အခန်း (၄၇) လက်သီးချက်များနှင့် ကန်ချက်များ ၂
ကံကောင်းထောက်မစွာဖြင့် ထိုမိန်းကလေးမှာ အတော်လေး ရိုးအပုံရသည်။ သူမသည် လင်းဝမ်ရုံ၏ ထူထဲလှသော တင်ပါးသားများကိုသာ အားရပါးရ ကန်ကျောက်တတ်ပြီး အမျိုးသားတစ်ဦးအတွက် အရေးကြီးလှသည့်ညနေရာများကိုမူ သိရှိပုံမရပေ။ လင်းဝမ်ရုံမှာ စိတ်အေးသွားရပြီးနောက် ရုတ်တရက်ပင် ထိုမိန်းကလေး၏ ကန်ချက်များမှာ အားလျော့သွားသလို ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ယားယားလေးဖြင့် အနှိပ်ခံနေရသလို ဖြစ်လာရာမှ ပင်ပန်းနွမ်းနယ်မှုများက လွှမ်းမိုးသွားပြီး သူသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားလေတော့သည်။
ထိုမိန်းကလေးမှာ ငယ်ရွယ်သူဖြစ်၍ အင်အား သိပ်မရှိလှပေ။ လင်းဝမ်ရုံကို အကြိမ်အနည်းငယ် ကန်ပြီးနောက် သူမကိုယ်တိုင်ပင် မောဟိုက်သွားတော့သည်။ နဖူးမှ ချွေးစလေးများကို သုတ်လိုက်ရင်း လင်းဝမ်ရုံကို ကြည့်လိုက်ရာ ထိုလူငယ်မှာ အိပ်မက်ထဲတွင် ချိုမြိန်စွာ ပြုံးပျော်နေပြီး မြေပြင်ပေါ်၌ သွားရည်များပင် ကျနေသည်ကို တွေ့လိုက်ရသည်။ ဤမျှ အေးချမ်းစွာ အိပ်ပျော်နေသည်ကို မြင်ရသောအခါ သူမ ပို၍ပင် ဒေါသထွက်သွားကာ လင်းဝမ်ရုံ၏ နားရွက်ကို အားဖြင့်လိမ်ဆွဲပြီး - "လင်းဆန်း... အခုချက်ချင်း ထစမ်း" ဟု အော်လိုက်သည်။
လင်းဝမ်ရုံမှာ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်သော်လည်း ထိုမိန်းကလေး၏ မျက်နှာကို သေသေချာချာ မမြင်ရပေ။ မိန်းကလေးမှာ လင်းဝမ်ရုံ၏ အလေးချိန်ကို မထိန်းနိုင်ဘဲ လက်လွတ်သွားရာ လင်းဝမ်ရုံမှာ မြေပြင်ပေါ်သို့ ပြန်လည်ကျသွားပြီး အိပ်စက်ခြင်း နတ်ဘုရားနှင့် ပြန်လည် ဆုံစည်းသွားပြန်သည်။ မိန်းကလေးက လင်းဝမ်ရုံကို ကြည့်ကာ ဒေါသတကြီးဖြင့် - "နင်လို အစေခံယုတ်... မှတ်ထားလိုက်ဦး၊ နင် ပြန်ပေးဆပ်ရစေမယ်" ဟု ရေရွတ်လိုက်သည်။ သူမသည် မကျေနပ်နိုင်သေးဘဲ လင်းဝမ်ရုံကို နောက်ထပ် အကြိမ်အနည်းငယ် ကန်ကျောက်ပြီးမှ အသက်မဲ့နေသော "မိုက်တီးစစ်သူကြီး" ကိုပင် ဂရုမစိုက်တော့ဘဲ ဒေါသတကြီး ထွက်ခွာသွားလေတော့သည်။
လင်းဝမ်ရုံ၏ အိပ်စက်ခြင်းမှာ အလွန်ပင် ချိုမြိန်လှသည်။ အိပ်မက်ထဲတွင် သူသည် ချစ်စဖွယ်ကောင်းသော "ချောင်ချောင်" နှင့် ဆုံတွေ့နေရသည်။ သူမက သူ့အပေါ် ထားရှိသော သံယောဇဉ်များကို ရှက်ပြုံးလေးဖြင့် တိုးတိုးလေး ပြောပြနေသည်။ ချောင်ချောင် ၏ မိန်းကလေးဆန်သော ဆွဲဆောင်မှုမှာ ငြင်းဆန်ရန် ခက်ခဲလှသဖြင့် သူသည် နိုးပင်မနိုးချင်တော့ပေ။ လင်းဝမ်ရုံ အိပ်ရေးက နိုးလာသောအခါ ထိုင်လိုက်ပြီး သမ်းဝေ၍ အကြောဆန့်လိုက်ရာ တစ်ကိုယ်လုံးမှာ ကိုက်ခဲနေတော့သည်။ ဤသည်မှာ ထိုရက်စက်သော ခွေးကြီးကြောင့်ဖြစ်ကြောင်း သတိရလိုက်သောအခါ ဒေါသထွက်မိသော်လည်း တစ်ဖက်တွင်လည်း သူ၏ စွမ်းအားကို လင်းဝမ်ရုံကိုယ်တိုင် အံ့သြကာ ကျေနပ်မိသွားသည်။ လူတစ်ယောက်ကို အစွန်းရောက်အောင် မတွန်းပို့သင့်ပေ။ "ခွေးတောင် ဂျောင်ပိတ်ရိုက်ရင် ကိုက်တတ်သည်" မဟုတ်ပါလား။
ရက်စက်သော ခွေးကြီးအကြောင်း တွေးမိသည်နှင့် ထိုခွေးကို လွှတ်ပေးခဲ့သော မိန်းမဆိုးကိုပါ သတိရသွားသည်။ သူမ၏ အသံမှာ ရင်းနှီးနေသလို ရှိသော်လည်း ဘယ်မှာ မြင်ဖူးသည်ကို သူ စဉ်းစား၍ မရပေ။ ဤနေရာကို ရောက်ကတည်းက လင်းဝမ်ရုံ တွေ့ဖူးသည့် အမျိုးသမီး အရေအတွက်မှာ လက်ငါးချောင်းပင် မပြည့်ပေ။
ပထမဆုံးတစ်ယောက်ကတော့ ယောက်ျားအသွင် ဆောင်ထားပြီး သူ့ကို အသေအလဲ မုန်းတီးနေသည့် "ရှောင်ချင်းရွှမ်" ဖြစ်သည်။ လင်းဝမ်ရုံသည် ခွေးကြီးကို သတ်နိုင်ခဲ့သော်လည်း အင်အားကုန်ခမ်းကာ လဲကျခဲ့ခြင်း ဖြစ်သည်။ သူမ၏ အရည်အချင်းနှင့်ဆိုလျှင် သူ့ကို သတ်ရန် အလွန်လွယ်ကူလှသည်။ ထို့ကြောင့် ထိုမိန်းမဆိုး လေးမှာ ရှောင်ချင်းရွှမ် လုံးဝ မဟုတ်နိုင်ပေ။
နောက်တစ်ယောက်ကတော့ သူ့အပေါ် သံယောဇဉ်ရှိပြီး လိမ္မာပါးနပ်သော "ချောင်ချောင်" ဖြစ်ရာ သူမလည်း မဖြစ်နိုင်ပေ။
'ရှောင်သခင်မကြီးလား...' လင်းဝမ်ရုံ၏ ရင်ခုန်သံ မြန်သွားသည်။ တတိယမြောက် သူတွေ့ဖူးသော အမျိုးသမီးမှာ ရှောင်သခင်မကြီး ဖြစ်သည်။ သူမက သူ့ကို ခွေးနှင့် လွှတ်တိုက်တာ ဖြစ်နိုင်ပါ့မလား။ သူ တွေးရင်းနှင့်ပင် ရယ်ချင်မိသွားသည်။ ရှောင်သခင်မကြီးမှာ ယဉ်ကျေးသိမ်မွေ့ပြီး အဆင့်အတန်းရှိသူ ဖြစ်ရာ ဤကဲ့သို့သော လုပ်ရပ်မျိုး လုပ်ပါ့မလား။ ၎င်းပြင် သူတို့ကြားတွင် မည်သည့် ရန်ငြိုးမျှလည်း မရှိသဖြင့် သူမ လုပ်ရန် အကြောင်းမရှိပေ။
အထပ်ထပ် စဉ်းစားကြည့်သော်လည်း သူ့တွင် မည်သည့် ရန်သူ ရှိသည်ကို လင်းဝမ်ရုံ မမှတ်မိပေ။ ရှောင်အိမ်တော်တွင် ရှောင်သခင်မကြီးအပြင် သူ သိသည်မှာ အစေခံမလေး အချို့သာ ရှိသည်။
လင်းဝမ်ရုံသည် ခေါင်းကိုက်လာသဖြင့် ထိုကိစ္စကို ဆက်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ ရန်သူလာလျှင် ရင်ဆိုင်မည်၊ ရေလာလျှင် မြေဖို့မည်။ သူမကို ကြောက်နေစရာ မလိုပေ။
လင်းဝမ်ရုံသည် မြေပြင်ပေါ်တွင် ဘယ်လောက်ကြာကြာ လဲနေခဲ့သည်ကို မသိပေ။ အားအင်များ တဖြည်းဖြည်း ပြန်ပြည့်လာမှသာ မနည်းရုန်းထ၍ ထလိုက်နိုင်သည်။ ဥယျာဉ်တစ်ခုလုံးမှာ ခွေးနှင့် သူ၏ ပြင်းထန်သော တိုက်ပွဲကြောင့် ပရမ်းပတာ ဖြစ်နေတော့သည်။ လင်းဝမ်ရုံသည် ပင်ပန်းနွမ်းနယ်နေသဖြင့် ထိုအမှိုက်များကို သိမ်းဆည်းရန် စိတ်မပါတော့ပေ။
လင်းဝမ်ရုံက အသတ်ခံလိုက်ရသော ခွေးကြီးနားသို့ လျှောက်သွားကာ - "မင်းက မင်းအဖိုးကို လာရန်စ တာကိုး။ အဲ့လောက် မလွယ်ဘူးလေ၊
မိုက်တီးစစ်သူကြီးဆိုတာ ဒါပဲလား၊ ငါ အလွယ်လေး ဖမ်းမိသွားတယ်" ဟု ခနဲ့လိုက်သည်။ လင်းဝမ်ရုံသည် ပြုံးစိစိဖြင့် "မိုက်တီးစစ်သူကြီး" ကို အထဲသို့ ဆွဲခေါ်သွားပြီး သစ်ကိုင်းနှစ်ခုဖြင့် စင်တစ်ခုပြုလုပ်ကာ ခွေးကြီးကို သေသေချာချာ ချည်နှောင်လိုက်သည်။
ဦးလေးဖု စီစဉ်ပေးထားသော အခန်းမှာ ရိုးရှင်းသော်လည်း လူနေမှု အသုံးအဆောင်များမှာ အစုံအလင် ရှိသည်။ လင်းဝမ်ရုံ ရှာဖွေလိုက်ရာ ဓားငယ်တစ်စင်းကို တွေ့လိုက်ရသည်။ သူသည် အေးစက်စက် ပြုံးလျက် ခွေးကြီးကို အရေခွံဆုတ်၊ အသားများကို အပိုင်းပိုင်းဖြတ်ကာ သေသေချာချာ ဆေးကြောလိုက်တော့သည်။
လင်းဝမ်ရုံ နေထိုင်သော အခန်းတွင် မီးဖို၊ ထင်းနှင့် ဟင်းခတ်အမွှေးအကြိုင်များပင် ရှိသည်။ လင်းဝမ်ရုံသည် ဝမ်းသာအားရဖြင့် ခွေးသားများကို အိုးထဲထည့်ကာ အားရပါးရ ချက်ပြုတ်လေတော့သည်။ သူသည် ယနေ့ ခွေးကြီးနှင့် တိုက်ခိုက်ခဲ့ရပြီး မြေပြင်ပေါ်တွင် တစ်ရေးမှိန်းခဲ့သော်လည်း ပင်ပန်းနေဆဲ ဖြစ်သည်။ အရာအားလုံး ပြီးစီးသွားသောအခါ လင်းဝမ်ရုံသည် အခန်းထဲတွင် နောက်ထပ် တစ်ရေး ထပ်အိပ်လိုက်ပြန်သည်။
အိပ်မက် မက်နေတုန်း အပြင်ဘက်မှ လူတစ်ယောက်၏ အာမေဍိတ်သံကို ကြားလိုက်ရသည် - "သိပ်မွှေးတဲ့ အနံ့ပဲ၊ဒါဟာ တကယ့် အဆင့်မြင့် ခွေးသားအနံ့ပဲ၊" ၎င်းမှာ ဦးလေးဖု၏ အသံ ဖြစ်သည်။ လင်းဝမ်ရုံ ထထိုင်လိုက်ပြီး ရယ်မောလျက် - "ဦးလေးဖု... အလုပ်သွားမလို့လား၊ အလုပ်ဆင်းလာတာလား" ဟု မေးလိုက်သည်။ နေဝင်ရီတရော အချိန်ကျမှ ဦးလေးဖု ပေါ်လာခြင်းဖြစ်ရာ သိသိသာသာပင် အလုပ်ခိုးနားနေခြင်း ဖြစ်သည်။
ဦးလေးဖုက ရယ်မောလျက် - "ဒီနေ့က မင်းအလှည့်လေ၊ မင်းရှိနေမှတော့ ဘာမှ ပြဿနာမရှိပါဘူး။ ဟီးဟီး... လင်းဆန်း၊ မင်းကတော့ တကယ့်ကို ဇိမ်ခံတတ်တာပဲ။ ဒီအသားတွေက ဘယ်သူ့ခွေးကို ခိုးသတ်လာတာလဲ။ အသားကတော့ ရှယ်ပဲ၊ ဒီညတော့ ငါ ကောင်းကောင်း စားရတော့မယ်" ခွေးကို ရိုက်နှက်သတ်ဖြတ်နေစဉ်က ဘယ်ရောက်နေမှန်း မသိသော ဦးလေးဖုမှာ စားရမည်ဆိုတော့မှ တက်ကြွနေတော့သည်။ လင်းဝမ်ရုံသည် ဦးလေးဖုကို စိတ်ထဲမှ အတော်လေး အထင်သေးသွားမိသော်လည်း ဦးလေးဖုမှာမူ ထိုအချက်ကို သတိမထားမိပေ။ သူက လက်ခုပ်တီးလျက် - "အသားကောင်းရင် အရက်ကောင်းလည်း ရှိရမှာပေါ့။ ဟီးဟီး... လင်းဆန်း၊ ဒီနေ့တော့ မင်း ကံကောင်းပြီ။ ငါ သခင်မကြီးရဲ့ အရက်ဂိုဒေါင်ကနေ အိုးတစ်လုံး သွားယူလိုက်မယ်။ ဟီးဟီး... ဒါပေမဲ့ သခင်မကြီးကိုတော့ လုံးဝ သွားမပြောနဲ့ဦး"
ဦးလေးဖုသည် ခွေးသားကို မျက်စိကျနေမှန်း လင်းဝမ်ရုံ သိလိုက်သည်။ ယနေ့ သူ အတော်လေး ထိတ်လန့်ခဲ့ရသဖြင့် စိတ်ပြေလက်ပျောက် အရက်ကလေး နည်းနည်းသောက်ခြင်းက မဆိုးလှဟု တွေးကာ ခေါင်းညိတ် သဘောတူလိုက်သည်။ သိသာလှသည်မှာ ဦးလေးဖုသည် မွေးရာပါ အစားကြူးသူတစ်ဦး ဖြစ်သည်။ အရသာရှိသော ခွေးသားဟင်းကို မျှော်ကိုးကာ သူသည် အမြန်ပင် ပြန်ရောက်လာပြီး မဖောက်ရသေးသော "ရှောက်ရှင်း သမီးပျိုနီ" အရက်အိုးတစ်လုံးကို ခိုးယူလာခဲ့သည်။
လင်းဝမ်ရုံ အရင်က မြည်းစမ်းဖူးသော ပြင်းထန်သည့် အရက်များနှင့် နှိုင်းယှဉ်လျှင် ဤအရက်မှာ နူးညံ့သော်လည်း ကြာရှည် သိုလှောင်ထားသဖြင့် သင်းပျံ့သော ရနံ့ရှိသည်။ လင်းဝမ်ရုံအတွက် အတော်လေး သောက်ရ အဆင်ပြေလှသည်။ သူတို့နှစ်ဦး စားသောက်နေကြစဉ် လင်းဝမ်ရုံက ပြုံးလျက် ရုတ်တရက် မေးလိုက်သည် - "ဦးလေးဖု... ရှောင်အိမ်တော်မှာ ခွေးကို အချစ်ဆုံးက ဘယ်သူလဲဆိုတာ သိလား"
"အာ... ခွေးချစ်တာလား။ အဲဒါကတော့ ဒုတိယ..." ခွေးခြေထောက်တစ်ချောင်းကို ကိုက်နေသော ဦးလေးဖုမှာ ဤစကားကို ကြားလိုက်ရသည်နှင့် တစ်စုံတစ်ခုကို သတိရသွားသလို မျက်နှာမှာ ဖြူဖျော့သွားသည်။ "အပြင်က ခွေးအရေခွံကို ကြည့်ရတာ ရင်းနှီးနေသလိုပဲ။ ဒီခွေးက ငါတို့ အိမ်တော်က ခွေးများလား"
"ကျွန်တော်လည်း အိမ်တော်ကလားတော့ မသေချာဘူး။ ဒါပေမဲ့ ဒီခွေးမှာ အတော်လေး ဟိတ်ဟန်ကြီးတဲ့ နာမည်ရှိတယ်၊ 'မိုက်တီးစစ်သူကြီး' တဲ့" လင်းဝမ်ရုံက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဘာ....မိုက်တီးစစ်သူကြီး ဟုတ်လား" ဦးလေးဖုမှာ ထခုန်ပြီး မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ "လင်းဆန်း... မင်းပဲ ဆက်စားတော့။ ငါ့မှာ အရေးကြီးကိစ္စ ရှိလို့ သွားရဦးမယ်။ ပြီးတော့... ငါ ဒီခွေးသားကို စားခဲ့တယ်ဆိုတာ ဘယ်သူ့ကိုမှ မပြောပါနဲ့။ ငါ တောင်းပန်ပါတယ်... ငါ တောင်းပန်ပါတယ်" ဦးလေးဖု သည် ထွက်ပြေးသွားသော အစေခံမလေးများကဲ့သို့ပင် လင်းဝမ်ရုံနားတွင် တစ်မိနစ်ခန့် ဆက်နေပါက ကံဆိုးမှုများ ရောက်လာတော့မည့်အတိုင်း အမြန်ပြေးထွက်သွားလေတော့သည်။
'သွားတာပဲ ကောင်းပါတယ်' ဟု လင်းဝမ်ရုံ တွေးလိုက်သည်။ သူသည် အရသာရှိသော အစားအသောက်နှင့် အရက်ကို တစ်ယောက်တည်း ဆက်လက် သုံးဆောင်နေပြီး အရှိန်တက်လာကာ ကုတင်ပေါ်သို့ ဖြေးညင်းစွာ ဖြင့် လဲချလိုက်သည်။ မနေ့က တိုက်ခိုက်နေစဉ် တောထဲတွင် မြင်ခဲ့ရသော အပင်တစ်ပင်ကို သူ ရုတ်တရက် သတိရလိုက်သည်။ ထိုအပင်၏ ရနံ့မှာ ရင်းနှီးနေသော်လည်း ဘာလဲဆိုတာ သူ စဉ်းစား၍ မရပေ။ ခဏတာ စဉ်းစားပြီးနောက် အရိပ်အယောင်မျှ မတွေ့သဖြင့် သူသည် နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။ ထိုညသည် ထူးထူးခြားခြား ဆိတ်ငြိမ်အေးချမ်းနေခဲ့လေသည်။