အခန်း (၄၅) မိန်းမပျိုများနှင့် ခွေးတစ်ကောင် ၂
အရင်ဆုံး ပန်းခူးမယ်၊ ပြီးမှ လူချောလေးကို ခူးမယ်တဲ့လား...။ လင်းဝမ်ရုံမှာ ပျော်ရွှင်စွာဖြင့် မျက်တောင်တခတ်ခတ် လုပ်နေမိသည်။ ဤမိန်းကလေးများသည် သာမန် မဟုတ်ကြဘဲ လူဆိုးမလေးများပင် ဖြစ်တော့သည်။
"မိန်းကလေးတို့... ဘာကိစ္စများ ရှိလို့ပါလဲ" လင်းဝမ်ရုံက တံခါးဝတွင် ရပ်လျက် အသံခပ်ကျယ်ကျယ်ဖြင့် ရယ်မောကာ လှမ်းမေးလိုက်သည်။
လင်းဝမ်ရုံကို မြင်လိုက်ရသည်နှင့် အစေခံမလေး အတော်များများမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြသည်။
"အမယ်လေး... သူက ဟိုသတင်းကြီးနေတဲ့ အိမ်အစေခံလေးပဲ" တစ်ယောက်က ရေရွတ်လိုက်သည်။ အစေခံမလေးများမှာ ချက်ချင်းပင် စကားသံများ ဆူညံသွားပြီး သူတို့၏ အကြည့်များကို လင်းဝမ်ရုံအပေါ်တွင် စိုက်ထားကာ ခြေဆုံးခေါင်းဆုံး အကဲခတ်နေကြတော့သည်။
အမျိုးသမီးတစ်ယောက်တည်းသာဆိုလျှင် ဤမျှ ရဲတင်းရန် ရှက်နေမိမည်ဖြစ်သော်လည်း ယခုကဲ့သို့ ဆယ်ယောက်တစ်စု ဖြစ်နေသည့်အခါတွင်မူ သူတို့၏ သတ္တိမှာ အတိုင်းအဆမရှိ ဖြစ်နေသည်။ နောက်ဆုံးတော့ သူတို့အချင်းချင်း လှောင်ကြမည်မဟုတ်သဖြင့် စိတ်တိုင်းကျ ကြည့်ရှုခွင့်ရှိသည်ဟု ခံစားနေကြရခြင်းပင်။
"ရှင်က လင်းဆန်းလား" လင်းဝမ်ရုံ၏ အစေခံ နာမည်ကိုပင် အမိအရ စုံစမ်းထားသည့် အစေခံမလေးတစ်ယောက်က မေးလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော်ပါပဲ။ မိန်းကလေးတို့ကို ဘာများ ကူညီပေးရမလဲ" လင်းဝမ်ရုံက ပြုံးလျက် ပြန်ဖြေသည်။ အမျိုးသမီး ဆယ်ယောက်ရှိနေခြင်းကို သူ ဂရုမစိုက်ပေ။ အဆိုးဆုံးဖြစ်လာလျှင်တောင် သူ အဝတ်အစားတွေ ချွတ်ပေးလိုက်ရုံပဲရှိမှာပါ၊ သူတို့ စိတ်ကြိုက်သာ လုပ်ကြပါစေတော့။
အစေခံမလေးမှာ ပါးပြင်လေးများ နီမြန်းသွားကာ - "လင်းဆန်း... ရှင် ဒီနေ့ တကယ်ပဲ ပင်မတံခါးကြီးကနေ ဝင်လာခဲ့တာလား" ဟု မေးလိုက်သည်။ ဤမေးခွန်းမှာ အိမ်တော်အတွင်းရှိ အစေခံအားလုံးကြားတွင် ရေပန်းအစားဆုံး သတင်းဖြစ်ရာ မိန်းကလေးများမှာလည်း စပ်စုချင်စိတ်ဖြင့် လင်းဝမ်ရုံကို ဝိုင်းကြည့်နေကြခြင်းဖြစ်သည်။
လင်းဝမ်ရုံက ခေါင်းညိတ်ပြလိုက်ပြီး - "ဟုတ်ပါတယ်"
နောက်ထပ် မိန်းကလေးတစ်ယောက်က စပ်စပ်စုစုဖြင့် - "ကျွန်မသိသလောက်တော့ အိမ်အစေခံတိုင်းက ဘေးတံခါးကနေပဲ ဝင်ရတာလေ။ ရှင်က အိမ်တော်ထိန်းကြီး ဝမ်နဲ့ တခြားလူတွေကို မကြောက်ဘူးလား"
လင်းဝမ်ရုံက ခေတ္တစဉ်းစားလိုက်ပြီးမှ ပြုံးလျက် - "လူတိုင်းမှာ ကိုယ့်သိက္ခာနဲ့ကိုယ် ရှိကြတာပါ၊ လူတိုင်းကလည်း လေးစားမှုနဲ့ ထိုက်တန်ပါတယ်။ ရံဖန်ရံခါမှာ သိက္ခာတရားဆိုတာ အသက်ထက်တောင် ပိုအရေးကြီးပါတယ်" ဟု ပြောလိုက်သည်။
အစေခံမလေးများမှာ အနည်းငယ် ဝေခွဲမရ ဖြစ်သွားကြသည်။ သူတို့ နားလည်ထားသည်မှာ အစေခံဖြစ်လာပြီဆိုလျှင် မိမိတို့၏ အသက်ကို သခင်များထံ ပေးအပ်ထားရခြင်းဖြစ်ရာ သိက္ခာတရားအတွက်မူ နေရာဘယ်မှာ ရှိပါဦးမည်နည်း။
လင်းဝမ်ရုံသည်လည်း သူ၏ အတွေးအခေါ်များမှာ သူတို့အတွက် အနည်းငယ် မြင့်မားလွန်းနေသည်ဟု ခံစားမိသဖြင့် ဆက်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက ပြုံးလျက် - "ဒါနဲ့... မိန်းကလေးတို့က ကျွန်တော့်ကို မပြောရသေးဘူးနော်၊ ဘာကိစ္စနဲ့ ဒီကို ရောက်လာတာလဲ။ ဦးလေးဖုကို လာရှာတာလား"
အစေခံမလေးများသည် လင်းဝမ်ရုံ၏ စကားများကို သေသေချာချာ နားမလည်သော်လည်း စိတ်ထဲတွင်တော့ လင်းဝမ်ရုံကို လေးစားမိသွားကြသည်။ နောက်ဆုံးတော့ ရှောင်အိမ်တော်တစ်ခုလုံးမှာ အိမ်တော်ထိန်းကြီး ဝမ်နှင့် သူ၏လူများကို အာခံဝံ့သူ အလွန်နည်းပါးသည်မဟုတ်ပါလား။
"အကိုဆန်း... ကျွန်မတို့ ဦးလေးဖုကို လာရှာတာ မဟုတ်ပါဘူး။ ဒီခြံဝင်းထဲက ပန်းလေးတွေ လာခူးချင်လို့ပါ။ ဦးလေးဖုကိုတော့ ပြန်မပြောပါနဲ့နော်၊ ဟုတ်ပြီလား" နောက်ထပ် ရဲတင်းသော မိန်းကလေးတစ်ယောက်က လင်းဝမ်ရုံကို တစိမ့်စိမ့် ကြည့်ရင်း "အကိုဆန်း" ဟု အလိုလို ခေါ်လိုက်မိပြီး မူနွဲ့နွဲ့ အမူအရာလေး ပြလိုက်သည်။
"ပထမတော့ ပန်းခူးမယ်၊ ပြီးမှ လူချောလေးကို ခူးမယ်... ဟုတ်တယ်မလား" လင်းဝမ်ရုံက နောက်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
အစေခံမလေးများမှာ တစ်ပြိုင်နက်တည်း အသက်ရှူမှားသွားကြပြီး သူတို့၏ စကားများကို လင်းဝမ်ရုံ ကြားသွားမှန်း သိလိုက်ရသဖြင့် မျက်နှာလေးများ နီမြန်းသွားကြသည်။ သူတို့ အတော်လေး အရှက်ရသွားကြသော်လည်း လူအများကြီး ရှိနေသဖြင့် အချင်းချင်း လှောင်ကြမည်ကိုတော့ မစိုးရိမ်ကြပေ။ ခဏတာ တခစ်ခစ် ရယ်မောပြီးနောက် အစေခံမလေးတစ်ယောက်က ရဲရဲဝံ့ဝံ့ပင် - "အကိုဆန်းက သိပ်ဆိုးတာပဲ။ ကျွန်မ အကိုနဲ့ စကားမပြောတော့ဘူး။ ညီအစ်မတို့... ပန်းခူးကြစို့"ဟု ဆိုသည်။
အစေခံမလေးများမှာ ရယ်မောလျက် လင်းဝမ်ရုံကို မေ့ထားကာ ပန်းများ စတင်ခူးကြတော့သည်။
"အကိုဆန်း... ဒီပီယိုနီပန်းလေးကို ကြည့်ပါဦး။ ကျွန်မနဲ့ လိုက်ဖက်ရဲ့လား"
"အကိုဆန်း... ဒီဂန္ဓာမာပန်းစည်းက ကျွန်မ ဝတ်စုံနဲ့ လိုက်ရဲ့လားဟင်"
"အကိုဆန်း... ကျွန်မရဲ့ ခန္ဓာကိုယ် အချိုးအစားက ဒီပီယိုနီပန်းရဲ့ ရင့်ကျက်တဲ့ အလှနဲ့ မတူဘူးလား"
မိန်းကလေးများ၏ ချိုသာသော အသံများမှာ လင်းဝမ်ရုံ၏ နားထဲတွင် ပြည့်နှက်နေသည်။ သူတို့ အတူတူရှိနေသည့်အခါ သူတို့၏ သတ္တိများက ပို၍ ကောင်းလာပုံရပြီး တစ်ဦးနှင့်တစ်ဦး မသိသေးသော်လည်း အားလုံးက လင်းဝမ်ရုံကို "အကိုဆန်း" ဟု ချစ်စနိုး ခေါ်နေကြသည်။
လင်းဝမ်ရုံမှာ အစေခံမလေးများ၏ နွေးထွေးဖော်ရွေမှုကြောင့် အနည်းငယ် ကြောင်အသွားမိသည်။ သူတို့မှာ ရင်သပ်ရှုမောဖွယ် လှပနေသူများ မဟုတ်ကြသော်လည်း အားလုံးမှာ နုပျိုတက်ကြွသော မိန်းကလေးများ ဖြစ်ကြရာ သူ၏ ဘေးပတ်ပတ်လည်တွင် ပျံသန်းနေသော လိပ်ပြာအုပ်ကြီးနှင့် တူနေသည်။ သူတို့၏ သာယာသော အသံများနှင့် စကားလုံးများကြောင့် လင်းဝမ်ရုံမှာ ပန်းပင်များကြားတွင် ဝေဝါးဝါး ဖြစ်လာသလို ခံစားလိုက်ရသည်။
သို့သော်လည်း မကြာမီပင် ဒုက္ခက ရောက်လာတော့သည်။ အစေခံမလေးများမှာ လင်းဝမ်ရုံအပေါ် အလွန် စိတ်ဝင်စားနေကြပြီး သူ့ကို ဘေးသို့ ဆွဲခေါ်ကာ သူ၏ဇာတိ၊ မိသားစု၊ အသက်၊ အိမ်ထောင်ရှိမရှိနှင့် မည်သည့် မိန်းကလေးကို အရင်ဆုံး သဘောကျခဲ့သလဲ စသည့် မေးခွန်းများကို အဆက်မပြတ် မေးကြတော့သည်။ သူတို့၏ မေးခွန်းများမှာ ထက်မြက်ပြီး စပ်စုလွန်းလှသဖြင့် လင်းဝမ်ရုံမှာ ပြန်ဖြေရန်ပင် ခက်ခဲနေတော့သည်။
"မိန်းမပျိုလေး" များစွာ ဝိုင်းနေခြင်းကို ခံနေရသော လင်းဝမ်ရုံမှာ မိမိ၏ ဒုက္ခကို မည်သို့ဖော်ပြရမှန်း မသိတော့ပေ။ ဤသည်မှာ ပျော်ရွှင်မှုထက် အပြစ်ပေးခံရခြင်းနှင့် ပိုတူနေသည်။ ဤမျှ ဆိုးရွားမည်မှန်း သိလျှင် သူ အပြင်သို့ လုံးဝ ထွက်လာခဲ့မည် မဟုတ်ပေ။
"အကိုဆန်း... အကို တစ်ခါမှ 'သခင်မလေး' တစ်ယောက်ကိုမှ တကယ် မကြိုက်ဖူးဘူးလား" မျက်လုံးဝိုင်းဝိုင်းနှင့် နောက်ပြောင်တတ်သော မိန်းကလေးတစ်ယောက်က သူ၏ လျှို့ဝှက်ချက်ကို သိလိုသဖြင့် မေးလိုက်သည်။
"ဟင့်အင်း... မရှိပါဘူး။ ကျွန်တော် တစ်ခါမှ 'သခင်မလေး' တွေကို မကြိုက်ဖူးပါဘူး" လင်းဝမ်ရုံက ဖြောင့်မတ်မှန်ကန်စွာ ပြန်ဖြေလိုက်သည်။ သူ၏ ဇာတိတွင်တော့ 'သခင်မလေး' ( ပြည့်တန်ဆာ )ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်ကို လူတိုင်း သိကြပြီး လင်းဝမ်ရုံမှာတော့ ထိုကဲ့သို့သော အမျိုးသမီးများကို ကြိုက်မည်မဟုတ်သည်မှာ သေချာလှသည်။
'သခင်မလေး' တွေကို မကြိုက်ဘူးဆိုလျှင် အစေခံမလေးတွေကို ကြိုက်သည်ဟု ဆိုလိုတာလား...။ ပြောသူက သတိမထားမိသော်လည်း နားထောင်သူများအဖို့တော့ အဓိပ္ပာယ်က ပို၍ လေးနက်သွားသည်။ အစေခံမလေး အတော်များများမှာ သူ၏စကားကို နားလည်မှုလွဲသွားကြပြီး မျက်နှာလေးများ ချက်ချင်းပင် ရှက်သွေးဖြန်းသွားကြသည်။ ဤလင်းဆန်းမှာ ရုပ်ရည်လည်းချော၊ စကားလည်း ရယ်ရသည်ဖြစ်ရာ အဆင့်နိမ့်အိမ်အစေခံတစ်ဦး မဟုတ်ခဲ့လျှင် ဆွဲဆောင်မှုရှိသော လူတစ်ယောက်ဟု ဆိုရပေမည်။ အစေခံမလေးများ၏ ပါးပြင်လေးများမှာ ပန်းရောင်သန်းသွားပြီး ဘယ်သူမှ လင်းဝမ်ရုံကို တည့်တည့် မကြည့်ရဲကြတော့ပေ။
လင်းဝမ်ရုံမှာမူ သူ၏စကားက ဂယက်ထသွားသည်ကို မသိသေးပေ။ အစေခံမလေးများမှာ ခေါင်းလေးများငုံ့ကာ ငြိမ်သွားသည်ကို မြင်ရသဖြင့် သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် စူးရှသော ဟောင်သံတစ်ခုကို ခပ်သဲ့သဲ့ ကြားလိုက်ရသည်။
"ဒါ ဘာအသံလဲ" လင်းဝမ်ရုံ၏ အကြားအာရုံမှာ အလွန်ကောင်းမွန်ပြီး ထိုအသံမှာ ခွေးဟောင်သံနှင့် တူသဖြင့် ရင်းနှီးနေသည်။ အမျိုးသမီးများသာ အဓိက နေထိုင်သော ရှောင်အိမ်တော်ကြီးထဲတွင် ဘယ်သူက ခွေးမွေးထားပါလိမ့်။ လင်းဝမ်ရုံမှာ မိမိ နားကြားမှားသည်ဟု ထင်ကာ ဇဝေဇဝါ ဖြစ်သွားသည်။
"ဘာအသံလဲ... ဘာအသံလဲ" လင်းဝမ်ရုံ၏ လျှို့ဝှက်ချက်များကို စပ်စုနေသော မျက်လုံးဝိုင်းဝိုင်းနှင့် မိန်းကလေးမှာ ရှက်နေဆဲ မျက်နှာလေးဖြင့် စိုးရိမ်တကြီး မေးလိုက်သည်။
ဟောင်သံမှာ ပို၍ နီးကပ်လာရာ ၎င်းမှာ ခွေးဟောင်သံ အစစ်အမှန်ဖြစ်ပြီး သူတို့ရှိရာဘက်သို့ ဦးတည်လာနေကြောင်း လင်းဝမ်ရုံ အတည်ပြုနိုင်လိုက်သည်။ ရှောင်မိသားစုကဲ့သို့ ချမ်းသာသော မိသားစုများတွင် လုံခြုံရေးအတွက် ခွေးအချို့ မွေးထားတတ်သည်မှာ မဆန်းလှပေ။ လင်းဝမ်ရုံမှာ သူ၏ သံသယကို ဖြေဖျောက်လိုက်သည်။
ဟောင်သံက ပို၍ နီးကပ်လာသည်နှင့် အစေခံမလေးများလည်း ကြားသွားကြပြီး သူတို့၏ မျက်နှာပေးများမှာ တစ်ပြိုင်နက်တည်း ပြောင်းလဲသွားကြသည်။ "မကောင်းတော့ဘူး" သူတို့မှာ မိစ္ဆာတစ်ကောင်ကို မြင်လိုက်ရသလို ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည် - "အကိုဆန်း... ပြေး! ပြေးတော့၊အခုချက်ချင်း မထွက်သွားရင် နောက်ကျသွားလိမ့်မယ်"
လင်းဝမ်ရုံမှာ အံ့သြသွားရသည်။ ခွေးဟောင်သံက ဒီလောက်တောင် ကြောက်ဖို့ ကောင်းလို့လား။ ဘာလို့ ဒီမိန်းကလေးတွေက မျက်နှာတွေ ပျက်သွားရတာလဲ။ သူက ရယ်မောလျက် - "ရပါတယ်... ကျွန်တော် မကြောက်ပါဘူး" ဟု ပြောလိုက်သည်။
အစေခံမလေးများမှာ စိုးရိမ်စိတ်ဖြင့် မျက်နှာများ ဖြူဖျော့ကုန်ကြသည်။ သူတို့သည် လင်းဝမ်ရုံကို တစ်ချက်ကြည့်ကာ ခူးထားသော ပန်းများကို ပစ်ချပြီး လွင့်ပျံသွားသကဲ့သို့ အမြန်ဆုံး ထွက်ပြေးကြတော့သည်။
အစေခံမလေးများ ထွက်သွားသည့်အခါ ကမ္ဘာကြီးမှာ များစွာ တိတ်ဆိတ်သွားပြီး လင်းဝမ်ရုံ၏ နားများမှာလည်း နောက်ဆုံးတွင် အနားရသွားတော့သည်။ သူသည် သက်ပြင်းတစ်ချက်ချလျက် မတတ်သာသလို ခေါင်းခါလိုက်ပြီး လူချောဖြစ်ရခြင်းမှာလည်း အတော်လေး ဒုက္ခများပါလားဟု ကြည်နူးစွာ တွေးနေမိသည်။
ဟောင်သံမှာ ပို၍ ကျယ်လောင်လာပြီး ဥယျာဉ်ထဲသို့ တည့်တည့် ဦးတည်လာနေသလိုပင်။ ဤသည်မှာ ဦးလေးဖု၏ နယ်မြေဖြစ်ရာ ဘယ်သူက ဥယျာဉ်ထဲမှာ ခွေးကို လွှတ်ထားရဲတာလဲ။ သူတို့တွေ ပြဿနာ ရှာချင်နေတာ ဖြစ်ရမည်။
"ဒါ ဘယ်သူ့ တိရစ္ဆာန်လဲ။ ထွက်သွားစမ်း" လင်းဝမ်ရုံ မတ်တပ်ရပ်လျက် ပေါ့ပေါ့ပါးပါးပင် အော်ဟစ်လိုက်သည်။
သို့သော်လည်း သူ လှည့်ကြည့်လိုက်သည်နှင့် ကြောင်အသွားရတော့သည်။ ဤသည်မှာ သာမန်ခွေးတစ်ကောင် မဟုတ်ဘဲ ဝံပုလွေနှင့် ပိုတူနေသည်။ လူတစ်ဝက်ခန့် အရပ်ရှိသော ဝံပုလွေခွေး အကြီးကြီးတစ်ကောင်မှာ စိမ်းဖန့်ဖန့် မျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေသည်။ ထိုခွေး၏ မျက်ဝန်းထဲမှ ရက်စက်ကြမ်းကြုတ်မှုမှာ မြင်ရသူတိုင်း သိနိုင်လောက်ပေသည်။