အခန်း (၅) ဒါဆို မင်းက မိန်းကလေးပဲကိုး ၂
"ညီလေး ရှောင်... ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့" လင်းဝမ်ရုံ က အေးစက်စက် ပြုံးပြလိုက်ရင်း "မင်းပြောသလိုပဲ ငါက တကယ်ကို ပညာရှိတစ်ယောက် မဟုတ်ပါဘူး" ဟု ဆိုလိုက်သည်။ ရှောင်ချင်းရွှမ် ၏ မျက်ဝန်းထဲတွင် အားနာသွားဟန်ဖြင့် တစ်ခုခု ပြောရန် ပြင်နေသည်ကို မြင်သောအခါ လင်းဝမ်ရုံ က လက်ကာပြရင်း စကားဖြတ်ပြောလိုက်သည်။
ရှောင်ချင်းရွှမ် မှာမူ နှုတ်ခမ်းလေးကို ဖိကိုက်ထားရင်း ဖြူဖွေးသော သွားလေးများ ပေါ်ရုံမျှ လင်းဝမ်ရုံ ကို ပြုံးပြလိုက်မိသည်။ သူ၏ ချောမောသော အသွင်အပြင်ကြောင့် လင်းဝမ်ရုံ ၏ ရင်ခုန်သံမှာ ခဏမျှ စည်းချက်လွဲသွားသော်လည်း သူသည် စိတ်တိုတိုဖြင့် ချက်ချင်း ခေါင်းလွှဲလိုက်သည်။
"တောက်... ဒီမိန်းမလျာကတော့ ငါ့ကို လာပြီး မြူဆွယ်နေတာလား။" လင်းဝမ်ရုံ သည် အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်သွားသော်လည်း ဘာမှတော့ မလုပ်နိုင်ပေ။
ပျို့အန်ချင်စိတ်ကို မနည်းထိန်းကာ စိတ်ပြန်ငြိမ်အောင် လုပ်ပြီးနောက် လင်းဝမ်ရုံ က ဆက်ပြောသည် - "ငါက ပညာရှိတစ်ယောက် မဟုတ်ပေမဲ့ သူတို့ရဲ့ ကျေနပ်သာယာနေတဲ့ ပုံစံကိုတော့ သဘောမတူဘူး။ ဒါပေမဲ့ ငါ သူတို့ကိုတော့ အပြစ်မတင်ပါဘူး၊ ဘာလို့လဲဆိုတော့ ပြဿနာရဲ့ ရင်းမြစ်က သူတို့ဆီမှာ မဟုတ်လို့ပဲ"
"သူတို့ဆီမှာ မဟုတ်ဘူး ဟုတ်လား။" မိန်းမလျာ သခင်လေး ရှောင်ချင်းရွှမ် က မျက်မှောင်ကြုတ်ကာ မေးသည် - "အကိုတော် လင်း ရဲ့ ဆိုလိုရင်းကို ငါ သိပါရစေလား။"
"ရိုးရိုးလေးပါပဲ" လင်းဝမ်ရုံ က ဖြည်းဖြည်းချင်း ပြောလိုက်သည် - "အခု ငါတို့ မြင်နေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ ပြည်သူ့ဘဝ ထင်ဟပ်ချက်ပဲ။ ပြည်သူ့ဘဝ ဆိုတာ တိုင်းပြည် အုပ်ချုပ်ပုံရဲ့ ဘာရိုမီတာ (တိုင်းတာကိရိယာ) ပဲလေ။ အော်... ဘာရိုမီတာ ဆိုတာ ဘာလဲဆိုတာ မင်း နားလည်ရဲ့လား။"
ရှောင်ချင်းရွှမ် က အားနာသည့် အပြုံးလေး ပြုံးပြသဖြင့် လင်းဝမ်ရုံ လည်း သူ့ကို ရှင်းပြမနေတော့ဘဲ ဆက်ပြောလိုက်သည် - "အခု မင်း ဆန်းဝူ ရေအိုင် ပေါ်မှာ မြင်နေရတဲ့ အရာရှိတွေနဲ့ အမျိုးသမီးတွေ အသွားအလာ ရှုပ်ယှက်ခတ်နေတဲ့ မြင်ကွင်းဟာ တိုင်းပြည်ရဲ့ ပြည်သူ့သဘောထား ဦးတည်ချက် ရလဒ်ပဲ"
လင်းဝမ်ရုံ သည် ဤမရင်းနှီးသော နေရာသစ်ကို ယဉ်ပါးခြင်း မရှိသေးသဖြင့် တိုက်ရိုက်ပင် "ဒီတိုင်းပြည်" ဟု သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။
"ပြည်သူ့သဘောထား ဦးတည်ချက်။" ရှောင်ချင်းရွှမ် သည် နောက်ထပ် စကားလုံး အသစ်တစ်ခုနှင့် တိုးပြန်ပြီ ဖြစ်သည်။ သူသည် ချစ်စဖွယ်ကောင်းအောင် မျက်မှောင်ကြုတ်လိုက်ရာ လင်းဝမ်ရုံ ၏ စိတ်ထဲတွင် ရှီရှီး ရင်ဘတ်ကို ဖိထားသည့် ပုံပြင်ကို သတိရသွားစေသည်။
"တောက်... ငါ ဘာလို့ ဒီလောက် ပျို့အန်ချင်စရာကောင်းတဲ့ တင်စားချက်မျိုးကို တွေးမိရတာလဲ။" လင်းဝမ်ရုံ သည် ထိုအတွေးဆိုးကို ဖယ်ထုတ်ရန် ခေါင်းကို အမြန် ခါယမ်းလိုက်သည်။
ရှောင်ချင်းရွှမ် က သူ့ကို ကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်သည် - "Mr. ( ဆရာ ) လင်း... ပြည်သူ့သဘောထား ဦးတည်ချက် ဆိုတာ ဘာကို ပြောတာလဲဆိုတာ ရှင်းပြပေးလို့ ရမလား။"
ဒီကောင်လေးက တကယ့်ကို ပညာလိုလားသူပဲ။ အခုတော့ လင်းဝမ်ရုံ ကို "(Mr.)" ဟုပင် ခေါ်နေပြီ ဖြစ်ရာ ထိုစကားလုံး၏ နောက်ထပ် အဓိပ္ပာယ်ကို သတိရသွားပြီး လင်းဝမ်ရုံ ကျောချမ်းသွားမိသည်။ ဒီမိန်းမလျာလေးရဲ့ ဆရာဖြစ်မယ့်အစား ဘုရားသခင်ကိုပဲ သူ့ကို သင်းကွပ်ပေးဖို့ ဆုတောင်းလိုက်ချင်တော့သည်။ ( Note.Mr. ရဲ့ နောက်ထပ် အဓိပ္ပာယ်က ခင်ပွန်း သို့မဟုတ် လက်တွဲဖော် ပါ )
"ညီလေး... နောက်ဆိုရင် ငါ့ကို 'ဆရာ( Mr. )' လို့ မခေါ်ပါနဲ့လား။ အမှန်အတိုင်း ပြောရရင် ငါက အဲဒီ နာမည်နဲ့ နည်းနည်း ဓာတ်မတည့်လို့ပါ" ဟု လင်းဝမ်ရုံ က မျက်မှောင်ကြုတ်ကာ ဆိုလိုက်သည်။
ရှောင်ချင်းရွှမ် က ခဏမျှ ကြောင်သွားပြီးမှ "ကောင်းပါပြီ ဆရာ လင်း" ဟု ပြန်ထူးသည်။
လင်းဝမ်ရုံ မှာ ဘာမှ မတတ်နိုင်တော့ဘဲ မျက်လုံးကို အပေါ်လန်ကြည့်လိုက်မိသည်။ ဒီ ကောင်ကတော့ တကယ်ကို ပြုပြင်လို့ မရဘူးဘဲ။
ရှောင်ချင်းရွှမ် မှာ သူ အမှားလုပ်မိသွားကြောင်း သတိရသွားပုံရပြီး ဖြူဝင်းသော ကျောက်စိမ်းကဲ့သို့ မျက်နှာလေးမှာ နီမြန်းသွားသည်။ သူက လင်းဝမ်ရုံ ကို အားနာသည့် အပြုံးလေး ပြုံးပြလိုက်သည်။
လင်းဝမ်ရုံ လည်း သူနှင့် ဆက်ပြီး အငြင်းမပွားတော့ပါ။ ဤနေရာသို့ ရောက်လာသည့် တစ်လအတွင်း ယခုကဲ့သို့ စကားအများကြီး ပြောဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သူ အတော်လေး မွန်းကျပ်နေခဲ့ခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ့မှာ အချိန်တွေ အများကြီး ရှိသည်။ ဤကဲ့သို့ စုတ်ပြတ်နေသော နေရာတွင် သူ၏ စကားများကို နားထောင်ပေးမည့်သူ ရှာတွေ့ရန်မှာ မလွယ်ကူလှပေ။
"ပြည်သူ့သဘောထား ဦးတည်ချက် ဆိုတာ သို့မဟုတ် ဝါဒဖြန့်ချိီရေး ဆိုတာကတော့ ဝါဒဖြန့်ချိီတဲ့ ဘက်ကို မင်းက ကောင်းကောင်း ကိုင်တွယ်နိုင်သရွေ့ ဘယ်လို ပြည်သူ့သဘောထားမျိုးကိုမဆို ဖန်တီးလို့ ရတယ်။ အကယ်၍ မင်းက အဲဒီ အရာရှိတွေကို အပျော်အပါးမှာပဲ နစ်မွန်းနေစေချင်ရင်လည်း ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သူတို့ကို ရက်ရောပြီး မျိုးချစ်စိတ် ရှိလာအောင် လုပ်ချင်ရင်လည်း ရတယ်။ အရာရာဟာ နည်းလမ်းတွေကို ဘယ်လောက်အထိ လိုက်လျောညီထွေ သုံးတတ်လဲဆိုတဲ့ အပေါ်မှာပဲ မူတည်တယ်" ဟု လင်းဝမ်ရုံ က အေးအေးဆေးဆေး ပြောလိုက်သည်။
ရှောင်ချင်းရွှမ် မှာ တကယ့်ကို ထက်မြက်သူ ဖြစ်သဖြင့် သူ ဆိုလိုသည်ကို ချက်ချင်း သဘောပေါက်သွားသည်။ သူသည် စိတ်လှုပ်ရှားသွားကာ "ဆရာ လင်း... ပြောချင်တာက ငါတို့က ပြည်သူ့သဘောထားကို ထိန်းချုပ်—" သူသည် စကားတစ်ဝက်တွင် ရပ်တန့်လိုက်သည်။ လင်းဝမ်ရုံ ဆိုလိုသည့် အဓိပ္ပာယ်ကို သူ ကောင်းကောင်း နားလည်သွားပုံရသည်။
ဒီကောင်လေးကတော့ တကယ့်ကို ပါရမီရှင်ပဲ၊ အကဲခတ်လည်း မြန်သလို စကားကိုလည်း အတိုင်းအတာနဲ့ ပြောရမှန်း သိသားပဲ။
လင်းဝမ်ရုံ က အေးစက်စက် ပြုံးကာ "အပျော်အပါးမှာပဲ ယစ်မူးနေမလား၊ ဒါမှမဟုတ် တိုင်းပြည် အကျပ်အတည်းကို ရင်ဆိုင်မလားဆိုတာက အုပ်ချုပ်သူတွေရဲ့ အဆင့်အတန်းပေါ်မှာ မူတည်တယ်။ အခု တိုင်းပြည်က အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပေမဲ့ ဒီအရာရှိတွေက အပျော်အပါးမှာပဲ သာယာနေပြီး ဘာစိုးရိမ်စိတ်မှ မရှိကြတာဟာ အုပ်ချုပ်သူတွေရဲ့ အမှားဆိုတာ ငြင်းလို့မရပါဘူး"
လင်းဝမ်ရုံ သည် ကံတရားကြောင့်သာ ဤနေရာသို့ ခဏရောက်နေသူ ဖြစ်သဖြင့် မိမိကိုယ်ကို ဤနေရာ၏ တစ်စိတ်တစ်ပိုင်းဟု မယူဆထားပေ။ ဧကရာဇ်သည် အထက်တန်းကျသည်ဆိုသော အတွေးမျိုးလည်း သူ့မှာ မရှိသည့်အပြင် ဦးတိုက်ဖို့တောင် စိတ်မကူးသူ ဖြစ်သည်။ သူသည် မွေးရာပါ မောက်မာသူ ဖြစ်သဖြင့် စကားကိုလည်း မဆင်မခြင်ပင် ပြောလိုက်ခြင်း ဖြစ်သည်။
အမှန်စင်စစ် ဘာကိုမှ မကြောက်တတ်သည့် ဤဆံပင်တိုလေးသာလျှင် ရင်ထဲရှိရာကို ပွင့်ပွင့်လင်းလင်း ပြောရဲခြင်း ဖြစ်သည်။ အခြားသူများမှာမူ အတွေးရှိလျှင်ပင် တိုက်ရိုက် ထုတ်ဖော်ပြောဆိုရန် ဝံ့ကြမည် မဟုတ်ပေ။
သစ္စာရှိ နန်းတွင်းသမား တစ်ဦးဖြစ် ပုံရသော ရှောင်ချင်းရွှမ် မှာမူ လင်းဝမ်ရုံ ၏ စကားကို သဘောမကျသည်မှာ သိသာလှသည်။ သူ၏ မျက်နှာမှာ ပျက်သွားကာ အေးစက်စွာ ပြောလိုက်သည် - "ဆရာ လင်း... အကိုတော် လင်း၊ လက်ရှိ အခြေအနေဟာ မင်း စိတ်ကူးထားသလို မဟုတ်ဘူးလို့ ငါ ထင်ပါတယ်။ လက်ရှိ ဧကရာဇ်မင်းမြတ်ဟာ တန်ခိုးအာဏာ အရှိန်အဝါ အတောက်ပြောင်ဆုံး အချိန်ဖြစ်ပြီး တိုင်းပြည်ကို အားသွန်ခွန်စိုက် အုပ်ချုပ်နေတာပါ။ မြောက်ပိုင်းက ရန်သူတွေ ကျူးကျော်နေတာကလည်း ဆိုးကျိုးချည်းပဲ မဟုတ်ပါဘူး။ ငါ သိရသလောက်တော့ လက်ရှိ ဧကရာဇ်မင်းမြတ်ဟာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိပြီး အစိုးရကို ပြုပြင်ပြောင်းလဲနေတယ်၊ အကျင့်ပျက် ခြစားမှုတွေကို နှိမ်နင်းနေတယ်၊ အင်အားတွေကို စုစည်းနေတယ်၊ ပြီးတော့ တိုက်စရာမလိုဘဲ စစ်ကို အနိုင်ရဖို့နဲ့ အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ဖို့ ကြိုးစားနေတာပါ"
ဒီကောင်လေးက အကျပ်အတည်းကြားမှာ အခွင့်အရေးကို ရှာတတ်မဲ့ ပုံပဲ၊ အကဲခတ်လည်း တော်သား။ သူက စကားလုံးကြီးကြီးမားမားတွေ သုံးနေပေမဲ့ လက်ရှိ ဧကရာဇ်မင်းမြတ်ရဲ့ ဘုန်းတန်ခိုး အာဏာအကြောင်း ပြောနေတာတွေက ကလေးကို သွားပြောနေတာနဲ့ အတူတူပါပဲ။ ( ကလေးတွေက ဘာမှ မသိတော့ လိမ်လို့ရတယ်လို့ ပြောတာပါ )
လင်းဝမ်ရုံ သည် ဤနေရာသို့ ရောက်နေသည်မှာ တစ်လသာ ရှိသေးသော်လည်း လက်ရှိ ဧကရာဇ်မှာ အသက် ၆၀ ကျော်နေပြီ ဖြစ်ပြီး ငယ်စဉ်က သောက်စားမူးယစ် ပျော်ပါးခဲ့မှုကြောင့် သားသမီး မထွန်းကားကြောင်း သိထားသည်။ သူ့မှာ မင်းသမီးလေး နှစ်ပါးသာ ရှိရာ ဘုန်းတန်ခိုး တောက်ပနေသည်ဆိုသည်မှာ သက်သက်ညာ နေခြင်းသာ ဖြစ်သည်။ အဲဒီ အဘိုးကြီးက အခုဆိုရင် ပန်းသေပန်းညှိုးတောင် ဖြစ်နေလောက်ပြီ။
သူက အားသွန်ခွန်စိုက် အုပ်ချုပ်နေသလားဆိုသည်မှာလည်း ဧကရာဇ် တစ်ဦးတည်း ဆုံးဖြတ်၍ ရသောအရာ မဟုတ်ပေ။ ပြည်သူ့ဘဝ အခြေအနေက အကောင်းဆုံး သက်သေပင်။ ကျင်းလင် မြို့၏ ခမ်းနားထည်ဝါမှုနှင့် မြောက်ပိုင်း စစ်ပွဲတို့၏ ပြင်းထန်သော ခြားနားချက်ကို ကြည့်လျှင် "အားသွန်ခွန်စိုက် အုပ်ချုပ်ခြင်း" ဆိုသည့် စကားလေးလုံးမှာ ဧကရာဇ်၏ နန်းတွင်းထဲတွင် ပြသရန်အတွက်သာ ဖြစ်ပေလိမ့်မည်။
သခင်လေး ရှောင် ၏ ယုံကြည်ချက် အပြည့်ရှိသော မျက်နှာကို မြင်သောအခါ လင်းဝမ်ရုံ လည်း သူနှင့် ဆက်ပြီး အငြင်းမပွားချင်တော့ပေ။ သူက လှောင်ပြုံး ပြုံးလိုက်ရင်း "အကောင်းအဆိုး ဆိုတာ နောင်လာနောက်သားတွေကပဲ ဆုံးဖြတ်ကြမှာပါ။ ရှောင်ရှောင် (ရှောင်လေး)... မင်းက ဧကရာဇ်အပေါ် ဒီလောက်အထိ ယုံကြည်ချက် အပြည့် ရှိနေမှတော့ မင်းရဲ့ ခံစားချက်တွေ မှန်ကန်ပါစေလို့ပဲ ငါ ဆုတောင်းပေးပါတယ်။ဧကရာဇ်က ပြည်သူတွေကို အကျိုးပြုနိုင်ပါစေ။
ထိုကျားမ မကွဲသော သခင်လေးသည် လင်းဝမ်ရုံ က သူ့ကို "ရှောင်ရှောင်" ဟု ခေါ်လိုက်သည်ကို ကြားသောအခါ တစ်ခါမျှ မကြားဖူးသော နာမည်ဖြစ်သဖြင့် မျက်နှာလေး နီမြန်းသွားသည်။ သူသည် လင်းဝမ်ရုံ ကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
လင်းဝမ်ရုံ ၏ မျက်နှာပြောင်မှုမှာ ထိုသူ၏ အထင်သေးမှုကို ဂရုမစိုက်သော်လည်း သူ၏ ချစ်စဖွယ် အစေခံလေးမှာမူ မျက်နှာတစ်ခုလုံး နီမြန်းကာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး သူ့ကို ထိုးကြိတ်ချင်နေပုံရသည်။
"မင်းက လက်ရှိ ဧကရာဇ်အပေါ်မှာ ဘာယုံကြည်မှုမှ မရှိဘူးလို့ ပြောချင်တာလား။" သခင်လေး ရှောင် ၏ မျက်နှာမှာ ပို၍ပင် ပျက်သွားကာ စကားကို ခပ်နှေးနှေးနှင့် အလေးအနက် ပြောလိုက်သည်။ သူ့ထံမှ သာမန်လူများ မပိုင်ဆိုင်နိုင်သော တည်ရှိမှု အရှိန်အဝါမျိုး ထွက်ပေါ်နေသကဲ့သို့ပင်။
ကံမကောင်းစွာဖြင့် လင်းဝမ်ရုံ မှာ ထိုကဲ့သို့သော အရှိန်အဝါမျိုးနှင့် ဓာတ်မတည့်သူ ဖြစ်သည်။ သူ၏ အမြင်တွင်မူ ထိုလူငယ်၏ အတွေးကလေးမှာ ကလေး စိတ်ကောက်နေသလိုသာ ဖြစ်နေသည်။ သို့သော် သူ၏ မျက်နှာပေါ်တွင် ပေါ်လာသော နီမြန်းသည့် အရောင်ကြောင့် သူသည် ပို၍ပင် ချောမောသွားသယောင် ရှိသည်။
ငါသာ ယောက်ျားချင်း ကြိုက်တဲ့လူဆိုရင် သူ့ကို သိမ်းထားမိမှာပဲ။ ရုတ်တရက် ပေါ်လာသော ထိုအတွေးကြောင့် လင်းဝမ်ရုံ ကိုယ်တိုင်ပင် လန့်သွားမိသည်။ ဒီကျားမ မကွဲတဲ့လူက ဘယ်သူမို့လို့လဲ။ ငါ့ရဲ့ လိင်စိတ်တိမ်းညွှတ်မှုကိုတောင် ပြောင်းလဲပစ်တော့မလို့။
"ယုံကြည်မှု ဟုတ်လား။" လင်းဝမ်ရုံ က သူ့ကို ကြည့်ကာ ပြုံးလိုက်သည် - "ရှောင်ရှောင်... မင်းက အဲဒီ ဧကရာဇ် အဘိုးကြီးအပေါ်မှာ မျှော်လင့်ချက်တွေ သွားမထားပါနဲ့။ လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတာပါ"
"မင်း..." သခင်လေး ရှောင် မှာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ သူက လင်းဝမ်ရုံ ကို လက်ညှိုးထိုးကာ "မင်းက ဧကရာဇ်အပေါ် ဒီလောက် ရိုင်းပျတဲ့ စကားတွေကို ပြောဝံ့တယ်ပေါ့လေ။" ဟု အော်လိုက်သည်။
သူ၏ ဒေါသကြောင့် နားရွက်လေးများမှာလည်း ရဲရဲနီနေသည့် ပုလဲလုံးလေး နှစ်လုံးကဲ့သို့ ဖြစ်နေသည်။
"အော်... ဒါဆို မင်းက မိန်းကလေးပဲကိုး" လင်းဝမ်ရုံ က လွှတ်ခနဲ ပြောလိုက်လေတော့သည်။