အခန်း (၃၇) ဂိုဏ်းအဖွဲ့အစည်းကြီး
မနေ့က လင်းဝမ်ရုံထံမှ လမ်းညွှန်မှုများရရှိခဲ့ပြီး ငွေပြား ၂၀ လည်း လက်ဆောင်ရခဲ့သည့် ဒုံချင်းရှန်းမှာ ယနေ့ရန်ပွဲတွင် အနိုင်ရရှိကာ တောင်ပိုင်းမြို့နယ်၏ "အစ်ကိုကြီး" နေရာကို အခိုင်အမာ ရယူနိုင်ခဲ့သဖြင့် အတိုင်းထက်အလွန် ဝမ်းသာနေတော့သည်။ သူသည် နောက်လိုက်တစ်စုကို ခေါ်ကာ 'မေဝေ' စားသောက်ဆိုင်သို့ သွားပြီး စားသောက်ပွဲကြီး ပြင်ဆင်လျက် သူတို့၏ ဆရာကြီးအလာကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
လင်းဝမ်ရုံ စားသောက်ဆိုင်ထဲ ပေါ်လာသည်နှင့် ဒုံချင်းရှန်းနှင့် သူ၏နောက်လိုက်များမှာ ချက်ချင်း မတ်တတ်ရပ်ကာ အရိုအသေပေးလျက် "ဆရာကြီး..." ဟု နှုတ်ဆက်ကြလေသည်။
ဤသည်မှာ ကြိုတင်ဇာတ်တိုက်ထားသည်မှာ ထင်ရှားလှပြီး သူတို့၏ တပြိုင်နက်တည်း ထွက်ပေါ်လာသော အသံကြီးကြောင့် လင်းဝမ်ရုံ၏ နားစည်များပင် ကျိန်းစပ်သွားရသည်။ သူသည် ကြည်ညိုလေးစားမှုများဖြင့် ကြည့်နေကြသော နောက်လိုက်များကို ကြည့်ကာ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ လင်းဝမ်ရုံ၏ 'ဆရာကြီး' နေရာမှာ ယခုတော့ အခိုင်အမာ ဖြစ်သွားချေပြီ။ အကယ်၍သာ ဤလူများက သူတို့၏ဆရာကြီးမှာ ရှောင်အိမ်တော်တွင် အစေခံတစ်ယောက် ဖြစ်သွားပြီမှန်း သိသွားပါက မည်မျှတောင် လှောင်ပြောင်ကြလိမ့်မည်နည်းဟု သူ တွေးနေမိသည်။
ဒုံချင်းရှန်းသည် စားသောက်ဆိုင်၏ ဒုတိယထပ်တွင် အခန်းကျယ်ကြီးတစ်ခန်းကို ရက်ရက်ရောရောပင် ငှားရမ်းထားသည်။ လူမိုက်လောကတွင် အကွက်မြင်မြင် ကစားတတ်လျှင် ထမင်းဖိုးပေးစရာ မလိုသော်လည်း ဒုံချင်းရှန်းမှာ ထိုအဆင့်ကို မရောက်သေးပေ။ ထို့ပြင် ဤနေရာမှာ သူကိုယ်တိုင် အကာအကွယ်ပေးထားသော နယ်မြေဖြစ်သဖြင့် ဆိုင်ရှင်ကို ပိုက်ဆံမပေးဘဲ နေရန်မှာ မသင့်တော်ဟု သူ ယူဆထားသည်။
လင်းဝမ်ရုံသည် ဒုံချင်းရှန်း၏ နောက်လိုက်များကို ကြည့်လိုက်သည်။ ရန်ပွဲတုန်းက အယောက်နှစ်ဆယ်ပင် မပြည့်သော်လည်း နာရီပိုင်းအတွင်းမှာတင် လူအရေအတွက်မှာ နှစ်ဆ တိုးလာခဲ့သည်။ ဤလူများမှာ အသောက်အစားနှင့် အပျော်အပါးအတွက်ပဲ စိတ်ဝင်စားသည့် အချောင်သမားများများလား။
ထိုလူများကို ကြည့်ရင်း လင်းဝမ်ရုံသည် ဒုံချင်းရှန်းအတွက် စိုးရိမ်မိသွားသည်။ ဂိုဏ်း၏ သန့်ရှင်းစင်ကြယ်မှုကို ထိန်းသိမ်းရန်မှာ တကယ်ပင် လိုအပ်နေချေပြီ။ ယခုအခါ လင်းဝမ်ရုံသည် ဒုံချင်းရှန်းကို အင်အားတောင့်တင်းအောင် လမ်းပြပေးနေသည့် 'ဂေါ့ဖားသား' (Godfather) တစ်ဦးကဲ့သို့ ခံစားနေရပြီး ဤအတွေ့အကြုံမှာ အတော်လေး ရင်ခုန်စရာ ကောင်းလှသည်။
လင်းဝမ်ရုံက ဒုံချင်းရှန်းကို တစ်ဖက်သို့ ခေါ်ထုတ်သွားကာ တိုးတိုးလေး မေးလိုက်သည် - "ချင်းရှန်း... ဒါ ဘာဖြစ်တာလဲ၊ ဘာလို့ လူတွေက ရုတ်တရက်ကြီး ဒီလောက် များလာရတာလဲ၊"
ဒုံချင်းရှန်း၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားပြီး ပြန်ဖြေသည် - "အစ်ကိုကြီး... ဒီနေ့မွန်းလွဲပိုင်းမှာ ကျွန်တော်တို့ လီအာဂေါင်ရဲ့ စခန်းဟောင်းကို ဝင်စီးတာ ငွေပြား ရာနဲ့ချီ ရခဲ့တယ်။ ဒီလူတွေထဲက တချို့က လီအာဂေါင်ရဲ့ လူဟောင်းတွေ၊ တချို့ကတော့ အသစ်တွေပေါ့။ ကျွန်တော်တို့ လီအာဂေါင်ကို နိုင်လိုက်တာ မြင်ပြီး သူတို့ ဝင်ချင်ကြတာ။ အင်အားချဲ့ထွင်ဖို့ လိုမယ်ထင်လို့ ကျွန်တော် အကုန်လုံးကို လက်ခံလိုက်တယ်"
လင်းဝမ်ရုံက မျက်မှောင်ကြုတ်လျက် - "ချင်းရှန်း... အင်အားချဲ့ထွင်တာ ကောင်းပေမဲ့ သူတို့အားလုံး မင်းအပေါ် သစ္စာရှိမယ်ဆိုတာ ဘယ်လို သိနိုင်မှာလဲ၊ မင်းရဲ့ လက်ရှိအင်အားက သိပ်မတောင့်တင်းသေးပေမဲ့ မင်းရဲ့ လုပ်ရပ်တွေကတော့ သူများအာရုံစိုက်တာ ခံနေရပြီ။ တခြားဂိုဏ်းတွေက လွှတ်လိုက်တဲ့ သူလျှိုတွေ ဒီထဲမှာ မပါဘူးလို့ မင်း ဘယ်လို အာမခံနိုင်မလဲ"
ဒုံချင်းရှန်းမှာ ငယ်ရွယ်သေးပြီး လူမိုက်လောက၏ လှည့်ကွက်များကို မသိသေးပေ။ သူလျှို သို့မဟုတ် ဒေါက်တိုင်များ ရှိနိုင်သည်ကို သူ မည်သို့ သိနိုင်ပါ့မည်နည်း။ လင်းဝမ်ရုံ၏ စကားကို ကြားလိုက်ရသည့်အခါ သူသည် အမှောင်ထဲမှ အလင်းကို မြင်လိုက်ရသကဲ့သို့ ဉာဏ်အလင်း ပွင့်သွားတော့သည်။ အောင်ပွဲခံနေသည့် အမူးအရှိန်များ ပျောက်ကွယ်သွားပြီး တစ်ကိုယ်လုံး ချွေးစေးများ ပြန်လာခဲ့သည်။
လင်းဝမ်ရုံသည် ဒုံချင်းရှန်းမှာ အသက် ၁၆ နှစ်သာ ရှိသေးပြီး သင်ယူစရာများစွာ ကျန်နေသေးကြောင်း သိနားလည်သည်။ သူသည် 'ဂေါ့ဖားသား' နေရာကို ဆက်လက် ရယူရပေတော့မည်။
"အစ်ကိုကြီး... ကျွန်တော် ဘာလုပ်သင့်လဲ" ဒုံချင်းရှန်းက မျှော်လင့်ချက်အပြည့်ဖြင့် လင်းဝမ်ရုံကို ကြည့်လိုက်သည်။
ဒုံချင်းရှန်း သည် လိမ္မာပါးနပ်ပြီး ပြတ်သားလှသော သူ၏ အစ်ကိုကြီးအပေါ် ဘုရားသခင်လိုပင် ယုံကြည်ကိုးစားနေသည်။ ဤကဲ့သို့သော ခေါင်းဆောင်နောက်ကို လိုက်မှသာ လူမိုက်လောကတွင် သူတို့ နေရာရနိုင်မည် ဖြစ်သည်။
"ဂိုဏ်းအဖွဲ့အစည်းကြီးတစ်ခု တည်ထောင်ရမယ်" လင်းဝမ်ရုံက စကားလုံးတိုင်းကို အလေးအနက်ထား ပြောလိုက်သည်။
"ဂိုဏ်းအဖွဲ့အစည်းကြီး ဟုတ်လား" ဒုံချင်းရှန်းမှာ ဤစကားလုံးနှင့် မရင်းနှီးပေ။
"ရိုးရိုးရှင်းရှင်း ပြောရရင် ပထမဆုံးအနေနဲ့ မင်းယုံကြည်ရတဲ့ ညီအစ်ကိုတွေနဲ့ ဂိုဏ်းရဲ့ အမာခံ အနှစ်သာရကို အရင် တည်ဆောက်ရမယ်။ ဥပမာ - ဒီနေ့ လီအာဂေါင်ကို တိုက်တုန်းက ပါဝင်ခဲ့တဲ့သူတွေဟာ ဂိုဏ်းရဲ့ ဒေါက်တိုင်တွေပေါ့။ သစ်ပင်တစ်ပင်လိုပဲ... သစ်ကိုင်းတွေ မထွက်ခင်မှာ ပင်စည် အရင်ရှိဖို့ လိုတယ်။ အဲဒီထဲကမှ လေးစားစရာကောင်းတဲ့ ညီအစ်ကိုတွေကို ရွေးပြီး ဌာနခွဲတွေ ခွဲထုတ်လိုက်၊ တစ်ယောက်ချင်းစီကို ခေါင်းဆောင်ခန့်ပြီး အင်အားကို တဖြည်းဖြည်း ချဲ့ထွင်သွား။ မှတ်ထားပါ... စစ်သည်ဆိုတာ အရေအတွက်ထက် အရည်အချင်းက ပိုအရေးကြီးတယ်။ မျက်စိမှိတ် အင်အားချဲ့ဖို့ပဲ မစဉ်းစားနဲ့၊ အမာခံလူတွေကို အရင် မွေးမြူပါ။ အဲဒီအမာခံလူတွေ ရှိနေရင် တစ်ယောက်က ဆယ်ယောက်စာ အင်အားရှိလာလိမ့်မယ်။ အမာခံတွေ တောင့်တင်းလာတာနဲ့အမျှ ငါတို့ဂိုဏ်းလည်း ပိုခိုင်မာလာပြီး ရန်သူတွေက ငါတို့ကို အနိုင်တိုက်ဖို့ ခက်သွားလိမ့်မယ်"
လင်းဝမ်ရုံက တစ်ဆက်တည်း ပြောဆိုပြီးနောက် လက်ဖက်ရည် တစ်ငုံသောက်ကာ ဒုံချင်းရှန်းကို စဉ်းစားရန် အချိန်ပေးလိုက်သည်။
ဒုံချင်းရှန်းက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး သူ၏ မျက်လုံးများမှာ ပြတ်သားမှုများဖြင့် ပြည့်နှက်နေသည် - "အစ်ကိုကြီး... အစ်ကိုကြီး ဆိုလိုတာကို ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့ ဌာနခွဲခေါင်းဆောင်တွေ ရွေးတဲ့အခါ သတိထားရမယ်။ သူတို့က အရည်အချင်း မရှိရင် ရှိပါစေ၊ ကျွန်တော့်အပေါ်တော့ အကြွင်းမဲ့ သစ္စာရှိရမယ်။ အာဏာက အမြဲတမ်း ကျွန်တော်တို့ လက်ထဲမှာပဲ ရှိရမယ်"
လင်းဝမ်ရုံက ဒုံချင်းရှန်းကို ကျေနပ်စွာ ကြည့်လိုက်သည်။ နောက်ဆုံးတော့ ဒုံချင်းရှန်းသည် အခြေအနေကို စနစ်တကျ စဉ်းစားတတ်လာချေပြီ။
လင်းဝမ်ရုံသည် လက်ဖက်ရည်ထဲသို့ လက်ညှိုးနှစ်ကာ ဂိုဏ်း၏ စနစ်တကျဖွဲ့စည်းပုံကို စားပွဲပေါ်တွင် ဆွဲပြလိုက်သည်။ သူ၏ မူလရည်ရွယ်ချက်မှာ ဂိုဏ်းကို ဒုံချင်းရှန်းက တိုက်ရိုက်ကြီးကြပ်ရန် ဖြစ်သော်လည်း ဌာနခွဲများစွာကို ညှိနှိုင်းရသည့် အခက်အခဲကို ထည့်သွင်းစဉ်းစားကာ ဌာနခွဲ သုံးခုဖြင့် အရင်စတင်ရန်နှင့် နောက်မှ ထပ်တိုးရန် ဆုံးဖြတ်လိုက်သည်။
လင်းဝမ်ရုံနှင့် ဒုံချင်းရှန်းတို့ နောက်လိုက်များရှိရာသို့ ပြန်ရောက်သည့်အခါ လီပေတောက်က ကျန်ခဲ့တဲ့ လူများနှင့် တစ်ခုခုကို အားရပါးရ ဆွေးနွေးနေသည်။ လင်းဝမ်ရုံ ပြန်လာသည်ကို မြင်လျှင် သူက ချက်ချင်း မေးလိုက်သည် - "ဆရာကြီး... ကျွန်တော်တို့ ဂိုဏ်းကို ဘာနာမည် ပေးကြမလဲ"
အားလုံး၏ အကြည့်များက သူ့ထံသို့ ရောက်လာချိန်တွင် လင်းဝမ်ရုံက မတ်တတ်ရပ်ကာ ရှိနေသူအားလုံးကို စူးစိုက်ကြည့်လိုက်သည်။ လင်းဝမ်ရုံ၏ အကြည့်မှာ သူတို့၏ ဝိညာဉ်ထဲအထိ ထိုးဖောက်သွားမည့်အတိုင်းပင်။
လူအနည်းငယ်မှာ တိတ်တဆိတ် ခေါင်းငုံ့သွားကြရာ ဘေးတွင် တိတ်ဆိတ်နေသော ဒုံချင်းရှန်းက ထိုပုံမမှန်သည့် အပြုအမူကို သတိထားမိသွားပြီး သူ၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတစ်ချက် ဖြတ်ပြေးသွားသည်။
"တကယ်တော့ ငါတို့ကို ဂိုဏ်းလို့ ခေါ်ကြတယ်၊ ဒါပေမဲ့ ဘာလို့ ငါတို့ကိုယ်ငါတို့ ဂိုဏ်းလို့ ခေါ်ရသလဲဆိုတာ မင်းတို့ သိကြလား" လင်းဝမ်ရုံက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အားလုံးက သူ၏ စကားကို အာရုံစိုက်နေကြသည်ကို တွေ့ရသည်။ 'ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ရတာလည်း ဂုဏ်ရှိသားပဲ' ဟု သူက ခပ်ပြုံးပြုံး တွေးလိုက်သည်။
"မင်းတို့က ဆင်းရဲတဲ့ မိသားစုက ဖြစ်နိုင်သလို၊ မိဘမဲ့ ဖြစ်နေတာမျိုး ဒါမှမဟုတ် တောင်းစားနေရတဲ့သူလည်း ဖြစ်နိုင်တယ်။ အဲဒါတွေက အရေးမကြီးဘူး၊ မင်းတို့မှာ သတ္တိရှိပြီး သစ္စာရှိဖို့ပဲ လိုတယ်၊ ဂိုဏ်းက မင်းတို့ရဲ့ အတောင့်တင်းဆုံး အားကိုးရာ ဖြစ်လာလိမ့်မယ်။ ဂိုဏ်းဆိုတာ ငါတို့ ညီအစ်ကို အားလုံးကို တင်းတင်းကျပ်ကျပ် စုစည်းပေးထားတာ၊ ဒါမှ သူများတွေ ငါတို့ကို အနိုင်မယူနိုင်မှာ။ ငါတို့ကတော့ တခြားသူတွေကို စိတ်ကြိုက် နိုင်စားလို့ရတယ်။ ဘယ်သူကပဲ ငါတို့ကို ဆန့်ကျင် ဆန့်ကျင်၊ သူတို့ မိဘတွေကို တမ်းတပြီး ငိုယိုသွားတဲ့အထိ၊ သူတို့ မိသားစုကိုတောင် မမှတ်မိဘဲ ငါတို့ကိုပဲ မှတ်မိသွားတဲ့အထိ ငါတို့က ရိုက်နှက်ပြရမယ်။ ငါတို့ရဲ့ ရည်မှန်းချက်က ကျင်းလင်မြို့ထဲမှာ ဘဝင်မြင့်မြင့်နဲ့ လမ်းလျှောက်နိုင်ဖို့ပဲ" ဟု လင်းဝမ်ရုံက ယုတ်ယုတ်မာမာပင် လှုံ့ဆော်လိုက်သည်။
နောက်လိုက်များက အားရပါးရ ရယ်မောကြသော်လည်း သူတို့၏ မျက်လုံးများထဲတွင်မူ 'တောက်ပသော အနာဂတ်' အတွက် လောင်မြိုက်နေသော ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
"ငါတို့က တခြားသူတွေကို အရင်စပြီး မနှောင့်ယှက်ဘူး၊ ဒါပေမဲ့ ဘယ်သူကပဲ ဖြစ်ဖြစ် ငါတို့ကို လာစိန်ခေါ်ရင်တော့ လက်တုံ့ပြန်ရမယ်။ သူတို့ကို ခုတ်မယ်၊ သူတို့ရဲ့ အင်္ဂါတွေကို ဖြတ်ပစ်မယ်၊ သူတို့ရဲ့ ငွေတွေကို လုမယ်၊ သူတို့ရဲ့ မိန်းမတွေကို သိမ်းပိုက်မယ်၊ သူတို့ရဲ့ ဘိုးဘွား ၁၈ ဆက်အထိကို ဖျက်ဆီးပစ်မယ်" ဟု လင်းဝမ်ရုံက ယုတ်မာသော အပြုံးဖြင့် ပြောလိုက်ရာ ရှိနေသူအားလုံးထံသို့ ထိုစိတ်ဓာတ်များ ကူးစက်သွားတော့သည်။
"သူတို့ရဲ့ ငွေတွေကို လုမယ်၊ မိန်းမတွေကို သိမ်းပိုက်မယ်၊ ဘိုးဘွား ၁၈ ဆက်အထိကို ဖျက်ဆီးပစ်မယ်" သောက်ထားသော အရှိန်များကြောင့် နောက်လိုက်များမှာ နောက်ဆုံးတွင် အထိန်းအကွပ်မဲ့ စတင်အော်ဟစ်ကြတော့သည်။ စကားလုံး အနည်းငယ်ဖြင့်ပင် လင်းဝမ်ရုံသည် ဤလူမိုက်လောင်းလျာများကို သူတို့၏ ဘဝသစ်ထဲသို့ အလုံးစုံ နစ်မြုပ်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည်။
"အစ်ကိုကြီး... ကျွန်တော်တို့ ဂိုဏ်းကို ဘာလို့ ခေါ်ကြမလဲ" ဒုံချင်းရှန်းက မေးသည်။
"ဟုန်ရှင်း လို့ ခေါ်ကြစို့" ဟု လင်းဝမ်ရုံက ရယ်ချင်စိတ်ကို ထိန်းထားသည့် ထူးဆန်းသော မျက်နှာပေးဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဒုံချင်းရှန်းအတွက်မူ သူ၏ အစ်ကိုကြီး၏ မျက်နှာပေးမှာ တစ်စုံတစ်ယောက်ဆီမှ ပစ္စည်းတစ်ခုကို ခိုးယူပြီး အောင်ပွဲခံနေသည့်အတိုင်း အတော်လေး ကြောက်စရာ ကောင်းလှသည်။
(ဟုန်ရှင်း ဆိုသည်မှာ ၂၀ ရာစု အစောပိုင်းတွင် ဟောင်ကောင်၌ တည်ထောင်ခဲ့သော နာမည်ကျော် လူမိုက်ဂိုဏ်း တစ်ခု ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ ငွေညှစ်မှုနှင့် ငွေခဝါချမှု အပါအဝင် တရားမဝင် လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်ခဲ့သည်။ ဟုန်ရှင်း ဟူသော အမည်မှာ အင်အားကြီးမားပြီး ချမ်းသာကြွယ်ဝလာစေရန် အကြမ်းဖက်မှုနှင့် တရားမဝင် နည်းလမ်းများကို အသုံးပြုရန် အသင့်ရှိခြင်းကို ကိုယ်စားပြုသည် )
အသောက်အစား အလွန်အမင်း များသွားပြီးနောက် လင်းဝမ်ရုံသည် အိမ်တံခါးဝသို့ ရောက်မှသာ ကျောပြင်မှ ပူစပ်ပူလောင် နာကျင်မှုကို ခံစားလိုက်ရသည်။ မွန်းလွဲပိုင်းက ရန်ပွဲတွင် ရရှိခဲ့သော ဒဏ်ရာမှာ ရောင်ရမ်းနေဆဲဖြစ်ပြီး ဆေးမကုသရသေးပေ။
လင်းဝမ်ရုံ ခြံထဲသို့ လှမ်းဝင်လိုက်စဉ် သူ၏ အိမ်ရှေ့တွင် လှုပ်ရှားမှုမရှိဘဲ ထိုင်နေသော လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။
"ဘယ်သူလဲ" လင်းဝမ်ရုံ အော်မေးလိုက်သည်။ ကျင်းလင်မြို့တွင် သူသိသော လူအရေအတွက်မှာ လက်ချိုးရေတွက်လို့ ရသည်။
"အစ်ကိုကြီးလင်း... ပြန်လာပြီလား" ဟု ပြတ်သားသော အသံလေးတစ်ခုက အံ့သြဝမ်းသာစွာဖြင့် ပြန်ထူးလိုက်လေသည်။