့ ဆွဲခေါ်ပြီး တိုးတိုးလေး ပြောလိုက်သည်၊ "ဒိုအစ်ကိုကြီး မသိပေမယ့် ဒီလုပ်ကြံသူတွေရဲ့ နောက်ခံကို ကျွန်တော် နည်းနည်း သိတယ်။ သူတို့က ဟွာရှန်းဂိုဏ်းက ကွေ့ရှင်းရှု မိသားစုသုံးဦးပါ။ ဒီ ကွေ့ရှင်းရှုက “ပြိုင်ဘက်ကင်းလက်သီး” လို့ နာမည်ကြီးပြီး သိုင်းပညာမြင့်မားတယ်ဆိုပေမယ့် သိုင်းလောကတစ်ခုလုံးမှာတော့ ဒုတိယ၊ တတိယတန်းအဆင့်လောက်ပဲ ရှိတယ်။"
"ဒိုအစ်ကိုကြီးရဲ့ မူလရည်ရွယ်ချက်က သိုင်းလောကသားတွေကို ခြိမ်းခြောက်ဖို့ပဲ။ သာမန်လူဆိုးတွေကတော့ ပြဿနာမရှိဘူး။ ဒါပေမဲ့ ကွေ့ရှင်းရှုထက် သိုင်းပညာ မြင့်တဲ့သူတွေက သူတို့သုံးဦးရဲ့ ရုပ်အလောင်းတွေကို မြင်ပြီး ဒီနေ့ကိစ္စကို စုံစမ်းသိရှိသွားရင် အမှန်တရားကို မသိဘဲ စိတ်ထဲမှာ သံသယတွေ ဖြစ်လာလိမ့်မယ် ကွေ့ရှင်းရှုတို့လို သာမန်သိုင်းပညာနဲ့တောင် ဘုရင့်စာကြည့်တိုက်အထိ ဝင်ရောက်လုပ်ကြံနိုင်ရင် သူတို့ ကိုယ်တိုင် နန်းတော်ထဲ ခိုးဝင်တာက ပိုပြီး လွယ်ကူသွားမှာ မဟုတ်ဘူးလား?”
"သိုင်းလောကသားတွေက မကြာခဏဆိုသလို ရဲရဲတင်းတင်း ရှိတတ်ကြပြီး သူတို့ရဲ့ သိုင်းပညာကို အားကိုးပြီး နန်းတော်ထဲကို ဝင်လာပြီး စမ်းသပ်ကြည့်ဖို့က မထူးဆန်းပါဘူး။ အဲ့ဒီအချိန်ကျရင် ဧကရာဇ်ကို အနှောင့်အယှက်ဖြစ်သွားရင်၊ ဧကရာဇ်က ကွေ့ရှင်းရှုတို့ရဲ့ ရုပ်အလောင်းတွေကို ဘယ်လို စီမံခိုင်းမယ်လို့ မပြောထားဘဲ၊ အကုန်လုံးက ဒိုအစ်ကိုကြီးရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်ဆိုတာ သိသွားရင် ဧကရာဇ်က ဘယ်လို ထင်မယ်လို့ ခင်ဗျား ထင်လဲ" ဟု ပြောသည်။
ဒိုလုံသည် သူ၏စကားကြောင့် ထိတ်လန့်သွားပြီး ကြောက်ရွံ့စွာ ပြောလိုက်သည်၊ "စုန့်ညီလေး သတိပေးလို့ ကံကောင်းတယ်။ ဒါဆို သူတို့ကို မြို့ပြင်က သုသာန်ကို ပစ်လိုက်ရင် ဘယ်လိုလဲ?"
စုန့်ချင်းရှုက အဲဒီလိုဆိုရင် ချင်းချင်းက နန်းတော်ပြင်ပက လက်အောက်ခံတွေကို ညဘက်မှာ ကွေ့ရှင်းရှုမိသားစုကို သင်္ဂြိုဟ်ဖို့ အကြောင်းကြားနိုင်မယ်လို့ စိတ်ထဲမှာ တွေးလိုက်ပြီး ချက်ချင်း ခေါင်းညိတ်သည် “ကောင်းတယ် ကောင်းတယ်၊ အခုလို အရေးကြီးတဲ့အချိန်မှာ ပြဿနာနည်းလေ ကောင်းလေပဲ။"
ဒိုလုံ တဟားဟားရယ်လိုက်ပြီး စုန့်ချင်းရှု၏ ပခုံးကို ပုတ်လိုက်သည်၊ "စုန့်ညီလေးက ဝေသခင်ကြီးလိုပဲ အမြော်အမြင်ကြီးတယ်။ နောင်တစ်ချိန်မှာ ထင်ပေါ်ကျော်ကြားမှာ သေချာတယ်။ အဲဒီအချိန်ကျရင် အစ်ကို့ကို မမေ့နဲ့ဦးနော်။"
"ဒါက ဘယ်လို စကားမျိုးလဲ။ ဧကရာဇ်က အစ်ကိုကြီးကို 'သွေးစက်' တပ်ဖွဲ့ ဖွဲ့စည်းခိုင်းပြီး ကျွန်တော့်ကို 'ဥယာဉ်သန့်ရှင်းရေး' တပ်ဖွဲ့ ဖွဲ့စည်းခိုင်းတာပဲ။ အစ်ကိုကြီးရဲ့ လမ်းညွှန်မှုတွေ အများကြီး လိုအပ်ပါသေးတယ်” စုန့်ချင်းရှုက ချက်ချင်း နှိမ့်ချစွာ ပြောလိုက်သည်။
'ဥယာဉ်သန့်ရှင်းရေး' တပ်ဖွဲ့ဆိုတာကို ကြားတော့ ဒိုလုံ အံ့သြသွားပေမဲ့ ထပ်မေးဖို့ မသင့်တော်သောကြောင့် "ဟုတ်ပါတယ်။ ဒါနဲ့၊ ကျွန်တော် ဒီလုပ်ကြံသူတွေရဲ့ အလောင်းတွေကို အရင် စီမံရဦးမယ်။ နောက်မှ ကျွန်တော်တို့ အတူတူ ထပ်ဆွေးနွေးကြတာပေါ့" ဟု လျင်မြန်စွာ ပြောလိုက်သည်။
"ဒိုအစ်ကိုကြီး ဖြည်းဖြည်းသွားပါ~" ဒိုလုံ ထွက်ခွာသွားသည်ကို ကြည့်ပြီး စုန့်ချင်းရှု ချက်ချင်း သူ၏အခန်းသို့ ပြန်သွားသည်။
စုန့်ချင်းရှု ပြန်ပြောပြသည်ကို ကြားသောအခါ ရှချင်းချင်း အံ့အားသင့်စွာ သူ့ကို ကြည့်လိုက်သည်၊ "ဘာလို့ ကိစ္စတွေက ရှင့်လက်ထဲ ရောက်ရင် အမြဲ ဒီလောက် လွယ်လွယ်ကူကူ ဖြေရှင်းနိုင်ရတာလဲ?"
"ဘယ်သူပြောလဲ။ မင်းနဲ့ဆိုရင် ဘာမှမလုပ်တတ်တော့ဘူး" စုန့်ချင်းရှု ခါးသက်စွာ ရယ်လိုက်သည်။
ရှချင်းချင်း သူ့ကို စိုက်ကြည့်ရင်း သူမ၏မျက်နှာတွင် ရှက်သွေးဖြာနေသည်။
"အား~" ဘေးက လီယွမ်ကျစ်ကတော့ ဆက်ပြီး မခံနိုင်တော့ဘူး၊ အအေးမိသလိုမျိုး ထရပ်ပြီး လက်နှစ်ဖက်ကို ပခုံးပေါ်တင်ကာ လက်မောင်းကို ပွတ်လိုက်သည် “ရှင်တို့ ဒီလောက် ရွံစရာကောင်းအောင် မလုပ်ကြပါနဲ့၊ အခန်းထဲမှာ ကလေးတွေ ရှိသေးတယ်”
ရှချင်းချင်း ရှက်ရွံ့စွာ ဘေးသို့ ဆုတ်သွားသည်ကို မြင်သောအခါ စုန့်ချင်းရှု စိတ်မရှည်စွာ လီယွမ်ကျစ်ကို မျက်စောင်းထိုးလိုက်သည်
"မင်းက ဘာကလေးလဲ။ အိမ်ထောင်ပြုရမယ့် အရွယ်တောင် ရောက်နေပြီ။ ကြီးရမယ့်နေရာတွေလည်း အကုန် ကြီးနေပြီ..."
လီယွမ်ကျစ်သည် နူးညံ့သိမ်မွေ့ဟန် ရှိသော်လည်း ငယ်စဉ်ကတည်းက မိဘများ၏ ချစ်ခြင်းမေတ္တာကို အလွန်အကျွံ ခံစားခဲ့ရသဖြင့် လုပ်ချင်ရာ လုပ်တတ်ပြီး ဘာကိုမှ မကြောက်ပေ။ဒါပေမဲ့ ဒီတစ်ခါတော့ စုန့်ချင်းရှုနဲ့ တွေ့မှ သူမရဲ့ရန်သူနဲ့တွေ့သလို ဖြစ်သွားခဲ့သည်။ စုန့်ချင်းရှု၏ တည့်တိုးဆန်သောစကားများကို ကြားသောအခါ သူမ၏ လှပသောမျက်နှာလေး ချက်ချင်း နီရဲသွားပြီး "ရှင်နဲ့ မပြောတော့ဘူး!"
နောက်ဆုံးတော့ ညဘက် စိတ်လှုပ်ရှားစရာ အချိန်သို့ ရောက်လာသည်။ စုန့်ချင်းရှု စကားမပြောရသေးခင်မှာပင် မိန်းကလေးနှစ်ဦးက သူ့ကို အပြင်သို့ မောင်းထုတ်လိုက်သည်။ အကြောင်းမှာ အခြားလူများ ရှိနေသဖြင့် ရှချင်းချင်းသည် သူမ၏ မုဆိုးမဘဝကို ထောက်ထားပြီး သူနှင့်တခန်းထဲ နေရန် လုံးဝ သဘောမတူခဲ့ခြင်း ဖြစ်သည်။ လီယွမ်ကျစ်ကတော့ ပြောစရာပင် မလိုတော့။ သူမ၏ မျက်လုံးများက သူ့ကို လူဆိုးတစ်ဦးလို ကြည့်နေသဖြင့် စုန့်ချင်းရှု အလွန် နာကျင်ခဲ့ရသည်။
အိမ်ပြင်သို့ ရောက်သည်နှင့် ကိုယ်ရံတော်တစ်ဦး ပြေးလာပြီး သတင်းပို့သည်၊ "စုန့်သခင်လေး၊ ဝေသခင်လေးက သူ့အိမ်မှာ ဧည့်ခံပွဲ လုပ်ထားလို့ သခင်လေးကို ဖိတ်ခိုင်းလိုက်ပါတယ်။"
ကံကောင်းစွာဖြင့် နန်းတွင်းကိုယ်ရံတော်များသည် အမြဲတမ်း သတိထား၍ စကားပြောဆိုပြီး မမြင်သင့်သည့်အရာများကို မြင်မိပါက အသတ်ခံရမည်ကို ကြောက်ရွံ့ကြသည်။
ယခုကိုယ်ရံတော်သည် ခြံဝန်းထဲသို့ ဝင်လာသောအခါ မျက်နှာကို ငုံ့ထားပြီး မြေပြင်ကိုသာ စိုက်ကြည့်နေသည်။ အိမ်ထဲသို့ တစ်ချက်မျှပင် လှည့်မကြည့်ပေ။ စုန့်ချင်းရှု မသိမသာ အိမ်တံခါးကို ပိတ်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်၊ "ဒါပေမဲ့ အခု နန်းတော်တံခါးက လူတွေ ဝင်ထွက်ခွင့် မရှိဘူး မဟုတ်လား?"
ကိုယ်ရံတော်က ဖြေလိုက်သည် "ဝေသခင်လေးမှာ ဧကရာဇ် ပေးထားတဲ့ အထူးတံဆိပ်ပြား ရှိလို့ နန်းတော်ထဲကို လွတ်လွတ်လပ်လပ် ဝင်ထွက်နိုင်ပါတယ်။ ပြီးတော့ စုန့်သခင်လေးကလည်း အပြင်လူ မဟုတ်တော့ ပြဿနာမရှိပါဘူး။"
"ဒါဆို ကောင်းတာပေါ့" စုန့်ချင်းရှု ညဘက် ဘယ်သွားရမှန်း မသိဖြစ်လို့စိုးရိမ်နေတာ၊ ဝမ်းသာအားရ ဖြစ်သွားပြီး သူ့နောက်မှ လိုက်ကာ နန်းတော်ပြင်ပသို့ ထွက်သွားသည်။
"ဒီနေ့ စုန့်အစ်ကို ပြန်ရောက်တာ သိလို့ ညီလေးက စုန့်အစ်ကိုကိုကြိုဆိုဖို့ ဧည့်ခံပွဲ လုပ်ထားတာပါ" ဝေရှောင်ပေါင် အဝေးကပင် အိမ်ထဲမှ ထွက်လာပြီး ကြိုဆိုလိုက်သည်။
"ဝေညီလေး ယဉ်ကျေးစရာ မလိုပါဘူး" စုန့်ချင်းရှု စိတ်ထဲတွင် နွေးထွေးသွားသည်။ ဝေရှောင်ပေါင်သည် သူငယ်ချင်းများကို တကယ်ပင် ဖော်ရွေသည်ဟု တွေးမိသည်။
အရက်သုံးခွက်မြောက်အပြီးတွင် စုန့်ချင်းရှုက ဝေရှောင်ပေါင်၏ မျက်ခုံးကြားတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်တစ်ခု တွေ့ရသောကြောင့် "ဝေညီလေး ဘာများ စိတ်ပူစရာ ရှိလို့လဲ" ဟု မေးသည်။
ဝေရှောင်ပေါင်က ခဏတာ တွေဝေသွားပြီး ဘေးဘက်ရှိ အစေခံများကို ခေါ်ကာ "မင်းတို့ အရင် ဆင်းသွားကြ။ ဒီမှာ မင်းတို့ပြုစုပေးဖို့ မလိုေတော့ဘူး" ဟု ဆိုသည်။
စုန့်ချင်းရှုက ပေါ့ပေါ့ပါးပါး မေးလိုက်ခြင်းဖြစ်သော်လည်း ထိုသူ တကယ်ပင် အခက်အခဲရှိနေသည်ဟု မထင်မှတ်ခဲ့ပေ။ သူ ဒီလောက် အလေးအနက်ထားသည်ကို မြင်သောအခါ စိတ်ဝင်စားသွားသည်။
"စုန့်အစ်ကို၊ သိပ်မကြာခင် ကျွန်တော် မြောက်ပိုင်းကို စေလွှတ်ခံရတော့မယ် ထင်တယ်" အစေခံများ အားလုံး ထွက်သွားပြီးနောက် ဝေရှောင်ပေါင် မျက်နှာညှိုးငယ်စွာ ပြောလိုက်သည်။
"မြောက်ပိုင်း?" စုန့်ချင်းရှု စိတ်ထဲတွင် တစ်ချက် လှုပ်ရှားသွားပြီး မေးလိုက်သည်၊ "ရှန်းဟိုင်ကွမ်းလား၊ ဒါမှမဟုတ် ရှန်ကျင်းမြို့လား?"
"အရှင်မင်းကြီးလည်း စဉ်းစားနေတုန်းပဲ၊ နောက်ဆုံး ဆုံးဖြတ်ချက် မချရသေးဘူး" ဝေရှောင်ပေါင် သက်ပြင်းချလိုက်သည်၊ "ဒါပေမဲ့ ဘယ်နေရာပဲ ဖြစ်ဖြစ် အရမ်း အန္တရာယ်များတယ်။"
"အခုတော့ နှစ်ဖက်စလုံးက နန်းတော်နဲ့ အပေါ်ယံ ဆက်ဆံရေးပဲ ထိန်းထားတာ။ ဝေညီလေးက အမျှော်အမြင်ရှိပြီး လိမ္မာပါးနပ်တဲ့သူဆိုတော့ ကောင်းကောင်းဖြေရှင်းနိုင်မှာပါ" စုန့်ချင်းရှု ချက်ချင်း နှစ်သိမ့်လိုက်သည်။ သို့သော် စိတ်ထဲတွင်မူ ထူးဆန်းနေသည် သူ ဘာလို့ ငါ့ကို ဒါတွေ ပြောပြနေတာလဲ?
ထင်သည့်အတိုင်းပင် မကြာမီ ဝေရှောင်ပေါင် ဆက်ပြောသည် "အဲဒီ ဂိုဏ်းနှစ်ခုကိုတော့ ကျွန်တော် စိတ်မပူပါဘူး။ အဓိကကတော့ လျောင်တုံးမှာ နဂါးနတ်ဘုရားဂိုဏ်းရဲ့ အခြေစိုက်စခန်း ရှိနေတာပဲ။ အရင်တစ်ခါ ဟုန်အန်းထုံဆိုတဲ့ လိပ်အဘိုးကြီးကို ကျွန်တော် အရမ်း ဒေါသထွက်အောင် လုပ်ခဲ့မိတယ်။ သူ ကျွန်တော့်အရေခွံကို ခွာပြီး အကြောတွေကို ဆွဲထုတ်ချင်နေတာ။"
"ဝေညီလေး ဘေးမှာ ကိုယ်ရံတော်တွေ အများကြီးရှိတာပဲ။ သူ ဘယ်လိုလုပ်နိုင်မှာလဲ?" စုန့်ချင်းရှုက ဂရုမစိုက်စွာ ပြောလိုက်သည်။ ဟုန်အန်းထုံ သိုင်းပညာမြင့်မားသော်လည်း အစောင့်တွေကို ဘာမှ မဟုတ်သလို သဘောထားနိုင်တဲ့ အဆင့်တော့ မရောက်သေးဘူး။
"ကျွန်တော် ကိုယ့်ကိုယ်ကိုယ်အတွက် စိတ်မပူပါဘူး။ အဓိကကတော့ ကျွန်တော် မြို့တော်ကနေ ထွက်သွားပြီးနောက် အိမ်မှာ ကာကွယ်ရေး အားနည်းသွားရင် နဂါးနတ်ဘုရားဂိုဏ်းက ကျွန်တော့်ဇနီးကို ဒုက္ခပေးမှာ စိုးရိမ်တာပါ။" ဝေရှောင်ပေါင် ပြောလိုက်သည်။
ထိုညက အရက်မူးပြီး ရှောင်အာကို အခွင့်ကောင်းယူခဲ့သည်ကို ပြန်တွေးမိသောအခါ စုန့်ချင်းရှု စိတ်ထဲတွင် အတော်လေး စိတ်မကောင်းဖြစ်သွားပြီး ချက်ချင်း ပြောလိုက်သည် "ဝေညီလေး စိတ်မပူပါနဲ့။ ငါ”ဥယာဉ်သန့်ရှင်းရေး”အဖွဲ့ ကို ဖွဲ့စည်းပြီးတာနဲ့ ရှောင်အာလေးကို လျှို့ဝှက်စွာ ကာကွယ်ဖို့ လူတွေ အများကြီး စေလွှတ်ပေးပါ့မယ်။"
"ရှောင်အာ တင်မဟုတ်ဘူး" ဝေရှောင်ပေါင် ရှက်ရွံ့စွာ ပြုံးလိုက်ပြီး အတွင်းခန်းသို့ လှည့်အော်လိုက်သည်၊ "ဇနီးကြီး၊ မြန်မြန် ထွက်လာပြီး စုန့်အစ်ကိုကို နှုတ်ဆက်ပါဦး။"