လီခဲရှို့က သူ့သမီးကို မြို့တော်ကို ပို့ဖို့ စိတ်ထဲကနေ အစောကြီးကတည်းက ဆုံးဖြတ်ထားခဲ့တာ။ ဒီတစ်ခါ သူ့သမီးက မတော်တဆ လမ်းမှန်ပေါ်ရောက်လာတာကို မြင်တော့ စိတ်ထဲမှာ ပျော်ရွှင်သွားတယ်။
လီခဲရှို့က ပြတ်ပြတ်သားသား ကန့်ကွက်ခြင်း မရှိတာကို မြင်တော့ စုန့်ချင်းရှုက တစ်ဖက်လူရဲ့ ရည်ရွယ်ချက်ကို မသိပဲ ဘယ်နေပါ့မလဲ? တိုက်တိုက်ဆိုင်ဆိုင်ပဲ သူလည်း ခရီးရှည်မှာ ချောမောတဲ့ မိန်းကလေးတစ်ယောက်က အဖော်ပြုပေးတာကိုလိုချင်တာပေါ့၊ ဒါပေမဲ့ အရင်ဆုံး နဲနဲတော့ဟန်ဆောင်ပြရမယ်။
“ဒါပေမဲ့ ကျွန်တော်က မြို့တော်ကို အမြန်ပြန်ရမှာဆိုတော့ လီသခင်မလေးကို ဖြည်းဖြည်း လိုက်ပို့ပေးဖို့ အချိန်မရှိဘူး” စုန့်ချင်းရှုက စိတ်မကောင်းသော ပုံစံဖြင့် ပြောလိုက်သည်။
လီယွမ်ကျစ်က သူ့လေသံ နည်းနည်း ပျော့ပျောင်းသွားတာကို ကြားတော့ ပျော်ရွှင်စွာဖြင့် “ဒါက ပြဿနာ မဟုတ်ဘူး၊ ကျွန်မအဖေမှာ ရတနာမြင်းတစ်ကောင် ရှိတယ်၊ တစ်နေ့ကို မိုင်တစ်ထောင် ခရီးသွားနိုင်တယ်” ဟု ပြောလိုက်သည်။
“တစ်နေ့ မိုင်တစ်ထောင်?” စုန့်ချင်းရှုက ရှေးခေတ်က မိုင်တစ်ထောင်သွားမြင်း ဆိုတာ ချဲ့ကားပြောတာလို့ အမြဲယူဆခဲ့တာ ။ အကောင်းဆုံး မြင်းစီးတပ်ဖွဲ့တောင် တစ်နေ့ကို မိုင်ရာချီပဲ သွားနိုင်တာ၊ အရေးပေါ် ရွှေတံဆိပ် သံတမန်တွေဆိုရင်တောင် တစ်နေရာစီမှာ လူနဲ့မြင်းလဲပြီး တစ်နေ့တစ်ညကို မိုင်ငါးရာလောက်ပဲ သွားနိုင်တာ၊ မိုင်တစ်ထောင်သွားမြင်းလား? စုန့်ချင်းရှု မထီမဲ့မြင်နဲ့ လှောင်ရယ်လိုက်တယ်။
“တကယ်လို့ လီသခင်မလေးက ကျွန်တော့်ကို အမှီလိုက်နိုင်ရင် စုန့်က မြို့တော်ကို ခေါ်သွားပေးမယ်” စကားဆုံးသည်နှင့် စုန့်ချင်းရှုက မီးခိုးငွေ့တစ်မျှင်ကဲ့သို့ ဆယ်ပေကျော် အကွာအဝေး ရောက်ရှိသွားကာ ခဏတွင်းပျောက်ကွယ်သွားသည်။
လီယွမ်ကျစ် အံ့အားသင့်သွားပြီး ချက်ချင်း မြင်းပေါ် ခုန်တက်ကာ စုန့်ချင်းရှုနောက်သို့လိုက်ခဲ့သည်။ မိုင်ပေါင်းများစွာ လိုက်လာခဲ့သော်လည်း စုန့်ချင်းရှု၏ ကျောပြင်ကို မမြင်ရသေး။ ကောင်းကင်က တဖြည်းဖြည်း မှောင်စပြုလာသည်ကို မြင်တော့ စိတ်ထဲမှာ စိုးရိမ်လာပြီး နှုတ်ခမ်းသေးသေးလေးကို စူကာ ဝမ်းနည်းစွာ ငိုကြွေးလိုက်သည်။
စုန့်ချင်းရှုက လီယွမ်ကျစ် မျက်ရည်သုတ်ရင်း ခြေထောက်ဖြင့် မြင်းဗိုက်ကို အတင်းညှပ်ပြီး ပြေးနေတာကို မြင်တော့ နည်းနည်း ရယ်ချင်လာခဲ့သည်။ ချက်ချင်း ပေါ်လာပြီး သူ့ကို ရပ်တန့်လိုက်သည် “မပြေးနဲ့တော့ မပြေးနဲ့တော့၊ အရင်ဘဝက မိန်းကလေးတွေ အများကြီး စက်ဘီးကြောင့် အပျိုစင်ဘဝ ဆုံးရှုံးခဲ့ရတာ။ မင်းရဲ့ အပျိုစင်ဘဝကို မြင်းကုန်းနှီးကို ပေးလိုက်ရမှာကို ငါ မလိုချင်ဘူး။"”
(မူရင်းကဒီလို မပြေးနဲ့တော့ မပြေးနဲ့တော့၊ အရင်ဘဝက မိန်းကလေးတွေ အများကြီးရဲ့ သွေးတွေက စက်ဘီးကို ပေးခဲ့ရတာ၊ မင်းရဲ့ သွေးကို မြင်းကုန်းနှီးကို ပေးရတာ မလိုချင်ဘူး”)
စုန့်ချင်းရှုကို မြင်တော့ လီယွမ်ကျစ် ငိုနေရာမှ မျက်ရည်များကိုသုပ်၍ ရယ်မောလိုက်သည်။ တစ်ဖက်လူရဲ့ စကားကို သိပ်နားမလည်ပေမဲ့ ပျော်ရွှင်စွာဖြင့် “ရှင် ကျွန်မကို နန်းတော်ထဲကတိုက်ပွဲကို ခေါ်သွားတော့မှာလား?”
“ခေါ်သွားမယ်၊ ခေါ်သွားမယ်၊ ညနေစောင်းနေပြီ။ အရင် တည်းခိုခန်းရှာပြီး တည်းရအောင်။ မနက်ဖြန် မနက်စောစောမှ ဆက်သွားမယ်" စုန့်ချင်းရှုက သူမကို မြင်းပေါ်က ညင်သာစွာ ဆင်းခိုင်းလိုက်သည်။
မြင်းပေါ်က ဆင်းလိုက်သည်နှင့် လီယွမ်ကျစ် မျက်မှောင်ကြုံသွားသည်။ ပေါင်နှစ်ဖက်က နည်းနည်းပူပြီး ကိုက်ခဲနေတာကို ခံစားလိုက်ရတယ်။ မြို့တော်ကို ရောက်ဖို့ မိုင်ရာချီ ဝေးသေးတာကို တွေးမိတော့ သူမရဲ့ ချစ်စဖွယ် မျက်နှာလေး ချက်ချင်း ညှိုးကျသွားသည်။
နှစ်ယောက်သား အနီးအနားက မြို့လေးတစ်မြို့က တည်းခိုခန်းတစ်ခုရှာ၍ တည်းလိုက်ကြသည်။စုန့်ချင်းရှုတွင် တခြား မရိုးသားသော ရည်ရွယ်ချက် မရှိပေ။ ညစာစားပြီးနောက် အခန်းထဲ ပြန်လာပြီး အတွင်းအား လေ့ကျင့်နေခဲ့သည်။ တာရှာဝူဟန် (ခြေရာမဲ့သဲပြင်ပေါ်လျောက်လှမ်းခြင်း) ကို ကြာရှည်စွာ အသုံးပြုခြင်းက မြန်နှုန်းတော့ တက်လာပေမဲ့ အတွင်းအား ကုန်ခမ်းမှုကလည်း သိသာထင်ရှားလှသည်။
တစ်ညလုံး စုန့်ချင်းရှုက ယင်ကိုးပါးစွမ်းအားကို ရမ်သွေးကြော ၊ လက်မှယင်သွေးကြောသုံးခု(ဘာသာပြန်သူ- ရင်ဘတ်မှ လက်မ/လက်ခလယ်/လက်သန်းကိုသွားတဲ့အကြောသုံးခု)၊ ခြေထောက်မှယင်သွေးကြောသုံးခုကို ဖြတ်သန်းစေပြီး အပတ်ရေများစွာ လှည့်ပတ်စေခဲ့တယ်။ နောက်ထပ် ရှန်ကျောက်ကျမ်း (နတ်မြတ်ကျမ်း) ကို ဒုသွေးကြော ၊ လက်မှယန်သွေးကြောသုံးခု ၊ ခြေထောက်ယန်သွေးကြောသုံးခု တွေတစ်လျှောက် အပတ်ရေများစွာ လှည့်ပတ်စေခဲ့တယ်။
ရမ်သွေးကြောက သွေးကို အဓိက ထိန်းချုပ်ပြီး ယင်သွေးကြောတို့ရဲ့ ပင်လယ်ဖြစ်တယ်။ ဒုသွေးကြောက လေကို အဓိက ထိန်းချုပ်ပြီး ယန်သွေးကြောတို့ရဲ့ ပင်လယ်ဖြစ်တယ်။ စုန့်ချင်းရှုက အလွန်အေးစက်စော ယင်ချီအတွင်းအားကို ရမ်သွေးကြောနဲ့ သက်ဆိုင်ရာ သွေးကြောတွေထဲမှာ ထည့်သွင်းထားပြီး၊ အလွန်ပြင်းထန်တဲ့ ရှန်ကျောက်ကျမ်းရဲ့ ရှန်ကျောက်ချီအတွင်းအားကို ဒုသွေးကြောနဲ့ သက်ဆိုင်ရာ သွေးကြောတွေထဲမှာ သိုလှောင်ထားသည်။ ဒါက တစ်ခုနဲ့တစ်ခု အနှောင့်အယှက် မဖြစ်စေတာကြောင့် အတွင်းအားနှစ်မျိုး(စစ်မှန်တဲ့ချီနှစ်မျိုး) အတူတူ မတည်ရှိနိုင်တဲ့ ပြဿနာကို ယာယီအားဖြင့် ဖြေရှင်းထားနိုင်သည်။
မိုးလင်းစအချိန်တွင် စုန့်ချင်းရှု တစ်ညလုံး မအိပ်ခဲ့ပေမဲ့ လုံးဝ မပင်ပန်းဘဲ လန်းဆန်းနေခဲ့သည်။ ဘေးအခန်းကို ခေါက်ပြီး “ထတော့ ထတော့~” ဟု နိုးလိုက်သည်။ လီယွမ်ကျစ် တံခါးဖွင့်ဖို့ မစောင့်တော့ဘဲ အောက်ထပ်ကို ဆင်းသွားပြီး စားပွဲထိုးကို ပဲနို့မှာပြီးသောက်လိုက်သည်။
စုန့်ချင်းရှုက အရင်က ဝတ္ထုတွေထဲမှာ ရမ်နှင့်ဒုသွေးကြော အကြောင်း ဖော်ပြထားတာကို မြင်ခဲ့ဖူးပြီး အလွန်အရေးကြီးသော တန်ဖိုးရှိသောအရာဟုထင်ခဲ့ဖူးသည်။ အခုတော့ သူကိုယ်တိုင် သိုင်းပညာလေ့ကျင့်ပြီးမှ ဒုသွေးကြောဆိုတာ ကျောရိုးတစ်လျှောက်မှာပဲ ဖြန့်ကျက်ပြီး ခေါင်းထိပ်ကို ကျော်ဖြတ်ကာ အပေါ်နှုတ်ခမ်းသို့ရောက်ရှိကာ ရမ်သွေးကြောကတော့ ခန္ဓာကိုယ်ရဲ့ ရှေ့ဘက် အလယ်ဗဟိုမှာပဲ ရှိပြီး၊ နှစ်ခုလုံးရဲ့ တစ်ခုတည်းသော ဆုံမှတ်ကတော့ ဝှေးယင်အမှတ်ပဲ။
“ရမ်နဲ့ဒုသွေးကြောကို ဖွင့်ဖို့ဆိုတာက ခရေကို တစ်ခါဖွင့်လိုက်ရုံပဲ မဟုတ်လား” စုန့်ချင်းရှုက ခြေထောက်နှစ်ဖက် တင်းသွားပြီး ထိုအတွေးတွေကို ချက်ချင်း စက်ဆုပ်စွာ ဖျောက်ဖျက်လိုက်သည်။
(ဘာသာပြန်သူ-ရမ်နဲ့ ဒုသွေးကြောတွေက အထက်နှုတ်ခမ်းအထက်နဲ့ နှာခေါင်းအောက်မှလည်း ဖြတ်သွားပါတယ်၊ ဒါကြောင့်သတိလစ်သွားရင် အဲ့ဒီနေရာကို နှိပ်တာမြင်ဘူးကြမှာပါ)
ထိုစဉ် လှေကားမှ လူတစ်ယောက် အောက်ထပ်ဆင်းလာသော အသံကို ကြားလိုက်ရသည်။ ခြေလှမ်းများ ပေါ့ပါးလှသဖြင့် မိန်းကလေးတစ်ယောက်၏ ခြေလှမ်းမှန်း ချက်ချင်းသိလိုက်ရပြီး စုန့်ချင်းရှုမော့၍ကြည့်လိုက်သည်။
လီယွမ်ကျစ်သည် အဝါရောင်ဖျော့ အမျိုးသမီး သိုင်းပညာရှင်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ခါးတွင် လက်ဖဝါးခန့် ကျယ်သော အပြာရောင် ခါးပတ်ပတ်ထားရာ ပိန်သွယ်သော ခါးကို ပိုမို ပေါ်လွင်စေသည်။ ကိုယ်ဟန်က သွယ်လျ ပေါ့ပါးပြီး ကျက်သရေရှိလှသည်။
စုန့်ချင်းရှုက သူမ၏ ရင်ဘတ်အဝတ်အစားအောက်တွင် ပြည့်တင်းနေသည်ကို သတိပြုမိပြီး၊ လည်ပင်းအနီးရှိ နှင်းကဲ့သို့ ဖြူဖွေးသော အသားအရေတွင် နှင်းဆီရောင်သန်းနေသည်မှာ ရေညှစ်ထုတ်လို့ရလောက်အောင် နုနယ်လှသည်။ အာခြောက်လာသဖြင့် ပဲနို့ခွက်ကို မြန်မြန်မော့သောက်လိုက်သည်။
“စုန့်အစ်ကိုကြီး၊ ကျွန်မ ဒီနေ့ ဒီလို ဝတ်ထားတာ လှရဲ့လား?” လီယွမ်ကျစ်က စားပွဲရှေ့ကို ရောက်လာပြီး ပျော်ရွှင်စွာဖြင့်တစ်ပတ်လှည့်ပြလိုက်သည်။
“အရမ်းလှတာပေါ့!” ပတ်ဝန်းကျင်ကို လှည့်ပတ်၍ ကြည့်နေပြီး ကောင်းကင်ကဲ့သို့ ကြည်လင်နေသော သူမ၏ မျက်ဝန်းအစုံကိုကြည့်ကာ စုန့်ချင်းရှု စိတ်ထဲမှာ ရှက်ရွံ့သွားပြီး မကောင်းတဲ့အတွေးတွေလဲ ချက်ချင်း ပျောက်ကွယ်သွားသည်။
“အယ်! ကျွန်မလည်း ပဲနို့သောက်ရတာ ကြိုက်တယ်” လီယွမ်ကျစ်က စုန့်ချင်းရှု သူမအတွက် မှာထားနှင့်ပြီးသား ပဲနို့တစ်ခွက်ကို ကိုင်ကာ တစ်ဝက်လောက် မော့သောက်လိုက်သည်။
စုန့်ချင်းရှုက သူမ၏ လက်ဖဝါးဖြူဖြူဥဥလေးများနှင့် သွယ်လျသန့်ရှင်းသော လက်ချောင်းများ၊ မျက်နှာပေါ်မှာရှိတဲ့ တောက်ပတဲ့ အလင်းရောင်က ထူးခြားတဲ့ ဆွဲဆောင်မှုနဲ့ လှပမှုတွေ ပေါင်းစပ်နေတာကြောင့် စိတ်ထဲမှာ အတွေးပေါင်းများစွာ ဝင်လာသည် "မိန်းကလေးက နုပျိုလှပတယ်။ ငါးလည်း စားချင်တယ်။ ဝက်သားလည်း စားချင်တယ်။"
...........................................................................
“နောက်ဆုံးတော့ မြို့တော်ကို ရောက်ပြီ!” သုံးရက်ကြာပြီးနောက် လီယွမ်ကျစ်က ကိုယ်ကိုဆန့်လိုက်ပြီး ဆက်တိုက်မြင်းစီးခဲ့ရတာကြောင့် နာကျင်နေတဲ့ ကိုယ်ခန္ဓာကို လှုပ်ရှားလိုက်သည်။ စည်ကားလှပသော မြို့တော်ကို ကြည့်ကာ မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ပြည့်နှက်နေသည်။
စုန့်ချင်းရှုက သူမ ကိုယ်ဆန့်လိုက်လို့ ပိုမို ထင်ရှားလာတဲ့ ရင်သားကို ကြည့်နေတဲ့ အကြည့်ကို မသိမသာ ရုပ်သိမ်းလိုက်ပြီး “ငါ အရင် လူတစ်ယောက်နဲ့ သွားတွေ့ရမယ်၊ မင်းအရင် တည်းခိုဖို့ နေရာရှာလိုက်၊ ငါ ပြန်လာရင် နန်းတော်ထဲ ခေါ်သွားမယ်” ဟု ပြောလိုက်သည်။
“ဟင့်အင်း၊ ရှင် ကျွန်မကို ထားခဲ့ရင် ဘယ်လိုလုပ်မလဲ?” လီယွမ်ကျစ်က မျက်လုံးများ တောက်ပလာပြီး အနားကပ်လာ၍ “ကျွန်မ ရှင့်နဲ့ အတူ လိုက်ခဲ့မယ်” ဟု ပြောလိုက်သည်။
ရှချင်းချင်းက အရမ်းသဝန်တိုတတ်တဲ့သူဆိုတာကို တွေးမိပြီး စုန့်ချင်းရှုက ပြုံးလျက် “ဒါက နည်းနည်း အဆင်မပြေဘူး” ဟု ပြောလိုက်သည်။
“ရှင် ပြည်တန်ဆာရုံ သွားမလို့လား?” လီယွမ်ကျစ်က ဖခင်နဲ့အတူ မြောက်ပိုင်းနယ်စပ်မှာ ငယ်စဉ်ကတည်းက ကြီးပြင်းလာသူမို့ စကားပြောဆိုရာမှာ ဘာမှ ထိန်းချုပ်ထားခြင်း မရှိပေ။
“အမ်၊ မဟုတ်ပါဘူး!” စုန့်ချင်းရှု မျက်နှာမည်းမှောင်သွားပြီး စိတ်ထဲမှ ထပ်ဖြည့်ပြောလိုက်သည် ၊ သွားရင်တောင် အပျော်ခန်းမ လို အဆင့်မြင့်နေရာမျိုးကို သွားရမှာပေါ့၊ ပြည့်တန်ဆာရုံ ဆိုတာက လမ်းဘေးက ဆံပင်ညှပ်ဆိုင်လိုပဲ၊ ငါ စိတ်မဝင်စားဘူး။
(ဘာသာပြန်သူ-အပျော်ခန်းမဆိုတာ ကြီးကျယ်ခမ်းနားတဲ့အဆောက်အဦးမှာဖြစ်ပြီး သူဌေးသူကြွယ်၊ စာပေသမားတွေ၊ အရာရှိတွေသွားကြပါတယ် လိင်ကိစ္စဖျော်ဖြေမှု့ထက် စာပေ၊အနုပညာ၊ဂီတ ဖျော်ဖြေမှု့ကအဓိကပါ။
ပြည့်တန်ဆာရုံကတော့ သာမန်အဆောက်အဦးမှာ လိင်ကိစ္စသီးသန့်အတွက်ဖွင့်လစ်ထားပြီး သာမန်လူတန်းစားတွေသွားကြပါတယ်)
“ဒါဆို အမျိုးသမီးတစ်ယောက်နဲ့ သွားတွေ့မှာ သေချာပြီ” လီယွမ်ကျစ်က လိမ္မာပါးနပ်စွာ ရယ်မောပြီး “စိတ်မပူပါနဲ့၊ ကျွန်မက ရှင့်တပည့်လို့ပဲ ပြောမယ်၊ သူတို့ နားလည်မှု့လွဲမှာ မဟုတ်ပါဘူး”
စုန့်ချင်းရှု ခဏ တွေဝေသွားသည်။ လီခဲရှို့က တိုက်ခိုက်ရေးမှာ ကျွမ်းကျင်ပြီး ဟန်လူမျိုးတစ်ယောက်လည်း ဖြစ်တာကြောင့် နောင်မှာ အသုံးဝင်နိုင်တယ်လို့ စိတ်ထဲမှာ တွေးလိုက်သည်။ ဒါပေမဲ့ သူက အမြဲတမ်း နန်းတော်အပေါ် သစ္စာရှိတယ်။ သူ့ကို စည်းရုံးဖို့ဆိုရင် သူ့ရဲ့ တစ်ဦးတည်းသော သမီးလေးကနေတစ်ဆင့်ပဲ ချဉ်းကပ်ရလိမ့်မယ်။ စိတ်ထဲမှာ ဆုံးဖြတ်ပြီးနောက် စုန့်ချင်းရှုက ရယ်မောပြီး “ကောင်းပြီ” ဟု ပြောလိုက်သည်။
လူနေတိတ်ဆိတ်သော အရပ်ရှိ သစ်သားအိမ်တစ်အိမ်သို့ ရောက်လာသည်။ ၎င်းသည် ယန်ကျင်းမြို့တော်ရှိ ရွှေမြွေစခန်း ၏ အခြေစိုက်စခန်းတစ်ခု ဖြစ်ပြီး၊ ရှချင်းချင်းက ဒီမှာ တွေ့ဆုံဖို့ ချိန်းဆိုထားခဲ့ခြင်း ဖြစ်သည်။
အိမ်ထဲသို့ မဝင်ခင်ပင် မလှမ်းမကမ်းရှိ ရေကန်ဘေးမှ ဝမ်းနည်းဖွယ် ပုလွေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စုန့်ချင်းရှုသည် ဂီတကို လုံးဝနားမလည်သူဖြစ်ရာ ပုလွေသံသည် အလွန်သာယာသော်လည်း ဝမ်းနည်းဖွယ်ဖြစ်သည်ဟုသာ ခံစားရ၍ ပုလွေသံ၏ အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။
ဘေးက လီယွမ်ကျစ်ကတော့ အစိုးရအရာရှိ၏သမီးတစ်ယောက်ဖြစ်ပြီး ဓားနှင့်လှံကို ကစားရတာ နှစ်သက်သော်လည်း ငယ်စဉ်ကတည်းက ဂီတ၊ စစ်တုရင်၊ စာပေ၊ ပန်းချီပညာများကို အနည်းငယ် သင်ယူဖူးသူဖြစ်သည်။ တစ်ဖက်လူ၏ ပုလွေသံကို ကြားသောအခါ လီယွမ်ကျစ်၏ မျက်လုံးများ ချက်ချင်း နီရဲလာပြီး ပုလွေသီချင်းဖြစ်သော မင်းနဲ့လမ်းခွဲပြီး(မင်းနဲ့ဝေးပြီး) ကို မသိစိတ်ကပင် ရွတ်ဆိုလိုက်သည်။
မင်းနဲ့ခွဲပြီးနောက် လွမ်းဆွတ်မှု့ကအဆုံးမရှိဘူး၊
အမြဲတမ်း အတူနေဖို့၊ တောင်တွေ မြစ်တွေကခြားနား၊ အတားအဆီးပေါင်းများစွာ၊ ရင်ထဲမှာလည်းအရမ်းနာကျင်နေပြီ
မင်းရဲ့ သတင်းကို စောင့်စားရင်း နွေဦးကိုလည်း ကျော်ဖြတ်ခဲ့ပြီ
မြူခိုးနဲ့ မိုးရေတွေလည်း မှုန်ဝါးခဲ့ပြီ၊ မက်မွန်သီးလေးတွေလည်း စိမ်းရာကဝါခဲ့ပြီ။
မင်းနဲ့ ခွဲပြီးနောက် တစ်ညထဲနဲ့ အိုမင်းသွားပြီ။
(ဘာသာပြန်သူ-ကဗျာတွေ၊ သီချင်းတွေ ပါရင် ပိုက်ဆံပိုတောင်းရမလား၊ လီချွမ်းမမှာ စကားဆက်တဲ့အခန်းဆို ဘာသာပြန်တာ ၂ ရက်လောက်ကြာသွားတယ်)