အခန်း (၄၉) - မနာလို ဝန်တိုမှုကို မလှုံ့ဆော်နိုင်ရင် မင်းမှာ ပါရမီမရှိလို့ပဲ
"အာ... ဦးလေးဖုရာ၊ ကျွန်တော်က လွတ်လပ်ခွင့်လေး နည်းနည်း ပိုလိုချင်ရုံတင်ပါ။ ဘာလို့ အဲဒီလောက်တောင် သက်ပြင်းတွေ တစီစီ ချနေရတာလဲ" လင်းဝမ်ရုံက ရယ်မောလျက် ဦးလေးဖု၏ အာရုံကို လွှဲလိုက်သည် - "စိတ်ချပါ... ရှောင်မိသားစုက ကျွန်တော့်ကို လိုအပ်နေသရွေ့တော့ ကျွန်တော် တတ်နိုင်သလောက် ကူညီမှာပါ။ ဒါဟာ ဦးလေးရဲ့ ကျေးဇူးကို ဆပ်တဲ့ နည်းလမ်းတစ်ခုပေါ့"
လင်းဝမ်ရုံ၏ နောက်ပြောင်နေသော အပြုံးကို ကြည့်ခြင်းအားဖြင့် သူ၏ စကားများထဲတွင် စစ်မှန်သော အရိပ်အယောင် တစ်စက်မျှ မပါဝင်သလိုပင်။ ဦးလေးဖုက ရယ်မောလိုက်ပြီး - "မင်းကတော့ ငါးရှဉ့်လိုပဲ ချွဲကျိနေတာပဲ ကောင်လေး။ ဘာက အတည်၊ ဘာက နောက်တာလဲ ဆိုတာ ငါခွဲလို့တောင် မရတော့ဘူး"
လင်းဝမ်ရုံက တည်တည်ငြိမ်ငြိမ်ဖြင့် - "ဦးလေးဖု... စိတ်မပူပါနဲ့။ ကျွန်တော်က ပြည့်စုံတဲ့လူတစ်ယောက် မဟုတ်ပေမဲ့ ကျေးဇူးတရား သိတတ်ဖို့နဲ့ ကျေးဇူးဆပ်ဖို့ ဆိုတာကတော့ ကျွန်တော် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်" ဟု ပြောလိုက်သည်။
ဦးလေးဖုက ခေါင်းညိတ်ပြပြီး - "ကောင်းပြီလေ လင်းဆန်း... ဒါဟာ မင်းရဲ့ စကားတွေပဲနော်။ ငါတို့ လူမမှားဘူးလို့ မျှော်လင့်ရတာပဲ"
လင်းဝမ်ရုံက ရယ်မောလျက် - "ကဲ... အဲဒီအကြောင်းတွေ တော်ပြီ။ အဲဒီအစား ဦးလေးဖုက ကျွန်တော့်ကို အပင်တွေအကြောင်း ခွဲခြားတတ်အောင်နဲ့ ဘယ်လို ပြုစုရမလဲဆိုတာ သင်ပေးပါဦး။ ကျွန်တော်က ပန်းခူးရုံပဲ သိပြီး ကြီးလာတဲ့လူလေ"
ဦးလေးဖုက ခါးသက်သက် အပြုံးဖြင့် ခေါင်းခါလိုက်သည်။ ဤလူငယ်မှာ အဆင့်အတန်း ခွဲခြားမှု လုံးဝ ရှိပုံမရပေ။ လင်းဝမ်ရုံသည် ရှောင်မိသားစုကို ကူညီနိုင်မလား၊ မကူညီနိုင်ဘူးလား ဆိုသည်ကိုတော့ တစ်လှမ်းချင်းစီပဲ စောင့်ကြည့်သွားရပေလိမ့်မည်။
နောက်ရက်အနည်းငယ်အတွင်းမှာတော့ ဦးလေးဖုက လင်းဝမ်ရုံကို သစ်ကိုင်းဖြတ်နည်း၊ မြေဆီလွှာ ပြုပြင်နည်းနှင့် အပင်အမျိုးမျိုး၏ သဘောသဘာဝများကို သင်ကြားပေးခဲ့သည်။ လင်းဝမ်ရုံသည် ပန်းစိုက်ခြင်းထက် ပန်းခူးခြင်းကိုသာ ပိုစိတ်ဝင်စားသူ ဖြစ်သော်လည်း သူ၏ မှတ်ဉာဏ်မှာ အလွန်ပင် ကောင်းမွန်လှသည်။ ရက်အနည်းငယ်အတွင်းမှာပင် လင်းဝမ်ရုံသည် ဥယျာဉ်ထဲရှိ အပင်အားလုံးနှင့် ရင်းနှီးသွားပြီး ၎င်းတို့၏ ထူးခြားချက်များကို တစ်ခုချင်းစီ ပြောပြနိုင်သည့်အဆင့်သို့ ရောက်ရှိသွားသည်။ ဦးလေးဖုသည် လင်းဝမ်ရုံ၏ တိုးတက်မှုအပေါ် အတော်လေး ကျေနပ်မိသည်။
ဤအတောအတွင်း လင်းဝမ်ရုံသည် ဦးလေးဖုနှင့်အတူ ဥယျာဉ်ထဲတွင်သာ အချိန်ကုန်ဆုံးပြီး စိတ်ရှည်လက်ရှည် သင်ယူခဲ့သည်။ သူသည် ထမင်းကို ပုံမှန်စားသောက်ပြီး အားလပ်ချိန်များတွင် ခြံဝင်းအတွင်း လှည့်လည်သွားလာတတ်သည်။ ဥယျာဉ်ဌာန၏ အိမ်အစေခံတစ်ဦးအနေဖြင့် လင်းဝမ်ရုံ သည် ဦးလေးဖု၏ လက်အောက်တွင် ဒုတိယ အာဏာအရှိဆုံးသူ ဖြစ်နေသည်။ ဘယ်သူကမျှ သူ့ကို လာမရှုပ်ကြသဖြင့် လင်းဝမ်ရုံ၏ ဘဝမှာ အတော်လေး ဇိမ်ကျနေခဲ့သည်။
သူသည် ရံဖန်ရံခါတွင် စာပေသမားလေး "ရှောင်ဖုန်း" နှင့် ခြံဝင်းအတွင်း ဆုံတတ်သည်။ ရှောင်ဖုန်းမှာ သူ့အပေါ် အလွန်ဖော်ရွေပြီး ဆရာဖြစ်သူ၏ နေ့စဉ် ဆူပူကြိမ်းမောင်းခံရမှုများကို ရင်ဖွင့်တတ်သည်။ လင်းဝမ်ရုံကလည်း ရှောင်ဖုန်းကို အလုပ်ခိုးနားရန် နည်းလမ်းများ ထုတ်ပေးတတ်ရာ သူတို့နှစ်ဦးစလုံးမှာ ပေါ့ပေါ့ပါးပါး
ပင် နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနေကြသည်။
ခွေးဟောင်သံကြား၍ ထွက်ပြေးသွားကြသော အစေခံမလေးများသည် နောက်ဆုံးတွင် လင်းဝမ်ရုံရှိရာသို့ ပြန်ရောက်လာပြီး စကားစမြည် လာပြောကြသည်။ အမှန်တော့ လင်းဝမ်ရုံသည် သူတို့ အရင်က ပစ်သွားခဲ့ခြင်းကို စိတ်ထဲမထားပေ။ သို့သော်လည်း သူက ထိုလျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးအကြောင်း မေးလိုက်တိုင်း အစေခံမလေးများမှာ ကြောက်လန့်တကြားဖြင့် စကားလမ်းကြောင်း လွှဲသွားတတ်ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ အစေခံမလေးများသည် လင်းဝမ်ရုံနှင့် ပိုမိုရင်းနှီးလာကြပြီး အပြန်အလှန် ထိတွေ့မှုများလည်း ပိုမိုများပြားလာခဲ့သည်။
လင်းဝမ်ရုံသည် ဉာဏ်ရည်ထက်မြက်ပြီး ဟာသဥာဏ် ရွှင်သူဖြစ်ကာ အရာရာကို နှံ့စပ်သူဖြစ်သည်။ သာမန်စကားလုံး တစ်လုံးပင် သူ၏ ပါးစပ်ထဲတွင် စိတ်ဝင်စားစရာ ဖြစ်သွားတတ်သည်။ အစေခံမလေးများသည် လင်းဝမ်ရုံ စကားပြောသည်ကို နားထောင်ရသည်ကို နှစ်သက်ကြသည်။ လင်းဝမ်ရုံ သည် စိတ်ဝင်စားစရာကောင်းသော အကြောင်းအရာများစွာကို သိထားပြီး မည်သူမျှ မကြားဖူးသော ဒေသန္တရစကားများကိုလည်း ပြောတတ်သည်။ ပန်းတွေက ဘာလို့နီတာလဲ၊ ကောင်းကင်က ဘာလို့ပြာတာလဲ ဆိုတာကိုလည်း သူ သိနေသည်။
လင်းဝမ်ရုံသည် ရံဖန်ရံခါတွင် ထူးခြားဆန်းပြားသော ကဗျာများကို ရွတ်ပြတတ်သလို စွဲမက်ဖွယ်ကောင်းသော သီချင်းများကိုလည်း ဆိုပြတတ်သည်။ သီချင်း၏ တေးသွားမှာ အလွန်လှပသော်လည်း စာသားများမှာမူ လူကို ပါးပြင်နီမြန်းသွားစေလောက်သည်။
ဤအစေခံမလေးများနှင့် အချိန်အတော်ကြာ အတူရှိနေသည့်အခါ လင်းဝမ်ရုံမှာလည်း လူပျိုသိုးစိတ် ပေါက်လာရသည့် အခိုက်အတန့်များ ရှိလာတတ်သည်။ တစ်ခါတစ်ရံတွင် သူသည် မဖွယ်မရာ ဟာသအချို့ကို မတော်တဆ ပြောမိတတ်သည်။ ထိုအသံကို ကြားလျှင်ပင် ထိုမိန်းကလေးများမှာ မျက်နှာလေးများ နီမြန်းကာ လူစုခွဲသွားကြသော်လည်း ထမင်းတစ်နပ်စာ အချိန်ခန့်အတွင်းမှာပင် သူ့အနားသို့ ပြန်လည် စုရုံးလာကြပြီး အပြင်လောကမှ စိတ်ဝင်စားစရာ ပုံပြင်များကို နားထောင်ကြပြန်သည်။
အတိုချုပ်ပြောရလျှင် မဖွယ်မရာ ဟာသများ မပြောသရွေ့ အရာအားလုံး အဆင်ပြေသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင်မူ လျှို့ဝှက်ချက်များ ပါဝင်သော ဟာသအချို့ကို ရဲတင်းသော မိန်းကလေးအချို့က အဆုံးအထိ ထိုင်နားထောင်ရဲကြလေသည်။
ဤနည်းဖြင့် လင်းဝမ်ရုံ၏ နာမည်မှာ တဖြည်းဖြည်း ပျံ့နှံ့သွားခဲ့ပြီး ရှောင်အိမ်တော်ရှိ အစေခံမလေး အားလုံးမှာ အသစ်ရောက်လာသော ထူးဆန်းသည့် ဥယျာဉ်မှူးလေးအကြောင်းကို သိသွားကြတော့သည် - လင်းဝမ်ရုံ သည် ရုပ်ရည်ချောမောပြီး တက်ကြွသူဖြစ်ကာ အရာရာကို နှံ့စပ်သူ၊ ဂီတ၊ စစ်တုရင်၊ စာပေနှင့် ပန်းချီတို့တွင် ကျွမ်းကျင်ကာ၊ ဟာသဥာဏ်ရှိပြီး အရာရာကို သိမြင်သူ ဖြစ်သည်။
ပို၍ ထူးခြား စေသည်မှာ "လင်းဆန်း" ဟု အမည်ရသော ဤအိမ်အစေခံအသစ်မှာ တခြားအိမ်အစေခံ များကဲ့သို့ မဟုတ်ဘဲ နေ့ခင်းကြောင်တောင် ပင်မတံခါးကြီးကနေ ဝင်လာခဲ့သူဟု သတင်းကြီးနေခြင်းပင်။
ထိုသတင်းများ ပျံ့နှံ့သွားသည့်အခါ လင်းဝမ်ရုံသည် ရှောင်အိမ်တော်ရှိ အစေခံများအကြားတွင် အထင်ပေါ်ဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့ပြီး အချို့က သူ့ကို ရှောင်အိမ်တော်၏ နံပါတ်တစ် ပါရမီရှင်နှင့်
ရိုမန့်တစ်အဆန်ဆုံး အိမ်အစေခံဟုပင် ချီးကျူးကြတော့သည်။ အမှန်တော့ ထိုသို့ ချီးကျူးသူများမှာ အမျိုးသမီးများသာ ဖြစ်ကြသည်။
တခြား အမျိုးသားအိမ်အစေခံများကမူ ထိုသို့ မမြင်ကြပေ။ "ဒီလင်းဆိုတဲ့ ကောင်က ဘာများ ထူးခြားနေလို့လဲ။ မင်းရဲ့ တင်ပါးက ကောင်းကင်ကိုပဲ ထိုးနေပါစေဦး၊ မင်းဟာ ရှောင်အိမ်တော်ရဲ့ အောက်ခြေအဆင့် အိမ်အစေခံတစ်ယောက်ပဲ မဟုတ်လား"
လင်းဝမ်ရုံသည် အိမ်တော်ရှိ အစေခံမလေးများအကြားတွင် ရေပန်းအစားဆုံးသူ ဖြစ်လာခဲ့သလို တခြားအမျိုးသားအိမ်အစေခံများ၏ မနာလိုမှုကို အခံရဆုံးသူလည်း ဖြစ်လာခဲ့သည်။ သို့သော်လည်း လင်းဝမ်ရုံကတော့ ထိုအချက်ကို သတိမထားမိပေ။ လင်းဝမ်ရုံ၏ အမြင်တွင်မူ သူသည် အာဏာ သို့မဟုတ် အကျိုးအမြတ်အတွက် တိုက်ခိုက်နေသူမဟုတ်ဘဲ လွတ်လပ်ပြီး ပျော်ရွှင်သော ဘဝကိုသာ ရှာဖွေနေသူ ဖြစ်သည်။လင်းဝမ်ရုံသည် သူတို့ထဲမှ ဘယ်သူ့ကိုမျှ ရန်စခဲ့ခြင်း မရှိပေ။
လင်းဝမ်ရုံ၏ ရုပ်ရည်၊ ဗဟုသုတနှင့် ပင်မတံခါးကနေ ဝင်လာခဲ့သည့် ဂုဏ်သတင်းတို့ကြောင့် သူ၏ နာမည်မှာ အလျင်အမြန် ပျံ့နှံ့သွားသည်။ ရုပ်ရည် အတန်အသင့်ရှိသော အစေခံမလေးများသည်လည်း နည်းလမ်းအမျိုးမျိုး၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် လင်းဝမ်ရုံအနားသို့ ချဉ်းကပ်ရန် ကြိုးစားလာကြသည်။
"အကိုဆန်း... ဒါက ကျွန်မ အကို့အတွက် တစ်ညလုံး မအိပ်ဘဲ ချက်ထားတဲ့ ကြက်စွပ်ပြုတ်လေးပါ။ ပူတုန်းလေး သောက်လိုက်နော်"
"အကိုဆန်း... ကျွန်မ အကို့အတွက် ငှက်သိုက်စွပ်ပြုတ်လေး လုပ်လာတယ်။ မြည်းကြည့်ပါဦး"
"အကိုဆန်း... ဒါက အကောင်းဆုံး တော်ဝင် ငှက်သိုက်ပဲ။ ကျွန်မ သခင်မကြီးရဲ့ ပန်းကန်ထဲကနေ အကို့အတွက် အထူးသီးသန့် ယူလာပေးတာ"
ခေတ္တမျှအတွင်းမှာပင် လှပသော အမျိုးသမီးများနှင့် ချိုသာသော စကားသံများ၊ ကိုယ်လုံးကိုယ်ပေါက် မျိုးစုံနှင့် သင်းပျံ့သော ရနံ့များကြားတွင် လူတစ်ယောက်အနေဖြင့် အာရုံစူးစိုက်ရန်ပင် ခက်ခဲလာတော့သည်။
တခြား အိမ်အစေခံများမှာမူ လည်ပင်းတဆန့်ဆန့်၊ မျက်လုံးတပြူးပြူးဖြင့် ကြည့်နေကြရသည်။ ဤအဆင့်နိမ့် အိမ်အစေခံအသစ်လေးက ဘာလို့ ဒီလို အခွင့်ထူးခံနေရတာလဲ။
လုပ်ဖော်ကိုင်ဖက်များ၏ မနာလို ဝန်တိုသည့် အကြည့်များကို မြင်ရသည့်အခါ အစေခံမလေးများက သူ့အတွက် စိုးရိမ်ပေးကြသည်။ လင်းဝမ်ရုံက ဒေါသတကြီးဖြင့် - "ကျွန်တော်က ဒီလောက်အထိ အေးအေးဆေးဆေး နေနေတာတောင် သူတို့က မနာလို ဖြစ်နေကြတုန်းလား။ ထားပါတော့လေ... စကားပုံတောင် ရှိသားပဲ၊ မနာလို ဝန်တိုမှုကို မလှုံ့ဆော်နိုင်ရင် မင်းမှာ ပါရမီမရှိလို့ပဲ" ဟု ပြောလိုက်သည်။
ဤစကားကို စေတနာရှင်များက ပြန့်အောင် လုပ်လိုက်ရာ ရလဒ်အနေဖြင့် ရှောင်အိမ်တော်ရှိ အိမ်အစေခံအဖွဲ့အစည်းတစ်ခုလုံးက လင်းဆန်းအပေါ် ဒေါသတကြီးတစ်ခုခု ဆင်နွှဲဖို့ ဆွေးနွေးကျတော့သည်။ တစ်ဖက်တွင်လည်း အစေခံမလေးများက "တောအုပ်ကာကွယ်ရေး တပ်မတော်" (လင်း = တောအုပ်) ကို အလိုလို ဖွဲ့စည်းလိုက်ကြသည်။ နှစ်ဖက်စလုံးမှာ မကြာခဏဆိုသလို အချေအတင် ငြင်းခုံမှုများ ဖြစ်ပွားခဲ့ကြသည်။
လင်းဝမ်ရုံကမူ ထိုကိစ္စများတွင် ပါဝင်ရန် စိတ်မကူးပေ။ အစေခံမလေးများနှင့် အမျိုးသားအိမ်အစေခံများ အချင်းချင်း ငြင်းခုံနေကြသည်ကို သူနှင့်မဆိုင်သလို ကြည့်နေပြီး စားစရာရှိတာစား၊ အိပ်စရာရှိတာအိပ်၊ ကစားစရာရှိတာ ကစားနေတော့သည်။
အစေခံမလေးများမှာ လင်းဝမ်ရုံ၏ ထိုကဲ့သို့သော ပေါ့ပေါ့ပါးပါး အမူအရာကို ပို၍ပင် သဘောကျသွားကြပြီး ဥယျာဉ်ထဲသို့ ပို၍ မကြာခဏ လာရောက်ကြတော့သည်။
လင်းဝမ်ရုံမှာမူ အနည်းငယ် အနေရခက်လာရသည်။ အကြောင်းမှာ မသမာသော ရည်ရွယ်ချက်ရှိသော အချို့သော မိန်းကလေးများမှာ သူသည် စကားပြောရ လွယ်ကူသူဖြစ်ကြောင်း သိသွားပြီး ပို၍ ရဲတင်းသော အပြုအမူများ လုပ်လာကြသောကြောင့်ပင်။
"အကိုဆန်း... ဒါက ဘာပန်းလဲဟင်" ပြည့်ပြည့်ဖြိုးဖြိုးရှိသော အစေခံမလေးတစ်ယောက်က လှပသော ပီယိုနီပန်းတစ်ပွင့်ကို သူမ၏ ရင်ဘတ်နှင့် ခပ်ဖွဖွပွတ်ရင်း မျက်နှာလေး နီမြန်းကာ မူနွဲ့နွဲ့ အသံဖြင့် မေးလိုက်သည်။
"အကိုဆန်း... ဒီနှင်းဆီပန်းလေးက သိပ်လှတာပဲ။ ကျွန်မကို ပန်ပေးလို့ ရမလား" နောက်ထပ် လှပသော မိန်းကလေးတစ်ယောက်က သူမ၏ ခန္ဓာကိုယ်ကို လင်းဝမ်ရုံအပေါ် မှီထားရင်း၊ သူမ၏ ကိုယ်ပိုင် ဆံပင်အလှပြင်ဆရာ ဖြစ်လာရန် စောင့်ဆိုင်းနေသည့်အလား လတ်လတ်ဆတ်ဆတ် ခူးထားသော နှင်းဆီတစ်ပွင့်ကို ကမ်းပေးလိုက်သည်။
"အကိုဆန်း... ဒီဂန္ဓာမာပန်းက ပွင့်တော့မယ်။ ကျွန်မ အဲဒါကို ကျွန်မရဲ့ အခန်းထဲကို ပြောင်းစိုက်ချင်လို့။ အကို ကျွန်မကို ကူပြီး သယ်ပေးလို့ ရမလား"
လင်းဝမ်ရုံမှာ အံ့သြမှင်သက်သွားရသည်။ ရည်ရွယ်ချက်ရှိသော အစေခံမလေး အတော်များများမှာ အပင်များအကြောင်း အကြံဉာဏ်တောင်းသလိုလိုဖြင့် တမင်ဖြစ်စေ၊ မတော်တဆဖြစ်စေ သူ့အနားသို့ ပို၍ နီးကပ်လာကြသည်။ သူတို့ဆီမှ ရရှိသော အလှပြင်ပစ္စည်း နံ့သဲ့သဲ့လေးများက လင်းဝမ်ရုံ၏ ငြိမ်သက်နေသော နှလုံးသားကို ပြန်လည် လှုပ်ခတ်လာစေတော့သည်။