အခန်း (၅၀) - အလည်အပတ်လာခြင်း ၁
ဤခေတ်ကာလမှ မိန်းကလေးများ၏ အချစ်ရေး ရဲတင်းမှုကို ကြည့်ကာ လင်းဝမ်ရုံတစ်ယောက် သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ အထူးသဖြင့် ယခုတစ်ယောက်ဆိုလျှင် ဘာမှအားစိုက်စရာမလိုဘဲ ဖရီးကြိတ်ခွင့်ရမည့် ပုံစံမျိုးပင်။ ဤမိန်းကလေးငယ်များမှာ အလွန်အမင်း ချောမောလှပနေသည်မျိုး မဟုတ်သော်လည်း ဆွဲဆောင်မှုရှိသော ပန်းသီးလေးများကဲ့သို့ ဖြစ်နေသဖြင့် ကြည့်ရုံသာကြည့်ပြီး မထိဘဲနေရန်မှာ သူ့အတွက် ခဲယဉ်းလှသည်။
ကံကောင်းထောက်မစွာပင် လင်းဝမ်ရုံသည် အပြင်ဘက်တွင် စားသောက်ဆိုင် အလှဆင်ရန် အပတ်တကုတ် ကြိုးစားနေသည့် ဒုံချောင်ချောင်ကို မကြာခဏ သတိရမိတတ်သည်။ ဒုံချောင်ချောင်က သူမ၏ ခံစားချက်ကို တိုက်ရိုက်ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း လင်းဝမ်ရုံအပေါ်ထားသည့် စစ်မှန်သော သံယောဇဉ်မှာ အထင်အရှားပင်။ သူမ၏ လိမ္မာယဉ်ကျေးသော အမူအရာကို တွေးမိသည့်အခါ လင်းဝမ်ရုံသည် သူ၏ ကာမစိတ်ရိုင်းများကို ထိန်းချုပ်ရန် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
သူ အိမ်တော်ထဲရောက်နေသည်မှာ ရက်အနည်းငယ် ရှိပြီဖြစ်ပြီး အရာအားလုံးက သက်သောင့်သက်သာ ရှိနေသော်လည်း ဒုံမိသားစု သားအဖကို သတိရနေမိကာ သူတို့ထံ သွားရောက်လည်ပတ်ချင်နေသည်မှာ ကြာပြီဖြစ်သည်။ သို့သော်လည်း အိမ်အစေခံတစ်ယောက်အနေဖြင့် အပြင်ထွက်ရန် အိမ်တော်ထိန်းကြီးထံတွင် ခွင့်တောင်းရမည်ဖြစ်ပြီး ရှောင်အိမ်တော်မှာ အိမ်အစေခံများ အပြင်ထွက်ခြင်းအပေါ် တင်းကျပ်သော စည်းကမ်းရှိသည်။ ထို့ပြင် လင်းဝမ်ရုံနှင့် အိမ်တော်ထိန်းကြီး ဝမ်တို့အကြား ပဋိပက္ခအချို့ ရှိနေသဖြင့် အပြင်ထွက်ရန်မှာ မလွယ်ကူလှပေ။
တစ်နေ့တွင် လင်းဝမ်ရုံသည် ဦးလေးဖုကို အောင်မြင်စွာ နားချနိုင်ခဲ့ပြီး ဦးလေးဖု၏ အဆက်အသွယ်များ အကူအညီဖြင့် အလုပ်အားလပ်ရက် နာရီဝက်ခန့် ရရှိခဲ့သည်။ လင်းဝမ်ရုံသည် စားသောက်ဆိုင် အလှဆင်နေမှုကို ကြည့်ရှုရန် ဆန်းဝူ ရေကန် သို့ တိုက်ရိုက်သွားခဲ့သည်။ ပြုပြင်မွမ်းမံမှု အစီအစဉ်အားလုံးမှာ လင်းဝမ်ရုံကိုယ်တိုင် ကြိုတင်သတ်မှတ်ထားခြင်းဖြစ်ပြီး ဆိုင်ကို သူ၏ ကိုယ်ပိုင်အမြင်အတိုင်း လည်ပတ်လိုခြင်းဖြစ်သည်။
"အစ်ကိုလင်း..." ဒုံချောင်ချောင်သည် လင်းဝမ်ရုံကို မြင်မြင်ချင်း မျက်လုံးလေးများ နီမြန်းသွားပြီး သူ့ထံသို့ အပြေးအလွှား ရောက်လာသည်။
လင်းဝမ်ရုံ ရှောင်အိမ်တော်ထဲ ရောက်နေသည်မှာ ရက်ပေါင်းများစွာ ရှိပြီဖြစ်သော်လည်း မည်သည့်သတင်းစကားမျှ မပို့နိုင်ခဲ့ပေ။ ထို့ကြောင့် ချောင်ချောင်မှာ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့သည်မှာ သဘာဝပင်။
"ချောင်ချောင်... မင်း ပိန်သွားတယ်နော်" လင်းဝမ်ရုံက သူမကို ကြည့်ကာ ပြောလိုက်သည်။
"အစ်ကိုလည်း ပိန်သွားသလိုပဲ" ဒုံချောင်ချောင်မှာ လင်းဝမ်ရုံ၏ မျက်နှာကို ကြည့်ကာ ဝမ်းနည်းစိတ်ကြောင့် နှာခေါင်းလေး ရှုံ့သွားသည်။
'ငါ ပိန်သွားတာလား... နေ့တိုင်း ကြက်စွပ်ပြုတ်တွေ၊ ငှက်သိုက်တွေ သောက်နေရတာတောင်မှလား'
"ချောင်ချောင်... ငါတို့ဆိုင် ပြုပြင်တာ ဘယ်လိုအခြေအနေ ရှိလဲ" မိန်းကလေး၏ သံယောဇဉ်ပါသော အကြည့်များကို မြင်သည့်အခါ လင်းဝမ်ရုံက စကားလမ်းကြောင်းကို အမြန်လွှဲလိုက်သည်။
"အရာအားလုံးက အဆင်ပြေပါတယ်။ အစ်ကိုလင်း စီစဉ်ထားတဲ့အတိုင်းပဲ လုပ်နေတာပါ" သူမက လင်းဝမ်ရုံ၏ လက်ကို ဆွဲထားရင်း အခြေအနေကို လိုက်ပြသည် - "အစ်ကို စိတ်ကူးထားတဲ့အတိုင်း ပထမထပ်က သာမန်စားသောက်ဆိုင်၊ ဒုတိယထပ်က သီးသန့်ခန်းတွေ၊ တတိယထပ်ကတော့ VIP ခန်းတွေပေါ့။ ဒါပေမဲ့ အစ်ကို... စတုတ္ထထပ်နဲ့ ပဉ္စမထပ်ကို ဘာလုပ်မယ်ဆိုတာ မပြောရသေးဘူးနော်"
လင်းဝမ်ရုံက လျှို့ဝှက်စွာ ပြုံးလိုက်ပြီး "စတုတ္ထထပ်နဲ့ ပဉ္စမထပ်ကိုတော့ 'ဥစ္စာနှင့် ပညာ' လို့ ခေါ်မယ်"
"ဥစ္စာနဲ့ ပညာဟုတ်လား" ဒေါင်ချောင်ချောင်က မျက်မှောင်ကြုတ်လိုက်သည် - "အဲဒါက ဘာကို ဆိုလိုတာလဲ"
"ဒီ စတုတ္ထထပ်နဲ့ ပဉ္စမထပ်ကို အပြင်အဆင်ပိုင်းမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်ညားထည်ဝါတဲ့ ခံစားချက်မျိုး ပေးရမယ်။ ကျင်းလင်မြို့မှာ အဆင့်အမြင့်ဆုံး စားသောက်ခန်းမ ဖြစ်လာစေရမယ်။ ငါတို့မှာ 'ရွှေရောင်စားပွဲတော်' တို့ 'ငါးမန်းတောင်စားပွဲတော်' တို့လို နာမည်ကြီး ဆွဲဆောင်မှုတွေ လိုအပ်တယ်။ အဆင့်အတန်း မြင့်လေ ပိုကောင်းလေပဲ။ ဟုတ်ပါတယ်၊ ဈေးနှုန်းကလည်း ပိုမြင့်ရမှာပေါ့။ စတုတ္ထထပ်နဲ့ ပဉ္စမထပ်မှာ စားသောက်ရတာဟာ အလွန်ဂုဏ်ယူစရာကောင်းတယ်လို့ လူတိုင်းထင်လာအောင် ငါတို့ရဲ့ ဂုဏ်သတင်းကို မြှင့်တင်ရမယ်"
ဒုံချောင်ချောင် စတင်နားလည်လာသည်။ ဤသည်မှာ ကြော်ငြာခြင်း၏ အကျိုးသက်ရောက်မှု မဟုတ်ပါလား။ "ဒါဆို စတုတ္ထထပ်နဲ့ ပဉ္စမထပ်ကို ဘယ်သူတွေ သွားနိုင်မှာလဲ"
"ဥစ္စာနဲ့ ပညာဆိုတဲ့အတိုင်း ချမ်းသာရုံတင်မကဘူး၊ အာဏာလည်း ရှိရမယ်။ ချမ်းသာပြီး အာဏာရှိတဲ့သူတွေပဲ အဲဒီအထပ်တွေကို တက်နိုင်မယ်။ ဘယ်သူက စတုတ္ထထပ်၊ ဘယ်သူက ပဉ္စမထပ် သွားရမလဲဆိုတာကတော့ ဘယ်သူက ပိုချမ်းသာပြီး အာဏာပိုရှိလဲဆိုတဲ့အပေါ်မှာပဲ မူတည်မှာပေါ့"
"ဒါဆို ပညာဆိုတာကရော" ဒုံချောင်ချောင်က သူမ၏ နှာခေါင်းလေးကို ရှုံ့ကာ မေးလိုက်သည်။
"ပညာဆိုတာက ပိုလွယ်ပါတယ်။ ငါတို့ ကျန်းနန်မှာ ပညာတတ်တွေ အများကြီး ရှိတယ်မဟုတ်လား။ အဲဒီမှာ ငါ ကဗျာစာသား နှစ်ကြောင်း ချိတ်ထားမယ်။ အကယ်၍ ပညာတတ်တစ်ယောက်က အဲဒီကဗျာကို အဖြေညှိပေးနိုင်ရင် သူတို့ကို စတုတ္ထထပ် ဒါမှမဟုတ် ပဉ္စမထပ်မှာ အခမဲ့ ကျွေးမွေးမယ်။ အခမဲ့တက်နိုင်တဲ့ အထပ်မြင့်လေ ပိုပြီး ပညာရှိတယ်လို့ သတ်မှတ်ခံရလေပဲ။ ဒီနည်းနဲ့ ငါတို့ရဲ့ ဂုဏ်သတင်းက ပျံ့နှံ့သွားပြီး ပညာတတ်တိုင်းက စတုတ္ထထပ်နဲ့ ပဉ္စမထပ်မှာ စားရတာကို ဂုဏ်ယူလာကြလိမ့်မယ်။ ဒါပေမဲ့ လူတိုင်း တက်လို့မရအောင်လည်း ငါတို့က အောက်ထပ်တွေက စီးပွားရေးကိုလည်း ဂရုစိုက်ရမယ်။ ဒါကို နှစ်ဖက်စလုံးကို ဂရုစိုက်ပြီး ဘယ်ဘက်ကိုမှ လစ်ဟင်းမှုမရှိစေတဲ့ နည်းလမ်းလို့ ခေါ်တယ်"
"အစ်ကိုက ခက်ခဲတဲ့ ကဗျာတွေ ရေးရမှာပေါ့နော်၊ လူတိုင်း အလွယ်တကူ တက်မရအောင်လို့" ချောင်ချောင်က သူမ၏ ပါးစပ်လေးကို ပိတ်ကာ ရယ်မောလိုက်သည်။
"သေချာတာပေါ့၊ ငါ့ဗိုက်ထဲမှာ ပညာတွေ အများကြီး ရှိပါတယ်" လင်းဝမ်ရုံက အရှက်မရှိ ကြွားလုံးထုတ်လိုက်သည်။
"ဒါနဲ့ ချောင်ချောင်... ပြီးခဲ့တဲ့ အခေါက်က ငါပြင်ခိုင်းထားတဲ့ ကြော်ငြာကူပွန်တွေ ဘယ်လိုလဲ"
"အစ်ကို ခိုင်းတဲ့အတိုင်း အကုန်လုပ်ထားပါတယ်။ ကူပွန်တိုင်းမှာ ကျွန်မတို့ရဲ့ တံဆိပ်တုံး ထုထားတယ်၊ တံဆိပ်တုံးပါမှ သုံးလို့ရမှာ။ ဒါပေမဲ့ အစ်ကို... ဒီကြော်ငြာက အစ်ကိုပြောသလို တကယ်ပဲ အကျိုးသက်ရောက်မှု ကြီးမှာလား"
"ချောင်ချောင်... ဒီကြော်ငြာကို အထင်မသေးနဲ့၊ ဒါဟာ သိပ်အောင်မြင်တဲ့ ဈေးကွက်ရှာဖွေရေး ဗျူဟာပဲ။ ဥပမာ - မင်းကို လုပ်ခိုင်းထားတဲ့ ကူပွန်တွေကို ကြည့်ပါ။ ယန်ချန်းခေါက်ဆွဲ တစ်ပန်းကန်ကို ကြေးပြား ၃ ပြား၊ ဥပြုတ်တစ်လုံးကိုလည်း ကြေးပြား ၃ ပြား၊ စုစုပေါင်းဆိုရင် ၆ ပြား ကျသင့်မယ်။ ဒါပေမဲ့ ဖောက်သည်က တို့ရဲ့ ကူပွန်ကိုသုံးပြီး နှစ်ခုလုံး တွဲဝယ်ရင် ၅ ပြားပဲ ပေးရမယ်။ အပေါ်ယံကြည့်ရင် ငါတို့က အမြတ်နည်းသွားသလိုပဲ။ ဒါပေမဲ့ တကယ်တော့ အဲဒီလိုမဟုတ်ဘူး။ မူလက ဖောက်သည်က ခေါက်ဆွဲပဲ စားချင်တာ၊ အခုတော့ ဥပြုတ်ပါ ဝယ်ရတော့မယ်။ မူလက ဥပြုတ်ပဲ စားချင်တဲ့သူကလည်း အခုတော့ ခေါက်ဆွဲပါ ဝယ်ရတော့မယ်။ ဆိုလိုတာက သူတို့ မူလက ၃ ပြားပဲ သုံးချင်တာကို အခု ၅ ပြား သုံးအောင် ငါတို့က လုပ်လိုက်တာပဲ။ ကြည့်ရတာ ငါတို့ရဲ့ ယူနစ်ဈေးနှုန်း လျော့သွားသလို ထင်ရပေမဲ့ အရောင်းပမာဏ တက်လာတဲ့အတွက် အရင်ကထက် ပိုမြတ်မယ်။ ဖောက်သည်တိုင်းက သူတို့ အကျိုးအမြတ် ရတယ်လို့ ထင်နေကြပေမဲ့ တကယ်တမ်း အကျိုးရှိတာက ငါတို့တွေပဲလေ"
လင်းဝမ်ရုံသည် ဤပုံမှန် ကြော်ငြာဗျူဟာအကြောင်းကို ဒုံချောင်ချောင်အား အသေးစိတ် ရှင်းပြလိုက်သည်။ နောင်တွင် သူမသည် ဤနေရာ၌ အကြီးအကဲ ဖြစ်လာမည်ဖြစ်ရာ ဤသဘောတရားများကို နားလည်ထားရန် လိုအပ်သည်။
"ချောင်ချောင် နားလည်ပါပြီ အစ်ကိုကြီး၊ အစ်ကို ကတကယ်ကို အများကြီး သိတာပဲနော်" ဒုံချောင်ချောင်က ခေါင်းညိတ်လိုက်ပြီး သူမ၏ မျက်လုံးလေးများမှာ တောက်ပနေသည်။ သူမသည် မသိလိုက်ဘဲ လင်းဝမ်ရုံ၏ လက်ကို ဆုပ်ကိုင်လိုက်ကာ မျက်နှာတွင် သံယောဇဉ်ကြီးမားစွာဖြင့် ကြည့်လိုက်သည်။
"ဒါတွေက ငါ့ဇာတိက စီးပွားရေးသမားတွေ သုံးတဲ့ နည်းလမ်းတွေပါ။ နောက်မှ မင်းကို တဖြည်းဖြည်း သင်ပေးမယ်၊ မင်းလည်း နားလည်လာမှာပါ" လင်းဝမ်ရုံက ပြုံး၍ ပြောလိုက်သည်။
"ဟုတ်ကဲ့။ ဒါနဲ့ အစ်ကိုကြီး... ပြီးခဲ့တဲ့ ရက်တွေအတွင်း ရှောင်အိမ်တော်မှာ အဆင်ပြေရဲ့လားဟင်" ဒုံချောင်ချောင်က တိုးတိုးလေး မေးသည်။
"အဆင်ပြေပါတယ်၊ စားစရာ၊ သောက်စရာနဲ့ ဖျော်ဖြေရေးတွေ အပြည့်ပဲ။ အိမ်ပြန်ဖို့တောင် မေ့လုနီးပါး ဖြစ်သွားတယ်" လင်းဝမ်ရုံက နောက်ပြောင်လိုက်သည်။
"တကယ်လား" ဒုံချောင်ချောင်၏ မျက်နှာလေးမှာ အနည်းငယ် ညှိုးငယ်သွားသည်။ သူမသည် သူမ၏ နီရဲသော နှုတ်ခမ်းလေးကို သွားဖြူဖြူလေးများဖြင့် ခဲထားပြီး တိုးတိုးလေး ထပ်မေးသည် - "ရှောင်သခင်မလေးကိုရော တွေ့လားဟင်၊ သူက သိပ်လှတာလား"
လင်းဝမ်ရုံမှာ အံ့သြသွားသည်။ သူ ရှောင်အိမ်တော်တွင် ရက်ပေါင်းများစွာ ရှိနေပြီဖြစ်သော်လည်း ရှောင်သခင်မကြီးကိုသာ တစ်ခါတွေ့ဖူးသည်။ ရှောင်အိမ်တော်တွင် သခင်မလေး နှစ်ယောက်ရှိသည်ကိုပင် သူ မေ့နေခဲ့သည်။
"အဲဒီ ရှောင်သခင်မလေးကို လုံးဝ မတွေ့ဖူးဘူးလို့ ငါပြောရင် မင်း ယုံမလား" လင်းဝမ်ရုံက ခါးသက်သက် ပြုံးလိုက်သည်။
"ယုံတာပေါ့" ချောင်ချောင်က သူ၏ မျက်လုံးများကို စိုက်ကြည့်လိုက်ရာ ပါးပြင်လေးများမှာ အနည်းငယ် နီမြန်းသွားပြီး သူမ၏ မျက်ဝန်းထဲတွင် စိတ်ပျက်မှု အရိပ်အယောင်လေး တစ်ခု ဖြတ်ပြေးသွားသည် - "အစ်ကိုကြီး ဘာပဲပြောပြော ကျွန်မ ယုံပါတယ်။ အစ်ကိုဟာ ကမ္ဘာပေါ်မှာ အရည်အချင်းအရှိဆုံး လူတစ်ယောက်ပါ၊ ကျွန်မ အမြဲတမ်း အစ်ကို့ကို ထောက်ခံနေမှာပါ"
ချောင်ချောင်၏ ဝမ်းနည်းနေသော အမူအရာကို မြင်သည့်အခါ လင်းဝမ်ရုံက ခေါင်းကို မတတ်နိုင်သလို ခါလိုက်ပြီး ပြုံးလျက် - "ငါ အမှန်အတိုင်း ပြောတာပါ။ အိမ်တော်ထဲမှာ ၁၀ ရက်ကျော် ရှိနေပြီဖြစ်ပေမဲ့ သခင်မလေးကို မတွေ့ဖူးသေးဘူး။ ပြီးတော့ တွေ့ရင်တောင် ငါက ဘာပြောရမှာလဲ။ ငါက ရှောင်အိမ်တော်က အိမ်အစေခံတစ်ယောက်ပဲလေ၊ သူမကတော့ ချမ်းသာတဲ့ သခင်မလေးပေါ့။ တွေ့ရင်တောင် ပြောစရာ စကားရှိမှာ မဟုတ်ပါဘူး။ မင်းကတော့လေ... အမြဲတမ်း လျှောက်တွေးနေတာပဲ"
ချောင်ချောင်၏ မျက်နှာမှာ ချက်ချင်း ပြန်လည် တောက်ပလာပြီး လင်းဝမ်ရုံကို သံယောဇဉ်ကြီးစွာ ကြည့်လိုက်သည် - "အစ်ကိုကြီး... အမှန်တော့ ကျွန်မ... ကျွန်မ အစ်ကို့ကို တကယ် သတိရနေတာပါ”