အခန်း (၄၁) ရှောင်အိမ်တော်သို့ စတင်ဝင်ရောက်ခြင်း ၂
တံခါးရှေ့မှ အိမ်အစေခံနှစ်ယောက်မှာ လင်းဝမ်ရုံကို အတန်ကြာကတည်းက စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ လင်းဝမ်ရုံ အနားသို့ ချဉ်းကပ်လာသည်နှင့် သူတို့က လမ်းကို ချက်ချင်းပိတ်လိုက်ပြီး "မင်း ဘာလုပ်တာလဲ။ မင်းက အစဉ်အလာ ကို နားလည်မှုရော ရှိရဲ့လား။ ဒီလောက် မိုက်ရိုင်းရဲတဲ့ လူငယ်မျိုးငါတို့ မမြင်ဖူးဘူး" ဟု ပြောဆိုကြသည်။
လင်းဝမ်ရုံက "အစဉ်အလာ၊ ဘာအစဉ်အလာလဲ။ ငါက ရှောင်အိမ်တော်ရဲ့ အသစ်ခန့်အပ်ခံရတဲ့ အိမ်အစေခံပဲ၊ အလုပ်ဝင်ဖို့ လာတာ" ဟု ပြန်ပြောလိုက်သည်။
အသစ်ဝင်လာသူ၏ မာန်တက်မှုကို မြင်ရသောအခါ အိမ်အစေခံနှစ်ယောက်က နှာခေါင်းရှုံ့လျက် "တကယ့်ကို ဆုံးမရခက်တဲ့ သတ္တဝါပဲ။ ဒီနေ့တော့ ငါတို့ရဲ့ နည်းလမ်းတွေကို မင်း သင်ယူရလိမ့်မယ်။ ရှောင်အိမ်တော်ထဲကို ဝင်ချင်ရင် ငါတို့ရဲ့ စည်းကမ်းတွေကို လိုက်နာရမယ်။ အိမ်အစေခံသစ်တွေနဲ့ ခွေးတွေ အားလုံးက ဘေးတံခါးကနေပဲ ဝင်ရတယ်"
ထိုလူနှစ်ယောက်မှာ လင်းဝမ်ရုံ၏ ကံဆိုးမှုကို ကြည့်ကာ ပျော်ရွှင်နေပုံရသည်။ သူတို့ကိုယ်တိုင်လည်း အိမ်တော်သို့ စတင်ဝင်ရောက်စဉ်က အလားတူ အရှက်ခွဲမှုကို ခံခဲ့ရဖူးပြီး ထိုအချိန်မှစ၍ တခြားသူများရှေ့တွင် သူတို့ကိုယ်သူတို့ နိမ့်ကျသည်ဟု ခံစားခဲ့ရသူများ ဖြစ်သည်။ ယခုအခါ သူတို့၏ ခြေရာကို လိုက်နင်းမည့်သူ တွေကို တွေ့လိုက်ရသဖြင့် ပုံမှန်မဟုတ်သော ပျော်ရွှင်မှုကို ခံစားနေကြရခြင်း ဖြစ်သည်။
လင်းဝမ်ရုံက အေးစက်စက် ရယ်မောလိုက်ပြီး "တံခါးဆိုတာ လူလျှောက်ဖို့ လုပ်ထားတာပဲ။ ဒီနေ့တော့ ငါက ပင်မတံခါးကြီးကနေပဲ ဝင်မယ်။ မင်းတို့နှစ်ယောက် ငါ့လမ်းက ဖယ်စမ်း"
"မင်း... မင်း... ဘယ်လောက်တောင် ရဲတင်းလိုက်သလဲ" အိမ်အစေခံနှစ်ယောက်မှာ ဒေါသတကြီးဖြင့် "မင်းလို အောက်ခြေအဆင့် အိမ်အစေခံတစ်ယောက်က ငါတို့ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့လေ။ ငါတို့ အကြောင်းပြရသေးတာပေါ့"
"ဒါဆို မင်းတို့ကရော ဘာကောင်တွေမို့လို့လဲ" လင်းဝမ်ရုံက စိန်ခေါ်လိုက်သည်။
"သေချာကြည့်စမ်း၊ ငါတို့က အလယ်အလတ်အဆင့် အိမ်အစေခံတွေကွ" ထိုလူနှစ်ယောက်မှာ သူတို့၏ ရင်ဘတ်မှ တံဆိပ်များကို ဆွဲပြလိုက်ရာ ၎င်းတွင် 'အလယ်အလတ်' ဟူသော စာလုံးများ ပါရှိနေသည်။ ထိုအခါမှသာ လင်းဝမ်ရုံသည် သူ၏ ရင်ဘတ်တွင်လည်း 'အောက်ခြေ' ဟု ရေးထိုးထားသော တံဆိပ်တစ်ခု ရှိနေသည်ကို သတိထားမိတော့သည်။
လင်းဝမ်ရုံမှာ ခါးခါးသီးသီးပင် ရယ်မောလိုက်မိသည်။ ဒါက ဘာကြီးလဲ။ အိမ်စေတွေမှာတောင် အဆင့်အတန်းတွေ ရှိ နေသေးတာလား၊ သူတို့အတွက်လည်း ရာထူးတိုးတာတွေ၊ စာမေးပွဲတွေ ရှိနေတာလား။ ရှောင်အိမ်တော်က အဘိုးကြီးဝေ့သည် ဝါရင့်အိမ်စေတစ်ဦး ဖြစ်သဖြင့် သူသည် 'အဆင့်မြင့်' ဘွဲ့ထူးကို ရထားပုံရသည်။ အသစ်ဝင်လာသူဖြစ်သည့် လင်းဝမ်ရုံမှာမူ သဘာဝအတိုင်း 'အောက်ခြေ' အိမ်အစေခံသာ ဖြစ်သည်။
စိတ်အနှောင့်အယှက် ဖြစ်သွားသဖြင့် လင်းဝမ်ရုံက "မင်းတို့ရဲ့ အဆင့်အတန်းတွေကို ငါ ဂရုမစိုက်ဘူး။ ငါသိတာက ငါက တခြားသူတွေနဲ့ မတူဘူး၊ ငါက စာချုပ်နဲ့ အလုပ်လုပ်တဲ့သူ "ဟု လင်းဝမ်ရုံက ဒေါသတကြီး ပြောလိုက်သည်။
"စာချုပ်နဲ့ အလုပ်လုပ်တဲ့သူ" ထိုလူနှစ်ယောက်မှာ တွေဝေသွားကြသည်။ ဤစကားလုံးနှင့် သူတို့ ရင်းနှီးပုံမရပေ။
လင်းဝမ်ရုံက ရှင်းပြနေရန် အချိန်မရှိသဖြင့် ထိုလူနှစ်ယောက်ကို ဘေးသို့ တွန်းဖယ်ကာ အိမ်တော်တံခါးအတွင်းသို့ ခြေလှမ်းကျယ်ကျယ်ဖြင့် လှမ်းဝင်လိုက်သည်။
ထိုလူနှစ်ယောက်မှာ ကြောင်အသွားကြသည်။ ရှောင်အိမ်တော်ထဲသို့ ဤမျှ ရဲတင်းစွာ ဝင်ရောက်ဝံ့သော 'အောက်ခြေ' အိမ်အစေခံမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။
"လက်ခံနိုင်စရာ မရှိဘူး" သူတို့ အော်ဟစ်ကာ လင်းဝမ်ရုံ၏ လက်မောင်းကို လှမ်းဖမ်းကြသည်။ "ရပ်စမ်း၊မင်း ဝင်လို့မရဘူး အောက်ခြေအဆင့် အိမ်အစေခံတွေနဲ့ ခွေးတွေကို ဝင်ခွင့်မပြု..."
"ငရဲသွားလိုက်စမ်း" လင်းဝမ်ရုံက လက်သီးကို မြှောက်ကာ တစ်ယောက်၏ နှာခေါင်းတည့်တည့်ကို ထိုးလိုက်ပြီး ကျန်တစ်ယောက်၏ ဝမ်းဗိုက်ကိုလည်း လျင်မြန်စွာ ကန်လိုက်သည်။ ရန်ပွဲနှင့် ပတ်သက်လာလျှင် သူသည် မည်သည့်အခါမျှ အရှုံးမခံတတ်ပေ။
လင်းဝမ်ရုံ၏ လှုပ်ရှားမှုများမှာ လျှပ်စီးပမာ မြန်ဆန်လှသဖြင့် အိမ်စေနှစ်ယောက်မှာ သူတို့၏ နယ်မြေအတွင်း၌ သူတို့ကို ရိုက်နှက်ဝံ့သူ ရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ သူတို့သည် လှေကားထစ်များပေါ်မှ လိမ့်ကျသွားပြီး နာကျင်စွာ အော်ဟစ်ကြတော့သည်။
လင်းဝမ်ရုံက မြေကြီးပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်ပြီးမှ နီရဲသော တံခါးကြီးကို ဖြည်းဖြည်းချင်း တွန်းဖွင့်လိုက်သည်။
'ရှောင်အိမ်တော်ထဲကို ငါ ရောက်ပြီ' လင်းဝမ်ရုံ စိတ်ကျေနပ်မှုအပြည့်ဖြင့် အထဲသို့ လှမ်းဝင်လိုက်သည်။
"အောက်ခြေအဆင့် အိမ်အစေခံက လူတွေကို ရိုက်နေတယ်ဗျို့....
အောက်ခြေအဆင့် အိမ်စေက လူတွေကို ရိုက်နေတယ်" လင်းဝမ်ရုံ အထဲသို့ ခြေချလိုက်သည်နှင့် အစောက သေချင်ယောင်ဆောင်နေသော လူနှစ်ယောက်မှာ သူ့ဘေးမှ ချက်ချင်း ပြေးထွက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်ကြတော့သည် - "အောက်ခြေအဆင့် အိမ်စေက လူတွေကို ရိုက်နေတယ်...အောက်ခြေအဆင့် အိမ်စေက အလယ်အလတ်အဆင့် အိမ်စေတွေကို ထိုးနှက်နေတယ်ဗျို့..."
မြွေတစ်ကောင်လို လျှောခနဲ ပြေးထွက်သွားကြသော အိမ်အစေခံနှစ်ယောက်ကို ကြည့်ကာ လင်းဝမ်ရုံ မရယ်ဘဲ မနေနိုင်တော့ပေ။ သူတို့က တကယ့်ကို သနားစရာ ကောင်းလှသည်။
သဘာဝအတိုင်းပင် ဘာကိုမှ ဂရုမစိုက်တတ်ဘဲ ပူပင်စရာလည်း မရှိသော လင်းဝမ်ရုံသည် သူတို့၏ အော်ဟစ်သံများကို လျစ်လျူရှုထားလိုက်သည်။ လင်းဝမ်ရုံသည် ပင်မဝင်ပေါက်မှနေ၍ သန့်ပြန့်လှပသော အိမ်တော်ကြီး၏ မြင်ကွင်းများကို အေးအေးလူလူ လှည့်လည်ကြည့်ရှုနေတော့သည်။
ရှောင်အိမ်တော်မှာ နာမည်ကျော်သည့်အတိုင်းပင်။ ကျယ်ဝန်းလှသော ခြံဝင်းကြီးမှာ အဆုံးမရှိသယောင် ထင်ရပြီး အဆောက်အဦးများ၊ မျှော်စင်များနှင့် တံတားငယ်များဖြင့် ပြည့်နှက်နေသည်။ စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမန်များ၏ ရနံ့က လေထုထဲတွင် ပျံ့လွင့်နေပြီး ပန်းချီကားတစ်ချပ်ပမာ လှပ ပေသည်။ မရေမတွက်နိုင်သော အိမ်အစေခံများနှင့် အစေခံမလေးများမှာ ဟိုဟိုဒီဒီ သွားလာနေကြပြီး တူရိယာတီးမှုတ်သံများကိုလည်း ကြားနေရသည်။ ၎င်းမှာ တကယ့်ကို ခမ်းနားထည်ဝါသော မြင်ကွင်းပင် ဖြစ်သည်။
"ဘယ်လောက်တောင် ဖြုန်းတီးကြသလဲ၊ ဘယ်လောက်တောင် ပျက်စီးနေသလဲ" ဟု လင်းဝမ်ရုံ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။ ယခုမှသာ သူသည် သူဌေးကြီးများ၏ လူနေမှုပုံစံကို အမှန်တကယ် နားလည်တော့သည်။ လင်းဝမ်ရုံ၏ ယခင်ဘဝတွင်လည်း ချမ်းသာကြွယ်ဝခဲ့ပြီး သူဌေးများ၏ ဖြုန်းတီးမှုကို မြင်ဖူးခဲ့သော်လည်း ထိုဗီလာများနှင့် ရေကူးကန်များမှာ ယခုမြင်ကွင်းနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။
လင်းဝမ်ရုံက လမ်းလျှောက်ရင်း မြင်ကွင်းများကို ကြည့်ရှုနေစဉ် ဖြတ်သွားဖြတ်လာ အိမ်စေများနှင့် အစေခံမလေးများက သူ့ကို အကဲခတ်ကြသည်။ အောက်ခြေအဆင့် အိမ်အစေခံတစ်ယောက်က လမ်းပျောက်နေသော ငန်းတစ်ကောင်လို ဟိုဟိုဒီဒီ လိုက်ကြည့်နေသည်ကို မြင်ရသောအခါ သူတို့၏ တုံ့ပြန်မှုများမှာ ကွဲပြားကြသည်။
အိမ်အစေခံများ - "ဟင်း... ငါ့ထက် အဆင့်နိမ့်တဲ့ကောင်က အစေခံမလေးတွေရဲ့ ရင်ဘတ်ကို ငေးကြည့်ရဲတယ်ပေါ့။ တကယ့် ရဲတင်းတဲ့ကောင်ပဲ..
နတ်ဘုရားတွေက သူ့ကို ဒုတိယသခင်မလေးနဲ့ ဆုံတွေ့ပေးပါစေ၊ ဒါမှ သူမက သူ့ကို သင်ခန်းစာ ပေးနိုင်မှာ"
အစေခံမလေးများ - "ဪ... သူက ဒီနှစ်မှ အသစ်ဝင်လာတဲ့ အိမ်အစေခံလား။ ခန္ဓာကိုယ် အချိုးအစားကလည်း ကောင်း၊ အသားအရေကလည်း ကျန်းမာပြီး ကြည့်ရတာ တက်ကြွလန်းဆန်းလိုက်တာ။ ဟင်း... သူက အသစ်ဆိုတော့ တခြား မြေခွေးမလေးတွေ မြင်ဦးမှာ မဟုတ်သေးဘူး။ သူ့ကို မြှူဆွယ်ဖို့ အခွင့်အရေး ရှိသေးတာပဲ"
မိမိသည် အိမ်အစေခံယောက်ျားများ၏ မျက်စိထဲတွင် ဆူးတစ်ချောင်း ဖြစ်နေသလို အစေခံမလေးများအတွက်မူ မြှူဆွယ်ချင်စရာ ဖြစ်နေသည်ကို မသိဘဲ လင်းဝမ်ရုံမှာ ပတ်ဝန်းကျင်ကို ငေးမောကြည့်ရှုနေဆဲပင်။ လင်းဝမ်ရုံသည် အိမ်အစေခံအဖြစ် အလုပ်လုပ်ရန် ရောက်လာခြင်း ဖြစ်သော်လည်း သာယာလှပသော ပတ်ဝန်းကျင်ရှိနေခြင်းက အလုပ်အပေါ် ပို၍ အာရုံစိုက်နိုင်စေလိမ့်မည်ဟု သူ ယူဆထားသည်။
"အဲဒီကောင်ပဲ...အဲဒီကောင်ပဲ" လင်းဝမ်ရုံ၏ လက်ချက်မိထားသော အလယ်အလတ်အဆင့် အိမ်အစေခံနှစ်ယောက်မှာ လူတစ်စုကို ခေါ်ကာ အနားသို့ ရောက်လာကြသည်။
မျက်နှာဖျော့ဖျော့၊ မျက်လုံးပြူးပြူးနှင့် ဝဖိုင့်ဖိုင့် လူတစ်ယောက်က အုပ်စုကို ဦးဆောင်လာပြီး အာဏာရှိဟန် အပြည့်ဖြင့် ဝင့်ကြွားနေသည်။
"အိမ်တော်ထိန်းကြီး ဝမ်... သူပါပဲ၊ ကျွန်တော်တို့ကို ရိုက်နှက်တဲ့ကောင်က ဒီကောင်ပါပဲ" အလယ်အလတ်အဆင့် အိမ်စေနှစ်ယောက်က ဖားယားသော လေသံဖြင့် ကုန်းချောစကား ဆိုကြသည်။
သူတို့ ခေါ်ဝေါ်ပုံကို ကြားရသောအခါ လင်းဝမ်ရုံသည် ရှေ့တွင်ရှိနေသော လူမှာ ရှောင်အိမ်တော်ရှိ ရာနှင့်ချီသော အိမ်အစေခံများ၏ အကြီးအကဲဖြစ်ကြောင်း သိလိုက်ရသည်။ မနေ့က သူတွေ့ခဲ့သော ဒုတိယအိမ်တော်ထိန်း ပန် မှာ ဤလူ၏ လက်အောက်ခံ ဖြစ်ပေလိမ့်မည်။ သို့သော် အုပ်စုထဲတွင် ပန် ကို မတွေ့ရသဖြင့် အဘိုးကြီးဝေ့၏ သြဇာမှာ ယနေ့တွင် အသုံးဝင်ပုံမရပေ။
"မင်းက တော်တော် သတ္တိရှိတာပဲ၊ အလယ်အလတ်အဆင့် အိမ်အစေခံတွေကိုတောင် ရိုက်နှက်ဝံ့တယ်ပေါ့" အိမ်တော်ထိန်းကြီး ဝမ်က အေးစက်စက် ပြောလိုက်သည်။ "ပြောစမ်း... ရှောင်မိသားစုရဲ့ အစေခံတွေကို တိုက်ခိုက်ဖို့ မင်းကို ဘယ်သူ ခိုင်းလိုက်တာလဲ"
လင်းဝမ်ရုံ ခေတ္တတွေဝေသွားပြီးမှ နားလည်လိုက်သည်။ အိမ်တော်ထိန်းကြီး ဝမ်သည် ဤအခြေအနေကို အခွင့်ကောင်းယူကာ သူ၏ ပြိုင်ဘက်များအပေါ် အပြစ်ပုံချရန် ကြိုးစားနေခြင်း ဖြစ်သည်။ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လင်းဝမ်ရုံကို တစ်စုံတစ်ယောက်က စေလွှတ်လိုက်ခြင်းဖြစ်သည်ဟူသော အထင်အမြင်မျိုး ပေါ်အောင် သူ လုပ်ချင်နေသည်။ ထိုနောက်ကွယ်မှ ခိုင်းစေသူကို လူတွေ စိတ်ကူးယဉ်ကြည့်အောင် ချန်ထားခြင်းဖြင့် တခြားသူများကို နာမည်ဖျက်ရန် လွယ်ကူသွားပေလိမ့်မည်။ အမှန်ပင် အိမ်တော်ထိန်းကြီး ဝမ်၏ လှည့်ကွက်များမှာ သူ၏ ရာထူးနှင့် ထိုက်တန်လှပေသည်။
တခြားအိမ်အစေခံများမှာမူ လင်းဝမ်ရုံကဲ့သို့ အကွက်မမြင်ကြပေ။ အိမ်တော်ထိန်းကြီး ဝမ်၏ စကားကို ကြားသည်နှင့် သူတို့ ဒေါသထွက်လာကြသည်။
"ပြောစမ်း... မင်းကို ဘယ်သူ ခိုင်းတာလဲ"
"တောက်... မြို့အရှေ့ဘက်က ဝမ် မိသားစု ပဲ ဖြစ်ရမယ်။ သူတို့က အမြဲတမ်း ငါတို့နဲ့ ဆန့်ကျင်ဘက် လုပ်နေတာ"
"ဝမ်မိသားစုပဲ ဖြစ်ချင်မှ ဖြစ်မှာပါ၊ ဒီခြံဝင်းထဲမှာတင် အိမ်တော်ထိန်းကြီး ဝမ်ရဲ့ ပညာရှိတဲ့ ဦးဆောင်မှုကို မနာလိုဖြစ်နေတဲ့ အိမ်အစေခံတွေ အများကြီး ရှိတာပဲ" ဟု အရှက်မရှိသော အိမ်စေတစ်ယောက်က ဝင်ပြောလိုက်သည်။
( ဝမ် / ဝမ်က တူပေမယ့် မျိုးရိုးမတူပါဘူးနော် )
လင်းဝမ်ရုံသည် ထိုသို့ပြောသူကို ကြည့်လိုက်ရာ ထိုသူသည် အမြီးနန့်ဖားယားနေသော နောက်လိုက်တစ်ယောက်ဖြစ်မှန်း သိသာလှသည်။
ထင်သည့်အတိုင်းပင် အိမ်တော်ထိန်းကြီး ဝမ်သည် ထိုအိမ်အစေခံကို ပြုံး၍ ကြည့်လိုက်ရာ ကျေနပ်အားရသော အရိပ်အယောင်များ ပေါ်လာသည်။
"ငါတို့ ရှောင်မိသားစု အိမ်အစေခံတွေရဲ့ စည်းလုံးညီညွတ်မှုကို ဖျက်ဆီးဝံ့တဲ့သူကို ငါတို့ နှိမ်နင်းပစ်မယ်" ဟု အိမ်အစေခံများက အိမ်တော်ထိန်းချုပ်ကြီး ဝမ်၏ မျက်နှာသာရရန် တစ်ယောက်ပြီးတစ်ယောက် အပြိုင်အဆိုင် အော်ဟစ်ကြတော့သည်။
အိမ်တော်ထိန်းကြီး ဝမ်မှာ ကျေနပ်နေပုံရပြီး လင်းဝမ်ရုံကို ပြုံး၍ ကြည့်လိုက်သည်။ ဤလူငယ် ရောက်လာသည့် အချိန်မှာ သူ့အတွက် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်တော့သည်။
လင်းဝမ်ရုံက ထိုလူအုပ်ကို ရယ်ချင်သော မျက်လုံးများဖြင့် ကြည့်နေမိသည်။ ဤကဲ့သို့သော လူစားမျိုးတွေနှင့်ဆိုလျှင် သူ၏ အိမ်အစေခံဘဝမှာ ပျင်းစရာတော့ ကောင်းမည်မဟုတ်ဟု သူ တွေးလိုက်မိတော့သည်။