အခန်း (၄၀) ရှောင်အိမ်တော်သို့ စတင်ဝင်ရောက်ခြင်း ၁
လင်းဝမ်ရုံ ရှေ့သို့လှမ်းလာစဉ် ဆန့်ကျင်ဘက်အရပ်မှ သူ့လိုပင် အပြာရောင်အင်္ကျီအသစ်စက်စက် ဝတ်ဆင်ထားသော လူတစ်ယောက် လာနေသည်ကို တွေ့လိုက်ရသည်။ ထိုသူ၏ ဘယ်ဘက်ရင်ဘတ်တွင် "ရှောင်" ဟူသော စာလုံးကို ပန်းထိုးထားသည်။ ဤလူသည်လည်း ရှောင်အိမ်တော်ကြီးတွင် အတူတူအလုပ်လုပ်ရမည့်သူ ဖြစ်နိုင်ပါသလား။ဟု လင်းဝမ်ရုံက တွေးလိုက်သည်။
"ညီအစ်ကို" လူနှစ်ယောက်စလုံး ရှေ့သို့တစ်လှမ်းတိုးကာ တစ်ပြိုင်နက်တည်း နှုတ်ဆက်လိုက်ကြရာ သူတို့၏အသံများမှာ ကျယ်လောင်ပြတ်သားနေ၏။
ထိုသူသစ်၏ မျက်နှာတွင် ဝမ်းသာအားရဖြစ်သွားသော အရိပ်အယောင်များ ပေါ်လာပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်လျက် - "ညီအစ်ကို... မင်းကလည်း ဒီနှစ်မှ ရှောင်အိမ်တော်ကို အသစ်ဝင်လာတဲ့ အိမ်အစေခံတစ်ယောက်ပဲလား" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်... ဟုတ်ပါတယ်" လင်းဝမ်ရုံကလည်း အားတက်သရောရှိဟန်ဆောင်ကာ ဝင်းပသော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
"ငါလည်း အတူတူပဲ လေ၊ဒါဆို ငါတို့က စာမေးပွဲတစ်ခုတည်းကို အတူတူအောင်မြင်ခဲ့တဲ့ သူငယ်ချင်းတွေလို့ ပြောလို့ရတာပေါ့၊ မလေးစားမိတာ ခွင့်လွှတ်ပါ... မလေးစားမိတာ ခွင့်လွှတ်ပါ" ထိုသူသစ်မှာ စာပေစကားလုံးများကို ညှပ်သုံးတတ်သည့် စစ်မှန်သော ပညာတတ်တစ်ဦးနှင့် တူလှသည်။ သူသည် မနေ့က အဘိုးကြီးသုံးယောက် ပြောခဲ့သည့် ဂိုဒေါင်စောင့်ရန် သင့်တော်သော အလွန်အမင်း ရိုးသားလွန်းသည့် လူစားမျိုး ဖြစ်ပေလိမ့်မည်။
"စာမေးပွဲတူတူအောင်တယ်" ဆိုသည့်စကားမှာ မမှားပေ။ လင်းဝမ်ရုံသည် အမြဲတမ်း အပေါင်းအသင်းဖွဲ့ရန်နှင့် ကိုယ်ပိုင်အဆက်အသွယ်များ တည်ဆောက်ရန် ပြင်းပြသောဆန္ဒ ရှိသူဖြစ်သည်။ လမ်းတွင် အလုပ်ဖော်တစ်ယောက်နှင့် ဆုံရခြင်းက သူ့ကို ပျော်ရွှင်စေသည်။လင်းဝမ်ရုံသည် လက်နှစ်ဖက်ကို အမြန်ဆုပ်ကိုင်ကာ - "ကောင်းလိုက်တဲ့ စကား။ ဒါနဲ့ ညီအစ်ကို့ရဲ့ နာမည်နဲ့ မျိုးရိုးကို သိပါရစေဦး" ဟု မေးလိုက်သည်။
ထိုရိုးသားသူက နှိမ့်ချစွာဖြင့် - "မပြောဝံ့ပါဘူး... မပြောဝံ့ပါဘူး။ ဒီအိမ်တော်ထဲ မဝင်ခင်က ကျွန်တော့်မျိုးရိုးက 'ချောင်' ပါ၊ နာမည်က 'ဖုန်း' ပါ။ အလုပ်ရပြီးတဲ့နောက်မှာတော့ အိမ်တော်ရှင်မကြီးက ကျွန်တော့်ကို 'ရှောင်' ဆိုတဲ့ မျိုးရိုးအမည်ကို ချီးမြှင့်ခဲ့ပါတယ်။ ဒါကြောင့် အခု ကျွန်တော့်နာမည်က 'ရှောင်ဖုန်း' ပါ"
ထိုစကားကို ကြားလိုက်ရသည့်အခါ လင်းဝမ်ရုံမှာ လဲကျမတတ် ဖြစ်သွားရသည်။ ချောင်ဖုန်း၊ ရှောင်ဖုန်း၊ ဒီလောက် ညံ့ဖျင်းတဲ့ ရုပ်ရည်မျိုးနဲ့လူက ဘယ်လိုလုပ်ပြီး ဒီလောက် နာမည်ကျော်တဲ့ သူရဲကောင်းရဲ့ နာမည်ကို ယူရဲရတာလဲ။ အကယ်၍သာ တောင်ပိုင်းနန်းဆောင်က သူရဲကောင်းကြီး ရှောင်ဖုန်းသာ သိသွားရင် မြေကြီးနဲ့ ခေါင်းနဲ့ ဆောင့်သေချာလောက်သည်။ (ဤနေရာတွင် 'ချောင်ဖုန်း/ရှောင်ဖုန်း' ဆိုသည်မှာ နာမည်ကျော် 'ရှစ်ပါးနဂါးကစားနည်း' ဝတ္ထုထဲမှ အဓိကဇာတ်ဆောင် သူရဲကောင်းကြီးကို ရည်ညွှန်းခြင်းဖြစ်သည်။)
"ဪ... ညီအစ်ကို ရှောင်ဖုန်းကိုး၊ခင်ဗျားရဲ့ နာမည်ကို ကြားဖူးတာ ကြာပါပြီ၊ တကယ်ကို ကြားဖူးတာ ကြာပါပြီ" ရှောင်အိမ်တော်ထဲ ရောက်ပြီးနောက် လူတိုင်းမှာ 'ရှောင်' မျိုးရိုး ဖြစ်သွားကြသဖြင့် 'ညီအစ်ကိုရှောင်' ဟု ခေါ်လျှင် မထူးခြားပေ။ ထို့ကြောင့် သူ့ကို 'ညီအစ်ကို ရှောင်ဖုန်း' ဟုသာ ခေါ်လိုက်သည်။
"ဒါနဲ့ ညီအစ်ကို့ရဲ့ မျိုးရိုးနဲ့ နာမည်ကရော ဘယ်လိုခေါ်ပါသလဲဟု" ရှောင်ဖုန်းက စိတ်လှုပ်ရှားစွာ မေးသည်။
"ကျွန်တော့်နာမည်က 'လင်းဆန်း' ပါ" လင်းဝမ်ရုံက ပြုံးလျက် ပြန်ဖြေလိုက်သည်။ ဒီအချိန်မှစ၍ 'လင်းဆန်း' ဆိုသည်မှာ သူ၏ အမည်ပွား ဖြစ်လာတော့သည်။
"ဪ... ညီအစ်ကိုလင်း၊ မင်း မသိသေးဘူးထင်တယ်။ ရှောင်အိမ်တော်ကို ဝင်ပြီးပြီဆိုရင် ငါတို့အားလုံးကို 'ရှောင်' မျိုးရိုး ပေးထားတာ။ မင်းကိုလည်း 'ရှောင်ဆန်း' လို့ပဲ ခေါ်ရမှာပေါ့" ရှောင်ဖုန်းက အတည်ပေါက် ပြောလိုက်သည်။
ဒီကောင်လေးမှာ အတော်လေး ချစ်စရာကောင်းသည့် ဂုဏ်သတ္တိအချို့ ရှိနေသည်ကို မြင်ရသဖြင့် လင်းဝမ်ရုံက သူသည် စာချုပ်ဖြင့် အလုပ်လုပ်သူ သာဖြစ်ကြောင်း ဖွင့်ပြောလိုက်သည်။ ထိုစကားကို ကြားသည်နှင့် ရှောင်ဖုန်းက သူ၏ပေါင်ကို လက်ဖြင့် ရိုက်ကာ - "အို... ညီအစ်ကိုလင်းရာ၊ မင်းတော့ မှားနေပြီ" ဟု အော်ဟစ်လိုက်သည်။
"ငါ ဘာမှားလို့လဲ" လင်းဝမ်ရုံက နားမလည်သလို မေးလိုက်သည်။
"ရှောင်အိမ်တော်မှာ အိမ်စေအလုပ်ရဖို့ ဘယ်လောက်တောင် လူတွေ အလုအယက် ကြိုးစားနေကြရလဲဆိုတာ မင်း သိလား။ ရှောင်အိမ်တော်ထဲ ရောက်သွားပြီဆိုရင် တစ်သက်လုံး ပူစရာမလိုတဲ့ ရွှေထမင်းအိုးကြီးကို ကိုင်ထားရသလိုပဲ။ မင်းက ဘာလို့ ဒီလို အခွင့်အရေးကောင်းကို လက်လွတ်ခံရတာလဲ။ မဖြစ်ဘူး... မဖြစ်ဘူး၊ ငါ မင်းအတွက် အိမ်တော်ထိန်းဆီမှာ အသနားခံပေးမယ်၊ အိမ်တော်သခင်မကြီးနဲ့ သခင်မလေးတွေကို ပြောပြီး မင်းကို အမြဲတမ်းဝန်ထမ်းအဖြစ် ပြောင်းပေးဖို့ ငါ တောင်းဆိုပေးပါ့မယ်"
ရှောင်ဖုန်းမှာ စာအုပ်ကြီးအတိုင်း နေတတ်သူ ဖြစ်သော်လည်း သစ္စာရှိသည့် စိတ်ဓာတ်တော့ ရှိပေသည်။ မဆိုးပါဘူး... လင်းဝမ်ရုံသည် ရှောင်အိမ်တော်ထဲတွင် သူ့ကို စောင့်ရှောက်ပေးရန် ဆုံးဖြတ်လိုက်သည်။ လင်းဝမ်ရုံက ရယ်မောလျက် ရှောင်ဖုန်း၏ ပုခုံးကို ပုတ်ကာ - "ညီအစ်ကို ရှောင်ဖုန်း... မစိုးရိမ်ပါနဲ့၊ မလိုပါဘူး။ ငါက ဘာကိုမှ ပူစရာမလိုတဲ့၊ ချည်နှောင်မှုမရှိတဲ့ လွတ်လပ်တဲ့ဘဝကို ပိုင်ဆိုင်ချင်လို့ ဒီလိုလုပ်တာပါ။ ဒါက မင်းတို့ထက်စာရင် အများကြီး ပိုပြီး လွတ်လပ်ပါတယ်။ နောက်ဆို ရှောင်အိမ်တော်ထဲမှာ တစ်ခုခု လိုအပ်ရင် ငါ့ကိုသာ လာရှာလိုက်တော့"
လင်းဝမ်ရုံ၏ ပေါ့ပါးသော အမူအရာကို မြင်သဖြင့် ရှောင်ဖုန်းက နှမြောတသစွာ သက်ပြင်းချလိုက်ပြီး ဆက်လက်၍ တိုက်တွန်းခြင်း မပြုတော့ပေ။
သူတို့နှစ်ဦးသည် ရှောင်အိမ်တော်ဆီသို့ လျှောက်လှမ်းရင်း စကားတပြောပြောဖြင့် ရယ်မောလာကြသည်။ လမ်းတစ်လျှောက်တွင် ရှောင်ဖုန်းသည် ကျင်းလင်မြို့ အရှေ့ပိုင်းမှ ဆင်းရဲသားလူငယ်တစ်ဦး ဖြစ်ကြောင်း လင်းဝမ်ရုံ သိလိုက်ရသည်။ ရှောင်ဖုန်း၏ဖခင်မှာ စာမေးပွဲမအောင်မြင်ခဲ့သော ပညာတတ်တစ်ဦးဖြစ်ပြီး သူ၏သားကိုလည်း အလားတူပင် စာအုပ်ကြီးအတိုင်းနေတတ်သည့် အရည်အချင်းမရှိသူတစ်ဦးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း ရှောင်ဖုန်းသည် စိတ်ထားကောင်းပြီး ရိုးသားသူဖြစ်ကာ တခြားသူများကို ကုန်းချောစကား ပြောမည့်သူမျိုး မဟုတ်သဖြင့် လင်းဝမ်ရုံက သဘောကျမိသည်။
ရှောင်အိမ်တော် တံခါးဝသို့ ရောက်သည့်အခါ မျက်နှာထားတင်းတင်းဖြင့် ကြောက်စရာကောင်းသော အိမ်အစေခံဟောင်း နှစ်ယောက်ကို တွေ့လိုက်ရသည်။ လင်းဝမ်ရုံသည် အတွေ့အကြုံများသူဖြစ်ရာ အခြေအနေကို တစ်ချက်ကြည့်ရုံနှင့် နားလည်လိုက်သည်။
ဤအိမ်အစေခံဟောင်းများသည် အိမ်အစေခံသစ်များကို အနိုင်ကျင့်ရန် သို့မဟုတ် အာဏာပြရန် ကြိုးစားနေခြင်းဖြစ်သည်။ စီနီယာကျောင်းသားများက ဂျူနီယာများကို အာဏာပြသကဲ့သို့ပင်။ လင်းဝမ်ရုံကလည်း အနိုင်ကျင့်ခံမည့်သူမျိုး မဟုတ်ပေ။ သူ ကျောင်းသားဘဝတုန်းကလည်း မည်သည့်စီနီယာမှ သူ့ကို အခွင့်အရေး မယူနိုင်ခဲ့ဖူးချေ။ လင်းဝမ်ရုံသည် ရှောင်ဖုန်းကို ခေါ်ကာ ပင်မတံခါးကြီးဆီသို့ လျှောက်သွားလိုက်သည်။
ရှောင်ဖုန်းက လင်းဝမ်ရုံ၏ လက်ကို အမြန်ဆွဲကာ - "ညီအစ်ကိုလင်း... ဘယ်သွားမလို့လဲ" ဟု မေးသည်။
"ဘယ်သွားရမှာလဲ၊ အထဲဝင်မလို့ပေါ့" လင်းဝမ်ရုံက ပြန်ဖြေသည်။
"မဟုတ်ဘူး ညီအစ်ကိုလင်း၊ ငါတို့က အသစ်တွေလေ။ ပထမဆုံးနေ့မှာ အဲဒီတံခါးကနေပဲ ဝင်ရတာ" ရှောင်ဖုန်းက သူတို့ဘေးနားရှိ အလွန်နိမ့်သော တံခါးလေးတစ်ခုကို ညွှန်ပြလိုက်သည်။
လင်းဝမ်ရုံက ထိုတံခါးလေးကို ကြည့်လိုက်သည်။ ၎င်းမှာ လူတစ်ဝက်စာ အမြင့်သာရှိပြီး ခွေးတိုးပေါက်ထက် မသာပေ။ အရင်ရောက်နှင့်နေသော အိမ်စေသစ်များသည် ခါးကိုကိုင်းကာ၊ လက်များက မြေကြီးနှင့် ထိလုနီးပါးဖြစ်လျက် ထိုအပေါက်ထဲသို့ ငုံ့ဝင်နေကြရသည်။
"ခွေးတိုးပေါက်လား၊ မင်းပြောချင်တာက ငါတို့က ဒီခွေးတိုးပေါက်ထဲကနေ ဝင်ရမယ် ဟုတ်လား" လင်းဝမ်ရုံ၏ မျက်လုံးများ ပြူးသွားပြီး စိတ်ထဲတွင် ဒေါသများ တဟုန်းဟုန်း တောက်လောင်လာသည်။
ရှောင်ဖုန်းက လင်းဝမ်ရုံကို နားမလည်သလို ကြည့်ကာ - "ညီအစ်ကိုလင်း... မင်း ဘာတွေပြောနေတာလဲ။ ဒီတံခါးက ခွေးနှစ်ကောင်တောင် ဘေးချင်းယှဉ်ပြီး ဝင်လို့ရတဲ့အထိ ကြီးတာပဲ။ ခွေးတိုးပေါက်ထက် အများကြီး သာပါတယ်"
ခွေးနှစ်ကောင် ဘေးချင်းယှဉ်ဝင်လို့ရတဲ့ ခွေးတိုးပေါက်၊ ရှောင်ဖုန်းကတော့ ပေါ့ပေါ့ပါးပါး ပြောနေသော်လည်း လင်းဝမ်ရုံအတွက်တော့ ခံရခက်လှသည်။ သူ၏ဒေါသက ပေါက်ကွဲတော့မည့်ဆဲဆဲတွင် ရှောင်ဖုန်းက ဆက်ပြောသည် - "ဒါ့အပြင် ညီအစ်ကိုလင်း... မင်းလည်း အိမ်အစေခံတစ်ယောက်ရဲ့ စည်းကမ်းတွေကို သိမှာပါ။ ဘယ်အိမ်တော်ကိုပဲ ဝင်ဝင် ပထမဆုံးနေ့မှာ အိမ်အစေခံသစ်အားလုံး ဒီလိုပဲ လုပ်ကြရတာလေ"
"စည်းကမ်း၊ ဘာစည်းကမ်းလဲ" လင်းဝမ်ရုံက စိတ်တိုတိုဖြင့် ပြောလိုက်သည် - "ခွေးတိုးပေါက်ထဲကနေ ဝင်ရတာ စည်းကမ်းလား"
ရှောင်ဖုန်းက ရှက်ကိုးရှက်ကန်း ပြုံးလျက် - "အိမ်အစေခံသစ်တွေ အလုပ်စဝင်ပြီဆိုရင် ဒီတံခါးလေးထဲကနေပဲ ဝင်ကြရတာပါ။ ဒါက ဒီတံခါးကို ကျော်လိုက်ပြီဆိုတာနဲ့ မင်းဟာ တခြားသူတွေရဲ့ အောက်မှာ တစ်သက်လုံး ရှိနေရမယ်ဆိုတာကို သင်္ကေတပြုတာပေါ့။ တံခါးဝက အစ်ကိုကြီးနှစ်ယောက်ရဲ့ ဟန်ပန်တွေကို ကြည့်ပြီး အထင်မကြီးပါနဲ့၊ သူတို့လည်း အစတုန်းက ဒီထဲကနေပဲ ဝင်ခဲ့ကြရတာ။ ရှောင်အိမ်တော်တင် မဟုတ်ဘူး၊ တခြား ဂုဏ်သရေရှိ အိမ်တော်ကြီးတွေ အားလုံးမှာလည်း အိမ်စေတွေအတွက် ဒီလိုပဲ လုပ်လေ့ရှိကြတယ်။ ဒါပေမဲ့ ဒါက ပထမဆုံးတစ်ကြိမ်ပဲလေ။ နောက်ဆိုရင်တော့ ဘေးတံခါးကနေ ဝင်ထွက်လို့ ရပါတယ်"
ဆိုလိုသည်မှာ ဤခွေးတိုးပေါက်မှာ အိမ်အစေခံသစ်များကို သူတို့၏ နေရာကို သိအောင် သင်ပေးရန် သီးသန့်ပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ တစ်ကြိမ်တည်းသာ ဖြစ်သော်လည်း ထိုတစ်ကြိမ်မှာပင် လူတစ်ယောက်အတွက် တစ်သက်လုံးစာ အရှက်ရစရာ ဖြစ်သွားနိုင်သည်။
လင်းဝမ်ရုံ၏ နှလုံးသားထဲတွင် ဒေါသများ ဝေစီလာသည်။ သူက အလုပ်လုပ်ဖို့ လာတာ၊ ခွေးတိုးပေါက်ထဲ တိုးဖို့ လာတာမဟုတ်ဘူး။ လင်းဝမ်ရုံသည် မျက်ခုံးကို ပင့်လိုက်ပြီး ရှောင်ဖုန်း၏ လက်ကို ဆွဲကာ - "ညီအစ်ကို... အဲဒီကို မသွားနဲ့။ ငါ့နောက်ကနေ ပင်မတံခါးကြီးကနေပဲ လိုက်ခဲ့" ဟု ပြောလိုက်သည်။
"မဖြစ်ဘူး... မဖြစ်ဘူး ညီအစ်ကိုလင်း။ ငါက မင်းနဲ့ မတူဘူးလေ။ မင်းက ဘာချည်နှောင်မှုမှမရှိဘဲ လွတ်လွတ်လပ်လပ် သွားလာလို့ရပေမဲ့ ငါကတော့ မင်းလို မနေနိုင်ဘူး။ ဒီအလုပ်က ငါ့အတွက် အရမ်းအရေးကြီးတယ်၊ ငါ့မိသားစုက ငါ့အပေါ်မှာ အမှီပြုနေရတာ။ ဒါ့အပြင် ဒါက ဂုဏ်သရေရှိ အိမ်တော်တွေက အိမ်အစေခံအားလုံးရဲ့ ကံကြမ္မာပဲ။ ညီအစ်ကိုလင်း... ငါ... ငါ အထဲဝင်တော့မယ်"
ထိုသို့ပြောပြီးနောက် ရှောင်ဖုန်းသည် လင်းဝမ်ရုံ၏ လက်ကို လွှတ်ကာ နိမ့်သောတံခါးပေါက်ဆီသို့ ပြေးသွားပြီး ဖြည်းဖြည်းချင်း ငုံ့ဝင်သွားတော့သည်။ ထို့နောက် သူက လင်းဝမ်ရုံကို ပြန်လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းတွင် မျက်ရည်များ ပြည့်နေသည်ကို တွေ့ရသည်။
လင်းဝမ်ရုံသည် ရှောင်ဖုန်းကို အထင်မသေးပေ။ သူသည် ရှောင်ဖုန်း၏ ခံစားချက်ကို နားလည်ပေးနိုင်သည်။ သူတို့သည် လင်းဝမ်ရုံနှင့် မတူဘဲ ဤကမ္ဘာတွင် ကြီးပြင်းလာသူများ ဖြစ်သဖြင့် ဤစည်းကမ်းများကို ရင်းနှီးနေကြကာ ၎င်းမှာ သဘာဝကျသည်ဟု လက်ခံထားကြသည်။ ဤလက်ခံမှုကြောင့်ပင် ချည်နှောင်မှုများစွာ ဖြစ်ပေါ်လာပြီး စည်းကမ်းအတိုင်းသာ လုပ်ဆောင်ကြရသည်။ ရှောင်ဖုန်းအတွက်မူ ဤကဲ့သို့သော ဘဝမှာ ပင်ပန်းနိုင်သော်လည်း ၎င်းမှာ သူ၏ကံကြမ္မာဖြစ်ရာ မည်သူမှ မပြောင်းလဲနိုင်ပေ။
ရှောင်ဖုန်း၏ လုပ်ရပ်ကို နားလည်ပေးနိုင်သဖြင့် လင်းဝမ်ရုံက သူ့ကို ခင်မင်စွာ ပြုံးပြလိုက်သည်။
လင်းဝမ်ရုံက သူ့ကို အထင်မသေးကြောင်း မြင်လိုက်ရသည့်အခါ ရှောင်ဖုန်းက သူ၏မျက်ရည်များကို အလျင်အမြန် သုတ်လိုက်ပြီး တံခါးထဲမှနေ၍ - "ညီအစ်ကိုလင်း... မြန်မြန်ဝင်ခဲ့လေ" ဟု လှမ်းခေါ်သည်။
လင်းဝမ်ရုံက ခေါင်းခါလိုက်သည်။ ခွေးတိုးပေါက်ထဲက ဝင်ရမယ် ဟုတ်လား၊ နောက်နေတာပဲ ဖြစ်ရမယ် စစ်မှန်သော ယောက်ျားတစ်ယောက်သည် ကောင်းကင်၊ မြေကြီးနှင့် မိဘကိုသာ ဦးညွှတ်သည်။ လင်းဝမ်ရုံ၏ ကျောရိုးမှာ မတ်မတ်ရပ်ရန်အတွက်သာ ဖြစ်သည်။ ငွေကြေးအနည်းငယ်အတွက်နှင့် သူ၏ ခါးကို ဘယ်လိုလုပ်ပြီး ကုန်းနိုင်ပါ့မည်နည်း။
လင်းဝမ်ရုံသည် ရှောင်ဖုန်းကို စိတ်မပူရန် အကြည့်ဖြင့် အ
ချက်ပြလိုက်ပြီးနောက် ပင်မတံခါးကြီးဆီသို့ ရဲရဲဝံ့ဝံ့ ခြေလှမ်းလှမ်းလိုက်တော့သည်။