မဟာချင်မင်းဆက်အောက်မှာ ထုတ်ဖော်ပြစရာ ကြီးမားတဲ့ ဂိုဏ်းကြီးတွေ သိပ်မရှိခဲ့ဘူး။ ဘာဂိုဏ်း၊ ဝေထော်ဂိုဏ်း၊ စန်းကျားရဲတိုက်၊ ချင်ကျူအဖွဲ့၊ ဖုန်းလေးဂိုဏ်း... ဒါတွေက သိုင်းလောကထဲမှာ အဆင့်နိမ့်တဲ့ ဂိုဏ်းတွေပဲ။ ချင်မင်းဆက်နယ်မြေအတွင်းမှာ ထိုင်ရှန်းဂိုဏ်းတစ်ခုပဲ ကြီးမားသော ဂိုဏ်းကြီးအဖြစ် သတ်မှတ်လို့ရသည်။
စုန့်ချင်းရှု တစ်နေရာကို ရောက်တိုင်း၊ တစ်ချို့ဂိုဏ်းတွေက မကျေမနပ်ဖြစ်တာကလွဲရင် ကျန်တဲ့ ဂိုဏ်းအများစုကတော့ အံ့အားသင့်ဝမ်းသာဖြစ်ကြသည်။ သားချင်းမြေးမြစ်တွေကို နန်းတော်ထဲမှာ တော်ဝင်အစောင့်အရှောက်တွေအဖြစ် စေလွှတ်နိုင်မယ်လို့ တွေးလိုက်တော့ လူအုပ်စုက ငြင်းဆိုခြင်းမပြုတဲ့အပြင် အရမ်းကို ပူးပေါင်းဆောင်ရွက်ကြသည်။ သားချင်းမြေးမြစ်တွေ စုန့်ချင်းရှုနဲ့အတူ ချက်ချင်း မြို့တော်ကို လိုက်သွားဖို့တောင် စိတ်အားထက်သန်နေကြသည်။
တစ်ချို့ဂိုဏ်းခေါင်းဆောင်တွေရဲ့ စိတ်အားထက်သန်မှုကို သည်းမခံနိုင်တော့တာကြောင့် စုန့်ချင်းရှုက တခြားဂိုဏ်းတွေဆီကို အမိန့်တော် သွားရောက်ပေးပို့ရဦးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့အတွက် သက်ဆိုင်ရာ အထောက်အထားတွေ ချန်ထားခဲ့ပြီး သူတို့ကိုယ်တိုင်သွားရောက်ပြီး တစ်လအတွင်း မြို့တော်ရဲ့ အစောင့်တပ်မှူးရုံးကို လာရောက် သတင်းပို့ဖို့ ပြောခဲ့သည်။
မြို့တော်ကို အလျင်စလို အပြေးအလွှားသွားနေသော ရှချင်းချင်းကို စိတ်ပူနေတာကြောင့် စုန့်ချင်းရှု တာရှာဝူဟန်(ခြေရာမဲ့သဲပြင်ပေါ်လှေျက်လှမ်းခြင်း)သိုင်းပညာကို အမြဲအသုံးပြုပြီး ခရီးနှင်ခဲ့သည်။ အမြန်သွားဖို့အတွက်ပဲ မဟုတ်ပဲ တစ်ဖက်က ရန်သူနဲ့ တိုက်ခိုက်တဲ့အခါ အသုံးပြုနိုင်ဖို့အတွက် လှုပ်ရှားမှုသိုင်းပညာ(ကိုယ်ဖော့သိုင်း)အား လေ့ကျင့်နေတာဖြစ်ပြီး နောက်တစ်ဖက်ကတော့ အချိန်ကုန်သက်သာဖို့ပဲ။ သူ ရှချင်းချင်းအပေါ်မှာ ဒီလောက် အချိန်ကုန်ခံပြီးအားထုတ်ခဲ့တာ၊ မြို့တော်ကိုပြန်ရောက်တာ ခြေတစ်လှမ်းနောက်ကျရုံနဲ့ သူမက ကွေ့ရှင်းရွှေ လင်မယားကို ကယ်ဖို့အတွက် အန္တရာယ်တစ်ခုခု ဖြစ်သွားရင်၊ အဲ့ဒါက ချက်ပြီးသား ဘဲပျံသွားသလို ဖြစ်သွားမှာပဲ။ စိတ်ဓာတ်ကျပြီး သေသွားလိမ့်မယ်။
ကံကောင်းစွာနဲ့ပဲ ဂိုဏ်းတိုင်းက အလွန် ပူးပေါင်းဆောင်ရွက်ကြသည်။ ထိုင်ရှန်းဂိုဏ်းခေါင်းဆောင် တာအိုသခင်ထျန်းမင်ကတောင် သူ့ရဲ့ အထူးချွန်ဆုံးတပည့်ကို မြို့တော်ကို စေလွှတ်ဖို့ ဆုံးဖြတ်ခဲ့သည်။ စုန့်ချင်းရှုက လမ်းတစ်လျှောက်လုံး ပင်ပန်းနွမ်းနယ်စွာ ခရီးနှင်ခဲ့ပြီး ရက်ပေါင်း ဆယ်ရက်အတွင်းမှာပဲ ဂိုဏ်း ဒါဇင်ပေါင်းများစွာကို လှည့်ပတ်သွားရောက်နိုင်ခဲ့သည်။
စုန့်ချင်းရှုက ယန်ကျင်းကို ပြန်ဖို့ ခရီးနှင်နေရင်း သီချင်းတစ်ပုဒ်ကို ညည်းနေသည် "ငိုကြွေးတဲ့ညမှာ ရှိုက်ငိုရင်း ငြီးတွားမိတယ် ၊ တောနက်ထဲမှာ ပိတ်မိနေသလို၊ အရာအားလုံးက ဆုံးရှုူံးသွားပြီ.."
ရှန်းတုန်းနဲ့ ကျန်းဆူပြည်နယ် နှစ်ခုကြား နယ်နိမိတ်ကို ဖြတ်သန်းလာတဲ့အခါ ရှေ့သစ်တောအုပ်တစ်နေရာကနေ လက်နက်ချင်း ရိုက်ခတ်သံများကြားလိုက်ရသည်။ စုန့်ချင်းရှု ကြည့်လိုက်တော့ ဓားပြအုပ်စုတစ်စုက မြင်းလှည်းအဖွဲ့တစ်ဖွဲ့ကို ဝန်းရံတိုက်ခိုက်နေတာကို တွေ့လိုက်ရသည်။
“မြင်းလှည်းအစောင့်တွေရဲ့ ဝတ်စုံကို ကြည့်ရတာ အစိုးရအရာရှိတွေ ဖြစ်ပုံရတယ်။”
"ထားလိုက်တော့ ငါနဲ့ဘာမှမဆိုင်ဘူး" လို့ စုန့်ချင်းရှု လေလေးချွန်ပြီး ခရီးဆက်လိုက်သည်။ သူကိုယ်တိုင်က မန်ချူး တော်ဝင်မင်းဆက်ကို မကြိုက်ဘူး။ ချင်နိုင်ငံ ပိုရှုပ်ထွေးလေလေ သူ့အတွက်ပိုကောင်းလေပဲ။ ခန်းရှီ ခေါင်းပူနေတဲ့အချိန်မှာ သူ့အတွက် အခွင့်အရေးတွေ ပိုများလာလိမ့်မယ်။ ချင် အရာရှိများ လုယက်သတ်ဖြတ်ခံရတာကို တွေ့ရတော့ သဘောကျသည်။
"အဖေ၊ ကျွန်မ သူတို့ကို တားထားမယ်။ အဖေ အမေ့ကို ခေါ်ပြီး မြန်မြန် သွားပါ!" ရုတ်တရက် သူ့နားထဲကို ကြည်လင်ပြတ်သားပြီး သာယာတဲ့ အသံတစ်ခု ကြားလိုက်ရသည်။
"အမ်?" ပြေးသွားပြီးသား စုန့်ချင်းရှု ရုတ်တရက် ခြေလှမ်းရပ်လိုက်ပြီး နောက်လှည့်ကြည့်လိုက်တော့ မြင်းလှည်းအဖွဲ့ထဲမှာ ခန့်ညားချောမောတဲ့ ဆယ်ကျော်သက်လေးတစ်ယောက်က ဓားတစ်ချောင်းကို လက်ထဲမှာ ကိုင်ပြီး ဓားသွားအလင်းတန်းတွေ ထွက်ပေါ်နေအောင် ကစားနေတာကို တွေ့လိုက်ရတယ်။ မြင်းစီးဓားပြတွေရဲ့ အင်အား အနည်းဆုံး သုံးပုံတစ်ပုံကို ထိန်းထားနိုင်ခဲ့တယ်။
စုန့်ချင်းရှုက သူ ယောကျာ်းလေးဝတ်စုံ ဝတ်ထားပေမဲ့ ခန္ဓာကိုယ်က သေးငယ်ပြေပြစ်တယ်၊ ခုနက အသံကလည်း ဥဩငှက်လို နားဝင်ချိုတာကြောင့် မိန်းကလေးက ယောကျာ်းလေး အယောင်ဆောင်ထားတာပဲဆိုတာ ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။
“သူရဲကောင်းက အလှမယ်ကို ကယ်တင်တယ်၊ အလှမယ်က သူ့ကိုယ်သူ ပေးအပ်တယ်ဆိုတဲ့ ဒီလို ဇာတ်လမ်းမျိုးကို ငါ အကြိုက်ဆုံးပဲ” စုန့်ချင်းရှု မေးစေ့ကို ပွတ်သပ်လိုက်ပြီး ချက်ချင်း စိတ်ပြောင်းကာ အဲဒီဘက်ကို လျှောက်သွားခဲ့တယ်။
"ဒါ ဘယ်လို ဖြစ်ရတာလဲ၊ နေ့ခင်းကြောင်တောင် အလင်းရောင်ရှိတဲ့အချိန်မှာ မင်းတို့ ဓားပြတွေက တော်ဝင်အရာရှိတွေကို ပေါ်တင်ကြီး တိုက်ခိုက်ရဲတယ်။ ဒီလောကမှာ တရားမျှတမှု ဆိုတာ မရှိတော့ဘူးလား? ဥပဒေ ဆိုတာ မရှိတော့ဘူးလား?" စုန့်ချင်းရှုက လမ်းလျှောက်ရင်း စိတ်ထိခိုက် နာကျင်နေတဲ့ပုံစံမျိုးလုပ်လိုက်သည်။
မြန်မြန် ထွက်သွား! ဒီလို အသက်အန္တရာယ် မမှု့တဲ့ လူရမ်းကားတွေက ရှင်နဲ့ ဘာ လူမှုကျင့်ဝတ်တွေမှ ပြောနေမှာ မဟုတ်ဘူး" လို့ ဝိုင်းရံခံထားရတဲ့ ယောက်ျားလေးပုံစံ ဝတ်ထားသော မိန်းကလေးက အရေးတကြီးအခြေအနေမှာ ရူးကြောင်ကြောင် စာပေသမားတစ်ယောက် ရောက်လာတာကို မြင်တော့ ကူညီဖို့ သတိပေးလိုက်တယ်။
“မိန်းကလေး မင်းကစိတ်ကောင်းရှိတာပဲ၊မင်းတို့ ကိုယ်တိုင်တောင် အသက်အန္တရာယ်နဲ့ ကြုံနေပေမယ့် အခြားလူအတွက်တွေးပေးသေးတယ်” စုန့်ချင်းရှုက ကျောက်တုံးတစ်တုံးကို ရှာတွေ့ပြီး ဖုန်မှုန့်တွေကို ဂရုတစိုက် မှုတ်ထုတ်လိုက်ကာ အဝတ်နဲ့ပါ ထပ်သုတ်လိုက်သည်။ ပြီးတော့ သက်သောင့်သက်သာ ထိုင်လိုက်ပြီး နှစ်ဖက်စလုံး အသေအကြေ တိုက်ခိုက်နေတာကို ကြည့်နေလိုက်သည်။
ဓားပြတွေက လူတစ်ယောက် အသက်အန္တာရာယ်ကို မစိုးရိမ်ဘဲ ရောက်လာတာကြောင့် ပထမတော့ ဒီလူက ဘယ်လိုလူလဲဆိုတာ စိုးရိမ်နေခဲ့ကြသည်။ ရူးကြောင်ကြောင် စာပေသမားတစ်ယောက် ဖြစ်နေတာကို မြင်တော့ ဂရုမစိုက်တော့ဘဲ မြင်းလှည်းအဖွဲ့ကို ဆက်လက်၍ တိုက်ခိုက်လိုက်ကြသည်။
စုန့်ချင်းရှုက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်တော့ မြင်းလှည်းအစောင့်တွေ အများစုက တိုက်ခိုက်နိုင်စွမ်း မရှိတော့ဘူး။ မိန်းကလေးနဲ့ သူမ ရဲ့အဖေပဲ သိုင်းပညာ အတော်အသင့်ကောင်းမွန်ပုံရသည်။ ဓားပြအုပ်စုက ဝိုင်းဝန်းတိုက်ခိုက်နေပေမဲ့ အနိုင်ယူလို့ မရသေးဘူး။
နှစ်ဖက်စလုံး ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေကိုမြင်တော့ စုန့်ချင်းရှုက အလျင်စလို မလုပ်ဘဲ စနောက်၍ မေးလိုက်သည် “မိန်းကလေး၊ မင်းက အစိုးရအရာရှိသမီးပဲ၊ ဘာလို့ သိုင်းလောက, ကလူတွေလို ဓားတွေ၊ လှံတွေနဲ့ ကစားနေတာလဲ?”
"မိန်းကလေး၊ မင်းရဲ့ ဓားသိုင်းက မဆိုးဘူးပဲ။ ဘယ်က သင်တာလဲ?"
"မိန်းကလေး...!"
တစ်ဖက်လူရဲ့ အော်သံကို ကြားတော့ ယောက်ျားလေးပုံစံ ဝတ်ထားတဲ့ မိန်းကလေးက မကျေမနပ် ပြောလိုက်တယ်၊ "ရှင် ပါးစပ်ပိတ်ထားလိုက်!" လို့ပြောပြီး အပ်နဲ့ပစ်လိုက်တယ်
"ဝူတန်ဂိုဏ်းရဲ့ ကြာရွှေအပ်လား?" စုန့်ချင်းရှုက သူမ ပစ်လိုက်တဲ့ ရွှေအပ်ကို ကြည့်ပြီး သေချာစစ်ဆေးလိုက်သည်။ စိတ်ထဲမှာ အံ့အားသင့်သွားသော်လည်း “ကောင်းတဲ့ မိန်းကလေးက အပ်နဲ့ ပန်းထိုးရမှာကို ဘာလို့ လက်နက်အဖြစ် သုံးနေတာလဲ? ငါ ကြိုတင် သတိပေးထားမယ်နော်၊ ငါ မကြာသေးခင်ကပဲ အပ်သုံးတဲ့ မိန်းကလေးတွေကို ဓာတ်သိပ် မတည့်ဘူး(ဘာသာပြန်သူ-ဒေါင်ဖန်းပုပိုင်ကို ရည်ရွယ်ခြင်းဖြစ်သည်)၊ မင်း ငါ့ကို စိတ်မတိုစေနဲ့နော်” ဟု ပြောလိုက်သည်။
“မင်း!” ယောကျာ်းလေးအယောင်ဆောင်ထားတဲ့ မိန်းကလေးက သူ့ စကားနှစ်ခွန်း၊ သုံးခွန်းကြောင့် ဒေါသထွက်လာသည်။ ဓားပြတွေကလည်း အခွင့်ကောင်းယူပြီး ဖိအားပေးတိုက်ခိုက်လာရာ မိန်းကလေးသည် အသက်အန္တရာယ်ကျရောက်လာသည်။
“ကျစ်အာ ၊ သခင်လေးက စနောက်နေတာပါ၊ အလေးအနက် မထားပါနဲ့” အသက်ကြီးသော အရာရှိသည် သိုင်းလောက အတွေ့အကြုံ ပိုများသောကြောင့် တစ်ချက်ကြည့်လိုက်ရုံဖြင့် စုန့်ချင်းရှုတွင် မကောင်းသော ရည်ရွယ်ချက်မရှိကြောင်း သိလိုက်သည်။ "ကျွန်တော်က ကျန်းစုနဲ့ ကျယ်ကျန်း ရေကြောင်း အုပ်ချုပ်ရေးမှူး လီခဲရှို့ပါ။ ဒီတခေါက် ရာထူးတက်လို့ မိသားစုနဲ့အတူ သွားနေတုန်း လမ်းမှာ မြင်းစီးဓားပြတွေ တိုက်တာခံရတယ်။ သခင်လေးက ကူညီပေးဖို့ မျှော်လင့်ပါတယ်”
"နာမည်မှာ 'ကျစ်' ဆိုတဲ့ စာလုံး ပါတယ်?" စုန့်ချင်းရှု မျက်မှောင်ကြုတ်လိုက်ပြီး ခေါင်းခါလိုက်သည်။ "ဒီနာမည်က ငါ့ရဲ့ တားမြစ်ထားတဲ့ နာမည်ထဲမှာ ပါနေတယ်။ မကယ်ဘူး၊ မကယ်ဘူး။"(ဘာသာပြန်သူ-သူ့ဇနီး ကျိုးကျစ်လော့ မှာ ကျစ်ပါတယ်)
လီခဲရှို့ ကြောင်သွားသည်။ သိုင်းလောကသားတွေရဲ့ အပြုအမူတွေက ထူးဆန်းတယ်လို့ ထင်မိပြီး ဘယ်လို ဆက်ပြောရမှန်း မသိတော့ဘူး။
"သူက သိုင်းပညာရှင်ကြီးလား?" လို့ မိန်းကလေးက လှောင်ပြောင်လိုက်တယ်၊ "အဖေ၊ ရူးကြောင်ကြောင်စာပေသမားရဲ့ လှည့်စားတာကို မခံနဲ့။ သူက စိတ်ဖောက်ပြန်နေတာ ဘယ်လိုကြောင့် သိုင်းပညာရှင်ကြီး ဖြစ်နိုင်မှာလဲ။"
"ကောင်မလေး၊ လူတွေကို အထင်မသေးနဲ့။ ငါက တကယ့် သိုင်းပညာရှင်တစ်ယောက်ပဲ။ မင်း ငါ့ကို တောင်းပန်ကြည့်ပါလား။ တကယ်လို့ ငါစိတ်ကျေနပ်တယ်ဆိုရင် ငါကူညီပေးမှာပေါ့" လို့ စုန့်ချင်းရှုက ပြုံးစစနဲ့ ပြောလိုက်သည်
"ရှင်က သိုင်းပညာရှင်ဆိုတော့ ဘယ်လောက် အဆင့်မြင့်တာလဲ?" လို့ မိန်းကလေးက မထီမဲ့မြင် ဖြင့်မေးလိုက်သည်
"ပြောရရင်တော့ သုံး လေးဆင့်လောက်တော့ မြင့်မှာပေါ့" လို့ စုန့်ချင်းရှုက ပြန်ဖြေလိုက်သည်။
မိန်းကလေးရဲ့ တောက်ပတဲ့ မျက်လုံးတွေက ရုတ်တရက် လှည့်သွားပြီး သိုင်းကွက်တွေကြားက အလွတ်မှာ မေးလိုက်တယ်၊ "ရှင်က သိုင်းပညာရှင်ကြီးဆိုရင် ဒီမြင်းစီးဓားပြအုပ်စုကို သိုင်းဘယ်နှကွက်နဲ့ အနိုင်ယူနိုင်မလဲ?”
“သူတို့ကို အနိုင်ယူရမှာလား?” စုန့်ချင်းရှုက မထီမဲ့မြင် ပြောလိုက်သည် “ငါ လက်တောင် သုံးစရာ မလိုဘူး၊ ပါးစပ် လှုပ်ရုံနဲ့ ရတယ်။”
“ဘယ်သူ့ကို လှည့်စားနေတာလဲ?” မိန်းကလေးက ဒေါသတကြီး ပြောလိုက်သည်။
စုန့်ချင်းရှုက ဆက်လက်နောက်ပြောင်ရန် ပါးစပ်ဟဖို့ ပြင်လိုက်စဉ် ရုတ်တရက် ခေါင်းကို တုတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်ခံလိုက်ရသည်။ ချက်ချင်း မျက်လုံးလှန်ပြီး ပုံခနဲလဲကျသွားသည်။
"ထီ!" လို့ စုန့်ချင်းရှုနောက်က မြင်းစီးဓားပြတစ်ယောက်က တုတ်ကို သိမ်းဆည်းလိုက်ပြီး ကံဆိုးခြင်းကို ကျိန်ဆဲလိုက်သည်၊ "စကားကြီး စကားကျယ်တွေသိပ်ပြောတယ်၊ ငါထင်တာ တကယ့်သိုင်းပညာရှင်ကြီးများလားလို့ မင်းကို အကြာကြီး သည်းခံနေခဲ့တာ၊ အခုလို အသုံးမကျတဲ့သူမှန်း သိခဲ့ရင် နားရင်းအုပ်ပြီးတာ ကြာပြီ!"
သူ့စိတ်ထဲက သိုင်းပညာရှင်ကြီး တစ်ချက်တည်းနဲ့ အနိုင်ယူခံလိုက်ရတာကို မြင်တော့ လီခဲရှို့ စိတ်ထဲမှာ လန့်သွားပြီး သူ တကယ်ပဲ အကဲခတ်မှားသွားလားလို့ တွေးလိုက်သည်။
ယောကျာ်းလေးအယောင်ဆောင်ထားတဲ့ မိန်းကလေးက စုန့်ချင်းရှု ဒီလို လွယ်လွယ်ကူကူ ရှုံးနိမ့်သွားတာကို မြင်တော့ ခဏလောက် ကြောင်သွားတယ် “ဟေး၊ ရှင့်အပေါ် မျှော်လင့်ချက် မထားခဲ့ပေမဲ့ ဒီလောက်အသုံးမကျဖြစ်လိမ့်မယ်လို့ မထင်ခဲ့ဘူး”
ဒီလို သတိလက်လွတ်သွားတဲ့အချိန်ခဏလေးမှာပဲ ဓားရှည်အချို့က သူမရဲ့ နူးညံ့တဲ့ လည်ပင်းနား ရောက်လာခဲ့သည်။ မိန်းကလေး ထိတ်လန့်သွားပြီး နောက်ထပ် ဘယ်လိုမှ မလှုပ်ရှားရဲတော့ဘူး။
သမီးဖြစ်သူ အဖမ်းခံရတာကို မြင်တော့ လီခဲရှို့ အလွန်ဒေါသထွက်သွားသည်။ ကံမကောင်းစွာနဲ့ စိုးရိမ်စိတ်ကြောင့် ရှုပ်ထွေးသွားပြီး မကြာခင်မှာပဲ အဖမ်းခံလိုက်ရသည်။
"ဟွန့်၊ ရွှေမြွေဘုရင်လည်း သေသွားပြီ။ ကျန်တဲ့ ခေါင်းဆောင် နှစ်၊ သုံး၊ လေး၊ ငါးတွေကလည်း အချင်းချင်း တိုက်နေကြတယ်။ ငါ သူတို့ကို ခွဲမပေးတော့ဘူး။ ဓားပြတိုက်ပြီး တစ်ခါတည်းထွက်သွားတော့မယ်။ အရာရှိကြီးတစ်ယောက်ကို ဖမ်းမိပြီး ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို လည်း ရလိုက်တယ်။ တကယ်ကို ကံကောင်းနေတယ်" မြင်းလှည်းအဖွဲ့က လူအားလုံးကို ဖမ်းမိသွားတာကို မြင်တော့ ဓားပြခေါင်းဆောင်က တဟားဟားရယ်မောလိုက်သည်။