အခန်း (၃၄) - ကန်ထရိုက်ဝန်ထမ်း ၁
"ကန်ထရိုက်အခြေပြု အလုပ်ခန့်ထားမှုဆိုတာ နောက်ပြောင်နေတာမဟုတ်ဘူး၊ အဟွတ်... အဟွတ်..." လင်းဝမ်ရုံသည် သူ၏စကားမှားသွားသည်ကို သတိထားမိသဖြင့် ချောင်းဟန့်ဟန်ဆောင်ကာ ဖုံးဖိလိုက်ရသည်။ "နာမည်အတိုင်းပါပဲ၊ ကန်ထရိုက်ဝန်ထမ်းဆိုတာ ကျွန်တော်က ရှောင်အိမ်တော်နဲ့ တစ်နှစ်သက်တမ်းရှိတဲ့ အလုပ်ခန့်ထားမှုစာချုပ်တစ်ခု ချုပ်ဆိုတာပါ။ ဒီကာလအတွင်းမှာ ကျွန်တော်က ရှောင်အိမ်တော်အတွက် တစ်နေ့ကို ရှစ်နာရီ၊ ဒါမှမဟုတ် တနေ့လုံး အလုပ်လုပ်ပေးရမယ်။ ကျွန်တော်က လွတ်လပ်တဲ့လူတစ်ဦးအဖြစ်ပဲ ရှိနေမှာဖြစ်ပြီး ရှောင်အိမ်တော်ရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်က ရှောင်အိမ်တော်ရဲ့ အစေခံဖြစ်နေဆဲဖြစ်သလို ကျွန်တော့်ရဲ့ လုပ်အားကလည်း သူတို့ပိုင်တာပဲ။ ဒီလိုစီစဉ်တာရဲ့ အားသာချက်ကတော့ ရှောင်အိမ်တော်က ကျွန်တော့်အပေါ် မကျေနပ်ရင် ဘယ်အချိန်မဆို အလုပ်က ထုတ်ပစ်လို့ရတာပေါ့"
"ဪ... ဪ..." လင်းဝမ်ရုံသည် သူ့ကို စူးစိုက်ကြည့်နေသည့် အဘိုးကြီးသုံးဦးကို သတိထားမိသွားသည်။ သူတို့၏အကြည့်များက 'မင်းသာ တစ်သက်တာ အစေခံစာချုပ်ချုပ်ထားရင်လည်း ရှောင်အိမ်တော်က မကျေနပ်ရင် ဘယ်အချိန်မဆို နှင်ထုတ်လို့ရတာပဲ' ဟု ဆိုလိုနေသယောင်ရှိသည်။ ထို့ကြောင့် သူက အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည် - "ဒီလို ဖိအားမျိုးအောက်မှာ ကျွန်တော်က ပိုပြီး ရည်မှန်းချက်ကြီးလာမယ်၊ ပိုကြိုးစားလာမယ်၊ ရှောင်မိသားစု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ရင်း ပိုမိုအင်အားတောင့်တင်းတဲ့ မဟာဟွာ မင်းဆက် တည်ထောင်နိုင်ဖို့ အုတ်တစ်ချပ် သဲတစ်ပွင့်အဖြစ် ပါဝင်လာမှာပါ။ တစ်နှစ်ပြည့်လို့ နှစ်ဦးနှစ်ဖက် ကျေနပ်တယ်ဆိုရင် စာချုပ်သက်တမ်းတိုးလို့ရသလို လစာကိစ္စကိုလည်း ချစ်ချစ်ခင်ခင် ဆွေးနွေးလို့ရတာပေါ့"
အဘိုးကြီးများသည် သူ၏ နောက်ဆုံးစကားများကို စိတ်ဝင်စားသွားကြသည်။ လင်းဝမ်ရုံ၏ မိမိကိုယ်ကို တိုးတက်အောင် တွန်းအားပေးလိုစိတ်နှင့် ရှေ့သို့တိုးထွက်ရန် သတ္တိရှိမှုတို့မှာ ချီးကျူးစရာပင်။ ယခုခေတ်တွင် ဤကဲ့သို့သော လူငယ်မျိုးမှာ ရှားပါးလှသည်။ ထို့ကြောင့် အဘိုးကြီးသုံးဦးမှာ လင်းဝမ်ရုံကို ချီးကျူးလိုက်ကြသည်။
ဦးလေးဖု က စကားဆိုလာသည် - "လင်းဆန်း... မင်းပြောတာကို ငါတို့ သဘောမတူတာမဟုတ်ဘူး။ တကယ်တော့ မင်းရဲ့အဆိုပြုချက်က အတော်လေး တည်ဆောက်ပုံကောင်းပါတယ်။ ငါတို့လည်း ခေါင်းဆောင်တွေအတွက် တစ်သက်တာရာထူးစနစ်ကို ပယ်ဖျက်ဖို့ဆိုတဲ့ အကြောင်းအရာကို လေ့လာနေတာ၊ မင်းက အခုလို ဦးဆောင်လမ်းပြပေးတော့ နောက်လာမယ့် အစေခံများညီလာခံမှာ ဒီကိစ္စကို ဆွေးနွေးဖို့ တင်ပြပေးမယ်။ အတည်ပြုပြီးတာနဲ့ သခင်မလေးတွေကို အသိပေးပြီး တရားဝင် အကောင်အထည်ဖော်မှာပါ။ ဒါပေမဲ့ မင်းသိတဲ့အတိုင်းပဲ ဒီလို ပြုပြင်ပြောင်းလဲမှုမျိုးက အတိုက်အခံတွေ အများကြီး ကြုံရမှာဆိုတော့ တဖြည်းဖြည်းပဲ လုပ်သွားလို့ရမယ်။ အခုလောလောဆယ်တော့ မင်းရဲ့အဆိုပြုချက်ကို သခင်မလေးတွေဆီ တင်ပြပေးမယ်၊ အောင်မြင်မလား မအောင်မြင်ဘူးလားဆိုတာတော့ မသေချာဘူး။ သေသေချာချာ စဉ်းစားနော်၊ အကယ်၍ သူတို့ လက်မခံဘူးဆိုရင် မင်း အပယ်ခံရနိုင်တယ်။ မင်း အဆင် ပြေရဲ့လား"
ဦးလေးဖု၏ စကားများမှာ ခေါင်းဆောင်များအတွက် တစ်သက်တာရာထူးစနစ် ပယ်ဖျက်ရေး၊ အစေခံများညီလာခံ၊ ပြုပြင်ပြောင်းလဲရေး အတိုက်အခံ စသည့် ရုံးသုံးစကားလုံးများဖြင့် ပြည့်နှက်နေသည်။ လင်းဝမ်ရုံမှာ ခေါင်းပင် မူးနောက်သွားသော်လည်း နောက်ဆုံးစာကြောင်းကို ကြားလိုက်ရသည့်အခါ အလျင်အမြန် ခေါင်းညိတ်လိုက်သည် - "ဒါပေါ့... ကျွန်တော် သေသေချာချာ စဉ်းစားပြီးပါပြီ ဦးလေးဖု။ လူကြီးတွေဆီ အမြန်ဆုံး တင်ပြပေးပါ"
လင်းဝမ်ရုံသည် အဘိုးကြီးဝေ့၏ ကျေးဇူးကို ဆပ်လိုသော်လည်း သူ၏အမည်ကို ပြောင်းလဲပြီး သိက္ခာမဲ့စွာ နေထိုင်ရမည့်အဖြစ်ကိုမူ မည်သည့်အခါမျှ လက်ခံမည်မဟုတ်ပေ။ အကယ်၍ ထိုသို့ဖြစ်လာပါက အဘိုးကြီးဝေ့ကို သူ၏အသက်နှင့်သာ ပြန်ပေးဆပ်လိုက်တော့မည်ဖြစ်သည်။
အဘိုးကြီးသုံးဦး ခေတ္တမျှ ဆွေးနွေးပြီးနောက် ဦးလေးဖုကို လူကြီးများထံ တင်ပြရန် တာဝန်ပေးလိုက်ကြသည်။
ဦးလေးဖု အပြင်ဘက်သို့ လှမ်းထွက်လိုက်စဉ် တံခါးဝတွင် ရပ်နေသည့် မိန်းမပျိုတစ်ဦးကို တွေ့လိုက်ရသည်။ သူမသည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်နေလေသည်။
ထိုမိန်းမပျိုမှာ အသက်မကြီးသေးသော်လည်း သူမ၏အလှမှာ သိသာထင်ရှားလှသည်။ အချိန်တန်လျှင် သူမသည် သေချာပေါက် အလှဘုရင်မကြီးတစ်ပါး ဖြစ်လာပေလိမ့်မည်။
"သခင်မလေးရှောင်... ရောက်နေတာလား" ဦးလေးဖုက ဝမ်းသာအားရ ပြေးသွားသည်။ သူမ ရယ်နေသည်ကို မြင်ရသဖြင့် သူပါ လိုက်ရယ်မိသွားသည် - "ဒီလူငယ်လေးရဲ့ အရူးကွက်နင်းတဲ့ အကြံအစည်ကို သခင်မလေးလည်း ကြားလိုက်တာလား"
ရှောင်မိသားစု၏ ဒုတိယသခင်မလေးက နှာခေါင်းရှုံ့လိုက်သည် - "အတော်လေးကို လွန်လွန်ကျူးကျူးပါပဲ။ ဒီကောင်လေးက လူကောင်းမဟုတ်ဘူးဆိုတာ ကျွန်မ အစကတည်းက သိသားပဲ"
သူမ၏လက်ထဲတွင် စာရွက်တစ်ရွက်ရှိနေသည်ကို ဦးလေးဖု သတိထားမိသွားသည်။ ထိုစာရွက်ပေါ်တွင် စာလုံးအချို့ကို တွန့်လိမ်ကောက်ကွေးစွာ ရေးထားသော်လည်း တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိနေသည်။ သူက စပ်စုလိုစိတ်ဖြင့် မေးလိုက်သည် - "သခင်မလေးရှောင်... လက်ထဲက ကိုင်ထားတာ ဘာလေးလဲ"
ရှောင်ဒုတိယသခင်မလေးသည် နှုတ်ခမ်းကို စေ့ထားသော်လည်း သူမ၏ ပုခုံးများမှာ သိသိသာသာ တုန်ခါနေပြီး နောက်ဆုံးတွင် မအောင့်နိုင်တော့ဘဲ အော်ရယ်လိုက်တော့သည်။ "ဦးလေးဖု... ကြည့်လိုက်ဦး။ ဒါက လင်းဆန်း အလွတ်ပြန်ရေးထားတဲ့ သုံးလုံးစာ တဲ့။ ဟီးဟီး..."
ထိုစာရွက်မှာ ပထမစမ်းသပ်ချက်မှ လင်းဝမ်ရုံ၏ အဖြေလွှာဖြစ်နေသည်။ ထိုစာလုံးများကို မြင်လိုက်ရသည့်အခါ ဦးလေးဖုမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားရသည်။
လင်းဝမ်ရုံရဲ့ ကန်ထရိုက်ဝန်ထမ်း အဆိုပြုချက်ကို ကြည့်ရတာတော့ လင်းဆန်းက စာမတတ်တဲ့သူ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့လက်ရေးက ဘာလို့ ဒီလောက်တောင် ရုပ်ဆိုးနေရတာလဲ။
ရှောင်ဒုတိယသခင်မလေးသည် သူမ၏ရင်ခွင်ထဲမှ စာအုပ်ငယ်လေးတစ်အုပ်ကို ထုတ်ယူလိုက်ပြီး ပန်းချီကားထဲမှ အမျိုးသမီးကို ညွှန်ပြလိုက်သည် - "ဦးလေးဖု... ကြည့်ဦး"
ပန်းချီကားကို ကြည့်လိုက်ရသည့်အခါ ဦးလေးဖု၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည် - "ဒါ... ဒါက သခင်မလေးကြီးရှောင် ပါလား၊ဒါ ဘယ်သူ့လက်ရာလဲ"
သူမက ခေါင်းခါပြသည် - "ဘယ်သူဆွဲလဲဆိုတာ ကျွန်မလည်း မသိဘူး။ ဒါကို လင်းဆန်းဆီကနေ ဝယ်ခဲ့တာ၊ လူအများကြီးလည်း သူ့ဆီကနေ ဒီစာအုပ်ကို ဝယ်ကြတယ်။ ဟွန့်... အဲဒီကောင်လေးက ကျွန်မအစ်မရဲ့ ပုံတူကို သုံးပြီး ပိုက်ဆံရှာနေတာပဲ။ တကယ့်ကို ပြုပြင်လို့မရတဲ့ကောင်ပဲ"
လင်းဝမ်ရုံသည် စီးပွားရေးလုပ်နိုင်စွမ်းရှိသည်ကို ဦးလေးဖု သံသယမဖြစ်ပေ။ သူ့ရဲ့ မျက်နှာအထူကြီးနဲ့ဆိုရင် စီးပွားရေးမလုပ်ရင်ပဲ နှမြောစရာကောင်းလှသည်။
ဦးလေးဖုက မေးသည် - "ဒါ ဘယ်သူဆွဲတာလဲဆိုတာ သူ့ကို မမေးကြည့်ဘူးလား၊ ကျွန်တော်က အနုပညာအကြောင်း သိပ်မသိပေမယ့် ဒီပန်းချီက ကျွန်တော်တို့ မြင်ဖူးနေကျ ပုံစံတွေနဲ့ လုံးဝမတူဘူး။ ရိုးရှင်းပေမဲ့ ထူးခြားတယ်၊ လက်ရာကလည်း ပြတ်သားပြီး အမူအရာတွေကလည်း သက်ဝင်လှတယ်။ ဒီပန်းချီဆရာကြီးက ဘယ်သူများပါလိမ့်"
ရှောင်ဒုတိယသခင်မလေးက ပြန်ဖြေသည် - "မေးတာပေါ့၊ ဒါပေမဲ့ သူက မပြောဘူးလေ။ ဟွန့်... သူက စာလုံးအနည်းငယ်တောင် မှန်အောင် မရေးနိုင်တာ၊ အဲဒီလူယုတ်မာရဲ့ လက်ရာတော့ သေချာပေါက် မဟုတ်ဘူး။ ဒါ့အပြင် ကျွန်မအစ်မက အပြင်ကို ထွက်ခဲတော့ သူမရဲ့ရုပ်ရည်ကို သိတဲ့သူက ရှားတယ် လေ။ ဒါတောင် ဒီဆရာကြီးက သူမရဲ့ပုံစံကို ကွက်တိကျအောင် ဆွဲနိုင်တယ်ဆိုတော့ ဒီလူက တကယ်ကို ပါရမီထူးခြားတဲ့သူ ဖြစ်ရမယ်"
ဦးလေးဖုက ခေါင်းညိတ်သည် - "ဒါဆိုရင် ဒီလင်းဆန်းကို ဘာလုပ်ကြမလဲ"
ဒုတိယသခင်မလေး၏ လေသံအရ သူမသည် လင်းဆန်းအပေါ် အတော်လေး နာကျည်းနေပုံရသည်။ လင်းဝမ်ရုံနှင့် ရှောင်အိမ်တော်မှာ ရေစက်မပါဘူးထင်ပါရဲ့။
ရှောင်ဒုတိယသခင်မလေးသည် နှုတ်ခမ်းကိုကိုက်လျက် အပြုံးတစ်ခုနှင့်အတူ - "ဒီကောင်က လှည့်ကွက်တွေ အများကြီးရှိသလို မကောင်းတာတွေလည်း အများကြီး လုပ်ထားတာ။ ဟွန့်... သူ့ကို ဒီအတိုင်း အလွယ်တကူ လွှတ်ပေးလိုက်လို့ ဖြစ်မလား"ဟု ဆိုသည်။
ဦးလေးဖုသည် သူမ၏ဆိုလိုရင်းကို နားမလည်ပေ။ "ဒါဆိုရင် သခင်မလေး... လင်းဆန်းကို စာချုပ်ချုပ်မလား၊ မချုပ်ဘူးလား"
သူမက ပြုံးပြီး ပြောသည် - "ချုပ်မှာပေါ့။ ဦးလေးဖု... သူ့ရဲ့ အကြံပြုချက်အတိုင်းပဲ သူ့ကို ကန်ထရိုက်ဝန်ထမ်းအဖြစ် စာချုပ်မူကြမ်း ရေးလိုက်ပါ။ ဟွန့်... သူသာ ရှောင်အိမ်တော်ရဲ့ တံခါးဝထဲကို ခြေလှမ်းဝင်လာတာနဲ့ ကျွန်မကတော့..."
သူမ၏ မျက်နှာတွင် မကောင်းဆိုးဝါးဆန်သော အပြုံးတစ်ခု ပေါ်လာသည် - "တံခါးပိတ်... ခွေးလွှတ်မယ်"
ဦးလေးဖုသည် ချွေးများပြန်လျက် လေလို ပြေးထွက်သွားတော့သည်။ ဒုတိယသခင်မလေး၏ "တံခါးပိတ်... ခွေးလွှတ်မယ်" ဆိုသည့် စကားလုံးများ နောက်ကွယ်မှ စွမ်းအားကို သူ အသိဆုံးဖြစ်နေသောကြောင့်ပင်။
ဤအချိန်တွင် ဒုတိယသခင်မလေး ပြောနေသည့် "ဆရာကြီး" မှာမူ အခန်းထဲတွင် ကျန်ရှိနေသော အဘိုးကြီးနှစ်ဦးနှင့် အားရပါးရ စကားပြောနေလေသည်။ သူတို့အားလုံးမှာ သူတို့နယ်ပယ်အသီးသီးမှ ကျွမ်းကျင်သူများဖြစ်ကြရာ သူတို့၏ ကြွားလုံးများမှာ တစ်ခန်းလုံး တံတွေးများဖြင့် စိုရွှဲတော့မည့်အတိုင်းပင်။
ထိုအဘိုးကြီးနှစ်ဦးထံမှ လင်းဝမ်ရုံသည် ရှောင်အိမ်တော်၏ အခြေအနေကို သိရှိခဲ့ရသည်။
ရှောင်အိမ်တော်၏ သခင်ကြီးဟောင်း (သခင်မကြီးရှောင်၏ ယောက္ခမ) သည် နန်းတွင်းတွင် ရာထူးကြီးကြီးမားမား ရယူခဲ့ဖူးသူဖြစ်ပြီး ယခင်က ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီး ဖြစ်ခဲ့သည်။ အငြိမ်းစားယူပြီးနောက် သူသည် ကျင်းလင်မြို့သို့ ပြန်လာကာ အေးအေးချမ်းချမ်း နေထိုင်ခဲ့သည်။ သူ ကွယ်လွန်သည့်အခါ လက်ရှိဧကရာဇ်ကိုယ်တိုင် ဝမ်းနည်းခြင်း အထိမ်းအမှတ် ကဗျာတစ်ပုဒ် ရေးသားပေးခဲ့သလို သူ့ကို "စေတနာမွန်နှင့် သီလရှိသော ပညာရှိ" ဆိုသည့် ဂုဏ်ထူးဆောင်ဘွဲ့ကိုလည်း အပ်နှင်းခဲ့သည်။
သို့သော် သခင်ကြီးဟောင်း ကွယ်လွန်ပြီးနောက် ရှောင်အိမ်တော်၏ သခင်ငယ်မှာလည်း ဖျားနာကာ နှစ်နှစ်အတွင်း ကွယ်လွန်သွားခဲ့သည်။ ရှောင်မိသားစုမှာ သူတို့၏ အားကိုးရာကို ဆုံးရှုံးခဲ့ရပြီး စီးပွားရေးလည်း ကျဆင်းလာခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သခင်ကြီးဟောင်း၏ တပည့်များစွာက ကူညီဖေးမခဲ့ကြသလို သခင်မကြီးရှောင်၏ ကြိုးစားအားထုတ်မှု၊ ရှောင်သခင်မလေး၏ ပါရမီနှင့် ဉာဏ်ရည်တို့ကြောင့် မိခင်နှင့် သမီးနှစ်ဦးမှာ ကြီးမားသော မိသားစုစီးပွားရေးကို ထိန်းသိမ်းထားနိုင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် နှစ်များကြာလာသည်နှင့်အမျှ သခင်ကြီးဟောင်း၏ သြဇာအာဏာ မှိန်ဖျော့လာကာ ပြိုင်ဆိုင်မှုများလည်း ပြင်းထန်လာသဖြင့် ရှောင်မိသားစု၏ စီးပွားရေးမှာ ပိုမိုခက်ခဲလာခဲ့သည်။ မိသားစုစီးပွားရေးကို ထိန်းသိမ်းရန်အတွက် သခင်မလေးမှာ ကျန်းစူး၊ ကျဲ့ကျန်း နှင့် အန်းဟွေး ပြည်နယ်များအနှံ့ ခရီးများစွာ ထွက်နေရပြီး အိမ်တွင် ရှိခဲလှသဖြင့် ကျင်းလင်မြို့ရှိ လူအနည်းငယ်သာ သူမကို မြင်ဖူးကြခြင်း ဖြစ်သည်။
လင်းဝမ်ရုံသည် အဘိုးကြီးနှစ်ဦးထံမှ အရေးကြီးသော သတင်းအချက်အလက် တစ်ခုကိုလည်း သိရှိခဲ့ရသည် - ၎င်းမှာ ယခုနှစ် အိမ်အစေခံအသစ်ခေါ်ယူမှုပင်။ ၎င်းမှာ အတိုင်းအတာကြီးမားပုံရပြီး လျှောက်ထားသူအရေအတွက်မှာလည်း ယခင်နှစ်များအတိုင်းပင် ဖြစ်သော်လည်း ရှောင်အိမ်တော်က အမှန်တကယ် ခန့်အပ်မည့် အိမ်အစေခံအရေအတွက်ကိုမူ အလွန်အမင်း ကန့်သတ်ထားပြီး လျှို့ဝှက်ထားရှိခြင်း ဖြစ်သည်။
လင်းဝမ်ရုံကတော့ ဤအချက်ကို နားလည်နိုင်ပါသည်၊ သူ စီးပွားရေးလုပ်စဉ်ကလည်း ကုမ္ပဏီ၏ အမြတ်ငွေကို အများအပြားဟု ဟန်ပြလေ့ရှိသော်လည်း အမှန်တကယ် အသေးစိတ်ကိုမူ လူအနည်းငယ်သာ သိရှိကြသည် မဟုတ်ပါလား။
"ဒါနဲ့ ပညာတတ်တွေကျတော့ကော၊သူတို့က ဘာလို့ ဒီကို ရောက်နေကြတာလဲ" လင်းဝမ်ရုံက သူ့စိတ်ထဲမှာ ရှိနေတာ ကြာပြီဖြစ်တဲ့ မေးခွန်းကို အဘိုးကြီးနှစ်ဦးအား တိုက်ရိုက် မေးလိုက်တော့သည်။