အခန်း (၃၃) - စမ်းသပ်ချက်သုံးခုကို ကျော်ဖြတ်ခြင်း ၂
တတိယမြောက် အခန်းထဲသို့ လှမ်းဝင်လိုက်သောအခါ လင်းဝမ်ရုံသည် အသက် ၅၀ ဝန်းကျင်ခန့်ရှိသည့် အမျိုးသားသုံးဦးနှင့် မမျှော်လင့်ဘဲ ထိပ်တိုက်တွေ့လေတော့သည်။ သူတို့အားလုံးမှာ အစိမ်းရောင် ဝတ်ရုံအနွမ်းများနှင့် ဦးထုပ်အဝိုင်းလေးများ ဆောင်းထားကြရာ အိမ်စေများဖြစ်ကြောင်းမှာ ယုံမှားသံသယဖြစ်ဖွယ် မရှိပေ။ ထိုသူသုံးဦးမှာ အားရပါးရ စကားလက်ဆုံ ကျနေကြသော်လည်း လင်းဝမ်ရုံ ပေါ်လာသည်နှင့် စကားကို ချက်ချင်းဖြတ်ကာ သူ့ထံသို့ အကြည့်များ စုပြုံရောက်ရှိလာကြသည်။
ရှည်လျားသော တိတ်ဆိတ်မှုတစ်ခု စတင်သွားပြီး ထိုအဘိုးကြီးသုံးဦးမှာ လင်းဝမ်ရုံကို စိုက်ကြည့်မြဲ စိုက်ကြည့်နေကြရာ သူတို့၏ မျက်ဝန်းများထဲတွင် ရယ်ချင်ပတ်ချင်စိတ်များ ဝင်းလက်နေသည်။ သူတို့၏ အပြုအမူကြောင့် ဇဝေဇဝါဖြစ်သွားသော လင်းဝမ်ရုံမှာ မိမိကိုယ်ကို ပြန်လည်စစ်ဆေးမိသည်။ စောစောက ဒုံချင်းရှန်းတို့နှင့် ရန်ပွဲကြောင့် အဝတ်အစားများ အနည်းငယ် ပေပွနေသည်မှလွဲလျှင် သူ၏ပုံစံမှာ ထူးထူးခြားခြား မှတ်သားစရာ မရှိဟု ထင်ရသည်။
'ငါက ချောလွန်းနေလို့လား' လင်းဝမ်ရုံ တွေးနေမိသည်။ သူ၏ ရုပ်ရည်အပေါ် သူကိုယ်တိုင် ကျေနပ်သော်လည်း လင်းဝမ်ရုံ၏ ရည်မှန်းချက်မှာ မိန်းမပျိုလေးများကို ဆွဲဆောင်ရန်ဖြစ်ပြီး ယခုကဲ့သို့ အရေပြားတွန့်နေသော အဘိုးကြီးများကို မဟုတ်ပေ။
သူတို့၏ စူးရှပြီး မယိုင်မလဲသော အကြည့်များကြောင့် လင်းဝမ်ရုံမှာ ပို၍ စိတ်တိုလာကာ ထိုလူသုံးဦးကို ပြန်လည် စိုက်ကြည့်လိုက်သည်။ သူတို့၏ မျက်လုံးများမှာ ပြင်းထန်သော၊ မျက်တောင်မခတ်တမ်း စိုက်ကြည့်ပွဲတစ်ခုတွင် ဆုံစည်းနေကြပြီး မည်သည့်ဘက်ကမျှ နောက်မဆုတ်ကြပေ။ နောက်ဆုံးတွင် လင်းဝမ်ရုံသည် ရဲတင်းစွာဖြင့် ထိုင်ခုံပုလေးတစ်လုံးကို ဆွဲယူကာ ထိုသုံးဦး၏ ရှေ့တည့်တည့်တွင် ထိုင်ချလိုက်ပြီး သူတို့ထက်ပင် ပိုမိုပြင်းထန်သော အကြည့်ဖြင့် တုံ့ပြန်လိုက်တော့သည်။
"ဒီကလေးကတော့... အရှက်မရှိလိုက်တာ" အတော်ကြာပြီးနောက်တွင် အဘိုးကြီးတစ်ဦးက နောက်ဆုံးတွင် စကားစလာပြီး သူ၏ မျက်လုံးထဲတွင် ချီးကျူးရိပ်အချို့ ပါဝင်နေသည်။
"ဒီကလေးက... အတော်လေးကို အရှက်မရှိတာ" ဒုတိယမြောက် အဘိုးကြီးကလည်း အလားတူပင် သဘောကျဟန်ဖြင့် ထပ်ဆင့်ပြောသည်။
တတိယမြောက် အဘိုးကြီးက လင်းဝမ်ရုံကို ကျေနပ်စွာ ခေါင်းညိတ်ပြပြီး - "မင်းရဲ့ အရှက်မရှိပုံက ငါ့ရဲ့ လူပျိုဘဝတုန်းက ပုံစံကို သွားသတိရစေတယ်" ဟု ဆိုသည်။
ဤမျှအထိ မျက်နှာပြောင်လှသော လူကြီးများရှေ့တွင် လင်းဝမ်ရုံသည် မိမိကိုယ်ကို အသေးအဖွဲလေးဟု ခံစားလိုက်ရပြီး သူ၏ အရှက်တရားမှာ ထိုသူတို့နှင့်ယှဉ်လျှင် အလွန်ပင် ပါးလွှာနေသေးကြောင်း နားလည်လိုက်သည်။
"အရှက်မရှိခြင်းဆိုတာ အဆင့်မြင့်အိမ်အစေခံတစ်ယောက်အတွက် အခြေခံအကျဆုံး အရည်အချင်းပဲ" ဟု ပထမအဘိုးကြီးက အရှက်မရှိဘဲ ထုတ်ဖော်ပြောဆိုသည်။ "လူငယ်လေး... မင်းမှာ သတ္တိရှိတယ်။ မင်းဆီမှာ ငါ့ရဲ့ လူငယ်ဘဝ ပုံရိပ်လွှာကို ငါမြင်နေရတယ်... မင်းဟာ အိမ်အစေခံလောကရဲ့ တက်လူကြယ်ပွင့်တစ်ပွင့်ပဲ။ ငါ့ကို ယုံစမ်းပါ၊ မင်းဟာ ထူးချွန်တဲ့ အိမ်အစေခံတစ်ယောက် ဖြစ်လာဖို့ ကံပါလာသူပဲ"
ထိုထူးဆန်းသော အဘိုးကြီးသုံးဦးကို လင်းဝမ်ရုံက စိတ်ထဲမှ တိတ်တဆိတ် လှောင်ပြောင်လိုက်သည်။ ဒုတိယအဘိုးကြီးက ဆက်ပြောသည် - "ဂုဏ်ယူပါတယ်၊ မင်းဟာ စမ်းသပ်ချက်အားလုံးကို အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပြီ။ မင်းသာ ဆန္ဒရှိမယ်ဆိုရင် ရှောင်အိမ်တော်ရဲ့ ဂုဏ်သရေရှိ အိမ်အစေခံတစ်ယောက်အဖြစ် ဘယ်အချိန်မဆို စတင်လုပ်ကိုင်နိုင်ပါပြီ"
"နေပါဦး၊ နေပါဦး" လင်းဝမ်ရုံက အလျင်အမြန် ကြားဖြတ်ပြောလိုက်သည်။ "ဒီမှာ ဘာတွေဖြစ်နေတာလဲဆိုတာ လူကြီးမင်းတို့ထဲက တစ်ယောက်လောက် စိတ်ကောင်းစေတနာထားပြီး ရှင်းပြပေးလို့ ရမလား"
တတိယအဘိုးကြီးက တဟားဟား ရယ်လိုက်ပြီး - "ဒါပေါ့။ မင်းက ဒီစမ်းသပ်ချက် သုံးခုက ဘာလဲဆိုတာ သိချင်တာ မဟုတ်လား။ဟဲဟဲ... ငါရှင်းပြပါ့မယ်။ ပထမစမ်းသပ်ချက်က စာတတ်တဲ့ အစေခံတွေကို ရွေးတာ၊ ငါတို့က စာမတတ်တဲ့သူတွေကို အလိုမရှိဘူး။ ဒုတိယစမ်းသပ်ချက်က ပါးနပ်ဖျတ်လတ်တဲ့ အစေခံတွေကို ရှာတာ၊ ဉာဏ်ထိုင်းတဲ့သူတွေကိုလည်း ငါတို့ အလိုမရှိဘူး။ တတိယစမ်းသပ်ချက်ကတော့ ရှောင်အိမ်တော်ရဲ့ အထူးချွန်ဆုံး အိမ်အစေခံတွေဖြစ်တဲ့ ငါတို့ သုံးယောက်က တိုက်ရိုက်ကြီးကြပ်တာ။ ဒါက အရေးအကြီးဆုံး စမ်းသပ်ချက်ပဲ။ ပထမဆုံး ငါတို့က လျှောက်ထားသူရဲ့ ရုပ်ရည်ကို အကဲဖြတ်တယ်၊ မင်းသိတဲ့အတိုင်း ရှောင်မိသားစုက ဂုဏ်သရေရှိတဲ့ မိသားစုဆိုတော့ ရုပ်ဆိုးတဲ့သူတွေဆိုရင် ရုပ်ပြောင်းခွဲစိပ်မှုလုပ်ပြီးမှ ပြန်လာသင့်တယ်။ ဒုတိယကတော့ သူတို့ရဲ့ စရိုက်ကို စစ်ဆေးတယ်၊ အင်မတန် ရိုးသားဖြောင့်မတ်ပြီး ယုံကြည်ရတဲ့ စရိုက်ရှိသူတွေကိုတော့ ဂိုဒေါင်စောင့်ဖို့ ခန့်ရမယ်၊ သူတို့က ဂိုဒေါင်ထဲက ပစ္စည်းတွေကို ခိုးမှာမဟုတ်ဘူးလို့ ငါတို့ ယုံကြည်လို့ရတာကိုး။ မင်းလိုလူမျိုးကျတော့... ဟဲဟဲ... မင်းဟာ ရှားပါးပြီး အလွန်အမင်း အလိုရှိအပ်တဲ့ ပါရမီရှင်တစ်ယောက်ပဲ၊ ဂိုဒေါင်စောင့်တာကလွဲရင် ကျန်တဲ့ ဘယ်နေရာမှာမဆို သင့်တော်တယ်"
သူ၏ စရိုက်မှာ ချို့ယွင်းချက်ရှိသည်ဟု သွယ်ဝိုက်ပြောဆိုမှုကြောင့် လင်းဝမ်ရုံ၏ မျက်နှာတွင် မကျေနပ်သော အရိပ်အယောင်များ ပေါ်လာသည်။ အဘိုးကြီးက အလျင်အမြန် ထပ်ဖြည့်ပြောသည် - "စိတ်မပူပါနဲ့၊ ငါတို့က မင်းရဲ့စရိုက်ကို သံသယဝင်နေတာ မဟုတ်ဘူး။ မင်းလိုလူမျိုးကိုတော့ ငါတို့က စရိုက်ပေါ်မူတည်ပြီး ဆုံးဖြတ်မှာ မဟုတ်ဘူး"
"ကျွန်တော့်မှာ စရိုက်မရှိဘူးလို့ ပြောချင်တာလား" လင်းဝမ်ရုံက ငေါ့တော့တော့ မေးလိုက်သည်။
"ဟဲဟဲ... ငါ အဲဒီလို မပြောပါဘူး" ဟု အဘိုးကြီးက ပြန်ဖြေသည်။ "တကယ်တော့ မင်းလို မျက်နှာအထူကြီးရှိတဲ့သူမျိုး ငါတို့ မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာပြီ။ မင်းကို မြင်လိုက်ရတဲ့ ခဏမှာပဲ ငါတို့တွေဟာ အံ့သြတုန်လှုပ်သွားရတယ်၊ ငါတို့ရဲ့ လူငယ်ဘဝကို ပြန်ကြည့်နေရသလိုပဲ။ သေချာတဲ့ လမ်းညွှန်မှုနဲ့ အချိန်ပေးနိုင်မယ်ဆိုရင် မင်းဟာ အိမ်အစေခံလောကရဲ့ အတောက်ပဆုံး ကြယ်ပွင့်တစ်ပွင့် ဖြစ်လာမှာ အသေအချာပဲ။ မင်းရဲ့ အနာဂတ်က အကန့်အသတ်မရှိဘဲ အလားအလာတွေနဲ့ ပြည့်နှက်နေတယ်"
စကားဆုံးသည်နှင့် အဘိုးကြီးက အားရပါးရ ရယ်မောလိုက်ရာ သူသည် မိမိကိုယ်ကို ပါရမီရှင်များကို ရှာဖွေဖော်ထုတ်ပေးနိုင်သူအဖြစ် သတ်မှတ်ထားပြီး လင်းဝမ်ရုံကို ရှားပါးကျောက်မျက်တစ်ပွင့်အဖြစ် ရှုမြင်နေပုံရသည်။
လင်းဝမ်ရုံသည် လက်လျှော့လိုက်သည့် အမူအရာဖြင့် သက်ပြင်းချလိုက်ပြီး သူ၏ မျက်နှာအထူကြီး ဖြစ်အောင်လုပ်သည့် အရည်အချင်းကို ဆက်လက် ပျိုးထောင်ရမည်ဖြစ်ကြောင်း နားလည်လိုက်သည်။ ဤလူသုံးဦး၏ အမူအရာကို ကြည့်ရသည်မှာ လင်းဝမ်ရုံသာ ရှောင်အိမ်တော်ထဲ ရောက်သွားလျှင် သူတို့က သူ့ကို ထိန်းချုပ်ထားကြပေလိမ့်မည်။
ထိုအဘိုးကြီးသုံးဦးက တစ်ယောက်ချင်းစီ မိတ်ဆက်ကြသည်။ သူတို့က အပိုပြောနေခြင်း မဟုတ်ဘဲ ရှောင်အိမ်တော်တွင် မိသားစုအကြီးအကဲ လက်ထက်ကတည်းက ဆယ်စုနှစ် သုံး၊ လေးခုခန့် အမှုထမ်းလာကြသူများ ဖြစ်ကြသည်။ ပထမအဘိုးကြီးမှာ ရှောင်အိမ်တော် ချက်ပြုတ်ရေးပြိုင်ပွဲ၏ ၁၀ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ပြီး၊ ဒုတိယအဘိုးကြီးမှာ သစ်သားနှင့် အုတ်အလုပ်များတွင် ကျွမ်းကျင်သူဖြစ်ကာ ကျော်ကြားသော "လုပန် ရွှေတံဆိပ်ဆု" ကို အကြိမ်ကြိမ် ရရှိထားသူ ဖြစ်သည်။ ပန်းချစ်သူဟု လူသိများသော တတိယအဘိုးကြီးမှာမူ ပန်းနှင့် သစ်ပင်စိုက်ပျိုးရာတွင် ထူးချွန်ပြီး ရှောင်အိမ်တော်၏ "အလုပ်သမား ဂုဏ်ထူးဆောင်တံဆိပ်" ရရှိထားသူ ဖြစ်သည်။
ထိုအဘိုးကြီးသုံးဦးလုံးမှာ လင်းဝမ်ရုံအပေါ် အတော်လေး စိတ်ဝင်စားနေကြပြီး သူတို့၏ ထူးခြားသော အရည်အချင်းများကို လက်ဆင့်ကမ်းနိုင်ရန် လင်းဝမ်ရုံကို သူတို့နောက်လိုက်ရန် အပြိုင်အဆိုင် ခေါ်နေကြသည်။
သို့သော် လင်းဝမ်ရုံမှာ ထိုအလုပ်များအပေါ် စိတ်ဝင်စားမှု လုံးဝမရှိပေ။ သူသည် အဘိုးကြီးဝေ့၏ ကျေးဇူးကို ဆပ်ရန်အတွက် ဤနေရာတွင် တစ်နှစ်ခန့် အေးအေးဆေးဆေး ဖြတ်သန်းချင်ရုံသာ ဖြစ်သည်။ အဘိုးကြီးများ သူ့အတွက်နှင့် အငြင်းပွားနေကြသည်ကို မြင်သောအခါ လင်းဝမ်ရုံက စိတ်မရှည်တော့ဘဲ မေးလိုက်သည် - "ဒါက ဘာတွေ အုတ်အော်သောင်းနင်း ဖြစ်နေကြတာလဲ၊ ဒီမှာ ဘယ်သူက တာဝန်အရှိဆုံးလဲ"
ထိုသုံးဦးထဲတွင် မျက်နှာအထူဆုံးဖြစ်သော တတိယအဘိုးကြီး ဦးလေးဖုက တဟားဟား ရယ်လိုက်သည်။ "မင်းရဲ့ အရှက်မရှိပုံက ငါ့ရဲ့ လူပျိုဘဝတုန်းက ပုံစံပဲ" ဟု သူ စောစောက ပြောခဲ့သည်မှာ လင်းဝမ်ရုံကို အစိုးရိမ်ဆုံး ဖြစ်စေခဲ့သည်။ အရင်က မိတ်ဆက်ပေးမှုများအရ သူ၏အမည်မှာ ဦးလေးဖု ဖြစ်ကြောင်း လင်းဝမ်ရုံ သိထားသည်။
ဦးလေးဖုက ရှင်းပြသည် - "မင်း ပထမစမ်းသပ်ချက် နှစ်ခုကို အောင်မြင်ပြီး ငါတို့ သုံးယောက်က အတည်ပြုပေးလိုက်ပြီဆိုရင် ဘာပြဿနာမှ မရှိတော့ဘူး။ ငါတို့က သခင်မလေးကို တိုက်ရိုက် အစီရင်ခံလိုက်ရုံပဲ၊ ပြီးရင် မင်း ငါတို့နဲ့ တိုက်ရိုက် အစေခံစာချုပ် ချုပ်ရုံပါပဲ"
သူတို့ပြောသော သခင်မလေးမှာ သခင်မကြီးရှောင်ကို ဆိုလိုခြင်း ဖြစ်သည်။ ဤလူသုံးဦးမှာ ရှောင်မိသားစု အကြီးအကဲနှင့်အတူ ကြာမြင့်စွာ ရှိနေခဲ့သဖြင့် သူမ အိမ်ထောင်ပြုပြီး အိမ်တော်သို့ ရောက်လာကတည်းက ထိုသို့ ခေါ်ဝေါ်နေကြခြင်း ဖြစ်သည်။
"အစေခံစာချုပ် ဟုတ်လား" ထိုစကားကို ကြားလိုက်ရသည်နှင့် လင်းဝမ်ရုံ၏ နှလုံးခုန်သံ မြန်သွားသည်။ "ဒါဆိုရင် ကျွန်တော်က ရှောင်မိသားစုမှာ တစ်သက်လုံး အစေခံလုပ်ရမယ်လို့ ပြောချင်တာလား"
"ဒါပေါ့" ဦးလေးဖုက ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။ "မင်း အစေခံစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီဆိုတာနဲ့ ရှောင်အိမ်တော်ရဲ့ ဂုဏ်သရေရှိ အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီ၊ တစ်သက်တာ ရွှေထမင်းအိုးကို ပိုင်ဆိုင်လိုက်တာပဲ။ မင်းရဲ့ တစ်ဘဝလုံးက ရှောင်မိသားစုပိုင် ဖြစ်သွားပြီ။ အသက်ရှင်နေရင်လည်း သူတို့အစေခံ၊ သေသွားရင်လည်း သူတို့အိမ်က သရဲပဲ။ ဒါက လူအများအပြား အိပ်မက်တောင် မမက်ရဲတဲ့ ဂုဏ်ယူစရာကိစ္စပဲ။ သခင်မကြီးက မင်းကို 'ရှောင်' ဆိုတဲ့ မျိုးရိုးအမည်တောင် ပေးဦးမှာ၊ အဲဒီကျရင် မင်းက လင်းဆန်း မဟုတ်တော့ဘဲ ရှောင်ဆန်း ဖြစ်သွားမှာပေါ့"
"ရှောင်ဆန်း ဟုတ်လား" လင်းဝမ်ရုံ အော်လိုက်မိသည်။ "ကျွန်တော့်ရဲ့ လက်ကျန်ဘဝ တစ်လျှောက်လုံး ဟုတ်လား"
လင်းဝမ်ရုံသည် အစစအရာရာ တွက်ချက်ခဲ့သော်လည်း သူတစ်ပါးအိမ်တွင် အိမ်စေလုပ်မည်ဆိုပါက အစေခံစာချုပ် လက်မှတ်ထိုးရမည်ဖြစ်ပြီး၊ ၎င်းမှာ အခြေခံအားဖြင့် တစ်သက်တာ ပိုင်ဆိုင်ခံရခြင်းဖြစ်ကာ တစ်နှစ်သက်တမ်းဆိုသည်မှာ မရှိကြောင်း မေ့လျော့နေခဲ့သည်။
သူ၏ မျိုးရိုးအမည်ကို 'ရှောင်' ဟု ပြောင်းရန်မှာလည်း လင်းဝမ်ရုံ၏ ယောက်ျားမာနအရ လုံးဝ လက်မခံနိုင်သော ကိစ္စဖြစ်သည်။ "ကျွန်တော်က ကန်ထရိုက် ဝန်ထမ်းအဖြစ်ပဲ လုပ်လို့ မရဘူးလား" ဟု လင်းဝမ်ရုံက ရုတ်တရက် ရလာသော အကြံတစ်ခုဖြင့် မျက်လုံးများ ဝင်းလက်လျက် မေးလိုက်သည်။
"ကန်ထရိုက် ဝန်ထမ်း ဟုတ်လား" အဘိုးကြီး သုံးဦးလုံးက တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး ဇဝေဇဝါ ဖြစ်သွားကြသည်။ "အဲဒါက ဘာကြီးလဲ"ဟု နားမလည်ဟန်ဖြင့် အဘိုးကြီး သုံးဦးက ပြန်မေးလေသည်။