အခန်း (၄၃) ရှောင်သခင်မကြီးက တကယ်လှတယ်
သင်းပျံ့သော ပန်းရနံ့များ ဖုံးလွှမ်းနေသည့်အကျော်တွင် ဆိတ်ငြိမ်အေးချမ်းသည့် ခြံဝင်းငယ်လေးတစ်ခု ရှိနေသည်။ ၎င်းကို ပန်းခြံနှင့် လမင်းပုံစံ တံတားခုံးလေးတစ်ခုဖြင့် ပိုင်းခြားထားသည်။ တံတားခုံးကို ဖြတ်ကျော်ဝင်လိုက်သည်နှင့် စိမ်းရောင်အုတ်၊ အနီရောင်အမိုးပြားများဖြင့် ဆောက်လုပ်ထားသော ဆက်လျက်ရှိသည့် တဲအိမ်ငယ်နှစ်လုံးကို မြင်တွေ့ရသည်။ အထဲတွင် ကုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ကုလားထိုင် လေးလုံးသာ ရှိ၏။ အသုံးအဆောင်များမှာ ရိုးရှင်းလှသော်လည်း တခြားနေရာတွင် နေရမည့် သက်ငယ်မိုးတဲများနှင့် နှိုင်းယှဉ်လျှင်တော့ များစွာ သာလွန်လှပေသည်။
လင်းဝမ်ရုံသည် ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်ပြီး ဤသက်သောင့်သက်သာရှိသော နေရာလေးကို သဘောကျမိသွားသည်။ လင်းဝမ်ရုံသည် ဦးလေးဖုကို ရှာရန် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သော်လည်း ထိုအဘိုးကြီးကို မတွေ့ရပေ။
'အလုပ်ခွင်မှာ ခိုးနားနေတာလား' လင်းဝမ်ရုံ စိတ်ထဲမှ တွေးတောရင်း ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီးမှ ကျယ်လောင်စွာ လှမ်းခေါ်လိုက်သည် - "ဦးလေးဖု... ဦးလေးဖု၊ ဘယ်မှာလဲ"
ပန်းပင်များကြားမှ အသံတစ်သံ ထွက်ပေါ်လာသည် - "ငါ ဒီမှာ လင်းဆန်း"
အသံလာရာသို့ လိုက်ကြည့်လိုက်သောအခါ ပန်းပင်များကြားတွင် ဆောင့်ကြောင့်ထိုင်လျက် ပီယိုနီပင်တစ်ပင်ကို ပြုပြင်နေသော ဦးလေးဖုကို တွေ့လိုက်ရသည်။ သစ်ကိုင်းသစ်ရွက်များက ဖုံးကွယ်ထားသဖြင့် လင်းဝမ်ရုံ စောစောက မတွေ့ခြင်းပင်။
လင်းဝမ်ရုံက အားနာဟန် အပြုံးဖြင့် ချဉ်းကပ်သွားကာ - "ဦးလေးဖု... ကျွန်တော် အလုပ်ဝင်ဖို့ ရောက်လာပါပြီ"
ဦးလေးဖုက ခေါင်းညိတ်ပြလျက် - "အေး... တွေ့တယ် လေ။ ငါ့ရဲ့ ဥယျာဉ်ကို ဘယ်လိုမြင်လဲ"
လင်းဝမ်ရုံက ပန်းရနံ့ကို အဝအပြည့် ရှူရှိုက်လိုက်ပြီး - "ပန်းရနံ့က တကယ့်ကို စိတ်ကို တက်ကြွစေတာပဲ။ ဒီပန်းပင်တွေအောက်မှာပဲ အိပ်ပျော်သွားချင်တော့တာပဲ" ဟု အော်ဟစ်ပြောဆိုလိုက်သည်။
ဦးလေးဖုက အားရပါးရ ရယ်မောလိုက်ပြီး - ... မင်း ဒီရနံ့တွေကို ဝအောင် ခံစားရမှာပါ။ နောက်ဆိုရင် ရှောင်မိသားစုရဲ့ ပန်းပင်တွေ ပြုစုပျိုးထောင်ဖို့က မင်းအပေါ်မှာပဲ မူတည်တော့မှာ"
"နေပါဦး... နေပါဦး" လင်းဝမ်ရုံက လန့်ဖျန့်သွားပြီး စကားဖြတ်ပြောလိုက်သည်။ သူက ဒီမှာ အချိန်ဖြုန်းဖို့ပဲ လာတာလေ၊ တကယ်တမ်း ပန်းပင်စိုက်ဖို့ လာတာမဟုတ်ဘူး - "ဦးလေးဖုက ကျန်းမာသန်စွမ်းတုန်းပဲဟာ။ ဒီဥယျာဉ်ကို ဂရုစိုက်ဖို့က ဦးလေးရဲ့ တာဝန်ပဲ ဖြစ်သင့်တာပေါ့။ ကျွန်တော်ကတော့ ဘာမှမသိပါဘူး။ အကယ်၍ ကျွန်တော်က မတော်တဆ အမှားအယွင်းလုပ်မိလို့ ဦးလေးရဲ့ နာမည်ပျက်သွားရင် ကျွန်တော် တာဝန်မယူနိုင်ဘူး။ ဦးလေးဘေးနားကနေ ကူညီပေးတာကပဲ ပိုကောင်းပါတယ်"
ဦးလေးဖုက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး - "မင်းမှာ ကိုယ့်ကိုယ်ကိုယ် အသိစိတ်ရှိတာတော့ ကောင်းပါတယ်။ ငါ့နောက်ကနေ သေသေချာချာ သင်ယူထား။ ဒီပညာသာ တတ်ထားရင် ရှောင်အိမ်တော်မှာ တစ်သက်လုံး စားဝတ်နေရေးအတွက် ပူစရာမလိုတော့ဘူး"
လင်းဝမ်ရုံသည် ရှောင်မိသားစုတွင် တစ်သက်လုံး နေရန် ဆန္ဒမရှိသော်လည်း သူသည် ပါးနပ်သူဖြစ်ရာ အနည်းဆုံး တစ်နှစ်တော့ နေရမည်ကို သိထားသည်။ ဦးလေးဖုသည် လင်းဝမ်ရုံကို အကာအကွယ်ပေးမည့်သူ ဖြစ်နိုင်သဖြင့် ဖားယားရန်တော့ လိုအပ်ပေသည်။
ဦးလေးဖု မတ်တပ်ရပ်သည်ကို မြင်သောအခါ လင်းဝမ်ရုံက ထိုင်ရန် ခုံလေးကို အမြန်ချပေးလိုက်ပြီး အိမ်ထဲသို့ဝင်ကာ ဦးလေးဖု လက်ဆေးရန် ရေယူပေးသည်။ ထို့နောက် လက်ဖက်ရည်ကြမ်းတစ်အိုးကို ကိုယ်တိုင် ဖျော်ပေးပြန်သည်။ နောက်ဆုံးတွင် ခေါက်ယပ်တောင်ကို ထုတ်ကာ ဦးလေးဖုကို ညင်သာစွာ ယပ်ခပ်ပေးရင်း အလွန်အမင်း အလိုက်သိတတ်မှုကို ပြသလေတော့သည်။ ဤသည်မှာ အစောက တံခါးဝတွင် ပြသခဲ့သော ရဲတင်းသည့် အမူအရာနှင့် တခြားစီပင်။
"လင်းဆန်း... အခုက ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီလေ။ ဒီယပ်တောင်က နည်းနည်းတော့ အေးလွန်းမနေဘူးလား" ဟု ဦးလေးဖုက ကြင်နာစွာ သတိပေးသည်။
"ရပါတယ်ဗျ... ရပါတယ်။ ဦးလေးဖုက ငယ်ရွယ်နုပျိုပြီး ခွန်အားတွေ ပြည့်နေတုန်းပဲဟာ။ ဒီလေပြေလေးတွေက ဦးလေးအတွက် ဘာမှမဟုတ်ပါဘူး" ဟု လင်းဝမ်ရုံက အရှက်မရှိ ဖားလေတော့သည်။
ဦးလေးဖုက ဘာမှထပ်မပြောတော့ဘဲ လင်းဝမ်ရုံ၏ ဝန်ဆောင်မှုကို ကျေနပ်စွာ ခံယူနေတော့သည်။
ဦးလေးဖုနှင့် အေးအေးဆေးဆေး စကားပြောဖြစ်စဉ်တွင် သူ ရောက်ရှိနေသော ဥယျာဉ်ဌာန၏ အခြေအနေကို သိရှိလာရသည်။ အိမ်တော်တွင် အစေခံများစွာ ရှိသော်လည်း ဥယျာဉ်ကို ဂရုစိုက်ရန်မှာ သူနှင့် ဦးလေးဖု နှစ်ယောက်တည်းသာ ရှိသည်။ ဦးလေးဖုသည် ဤနေရာတွင် ပန်းပင်ပေါင်းများစွာကို နှစ်ပေါင်း ၃၀ ကျော် ပြုစုလာခြင်းဖြစ်ပြီး တစ်ယောက်တည်း အလုပ်လုပ်ရသည်ကို ကျင့်သားရနေသဖြင့် သခင်မကြီးနှင့် သခင်မလေးတို့က အကူအညီပေးရန် ကမ်းလှမ်းချက်များကို အမြဲတမ်း ငြင်းပယ်ခဲ့သူဖြစ်သည်။ ယခုအခါ အသက်အရွယ်ကြီးရင့်လာခြင်းနှင့် လင်းဝမ်ရုံကို သဘောကျမိခြင်းကြောင့်သာ အကူအညီ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။
ဤသည်ကို သိလိုက်ရသောအခါ လင်းဝမ်ရုံမှာ စိတ်ဓာတ်ကျသွားသည်။ ဦးလေးဖုက မာနကို ဆုပ်ကိုင်ထားပြီး ဒုက္ခခံနေခြင်းပင်။ သေချာပေါ့... ခြံဝင်းအတွင်းရှိ မရေမတွက်နိုင်သော ပန်းပင်များကို ဂရုစိုက်ရမည့် တာဝန်က လင်းဝမ်ရုံအပေါ်သို့ ကျရောက်တော့မည် ဖြစ်ရာ သူ အတော်လေး စိတ်ညစ်သွားမိသည်။
သဘာဝအတိုင်းပင် ဦးလေးဖုမှာ လင်းဝမ်ရုံ၏ အတွေးကို မသိပေ။ သူတို့နှစ်ဦးမှာ စရိုက်ချင်း ဆင်တူသဖြင့် ဦးလေးဖုက သူ၏ အတိတ်က ဂုဏ်ယူစရာ အကြောင်းများကို လင်းဝမ်ရုံအား ဖောက်သည်ချလေတော့သည်။ သူ တစ်ယောက်တည်း ဥယျာဉ်ကို ဘယ်လိုစီမံခဲ့ကြောင်း၊ ဝန်ကြီးချုပ်၏ ချီးမွမ်းမှုကို ရရှိခဲ့ပြီး ငွေပြား များစွာ ဆုလာဘ်ရခဲ့ပုံများကို ပြောပြနေသည်။
လင်းဝမ်ရုံကတော့ ဦးလေးဖု၏ သမိုင်းကြောင်းများကို စိတ်မဝင်စားပေ။ လင်းဝမ်ရုံသည် ပန်းခင်းဘေးတွင် မှီလျက် ငိုက်မြည်းနေပြီး သူ၏အောက်တွင် ပီယိုနီပန်း အချို့ကို ဖိမိထားသည်ကိုပင် သတိမထားမိပေ။
ဦးလေးဖု စကားပြောပြီးသောအခါ မွန်းတည့်ချိန် ရောက်နေပြီဖြစ်သည်။ ဦးလေးဖုတို့လို ဝါရင့
အစေခံများအတွက် သခင်မကြီးက သီးသန့်နေထိုင်စရာ စီစဉ်ပေးထားသဖြင့် သူတို့သည် ဤခြံဝင်းလေးတွင် မနေကြကြောင်း သိလိုက်ရသည်။
ထို့ကြောင့် ဤခြံဝင်းငယ်လေးမှာ မကြာမီ လင်းဝမ်ရုံ၏ ကိုယ်ပိုင်နယ်မြေ ဖြစ်လာတော့မည်ဖြစ်သည်။ လင်းဝမ်ရုံ ကြားခဲ့ရသမျှ သတင်းများထဲတွင် ဤအချက်ကသာ သူ့ကို အနည်းငယ် စိတ်လှုပ်ရှားစေခဲ့သည်။
နေ့လယ်စာ စားချိန်ရောက်သဖြင့် လင်းဝမ်ရုံသည် ထမင်းပန်းကန်ကို ကိုင်ကာ အစေခံများ ထမင်းစားဆောင်သို့ လျှောက်လာခဲ့သည်။
ဦးလေးဖုက လင်းဝမ်ရုံကို အစေခံများ၏ စည်းကမ်းများအကြောင်း ရှင်းပြထားပြီးဖြစ်သည်။ အထူးသဖြင့် ဂုဏ်သရေရှိ အိမ်တော်များတွင် အစေခံများသည် သခင်များ စားပြီးမှ စားရပြီး သခင်များ အိပ်မှ အိပ်ရခြင်းဖြစ်သည်။ ထမင်းစားဆောင်မှာ ရိုးရှင်းသော စားသောက်ဆိုင်နှင့် တူပြီး အလုပ်သမားများအတွက် အစားအသောက် ကျွေးမွေးရန် သတ်မှတ်ထားသော နေရာဖြစ်သည်။ ယနေ့ အစားအသောက် ကျွေးချိန်မှာ အနည်းငယ် နောက်ကျသဖြင့် လင်းဝမ်ရုံမှာ ဗိုက်အတော် ဆာနေပြီ ဖြစ်သည်။
ထမင်းစားဆောင်ထဲသို့ ဝင်လိုက်သောအခါ သစ်သားစားပွဲ၊ ကုလားထိုင်များနှင့် အစားအသောက် အိုးကြီးအချို့ကို တွေ့ရသည်။ ဆိုင်းဘုတ်ကြီးနှစ်ခုက အလယ်အလတ်အဆင့်နှင့် အောက်ခြေအဆင့် အစေခံများအတွက် ထိုင်ခုံနေရာများကို ခွဲခြားပြသထားသည်။ အဆင့်မြင့်အစေခံများမှာမူ ဤနေရာတွင် စားလေ့မရှိဘဲ သူတို့၏ အဆင့်အတန်းအရ လက်အောက်ငယ်သားများနှင့် ရောနှောမစားကြပေ။
အလယ်အလတ်အဆင့် နေရာတွင် လူတစ်ဒါဇင်ခန့် ရှိနေပြီး အများစုက အသစ်ဝင်လာသူများကို လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြသည်။ အောက်ခြေအဆင့် နေရာတွင်မူ လူ ၃၀ မှ ၄၀ ခန့်အထိ ပြည့်နှက်နေသည်။ လူထောင်ချီ၍ အင်တာဗျူးလာဖြေခဲ့ကြသော်လည်း လူအနည်းငယ်သာ ရွေးချယ်ခံရခြင်းဖြစ်သည်။ လင်းဝမ်ရုံသည် အရွေးမခံရသူများအတွက် မတရားသဖြင့်ဟု ခံစားမိသည်။ ဤဖြစ်ရပ်တစ်ခုလုံးမှာ ရှောင်မိသားစု၏ ကြော်ငြာလှည့်ကွက်တစ်ခုသာဖြစ်ပြီး ၎င်းမှာ ထက်မြက်သော ရှောင်သခင်မလေး၏ လက်ချက်ဖြစ်မည်မှာ သေချာလှသည်။
လင်းဝမ်ရုံသည် ဤရှောင်သခင်မလေးကို စိတ်ဝင်စားမိသည်။ သူမကဲ့သို့ သန်မာပြီး လွတ်လပ်သော အမျိုးသမီးမျိုးမှာ သူ ပိုးပန်းချင်သော၊ အောင်နိုင်ချင်သော အမျိုးအစားမျိုး ဖြစ်သည်။ ထို့ပြင် သူမ၏ ပုံတူပန်းချီကို အသုံးပြု၍ သူ ငွေအတော်အတန် ရခဲ့သဖြင့် သူမကို ကျေးဇူးတင်သင့်သည်ဟု လင်းဝမ်ရုံ ခံစားရသည်။ လင်းဝမ်ရုံ ပြုံးစိစိဖြင့် ထမင်းပန်းကန်ကို ဖြည့်ကာ စားရန်ပြင်လိုက်စဉ်မှာပင် အနီးအနားမှ ဆူညံသံတစ်ခု ကြားလိုက်ရသည် - "သခင်မကြီး လာပြီဟေ့...သခင်မကြီးက အစေခံသစ်တွေကို လာကြည့်တာပဲ"ဟု အံ့ဩတကြီး အော်ပြောလိုက်သည်။
ရင့်ကျက်ပြီး လှပသော အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။ သူမဆီမှ နွေးထွေးပြီး ကျော့ရှင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည် - ၎င်းမှာ ရှောင်သခင်မကြီး ဖြစ်သည်။ လင်းဝမ်ရုံသည် သူမကို အစောပိုင်းက တစ်ချက်သာ မြင်ဖူးသော်လည်း အနီးကပ်မြင်ရသည့်အခါ ရှောင်သခင်မကြီးမှာ အမှန်တကယ်ပင် ရင်သပ်ရှုမောဖွယ် လှပနေသည်။ မျက်ခုံးကွေးညွှတ်ညွှတ်၊ မျက်တောင်ရှည်ရှည်၊ နီမြန်းသော နှုတ်ခမ်းနှင့် နူးညံ့ချောမွေ့သော အသားအရေတို့မှာ အသက် ၄၀ ကျော် အမျိုးသမီးတစ်ဦးနှင့် လုံးဝ မတူပေ။ ယင်းအစား အသက် ၃၀ ခန့်ရှိ ဆွဲဆောင်မှုရှိသော၊ ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးနှင့် ပိုတူနေသည်။ သူမ၏ ပုံရိပ်တွင် ဖုံးကွယ်ထားသော အားငယ်မှုအချို့က သူမကို ပို၍ ဆွဲဆောင်မှု ရှိစေသည်။
လင်းဝမ်ရုံသည် ရှောင်သခင်မကြီး၏ အလှကို စိတ်ထဲမှ အသိအမှတ်ပြုလိုက်မိသည်။ ရှောင်အိမ်တော်ကို ဝင်ရန် လူများစွာ အလုအယက် ဖြစ်နေကြသည်မှာလည်း မဆန်းတော့ပေ။ အိမ်တော်ထိန်းကြီး ဝမ်နှင့် ဒုတိယအိမ်တော်ထိန်း ပန် တို့ ခြံရံထားသော သခင်မကြီး၏ အဆင့်အတန်းမှာ သိသာလှသည်။ မုဆိုးမတစ်ဦးအနေဖြင့် သမီးနှစ်ယောက်ကို ပြုစုပျိုးထောင်ရင်း ကြီးမားလှသော ရှောင်အိမ်တော်ကို စီမံခန့်ခွဲနေရသည့် သူမ၏ စိန်ခေါ်မှုများကို လင်းဝမ်ရုံ တွေးတောမိကာ သူမအပေါ် လေးစားမှု အချို့ ဖြစ်ပေါ်လာသည်။ အမှန်ပင် အရည်အချင်းရှိသူများသည် အမြဲတမ်း လေးစားမှုကို ရရှိစေတတ်ပေသည်။