လင်းပိုင်ကျီက သူ့ကို သတိထား၍ ကြည့်နေပြီး ဘာမှ ပြန်မပြောပေ။
စုန့်ချင်းရှုက နည်းနည်းရှက်သွားသော်လည်း ဂရုမစိုက်ဘဲ ဆက်ပြောသည်၊ “ငါ့မှာ ဓားသိုင်းတစ်ခုရှိတယ်၊ မင်းကို အစအဆုံး ပြသပေးမယ်၊ သင်တာ မသင်တာကမင်းသဘောပဲ”
စကားဆုံးသည်နှင့် သူက တစ်ဖက်လူ ပြန်ဖြေသည်ကို မစောင့်ဘဲ ဓားအိမ်မှသစ်သားဓားကိုထုတ်ကာ ပေါ့ပါးသွက်လက်စွာ လှုပ်ရှားပြီး သူ ကိုယ်တိုင်အနှစ်ချုပ်ထားသော (တောင်ငါးလုံးဓားသိုင်းကို)ဝူယွဲ့နတ်ဓားသိုင်းကို တစ်ကွက်ချင်းစီ ပြသပေးလိုက်သည်။
အစပိုင်းတွင် လင်းပိုင်ကျီက သူ့ကို လှည့်စားနေသည်ဟု ထင်ခဲ့သော်လည်း ခဏကြာ စောင့်ကြည့်ပြီးနောက် တစ်ဖက်လူက တကယ်ပင် နက်နဲသော ဓားသိုင်းကို သင်ပြနေပြီး ဆရာဖြစ်သူပုံမှန် သင်ကြားပေးသည်ထက် အများကြီး ပိုမိုနက်ရှိုင်းကြောင်း တွေ့လိုက်ရသည်။
တစ်ဖက်လူ သရုပ်ပြနေသည်နှင့်အမျှ လင်းပိုင်ကျီ၏ နားထင်တွင် ချွေးစို့လာသည်။ ဒီသိုင်းကွက်ကို မှတ်မိသော်လည်း ဟိုသိုင်းကွက်ကို မေ့သွားသလို ခံစားရသည်။ ဆယ်ကွက်ကျော်ပြီးနောက် သူ မှတ်မိထားသော ရှေ့ကကွက်များကိုပင် မေ့သွားတော့သည်။ သူ၏ ရင်ထဲတွင် လက်စားချေရမည့် သွေးကြွေးရှိနေသည်ကို သတိရမိပြီး ယခု အချိန်တွင် နက်နဲသောသိုင်းပညာတွေ့ရှိသော်လည်း မိမိမှာ မမှတ်မိနိုင်လောက်အောင် ဉာဏ်နည်းလွန်းသည်ဟု ခံစားရကာ အဆုံးမရှိသော နောင်တနှင့် မျှော်လင့်ချက်မဲ့မှုများ ရုတ်တရတ် ပေါ်ပေါက်လာသည်။
စုန့်ချင်းရှု သရုပ်ပြသင်ကြားပြီးနောက် ချွေးစေးများ စိုရွှဲနေသော လင်းပိုင်ကျီကို ကြည့်၍ မေးလိုက်သည်၊ “ဘယ်လောက် မှတ်မိလဲ”
လင်းပိုင်ကျီသည် သူ၏နှုတ်ခမ်းအား သွားဖြင့် ကိုက်ထားသဖြင့် သွေးများထွက်လာပြီး စိတ်ပျက်အားငယ်စွာဖြင့်ပြောလိုက်သည် “တစ်ကွက်တောင် မမှတ်မိဘူး”
ဒီတစ်ခါတော့ စုန့်ချင်းရှု အံအားသင့်သွားပြီး မသိစိတ်ဖြင့် ပြောမိလိုက်သည်၊ “ဝက်တွေတောင် မင်းကို ဘုရင်တင်မြှောက်ပြီး ဦးညွှတ်ရလိမ့်မယ်”
သူ၏ စကားကို ကြားသောအခါ လင်းပိုင်ကျီ၏ မျက်နှာသည် ပို၍ပင် ဆိုးရွားသွားပြီး စိမ်းလိုက်၊ နီလိုက်ဖြစ်နေသည်။ ခဏအကြာတွင် အပြာရောင်ပြောင်းသွားကာ တဖန်ထိတ်လန့်စရာကောင်းလောက်အောင် ဖြူဖျော့သွားသည်။
လင်းပိုင်ကျီ၏ ပုံစံကို မြင်သောအခါ စုန့်ချင်းရှုသည် တစ်ချိန်က အရင်ကမ္ဘာတွင် စိတ်ရူးပေါက်ပြီး သိုင်းဆရာတစ်ဦးထံမှ ပါးကွလက်ဝါးသိုင်း(ဒြပ်စင်ရှစ်ခုလက်ဝါးသိုင်း)(ရေ၊မြေ၊လေ၊မီး၊သစ်သား၊တောင်၊မိုးကြိုး...စသည်)သင်ယူခဲ့သည့် မြင်ကွင်းအား ပြန်ကြည့်နေရသလို ခံစားလိုက်ရသည်။ မသင်ယူမီက သူသည် သိုင်းဝတ္ထုထဲမှ ဇာတ်လိုက်များကဲ့သို့ ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်ပြီး တစ်ခါကြည့်ရုံဖြင့် သင်ယူနိုင်မည်ဟု စိတ်ကူးယဉ်ခဲ့သည်။ သို့သော် သိုင်းဆရာက သူ့ကို တစ်ကွက်ချင်းစီ သင်ကြားပေးခဲ့ရာ ခုနစ်ကွက်၊ ရှစ်ကွက်ကြာပြီးနောက် ပထမဆုံးကွက်ကို မေ့သွားသည်။ ထိုကဲ့သို့သော ဆန့်ကျင်ဘက်ဖြစ်သော စိတ်ပျက်အားငယ်မှုက သူ့ကို တစ်သက်တာ မမေ့နိုင်အောင် ဖြစ်စေခဲ့သည်။
လင်းပိုင်ကျီသည်လည်း ဇာတ်လိုက်ကဲ့သို့ ဉာဏ်ရည်မထက်မြတ်သော သာမန်လူတစ်ဦးသာ ဖြစ်သည်။ စုန့်ချင်းရှု ညင်သာစွာ ပြုံးလိုက်ပြီး နှစ်သိမ့်သည်၊ “မင်းရဲ့ သိုင်းပညာက အခု အရမ်းနိမ့်သေးလို့၊ နက်နဲတဲ့ ဓားသိုင်းတွေကို မမှတ်မိနိုင်တာ မင်းအပြစ်တော့မဟုတ်ဘူး၊ ကောင်းပြီ၊ ငါ့မှာ နည်းလမ်းတစ်ခုရှိတယ်၊ ငါ့မျက်လုံးကို ကြည့်လိုက်”
လင်းပိုင်ကျီ မသိစိတ်က ခေါင်းမော့လိုက်ရာ တစ်ဖက်လူ၏ နက်မှောင်နက်ရှိုင်းသော မျက်လုံးများကို မြင်သောအခါ သူ၏ အမြင်အာရုံမှာ ချက်ချင်း မှုန်ဝါးလာပြီး တစ်ကိုယ်လုံး လေဟာနယ်ထဲသို့ ဝင်ရောက်သွားသလို ခံစားရသည်။
ရုတ်တရက် သူ့၏မျက်စိရှေ့တွင် စုန့်ချင်းရှု၏ ပုံရိပ်ပေါ်လာသည်။ ထိုသူက ပြုံးပြပြီးပြေလိုက်သည်၊ “ငါ အခု စိတ်ညှို့ပညာကို သုံးပြီး ဓားသိုင်းကို မင်းရဲ့ ဦးနှောက်ထဲ ထည့်သွင်းပေးမယ်၊ ဒါပေမဲ့ ဒါက မင်းကိုယ်တိုင်တခါတည်း တတ်မြောက်သွားမှာမဟုတ်ဘူး၊ မင်း မေ့နေတဲ့အခါမှာ ပြန်ကြည့်ဖို့အတွက်ပဲ၊ မင်း တကယ် နားလည်ပြီးမှပဲ ဒီဓားသိုင်း တကယ် တတ်မြောက်နိုင်လိမ့်မယ်”
လင်းပိုင်ကျီက လိုက်မမှီနိုင်ပဲ ရင်ထဲတွင် သံသယ ထောင်ပေါင်းများစွာ ရှိသည်။ သူစကားမပြောရသေးခင် တစ်ဖက်လူက ထိုဓားသိုင်းကို ထပ်မံ လေ့ကျင့်ပြသရာ ချက်ချင်းပင် အာရုံစိုက်ပြီး မှတ်သားလိုက်သည်။
ဘာကြောင့်မှန်းမသိ၊ ဒီတစ်ခါတော့ ဉာဏ်အလင်ပွင့်သွားသလို ခံစားရပြီး သရုပ်ပြပြီးသည်နှင့် ဓားသိုင်းကွက်အားလုံးကို အသေးစိတ် မှတ်မိနေသည်။
သူ၏ နားထဲတွင် လက်ဖြောက်တီးသံတစ်ချက် ကြားလိုက်ရသည်။ လင်းပိုင်ကျီ စိတ်ညှို့ခံနေရသောအခြေအနေမှ သတိပြန်ဝင်လာပြီး အတွေးတစ်ခုဖြင့်ပင် ဓားသိုင်း၏ သိုင်းကွက်တိုင်း၊ လှုပ်ရှားမှု့တိုင်းအားလုံးသည် သူ၏ အတွေးထဲတွင် ရှင်းလင်းစွာ ပေါ်လာသည်။ ဝမ်းသာအံ့ဩစွာဖြင့် စုန့်ချင်းရှုကို ကြည့်၍ “ကျွန်တော် မှတ်မိသွားပြီ” ဟု ပြောလိုက်သည်။
“မင်း သိုင်းပညာအခြေခံက အရမ်းနိမ့်သေးတယ်၊ ဒီဓားသိုင်းကို သုံးနှစ်လောက်လေ့ကျင့်ပြီးမှ ယုချန်ဟိုင်ကို လက်စားချေနိုင်လိမ့်မယ်၊ သေချာမှတ်ထားပါ၊ မင်းတို့ ဟွာရှန်းဂိုဏ်းရဲ့ ခရမ်းရောင်တိမ်တိုက်ကျင့်စဉ်ကို သင်ယူနိုင်ရင် အခြေခံအတွင်းအားက နှစ်ဆ ပိုမြန်နိုင်တယ်။” စုန့်ချင်းရှုက စဉ်းစားပြီး သူ့ကို လေးလေးနက်နက် ပြောလိုက်သည်။
“သုံးနှစ်?” လင်းပိုင်ကျီက ဝမ်းသာအံ့ဩသွားသည်။ သူ၏ လက်ရှိ သိုင်းပညာတိုးတက်နှုန်းအရ ယုချန်ဟိုင် အသက်ကြီးပြီး မသေခင် လက်စားချေနိုင်မည် မဟုတ်ပေ။ ယခု စုန့်ချင်းရှုက သုံးနှစ် ကြိုးစားလေ့ကျင့်လျှင် သူဆန္ဒပြည့်ဝမည်ဟု ပြောသောအခါ ဝမ်းသာ၍မဆုံးတော့ပေ။
“ဒါနဲ့၊ ငါ မင်းကို သိုင်းပညာသင်ပေးတာ ဘယ်သူ့ကိုမှ မပြောနဲ့၊ မင်းဆရာကိုလည်း မပြောနဲ့။” လှည့်စားတတ်သော ယွဲ့ပုချွန်အကြောင်းကိုတွေးရင်း စုန့်ချင်းရှု အနည်းငယ် စိုးရိမ်သွားသည်။
“ဟုတ်ကဲ့! ကျေးဇူးရှင်ရဲ့ ဒီကျေးဇူးကို ပိုင်ကျီ တစ်သက်လုံး မမေ့ပါဘူး!” လင်းပိုင်ကျီက ဒူးထောက်ပြီး သုံးကြိမ် ဦးညွှတ် ဂါရဝပြုလိုက်သည်။
“မင်း ဒီလို လုပ်စရာ မလိုပါဘူး၊ ဒါက ငါ့အတွက် အသေးအမွှားလေးပါပဲ။” စုန့်ချင်းရှုက တစ်ဖက်သို့ လှည့်၍ရှောင်လိုက်သည်။
“ကျေးဇူးရှင်ရဲ့ အသေးအမွှားလေးက ပိုင်ကျီအတွက်တော့ ပြန်လည်မွေးဖွားပေးလိုက်သလိုပါပဲ။” လင်းပိုင်ကျီက အလေးအနက် ပြောလိုက်သည်။
“ကောင်းပြီ၊ မင်း မြန်မြန် ပြန်တော့၊ မဟုတ်ရင် အဲဒီ ယွဲ့မင်းသမီးက ပြဿနာရှာနေလိမ့်မယ်။” စုန့်ချင်းရှုက နောက်ပြောင်သလို ပြောလိုက်သည်။
လင်းပိုင်ကျီ၏ မျက်နှာ နီရဲသွားပြီး လေ့ကျင့်ရေးကွင်းဆီသို့ အနည်းငယ် လှမ်းလျှောက်ပြီးမှ ရုတ်တရက် လှည့်ကြည့်ကာ ရှုပ်ထွေးသော အမူအရာဖြင့် မေးသည်၊ “ကျေးဇူးရှင် ဘာလို့ ကျွန်တော့်ကို ကူညီတာလဲ။”
“မူရင်းကမ္ဘာမှာ မင်းနဲ့ငါ နှစ်ယောက်စလုံးက သနားစရာကောင်းတဲ့သူတွေပဲ၊ တူညီတဲ့ ဝေဒနာကို ခံစားရလို့ ဖြစ်နိုင်ပါတယ်။” ဒီစကားကို ပြောသောအခါ စုန့်ချင်းရှုသည် တစ်ခြားကမ္ဘာမှ ရောက်လာသလို ခံစားရသည်။
လင်းပိုင်ကျီက နားလည်သလိုလို မလည်သလိုလို ခေါင်းညိတ်ပြီး ပြေးလာသော ယွဲ့လင်းရှန်းကို ဆီးကြိုရန် ထွက်သွားသည်။
ဓားချီချုံးရှောင်ခန်းမသို့ ပြန်ရောက်သောအခါ ယွဲ့ပုချွန်နှင့် မုရန်ချင်းတို့ ဆွေးနွေးပြီးသွားပြီဖြစ်ပြီး ဖုန်းချင်ယန်ကို ဂါရဝပြုရန် ဆင်ခြင်ခြင်းချောက်ကမ်းပါးသို့ အတူတူ သွားရောက်ရန် ဆုံးဖြတ်ခဲ့ကြသည်။