အခန်း (၁၀၇) ချီကိုကြည့်၍ကံကြမ္မာဖတ်ခြင်း
ရှုပ်ထွေးပြီး လွဲမှားသော ခံစားမှုတစ်ခုပြီးနောက် စိတ်ထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ချက်ချင်း ပေါ်လာသည်။ စုန့်ချင်းရှု မျက်နှာကို တင်း၍ပြောလိုက်သည်၊ "ကျွန်တော်မျိုး အမိန့်တော်ကို ခံယူပါမည်!"
"ဒါနဲ့ ဒီလ ၁၅ ရက်နေ့မှာ သိုင်းပညာ အရမ်းအဆင့်မြင့်တဲ့လူတစ်ယောက်ကတားမြစ်နန်းတော်ကိုလာပြီး ဒေါင်ဖန်းသခင်နဲ့ တိုက်ခိုက်မယ်လို့ ကြားတယ်?" ခန်းရှီ မျက်နှာ မကောင်းပေ။
"အရှင်မင်းကြီး၊ သူက ဟွာရှန်းဂိုဏ်းက ဆယ်စုနှစ်များစွာ ဇာတ်မြှပ်နေခဲ့တဲ့ သိုင်းပညာရှင်ဖြစ်ပြီး “ဓားသူတော်စင်” လို့ နာမည်ကျော်ကြားတဲ့ ဖုန်းချင်းယန်ပါ။ ဒေါင်ဖန်းသခင်က ဟွာရှန်းဂိုဏ်းရဲ့တပည်း ယွမ်ချန်းကျီကို သတ်ခဲ့လို့ဖြစ်နိုင်ပါတယ်။ " ဟု စုန့်ချင်းရှုက ပြန်ဖြေသည်။
"ငါ့နန်းတော်ကို သိုင်းပြိုင်ကွင်းများ ထင်နေလား!" ခန်းရှီ၏ မျက်နှာတစ်ပြင်လုံး တုန်ယင်သွားပြီး ဒေါသတကြီးဖြင့် "နောင်တစ်ချိန်မှာ ချင်မင်းဆက်က တစ်လောကလုံးကို သိမ်းပိုက်ပြီးရင် ဟွာရှန်းဂိုဏ်းကို သိုင်းလောကကနေ ဖယ်ရှားပစ်မယ်"
ဝေရှောင်ပေါင်က ချက်ချင်း မြှောက်ပင့်ပြောနေသည်ကို ကြားသောအခါ စုန့်ချင်းရှု တစ်ခုမှ ဝင်မပြောဝံ့ပေ။ နောင်တစ်ချိန်မှာ ပျံ့နှံ့သွားလို့ ရှချင်းချင်းသိရင် သူ့ကို အစိတ်စိတ်အမြွှာမြွှာ ဆွဲဖြဲပစ်လိမ့်မည်ဟု တွေးမိသည်။
"ဖုန်းချင်းယန်ရဲ့ သိုင်းပညာက ဒေါင်ဖန်းသခင်နဲ့ယှဉ်ရင် ဘယ်လိုလဲ" ခဏအကြာတွင် ခန်းရှီ ရုတ်တရက် မေးလိုက်သည်။
"ဒါက ပြောရခက်ပါတယ်။ ငါးဆယ်-ငါးဆယ်ပါ" ဟု စုန့်ချင်းရှုက ခန်းရှီ၏ မျက်နှာ ပိုဆိုးသွားသည်ကို မြင်သောအခါ လျင်မြန်စွာဖြင့် "ဒါပေမဲ့ နန်းတော်က ဒေါင်ဖန်းသခင်ရဲ့ နယ်မြေဖြစ်တာကြောင့် အချိန်၊ မြေပြင်အားသာချက်၊ လူအားသားချက်သုံးပါးလုံးက သူ့ဘက်က ရှိနေတာကြောင့် သိုင်းပညာရှင်တွေ ယှဉ်ပြိုင်ကြတဲ့အခါ အနိုင်အရှုံးက မျဉ်းတစ်ကြောင်းပဲ ကွာခြားတာမို့ ဒေါင်ဖန်းသခင် နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်"
ခန်းရှီ၏ မျက်နှာထား နောက်ဆုံးမှာတော့ ပြန်လည်ကောင်းမွန်လာသည်။ သူက "သူလျှိုတွေရဲ့ အစီရင်ခံစာအရ အခု မြို့တော်ကို သိုင်းလောကသား အများအပြား ရောက်နေကြတယ်။ သူတို့က ထိပ်သီးသိုင်းပညာရှင်ကြီး နှစ်ဦးရဲ့ ထူးခြားတဲ့ တိုက်ပွဲကို မြင်ချင်လို့ နန်းတော်ထဲ ဝင်ဖို့ နည်းလမ်းပေါင်းစုံ ရှာဖွေနေကြတာ သေချာတယ်။ ဒီအချိန်မှာ ချင်းရှုနဲ့ ဒိုလုံတို့က နန်းတော် လုံခြုံရေးကို တာဝန်ယူပြီး လူစိမ်းတွေ နန်းတော်ထဲ မဝင်အောင် လုပ်ရမယ်။ ငါ့ရဲ့ ချင်နန်းတော်က ဈေးမဟုတ်ဘူး" ဟု ပြောသည်။
"အမိန့်တော်အတိုင်းပါ" စုန့်ချင်းရှု မျက်နှာက မကျေမနပ်ဖြစ်သွားသည်။ ဒီလိုဆိုရင် သိုင်းလောကသား အများအပြားကို မကျေမနပ် ဖြစ်စေတော့မယ်လို့ သူ တွေးမိသည်။ ခန်းရှီက သမင်နှင့်အိုး(ညဏ်ကြီးရှင်ဝေရှောင်ပေါင်ဇာတ်လမ်း)ထဲက ဧကရာဇ်လို ဘာလို့ ပွင့်ပွင့်လင်းလင်း မရှိတာလဲ၊ သိုင်းလောကက လူအချို့ကို နန်းတော်ထဲ ဝင်ခွင့်ပြုသင့်တယ် မဟုတ်လား... ဟုတ်ပါတယ်။ ဒါတွေက တွေးရုံပဲ။ ခန်းရှီရဲ့ အမြင်အရတော့ သိုင်းလောကက လူတွေကို နန်းတော်ထဲ လွတ်လွတ်လပ်လပ် ဝင်ထွက်ခွင့်ပြုဖို့ အကြောင်းပြချက် မရှိပါဘူး။
"ချင်းရှု၊ မင်း ခရီးသွားရတာ ပင်ပန်းပြီ။ အရင်သွား အနားယူတော့" ဟု ခန်းရှီက နူးညံ့စွာ ပြောသည်။
"အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်!" စုန့်ချင်းရှု ထွက်ခွာတော့မည့် အချိန်တွင် ဘုရင့်စာကြည့်တိုက်ရှိ မှောင်ရိပ်တစ်ခုကို တစ်ချက်ကြည့်လိုက်ပြီး တဖြည်းဖြည်း ထွက်သွားသည်။
စုန့်ချင်းရှုက ဘုရင့်စာကြည့်တိုက် တံခါးအား ပိတ်လိုက်သည်နှင့် ခန်းရှီ၏ မျက်နှာထား တင်းမာသွားပြီး အသံကို နှိမ့်ကာ "ရှောင်ပေါင်၊ စုန့်ချင်းရှုရဲ့ နောက်ကြောင်းကို စုံစမ်းပြီးပြီလား" ဟု မေးလိုက်သည်။
"ကျွန်တော်မျိုး သေသင့်ပါတယ်။ အဲ့ဒီ လုပ်ကြံသူတွေကြောင့် အဓိကကိစ္စကို မေ့သွားလုနီးပါး ဖြစ်သွားခဲ့တယ်" ဟု ဝေရှောင်ပေါင်က လျင်မြန်စွာ ပြောသည်။ "စုံစမ်းပြီးပါပြီ။ စုန့်ချင်းရှုရဲ့ မူလက ဝူတန်ဂိုဏ်းရဲ့ တတိယမျိုးဆက် ထိပ်တန်းတပည့်ပါ။ ဒါပေမဲ့ ခုနစ်ယောက်မြောက် ဆရာဦးလေး မော့ရှန်ကူကို မတော်တဆ သတ်မိခဲ့လို့ ဝူတန်ဂိုဏ်းကနေ နှင်ထုတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ ေအာ့မေ့ဂိုဏ်းချုပ် ကျိုးကျစ်လော့နဲ့ လက်ထပ်ခဲ့ပြီး ရှောင်လင်ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တဲ့ ခြင်္သေ့သတ်ပွဲမှာ သူ့ဆရာ့ဦးလေး ယွီလျန်ကျိုးရဲ့ လက်ချက်နဲ့ ပြင်းထန်တဲ့ ဒဏ်ရာ ရခဲ့ပါတယ်။ သိုင်းလောကမှာ သူ သေပြီလို့ ကောလာဟလ ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ သူ မသေရုံသာမက သိုင်းပညာကလည်း အရင်ကထက် အများကြီး ပိုမြင့်လာခဲ့ပါတယ်" ဟု ဆိုသည်။
ခန်းရှီက စဉ်းစားဟန်ဖြင့် ပြုံးလိုက်သည် “ဆရာဦးလေးကို သတ်သူ၊ ဝူတန်ဂိုဏ်းရဲ့ စွန့်ပစ်ခံရတဲ့သူ၊ သိုင်းလောက အဖြူရောင်ဂိုဏ်းတွေက လက်မခံတဲ့သူ။ အခုလို မငြိမ်မသက်ဖြစ်နေတဲ့ အချိန်မှာ လူကို အရည်အချင်းအပေါ်မူတည်ပြီး ခန့်အပ်သင့်တယ်။ စုန့်ချင်းရှုလို လူမျိုးက ငါ့အတွက် သင့်တော်တယ်"
စုန့်ချင်းရှု ဘုရင့်စာကြည့်တိုက်ကနေ ထွက်လာပြီး မကြာခင်မှာပဲ ရပ်တန့်လိုက်ပြီး "ဘိုးဘေးရဲ့ ဒီနေ့ရဲ့ နည်းလမ်းတွေ တကယ်ကို ကောင်းမွန်လွန်းတယ်။ သိုင်းလောကရဲ့ ထိပ်တန်းသိုင်းပညာရှင် သုံးဦးကို လွယ်လွယ်ကူကူ ထိန်းချုပ်နိုင်ခဲ့ပြီး ဒိုလုံတို့ကလည်း ဘာမှ မရိပ်မိလိုက်ဘူး" ဟု ရယ်မောပြောဆိုလိုက်သည်။
"အဟမ်း... အဟမ်း.." မကြာခင်မှာပဲ ခါးကုန်းနေသော မိန်းမစိုးအိုကြီးတစ်ဦး နောက်ကနေ ရောက်လာပြီး "ဒါကဘာမှမဟုတ်ပါဘူး အရေးကြီးတဲ့အချိန်မှာ သူတို့ရဲ့ အရေးကြီးတဲ့ ခန္ဓာကိုယ်သွေးကြောတွေကို အပ်နဲ့ ပိတ်လိုက်ပြီး သူတို့ကို လှုပ်ရှားလို့ မရအောင် လုပ်လိုက်ယုံပါ" ဟု ပြောသည်။
နောက်လှည့်ပြီး လေတိုက်လို့ ကျိုးတော့မလို ဖြစ်နေတဲ့၊ မြေကြီးထဲ တစ်ဝက်လောက် ရောက်နေပြီလို့ ထင်ရတဲ့ အဘိုးအိုကို ကြည့်ရင်း စုန့်ချင်းရှုက သံသယဖြင့် “ဘိုးဘေး ဒီနေ့ ဘာကြောင့် ပေါ်လာပြီး တွေ့ချင်ရတာလဲ?” ဟု မေးလိုက်သည်။
နေကြာဘိုးဘေးက ခေါင်းမော့ပြီး တောင်ဘက်ကို အချိန်အတော်ကြာ ကြည့်နေပြီးမှ "အသက်ကြီးလာရင် အမြဲတမ်း တစ်ခုခုကို စွန့်လွှတ်ရခက်တယ်။ ငါ ဒီရက်ပိုင်း တောင်ဘက်ကို ခရီးသွားရမယ်။ ဧကရာဇ်ငယ်လေးရဲ့ လုံခြုံရေးက မင်းပေါ်မှာပဲ မူတည်နေပြီ။ နန်းတွင်းကိုယ်ရံတော်တွေရဲ့ သိုင်းပညာက အတော်လေး ဆိုးတယ်။ ဒေါင်ဖန်းကောင်မလေးနဲ့ ဖုန်းကောင်လေးတို့ရဲ့ တိုက်ပွဲကို မတွေ့ရတော့တာက ဝမ်းနည်းစရာပဲ..." ဟု ဖြည်းညှင်းစွာ ပြောသည်။
"ဖုန်ကောင်လေး?" စုန့်ချင်းရှု တစ်ချက် စဉ်းစားလိုက်သည်။ ဖုန်ချင်းယန် ဆံပင်ဖြူနေပေမယ့် နေကြာပန်းကျမ်းကို တီထွင်သူ အဘိုးကြီးရှေ့မှာတော့ ကလေးလေးတစ်ယောက်လိုပဲ။ ရုတ်တရက် မျက်နှာပြောင်းသွားပြီး နေကြာပန်းကျမ်းကို တီထွင်သူ အဘိုးကြီးကို ထိတ်လန့်စွာ ကြည့်လိုက်သည် "ဒေါင်ဖန်းကောင်မလေး? နေကြာသိုင်းကျမ်းက လူတစ်ယောက်ရဲ့ လိင်ကို တကယ် ပြောင်းလဲနိုင်တာလား?"
နေကြာသိုင်းကျမ်းကို တီထွင်သူ ဘိုးဘေးက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီး ဘာမှ မဖြေပေ။
"ဘိုးလေး၊ ကျွန်တော့်ကို အချိန်အတော်ကြာ စိတ်အနှောင့်အယှက်ပေးနေတဲ့ မေးခွန်းတစ်ခု ရှိတယ်" စိတ်မဝင်စားစရာ မေးခွန်းတစ်ခု မေးမိသွားသဖြင့် စုန့်ချင်းရှု မေးခွန်းပြောင်းလိုက်သည်၊ "ဘိုးဘေးက အရင် မင်မင်းဆက်က မိန်းမစိုး မဟုတ်လား။ အခု ဘာလို့ ချင်ဘုရင်ကို သစ္စာရှိတာလဲ?"
"သစ္စာရှိတာ?" နေကြာဘိုးဘေး နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်မှုတစ်ခု ပေါ်လာသည်၊ "ဘယ်လောက်ကြာပြီလဲ ဒီနန်းတော်ထဲမှာ သခင် ဘယ်နှစ်ယောက် ပြောင်းသွားမှန်းတောင် ငါမသိတော့ဘူး။ ဘယ်လို သစ္စာရှိမှုမျိုး ရှိနိုင်သေးလဲ"
“မင်းကို ပြောပြလည်း ကိစ္စမရှိဘူး၊ ငါ သိုင်းပညာ လေ့ကျင့်ဖို့အတွက် စစ်မှန်သော နဂါးစွမ်းအင် ကို အားပြုရတယ်။ နှစ်ရာပေါင်းများစွာအတွင်း ခန်းရှီ ဧကရာဇ်လေးရဲ့ ခန္ဓာကိုယ်မှာ စစ်မှန်တဲ့နဂါးစွမ်းအင်(နဂါးချီ) အပြင်းထန်ဆုံးပဲ၊ ဒါကြောင့် ငါသူ့ကို သေခွင့်ပေးမှာ မဟုတ်ဘူး”
"စစ်မှန်တဲ့နဂါးချီ?" စုန့်ချင်းရှု မျက်လုံးပြူးသွားသည်၊ "လောကမှာ ဒီလိုအရာတွေ တကယ် ရှိတာလား?"
နေကြာဘိုးဘေးက ညင်သာစွာ ပြုံးလိုက်သည်၊ "ရှိတာပေါ့။ သမိုင်းမှာ နာမည်ကြီး ယင်-ယန်ပညာရှင်တွေဟာ ချီကို ကြည့်ပြီး ကံကြမ္မာကို ဖတ်နိုင်တယ်။ သိုင်းပညာ လေ့ကျင့်တာ ကြာလာတော့ ကောင်းကင်နဲ့ လူသားတို့ရဲ့ သဟဇာတဖြစ်မှု၊ သက်ရှိသတ္တဝါတွေရဲ့ ကြီးထွားမှုကို ခံစားမိပြီးမှ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က စစ်မှန်တဲ့နဂါးစွမ်းအင်ကို သတိပြုမိခဲ့တာ"
"ဘိုးဘေး၊ ကျွန်တော့်ကိုယ်ပေါ်မှာ ဘုရင်စွမ်းအင်မျိုး ရှိလား စမ်းကြည့်ပါဦး" စုန့်ချင်းရှု စိတ်ထဲမှာ တွေးမိသည်သူသာ ဇာတ်လိုက်ဆိုရင် ဇာတ်လိုက်တိုင်းမှာ ရှိရမယ့် ဘုရင်အရှိန်အဝါတော့ ရှိရမှာပေါ့။
နေကြာဘိုးဘေးက သူ့ကို သေချာ ကြည့်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာက ယင်ကောင်တစ်ကောင်ကို မျိုချလိုက်သလို ရုတ်တရတ်ရွံရှာသွားပြီး စက်ဆုပ်စွာ ပြောလိုက်သည်၊ "ထွီ! မင်းကိုယ်ပေါ်မှာ ငါ အမုန်းဆုံး ပန်းရနံ့တွေ ရှိတယ်။ ငါ မှန်းတာ မမှားဘူးဆိုရင် မင်း မကြာခင် အချစ်ရေးပြဿနာတစ်ခု ကြုံရတော့မယ်။"
နေကြာဘိုးဘေး အဝေးသို့ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း စုန့်ချင်းရှု စိတ်ထဲတွင် ကျိန်ဆဲလိုက်သည် “မင်းမှာ လိင်အင်္ဂါ မရှိတော့တာနဲ့ ဒီလိုမျိုး လူ့အဖွဲ့အစည်းကို လက်စားချေလို့ မရဘူး၊ ကမ္ဘာပေါ်က ချစ်သူစုံတွဲတွေ အကုန် မောင်နှမ ဖြစ်သွားရင် ကောင်းမယ်ဆိုတဲ့ ပုံစံမျိုး မလုပ်နဲ့! ထွီထွီထွီ၊ မကောင်းတာတွေ မဖြစ်ဘဲ ကောင်းတာတွေ ဖြစ်ပါစေ၊ ၊ ဝေါမိတောဖော၊ ဘုရား မပါ…”