အခန်း (၄၄) မိန်းမပျိုများနှင့် ခွေးတစ်ကောင် ၁
ရှောင်သခင်မကြီး၏ အပြုံးမှာ ပန်းတစ်ပွင့်ပမာ ပွင့်လန်းနေပြီး အသစ်ခန့်အပ်ခံရသော အိမ်အစေခံ တစ်ဦးချင်းစီထံ ကြင်နာစွာ သွားရောက်ကာ နေထိုင်မကောင်း ရှိမရှိ မေးမြန်းအားပေးနေသည်။ သခင်မကြီးမှာ စီးပွားရေးလောကတွင် တကယ်ကို ဝါရင့်သူဖြစ်ရာ သူမ၏ လုပ်ရပ်မှာ သရုပ်ပြသက်သက် ဖြစ်သော်လည်း ရလဒ်ကောင်းများကို ဖြစ်ပေါ်စေသည်။ စိတ်လှုပ်ရှားလွယ်သော အိမ်အစေခံအချို့မှာဆိုလျှင် သခင်မကြီးကို သူတို့၏ ကျေးဇူးရှင် မိဘသဖွယ် သတ်မှတ်ကာ မျက်ရည်များပင် ဝဲနေကြတော့သည်။
လင်းဝမ်ရုံမှာမူ ဗိုက်ဆာနေသည်မှာ ကြာပြီဖြစ်ရာ သခင်မကြီး ရောက်လာမည့်အချိန်ကို မစောင့်နိုင်တော့ပေ။ သူသည် ထမင်းကို အမြန်ပင် လက်တစ်ဆုပ်စာ ယူကာ ပါးစပ်ထဲ အတင်းထိုးထည့်လိုက်သည်။ သခင်မကြီး သူ၏ရှေ့သို့ ရောက်လာချိန်တွင် လင်းဝမ်ရုံသည် ပူပူနွေးနွေး ထမင်းလုပ်ကြီးကို မြိုချလိုက်ပြီး ပါးစပ်ထဲမှ အစာများကို အားရပါးရ ဆက်လက်ဝါးနေဆဲပင်။
"သခင်မကြီး... ဒါက လင်းဆန်းပါ" အိမ်တော်ထိန်းကြီး ဝမ်က လင်းဝမ်ရုံကို သခင်မကြီးနှင့် မိတ်ဆက်ပေးလိုက်သည်။
ရှောင်သခင်မကြီးက လင်းဆန်းကို တစ်ချက်ကြည့်လိုက်သည်။ သူက ကြည့်ကောင်းသော ရုပ်ရည်ရှိပြီး ပေါ့ပေါ့ပါးပါးနှင့် ချဉ်းကပ်ရလွယ်ကူသော အမူအရာရှိသည်။ သူမက ပြုံးလိုက်ပြီး လင်းဝမ်ရုံကို - "ဒါဆို မင်းက စာချုပ်နဲ့ အလုပ်ဝင်တဲ့ လင်းဆန်းဆိုတာပေါ့" ဟု မေးလိုက်သည်။
လင်းဝမ်ရုံက မတ်တပ်ရပ်လိုက်ပြီး - "ဟုတ်ကဲ့ သခင်မကြီး... ကျွန်တော်က လင်းဆန်းပါ" ဟု ပြန်ဖြေလိုက်သည်။ သူသည် သဘာဝအတိုင်းပင် လက်ကို ကမ်းပေးလိုက်ပြီး သခင်မကြီးကို လက်ဆွဲနှုတ်ဆက်ရန် ပြင်လိုက်သည်။
လင်းဝမ်ရုံ၏ကမ္ဘာတွင် တစ်စုံတစ်ဦးနှင့် လက်ဆွဲနှုတ်ဆက်ခြင်းမှာ အခြေခံ ယဉ်ကျေးမှုတစ်ရပ် ဖြစ်သည်။
ရှောင်သခင်မကြီး၏ မျက်နှာပေးမှာ ချက်ချင်း ပြောင်းလဲသွားပြီး - "မင်း ဘာလုပ်တာလဲ" ဟု အေးစက်စက် မေးလိုက်သည်။
ရှေးလူကြီးများ ပြောလေ့ရှိသည်မှာ ယောက်ျားနှင့် မိန်းမသည် ကိုယ်ထိလက်ရောက် ထိတွေ့မှု မရှိစေရ ဟူ၍ ဖြစ်သည်။ ရှောင်သခင်မကြီးမှာ မိမိကိုယ်ကိုယ် တန်ဖိုးထားပြီး ကျင့်ဝတ်စည်းကမ်းကို အလွန်အလေးထားသော စံပြမုဆိုးမတစ်ဦး ဖြစ်သည်။ လူအများစုက မုဆိုးမအိမ်ရှေ့တွင် ပြဿနာများတတ်သည်ဟု ပြောလေ့ရှိသော်လည်း ရှောင်သခင်မကြီးမှာ နှစ်ပေါင်းများစွာ မုဆိုးမအဖြစ် နေထိုင်လာခဲ့ရာတွင် မည်သည့် အတင်းအဖျင်း သတင်းမျိုးမျှ မထွက်ခဲ့ဖူးချေ။ ထို့ကြောင့် လင်းဝမ်ရုံက လက်ကမ်းလာသည်ကို မြင်သောအခါ သူမ မဒေါသထွက်ဘဲ မနေနိုင်တော့ပေ။
လင်းဝမ်ရုံမှာ မိမိ အမှားကြီး မှားသွားပြီမှန်း သိလိုက်သော်လည်း သူသည် ဉာဏ်ပြေးသူ ဖြစ်သည်။ ချက်ချင်းပင် အစီအစဉ်တစ်ခုကို စဉ်းစားလိုက်ပြီး ကမ်းထားသောလက်ကို ပြန်မရုပ်ဘဲ ရဲရဲဝံ့ဝံ့ပင် - "သခင်မကြီးကို လက်ဆွဲနှုတ်ဆက်မလို့ပါ" ဟု ပြောလိုက်သည်။
"လက်ဆွဲနှုတ်ဆက်တယ်" ရှောင်သခင်မကြီး မျက်မှောင်ကြုတ်သွားသည်။ ဤလူငယ်က ဤမျှ ပွင့်လင်းလိမ့်မည်ဟု သူမ မမျှော်လင့်ထားပေ။
"ဟုတ်ကဲ့... ကျွန်တော့်ဇာတိမှာတော့ လူနှစ်ယောက် ပထမဆုံးအကြိမ် ဆုံကြပြီဆိုရင် လက်ဆွဲနှုတ်ဆက်တာက အခြေခံအကျဆုံး ယဉ်ကျေးမှုပါပဲ" လင်းဝမ်ရုံက ရိုးသားဖြူစင်သော လေသံဖြင့် ပြောလိုက်ပြီး သူ၏မျက်နှာတွင် အန္တရာယ်ကင်းသော အပြုံးတစ်ခု ရှိနေသည်။ လင်းဝမ်ရုံ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်ကြောင့် တခြားသူများက လင်းဝမ်ရုံကို အလွယ်တကူ ယုံကြည်သွားစေသည်။
"မင်း ရဲတင်းလှချည်လား" အိမ်တော်ထိန်းကြီး ဝမ်နှင့် ဒုတိယအိမ်တော်ထိန်း ပန် တို့က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည်။ ဤရိုင်းစိုင်းသော လူငယ်က သခင်မကြီးကို အခွင့်အရေးယူရန် ကြိုးစားနေသည်ဟု ထင်ကာ ဒေါသထွက်နေကြခြင်းဖြစ်သည်။
"ရပါတယ်" ရှောင်သခင်မကြီးက ပြုံးလျက် ပြောလိုက်ပြီး အိမ်တော်ထိန်းနှစ်ဦးကို တားလိုက်သည်။ ရှောင်သခင်မလေး မိသားစုစီးပွားရေးကို မလွှဲပြောင်းယူမီကပင် ရှောင်သခင်မကြီးသည် မိသားစုကိစ္စအားလုံးကို စီမံခန့်ခွဲခဲ့သူဖြစ်သည်။ အရာအားလုံးကို စနစ်တကျ ရှိစေရန် ထိန်းသိမ်းနိုင်သူဖြစ်ရာ သူမသည် သာမန်အမျိုးသမီးတစ်ဦး မဟုတ်ပေ။ အတိအကျပြောရလျှင် သူမသည် မိမိကိုယ်ကိုယ် ကာကွယ်ရန် အမျိုးမျိုးသော အမျိုးသားများနှင့် သူတို့၏ အကြည့်များကို ရင်ဆိုင်ရင်း ကျော်ဖြတ်လာခဲ့သည့် သန်မာသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် မိမိ၏ အကဲခတ်မှုကို ယုံကြည်သည်။ ဤအိမ်စေ၏ အကြည့်မှာ မလေးစားသည့် အရိပ်အယောင်မရှိဘဲ သဘာဝကျနေသဖြင့် သူမ နားလည်မှုလွဲသွားခြင်း ဖြစ်နိုင်သည်ဟု ယူဆလိုက်သည်။
လင်းဝမ်ရုံမှာ လက်ဆွဲနှုတ်ဆက်ချင်ရုံသက်သက်သာ ဖြစ်သဖြင့် သူ၏အကြည့်မှာ ပုံမှန်ပင် ဖြစ်သည်။ မလေးမစား လုပ်လိုသည့်ဆန္ဒမှာ လင်းဝမ်ရုံ၏ စိတ်ထဲတွင် ရှိနေလျှင်ပင် အပြင်ပန်းတွင်တော့ ပေါ်မည်မဟုတ်ပေ။
လင်းဝမ်ရုံသည်လည်း ရှောင်သခင်မကြီးကို အကဲခတ်နေမိသည်။ အနီးကပ်ကြည့်ရသည့်အခါ သူမသည် အမှန်တကယ်ပင် ထူးခြားသော အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်သော အသားအရေနှင့် ဆွဲဆောင်မှုရှိသော မျက်ဝန်းအစုံကို ပိုင်ဆိုင်ထားသည်။ သူမ၏ မျက်ဝန်းထောင့်များတွင် အရေးအကြောင်း တစ်ခုမျှ မရှိသော်လည်း ရှောင်သခင်မကြီး၏ မျက်ခုံးများမှာ ရံဖန်ရံခါ တွန့်ချိုးနေတတ်ပြီး ဖုံးကွယ်ထားသော စိုးရိမ်ပူပန်မှုအချို့ကို ဖော်ပြနေသည်။
'ဒါဟာ တကယ့်ကို သန်မာတဲ့ အမျိုးသမီးပဲ' ဟု လင်းဝမ်ရုံ တွေးလိုက်မိသည်။ သူမသည် လင်းဝမ်ရုံ စျေးကွက်ရှာဖွေရေး မန်နေဂျာအဖြစ် လုပ်ကိုင်စဉ်က တွေ့ခဲ့ဖူးသော သန်မာသည့် အမျိုးသမီးများနှင့် ယှဉ်လျှင်ပင် အားနည်းသူမဟုတ်သည့်အပြင် ပို၍ပင် လှပသေးသည်။
"မင်းရဲ့ဇာတိက ဘယ်မှာလဲ" ရှောင်သခင်မကြီးက မေးလိုက်သည်။ ဤစာချုပ်ဖြင့် အလုပ်ဝင်သူအပေါ် သူမ စိတ်ဝင်စားသွားခြင်း ဖြစ်သည်။ စာချုပ်ဖြင့် အလုပ်ခန့်ခြင်း ဆိုသည့်အရာကို သူမ တစ်ခါမှ မကြားဖူးသော်လည်း ၎င်းမှာ တကယ့်ကို ဆန်းသစ်ပြီး ဖန်တီးမှုရှိသော အကြံဉာဏ်တစ်ခု ဖြစ်သည်။ ဤကဲ့သို့သော အယူအဆကို တင်ပြဝံ့သည့် အိမ်အစေခံအပေါ် သူမ စပ်စုချင်မိသည်။
"ကျွန်တော့်ဇာတိလား၊ အရမ်းဝေးပါတယ်၊ သခင်မကြီးတောင် သိမှာမဟုတ်တဲ့ အဝေးကြီးမှာပါ" လင်းဝမ်ရုံက ပြောလိုက်စဉ် သူ၏မျက်ဝန်းထဲတွင် အထီးကျန်ဆန်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
လင်းဝမ်ရုံသည် ယခုအခါ လေတိုက်ရာ လွင့်ပါနေရသော အမြစ်မရှိသည့် ဗေဒါပင်တစ်ပင်ကဲ့သို့ ဖြစ်နေချေပြီ။
လင်းဝမ်ရုံက အသေးစိတ် ပြောလိုစိတ် မရှိသည်ကို မြင်သဖြင့် ရှောင်သခင်မကြီးက ဆက်မမေးတော့ပေ။ လင်းဝမ်ရုံသည် ရှောင်မိသားစုနှင့် တစ်နှစ်စာချုပ် ချုပ်ထားသူဖြစ်သဖြင့် အိမ်အစေခံတစ်ယောက် ဖြစ်သော်လည်း အချိန်မရွေး ထွက်သွားနိုင်သည်။
'ငါက အိမ်အစေခံတစ်ယောက် ရှောင်မိသားစုကနေ ထွက်သွားမှာကို တကယ်ပဲ စိုးရိမ်နေတာလား' ရှောင်သခင်မကြီးသည် မိမိ၏ အခြေအမြစ်မရှိသော စိုးရိမ်မှုကို ရယ်ချင်မိသွားသည်။ သို့သော်လည်း ရှောင်မိသားစုအနေဖြင့် တွေ့ရှိသမျှ ထက်မြက်သူမှန်သမျှကို ထိန်းသိမ်းထားရန် လိုအပ်သည်ဟူသော အချက်မှာ သူမ၏ စီးပွားရေးလောကမှ ရရှိခဲ့သည့် သင်ခန်းစာပင် ဖြစ်သည်။
ရှောင်သခင်မကြီးက လင်းဝမ်ရုံကို ခင်မင်စွာ ပြုံးပြလိုက်ပြီး လှည့်ထွက်သွားသည်။ သူမသည် သူ့ကို လက်ဆွဲနှုတ်ဆက်ရန်တော့ ဆန္ဒမရှိပေ။ လင်းဝမ်ရုံ၏ဇာတိမှ ဓလေ့ထုံးစံက မည်သို့ပင်ရှိစေကာမူ ဤနေရာသို့ ရောက်လျှင်တော့ ဤနေရာ၏ စည်းကမ်းအတိုင်း နေရမည်ဖြစ်သည်။ အကယ်၍ သူမက အောက်ခြေအဆင့် အိမ်အစေခံ တစ်ယောက်နှင့် လက်ဆွဲနှုတ်ဆက်သည်ဟူသော သတင်းထွက်သွားပါက စံပြမုဆိုးမတစ်ဦးအဖြစ် သူမ၏ ဂုဏ်သိက္ခာမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။
ရှောင်သခင်မကြီးသည် စင်မြင့်ပေါ်သို့ တက်ကာ အသစ်ဝင်လာသော အိမ်အစေခံများအတွက် စိတ်အားထက်သန်သော မိန့်ခွန်းတစ်ရပ်ကို ပြောကြားခဲ့သည်။ သူမက အိမ်အစေခံများ ရောက်ရှိလာခြင်းကို ကြိုဆိုပြီး အလုပ်အပေါ် သစ္စာရှိရန်၊ မိမိ၏ ရာထူးကို မြတ်နိုးရန်နှင့် ရှောင်မိသားစုအတွက် အစွမ်းကုန် ကြိုးစားအားထုတ်ပေးရန် တိုက်တွန်းအားပေးခဲ့သည်။
ထို့နောက်တွင် လင်းဝမ်ရုံသည် ရင်းနှီးနေသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည် - ၎င်းမှာ ဝန်ထမ်းသစ်များ၏ ကိုယ်စားလှယ်တစ်ဦးက မိန့်ခွန်းပြောခြင်း ဖြစ်သည်။ ဤအစီအစဉ်ကို မြင်သောအခါ သူသည် ရယ်ရခက်၊ ငိုရခက် ဖြစ်သွားမိသည်။ လင်းဝမ်ရုံသည် ဖွင့်ပွဲအခမ်းအနားပေါင်းများစွာကို တက်ရောက်ခဲ့ဖူးပြီး အမြဲတမ်း ဤကဲ့သို့သော ရိုးအီနေသည့် အစီအစဉ်များ ပါဝင်လေ့ရှိသည်။ ဤကမ္ဘာတွင်လည်း ထိုအစီအစဉ်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အိမ်အစေခံ အသစ်များကို ကိုယ်စားပြု၍ စင်ပေါ်တက်ကာ မိန့်ခွန်းပြောသည့်သူမှာ တခြားသူမဟုတ်ဘဲ စာအုပ်ကြီးသမား ရှောင်ဖုန်း ဖြစ်နေသဖြင့် လင်းဝမ်ရုံမှာ ရယ်ရလွန်း၍ သီးမတတ် ဖြစ်သွားရသည်။
ရှောင်ဖုန်းသည် တုန်တုန်ရင်ရင်ဖြင့် စင်ပေါ်သို့ တက်လာပြီး အိတ်ထဲမှ ကြိုတင်ရေးသားထားသော စာရွက်ကို ထုတ်ကာ လက်များတုန်ယင်လျက် ဖတ်ကြားလေတော့သည် - "ကြိုးစားအားထုတ်ပါ၊ နေ့စဉ် တိုးတက်အောင် လုပ်ပါ၊ ငါတို့၏ မဟာဟွာ နိုင်ငံတော်ကို ချစ်ပါ၊ ရှောင်မိသားစုကို ချစ်ပါ..."
လင်းဝမ်ရုံသည် သူ၏ပါးစပ်ထဲမှ ထမင်းများကို အကုန်မှုတ်ထုတ်လိုက်မိရာ ဘေးပတ်ဝန်းကျင်မှ ကြည်ညိုလေးစားစွာ နားထောင်နေသော အိမ်အစေခံများ၏ ဒေါသတကြီး အကြည့်များကို ခံလိုက်ရတော့သည်။
အစာစားပြီးနောက် ဥယျာဉ်ထဲရှိ သူ၏ ခြံဝင်းငယ်လေးသို့ ပြန်ရောက်ပြီး အထုပ်အပိုးများကို သိမ်းဆည်းနေစဉ် ဦးလေးဖုကို မတွေ့ရတော့ပေ။ ဤအချိန်တွင် အဘိုးကြီးမှာ လူကြီးများ ထုံးစံအတိုင်း တစ်ရေးတစ်မော အိပ်ပျော်နေလောက်ပြီ ဖြစ်သည်။
လင်းဝမ်ရုံ ကုတင်ပေါ်တွင် လှဲလိုက်ရန် ပြင်လိုက်စဉ်မှာပင် ခြံဝင်းအတွင်းမှ သက်ဝင်လှုပ်ရှားနေသော စကားသံများကို ရုတ်တရက် ကြားလိုက်ရသည်။
"အမယ်လေး... ဒီပီယိုနီပန်းလေးက သိပ်လှတာပဲ၊ ငါနဲ့ တကယ် လိုက်ဖက်တယ်"
"ငါ့အမြင်တော့ အဲဒီ မြေခွေးမြီးမြက်ပင်လေးက နင်နဲ့ ပိုလိုက်ဖက်မယ် ထင်တာပဲ"
"ငါ သေသေချာချာ စုံစမ်းပြီးပြီ၊ ဒီနေ့ အသစ်ဝင်လာတဲ့ အိမ်အစေခံကို ဦးလေးဖုရဲ့ လက်အောက်မှာ ထားတာတဲ့"
"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါလည်း သူ့ကို လာကြည့်တာ။ ကြားတာတော့ သူက အရပ်ရှည်ရှည်၊ မျက်လုံးကြီးကြီးနဲ့ အသားအရေက ကျန်းမာပြီး ယောက်ျားပီသတဲ့ အရှိန်အဝါ အပြည့်ပဲတဲ့..."
"တော်စမ်းပါ... ကိုယ့်ရုပ်ကိုယ်လည်း ပြန်ကြည့်ဦး။ ငါ ပြောပြမယ်၊ ကြားတာတော့ အဲဒီ အိမ်အစေခံ သစ်က တော်တော် ဟိတ်ဟန်ကြီးတာတဲ့၊ အိမ်တော်ထိန်းကြီး ဝမ်ကိုတောင် ဂရုမစိုက်ဘူးတဲ့"
"သူက ဝမ်ကို ဂရုမစိုက်ချင်နေပါ၊ အကယ်၍ ငါသာ သူ့ရဲ့ အုပ်ထိန်းသူဆိုရင်တော့ ငါ့ကိုတော့ ဂရုစိုက်ရမှာပေါ့၊ ဟုတ်တယ်မလား"
"ဟင်း..."
"တော်ပြီ... စကားတွေ များမနေနဲ့တော့၊ အရင်ဆုံး ပန်းခူးကြမယ်၊ ပြီးမှ ချောချောလေးကို ခူးကြတာပေါ့၊ ဟေး..."
လင်းဝမ်ရုံသည် သူ၏ပါးစပ်ကို လက်ဖြင့် အတင်းပိတ်ထားလိုက်ရသည်။ သူသည် နတ်ဘုရားမတွေရဲ့ ဂူထဲကို ရောက်နေပြီး မြေခွေးမလေး တစ်အုပ်နဲ့ တိုးနေသလို ခံစားလိုက်ရသည်။
လင်းဝမ်ရုံ အခန်းထဲမှ ထွက်ကြည့်လိုက်သောအခါ ခြံဝင်းအတွင်း၌ အရွယ်ကောင်းသော မိန်းကလေး အစေခံ တစ်ဒါဇင်ကျော်ကို တွေ့လိုက်ရသည်။ သူတို့အားလုံးမှာ လှပသည်ဟု မဆိုနိုင်သော်လည်း သူတို့၏ နုပျိုမှုက ဆွဲဆောင်မှု ရှိနေသည်။ သူတို့သည် ပန်းခင်းထဲတွင် အလုပ်ရှုပ်နေကြပြီး ပန်းများကို တစ်ပွင့်ပြီးတစ်ပွင့် ခူးဆွတ်နေကြတော့သည်။