အခန်း (၃၁) - အိမ်အစေခံရွေးချယ်ပွဲ ၂
"မင်း ငါ့ကို ဘာပြောစရာရှိလို့လဲ" လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်သည် လင်းဝမ်ရုံ၏ အမူအရာကို သဘောကျသွားသော်လည်း သူက လူအတော့ မဟုတ်ပေ။ ရုတ်တရက် ရောက်လာပြီး ဖားယားနေသော ဤလူငယ်တွင် တစ်စုံတစ်ရာသော ရည်ရွယ်ချက် ရှိရမည်မှန်း သူ သိလေသည်။
လင်းဝမ်ရုံက လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်ကို လက်မထောင်ပြလိုက်ပြီး - "လူကြီးမင်းလို ဉာဏ်ကောင်းတဲ့သူနဲ့ စကားပြောရတာ တကယ်ကို စိတ်ချမ်းသာဖို့ ကောင်းပါတယ်" လင်းဝမ်ရုံက ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည် - "အမှန်အတိုင်း ဝန်ခံရရင် စီမံခန့်ခွဲရေးမှူး ပန်... ကျွန်တော် ဒီနေ့ အင်တာဗျူး လာဖြေရမှာပါ၊ ဒါပေမဲ့ ကံမကောင်းချင်တော့ အိမ်မှာ အရေးပေါ်ကိစ္စလေးတစ်ခု ပေါ်လာလို့ နောက်ကျသွားရတာပါ။ အခု ကျွန်တော် စာရင်းပေးဖို့ အချိန်ကျော်သွားပြီ ဖြစ်လို့ လူကြီးမင်းကချွင်းချက်အနေနဲ့ ကျွန်တော့်ကို အထဲဝင်ခွင့်လေး ပေးစေချင်လို့ပါ"ဟု ပြောလိုက်သည်။
လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်က လေသံခပ်မာမာကို ပြောင်းလိုက်ပြီး - "မင်းကလည်း ကိုယ့်အချိန်ကို ဒီလောက်တောင် ဂရုမစိုက်ရလား။ အချိန်ဆိုတာ ရွှေထက် တန်ဖိုးရှိတယ်၊ ရွှေနဲ့ဝယ်လို့လည်း မရဘူး။ ငါတို့အိမ်တော်မှာ အစေခံလုပ်ချင်တဲ့သူ ဘယ်လောက်တောင် များလဲဆိုတာ မင်းသိလား။ ပထမအဆင့် ရွေးချယ်ပွဲမှာ ပါဝင်ခွင့်ရဖို့ ဘယ်နှစ်ယောက်တောင် တောင်းတနေကြလဲ မင်းသိရဲ့လား။"
လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်က "မင်းသိလား" ဆိုသည့် မေးခွန်းကို ထပ်ခါတလဲလဲ မေးနေသည်။ လင်းဝမ်ရုံမှာ ဒေါသထွက်နေသော်လည်း လောလောဆယ်တွင်မူ အောက်ကျို့ခံနေရဆဲ ဖြစ်သဖြင့် ခေါင်းကို တရစပ်ညိတ်ကာ - "လူကြီးမင်း ပြောတာ မှန်ပါတယ်။ ကျွန်တော် လူကြီးမင်းဆီကနေ သင်ယူခွင့်တွေ၊ ဆုံးမသြဝါဒတွေ နားထောင်ခွင့်တွေ ပိုရဖို့ မျှော်လင့်ပါတယ်၊ ဒါမှ ကျွန်တော် ပိုပြီး ဉာဏ်ရည်ဖွံ့ဖြိုးလာမှာပါ" ဟု အရှက်မရှိ မြှောက်ပင့်ပြောဆိုသည်။
ဤစကားကို ပြောပြီးနောက် လင်းဝမ်ရုံကိုယ်တိုင်ပင် ပျို့အန်ချင်စိတ် ပေါက်သွားပြီး စိတ်ထဲမှနေ၍ လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်နှင့် သူ၏ ဘိုးဘွားဘီဘင်များကိုပါ မကျန် ကျိန်ဆဲနေမိတော့သည်။
လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်က လင်းဝမ်ရုံသည် ဆုံးမရလွယ်ပြီး အမြှောက်ပင့် အလွန်တော်သူဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် လင်းဝမ်ရုံကို အလားအလာရှိသော လူငယ်တစ်ဦးအဖြစ် သတ်မှတ်လိုက်သည်။ လက်ထောက်စီမံခန့်ခွဲရေးမှူး တစ်ယောက်အတွက်မူ ဤတောင်းဆိုချက်မှာ အလွန်လွယ်ကူသော ကိစ္စလေးသာ ဖြစ်သည်။ သို့သော် အရာရှိတို့ ထုံးစံအတိုင်း ကိစ္စအသေးအမွှားလေးများကို ကြီးကျယ်သွားအောင် လုပ်တတ်ကြသည် မဟုတ်ပါလား။ စီမံခန့်ခွဲရေးမှူး ပန်ကလည်း ထိုအတိုင်းပင်။ သူက တမင်တကာ မျက်မှောင်ကြုတ်လိုက်ပြီး - "အင်း... ငါ မင်းကို လမ်းညွှန်ပေးဖို့ ကြိုးစားကြည့်လို့တော့ ရပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်။ ငါက စီမံခန့်ခွဲရေးအပိုင်းမှာ ပါဝင်တယ်ဆိုပေမဲ့ ဒီလူသစ်ခေါ်ယူမှုကို တခြားသူတွေက ကိုင်တွယ်နေတာ။ ပါဝင်ပတ်သက်နေသူတွေက များလွန်းတော့ ငါဝင်ပါနိုင်ဖို့ဆိုတာ သိပ်တော့ မလွယ်ဘူး..."
သူ့စကားမဆုံးခင်မှာပင် လင်းဝမ်ရုံက နောက်ထပ် ငွေ ၁ ပြားကို သူ၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။ စီမံခန့်ခွဲရေးမှူး ပန်၏ မျက်လုံးများမှာ ဝင်းခနဲ ဖြစ်သွားပြီး အပြုံးကြီးကလည်း ပိုမိုကျယ်ပြန့်လာတော့သည်။
ဤလူယုတ်မာကို ထိုးကြိတ်ချင်စိတ်ကို အောင့်အီးထားရင်း လင်းဝမ်ရုံက အပြုံးတုဖြင့် - "စီမံခန့်ခွဲရေးမှူး ပန်အနေနဲ့ ကျွန်တော့်ကို ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟု ပြောလိုက်သည်။
"အင်း... ကောင်းပြီလေ။ ငါ တစ်ချက်လောက် ကြိုးစားပေးကြည့်မယ်။ သူတို့တွေ ငါ့မျက်နှာကိုတော့ ထောက်ထားကြမှာပါ။ ဒီမှာ ခဏစောင့်နေဦး" လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်က ငွေပြားကို ကျွမ်းကျင်စွာ ဆုပ်ကိုင်၍ အင်္ကျီလက်ထဲ ထိုးထည့်လိုက်ပြီးနောက် စာမေးပွဲခန်းအတွင်းသို့ ပျောက်ကွယ်သွားသည်။
လင်းဝမ်ရုံသည် ထွက်ခွာသွားသော စီမံခန့်ခွဲရေးမှူး ပန်၏ ကျောပြင်ကို ကြည့်ကာ မြေပြင်ပေါ်သို့ တံတွေးတစ်ချက် ထွေးလိုက်သည်။ ဒါ ဘာတွေ ဖြစ်ကုန်တာလဲ။ရှောင်အိမ်တော်မှာ အစေခံဖြစ်ဖို့ကိုတောင် သူတို့ဆီမှာ တောင်းပန်တိုးလျှိုးနေရသေးသည်။
ရှောင်အိမ်တော်မှ အောက်ခြေအဆင့် အစေခံများမှာ တစ်လလျှင် ငွေ ၂ ပြားပင် မရကြချေ၊ လင်းဝမ်ရုံကတော့ အခု လက်ထိုး ပေးတာတင်
၂ ပြား ကုန်သွားပြီ။ ဒါက ပိုက်ဆံလည်းကုန်၊ သူတပါးကိုလည်း အစေခံရမှာဆိုတော့ ကိုယ့်ဒုက္ခကိုယ် ရှာနေတာ မဟုတ်ဘူးလား...
မိမိကိုယ်ကိုယ် သနားစရာကောင်းသည်ဟု ခံစားရသဖြင့် လင်းဝမ်ရုံမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သနားမိသွားသည်။ အထဲကို ရောက်သွားသည်နှင့် သူရင်းနှီးထားသမျှကို ဆယ်ဆ၊ အဆတစ်ရာ ပြန်ရအောင် လုပ်မည်ဟု သူ သစ္စာဆိုလိုက်သည်။ ထို့ပြင် သူ့ကို ဤအခြေအနေသို့ တွန်းပို့ခဲ့သော အဘိုးကြီးဝေ့ ကိုလည်း အလွန်ပင် နာကျည်းနေမိသည်။
ငွေဖြင့် လမ်းခင်းထားသည်ဖြစ်ရာ အရာရာမှာ ချောမွေ့သွားတော့သည်။ ခေတ္တအကြာတွင် လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်က ပြုံးလျက် ပြန်ထွက်လာသည် - "ကဲ... မင်းကို အထဲဝင်ခွင့်ပေးဖို့ သူတို့ သဘောတူလိုက်ပြီ၊ ဒါက ငါ့ရဲ့ သြဇာအာဏာကြောင့်ပေါ့။ ဒါပေမဲ့ မင်းအောင်မလား၊ ကျရှုံးမလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်လိမ့်မယ်။ အခု အခြေအနေအရတော့ ငါ ဒါပဲ လုပ်ပေးနိုင်တယ်"
အခု အခြေအနေအရ ဟုတ်လား။ လင်းဝမ်ရုံသည် ပါးနပ်သောသူဖြစ်သည့်အလျောက် စီမံခန့်ခွဲရေးမှူး ပန်၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သည်။ ငွေစင် နှစ်ပြားက အင်တာဗျူး ဖြေဆိုခွင့်လောက်သာ ဝယ်ယူနိုင်ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ငွေပြား ၂၀၀လောက် ပေးခဲ့လျှင် စီမံခန့်ခွဲရေးမှူး ပန်က သူ့ကို အင်တာဗျူး မေးခွန်းတွေပါ တိုက်ရိုက် ပေးလိုက်ပေလိမ့်မည်။
စီမံခန့်ခွဲရေးမှူး ပန်၏ လောဘကို စိတ်ပျက်မိသော်လည်း လင်းဝမ်ရုံက သူ၏ ဒေါသကို ဖုံးကွယ်ထားကာ ရိုရိုသေသေပင် - "လူကြီးမင်းရဲ့ ကူညီစောင့်ရှောက်မှုအတွက် အထူးကျေးဇူးတင်ပါတယ်" ဟု ပြန်ပြောလိုက်သည်။
လက်ထောက်စီမံခန့်ခွဲရေးမှူး ပန်က ခပ်တည်တည်ဖြင့် ခေါင်းညိတ်ပြသည် - "မင်းက လူလည်ပါ၊ ငါ မင်းကို အများကြီး မျှော်လင့်ထားတယ်။ ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့နော်"
"ဒါပေါ့၊ ဒါပေါ့" လင်းဝမ်ရုံက အပြုံးတုဖြင့် ဆိုသည်။
"အော်... ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ" စီမံခန့်ခွဲရေးမှူး ပန်က မေးသည်။
"ကျွန်တော်က လင်းဆန်းပါ" ဟု လင်းဝမ်ရုံက ဖြေလိုက်သည်။
"လင်းဆန်း" စီမံခန့်ခွဲရေးမှူး ပန်၏ မျက်နှာက ချက်ချင်း ပြောင်းလဲသွားသည် - "မင်းက လင်းဆန်း ဟုတ်လား"
"ဟုတ်ပါတယ်" လင်းဝမ်ရုံက အံ့သြတကြီး ကြည့်နေမိသည်။ သူက ဒီလောက်တောင် နာမည်ကြီးနေလို့လား ဒီလူက သူ့ကို သိနေပုံရသည်။
စီမံခန့်ခွဲရေးမှူး ပန်၏ အမူအရာက ချက်ချင်းပင် တုံ့ဆိုင်းသွားသည်။ သူသည် စောစောက အင်္ကျီလက်ထဲ ထည့်ထားသော ငွေ ၂ ပြားကို အမြန်ပြန်ထုတ်ကာ လင်းဝမ်ရုံကို ကပျာကယာ ပြန်ပေးရင်း - "ဟဲဟဲ...... သခင်လေးလင်း၊ ကျွန်တော် တောင်းပန်ပါတယ်။ လူကြီးမင်း ကိုယ်တိုင် လာရောက်လိမ့်မယ်လို့ ကျွန်တော် မသိခဲ့လို့ပါ။ ကျွန်တော့်ရဲ့ မသိနားမလည်မှုကို ခွင့်လွှတ်ပေးပါ။ ကဲ... အထဲကို ကြွပါ"ဟု ဆိုသည်။
ယခုအခါ ဇဝေဇဝါ ဖြစ်သွားသူမှာ လင်းဝမ်ရုံ ဖြစ်သည်။ ဒီလူ ဘာတွေ ဖြစ်နေတာလဲဟ၊ ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ယဉ်ကျေးသွားရတာလဲ သူက လင်းဝမ်ရုံကို သိနေပုံရသည်။ ဒါက ဖြစ်နိုင်တာကတော့...
လင်းဝမ်ရုံ၏ ဦးနှောက်ထဲတွင် လျှပ်စစ်မီးသီးတစ်လုံး လင်းသွားသလို ဖြစ်သွားသည်။ ဒါ သေချာပေါက် အဘိုးကြီးဝေ့ မထွက်သွားခင်မှာ ညွှန်ကြားချက်တွေ ပေးခဲ့လို့ပဲ ဖြစ်ရမယ်။ ကောလာဟလတွေအရ အဘိုးကြီးဝေ့က ရှောင်အိမ်တော်မှာ အဆင့်မြင့် အစေခံတစ်ယောက်ဖြစ်ပြီး ရာထူးကြီးသူတစ်ယောက်နဲ့ ညီမျှတယ်လို့ ကြားဖူးသည်။ အဘိုးကြီးဝေ့က ရှောင်အိမ်တော်မှာ မနေဘဲ ဆန်းဝူ ရေကန် နားမှာ နေထိုင်နေတာကပင် သူသည် အိမ်တော်တွင် သြဇာအာဏာ ကြီးမားသူဖြစ်ကြောင်း ပြသနေသည်။ ဝေ့အဘိုးကြီး အတွက် ဤကဲ့သို့ ကိစ္စလေးကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုတာ အလွန်လွယ်ကူသော အရာပင်။
လင်းဝမ်ရုံသည် မျက်ကွယ်ရောက်နေသော အဘိုးကြီးဝေကို ချီးမွန်းရင်း၊ စောစောက လက်ထောက်စီမံခန့်ခွဲရေးမှူးကို အပိုတွေ ဖားနေမိသည့်အတွက် ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိသည်။ ပန်၏ ဖားယားနေသော အမူအရာမှာ သူ၏ စောစောက အမူအရာနှင့် ထပ်တူကျနေသည်ကို မြင်လိုက်ရသည့်အခါ သူတို့၏ အခြေအနေမှာ လုံးဝ ပြောင်းပြန် ဖြစ်သွားပြီမှန်း လင်းဝမ်ရုံ နားလည်လိုက်သည်။
အခုမှ ရင်းနှီးလာသူကို ရန်မဖြစ်ချင်သဖြင့်၊ ကိုယ်တိုင်လည်း အနည်းငယ် ရှက်နေမိသဖြင့် လင်းဝမ်ရုံသည် စီမံခန့်ခွဲရေးမှူး ပန်နှင့် စကားအရှည်မပြောတော့ဘဲ ငွေကို ပြန်ယူကာ အထဲသို့ ဝင်လာခဲ့သည်။
အထဲရောက်သောအခါ စာရင်းသွင်းသည့် စားပွဲတစ်ခုသို့ အရင်ရောက်သွားပြီး ထိုနေရာတွင် ထိုင်နေသော အစေခံတစ်ဦးက စိတ်မရှည်စွာဖြင့် မေးသည် - "နာမည်"
"လင်းဆန်း" လင်းဝမ်ရုံက ဖြေသည်။
"မင်းက လင်းဆန်းလား" ထိုအစေခံက သူ့ကို တစ်ချက်ကြည့်ကာ နေရာမှ ထရပ်လိုက်ပြီး သူ၏ အမူအရာက ပျော့ပြောင်းသွားသည်။ သူက ရိုရိုသေသေဖြင့် - "သခင်လေးလင်း... ကျေးဇူးပြုပြီး ထိုင်ပါ"
အဘိုးကြီးဝေ့ ကတော့ သူ၏ အလုပ်ကို သေချာ လုပ်ခဲ့ပုံရသည်၊ လူတိုင်းကို အကြောင်းကြားထားပုံရသည်။ လင်းဝမ်ရုံသည် အဘိုးကြီးဝေ့ အပေါ် အမြင် အနည်းငယ် ပြောင်းလဲသွားပြီး ယုံကြည်ချက်ရှိရှိ ထိုင်လိုက်သည်။
လင်းဝမ်ရုံ၏ အမူအရာကို မြင်လိုက်ရသောအခါ စာရင်းသွင်းနေသည့် အစေခံမှာ ပို၍ပင် ရိုသေသွားတော့သည်။ သူသည် မတ်တပ်ရပ်လျက် လင်းဝမ်ရုံ၏ အမည်ကို စက္ကူစလေးပေါ်တွင် သေသေချာချာ မှတ်တမ်းတင်ပြီး လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည် - "သခင်လေးလင်း... ကျေးဇူးပြုပြီး အထဲကို ဆက်ကြွပါဦး"
လင်းဝမ်ရုံက ခေါင်းညိတ်ပြလိုက်ပြီး အဘိုးကြီးဝေ့သည် ရှောင်အိမ်တော်၏ အဆင့်မြင့် ဝန်ထမ်းတစ်ဦးပီပီ အရာရာကို စေ့စပ်စွာ စီစဉ်ပေးထားခဲ့သည်ဟု တွေးလိုက်မိသည်။
နောက်ထပ်အခန်းထဲတွင်မူ အစေခံ လျှောက်ထားသူ အချို့သည် စုတ်တံများကို ကိုင်လျက် သူတို့ရှေ့မှ စာရွက်အလွတ်များကို ကြည့်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။ လင်းဝမ်ရုံက သူတို့ စာရွက်ပေါ်မှ တွန့်လိမ်ကောက်ကွေးနေသော စာလုံးများကို တစ်ချက်ကြည့်လိုက်ရာ တီကောင်များ တွန့်လိမ်နေသလိုပင်။
သုံးလုံးစာ ကို ရွတ်နိုင်လား၊ ရသလောက် မှတ်မိတဲ့ စာကြောင်းအချို့ကို ချရေးပါ သူတို့ထဲက တစ်ယောက်က လင်းဝမ်ရုံကို စုတ်တံတစ်ချောင်း ကမ်းပေးလိုက်သည်။ သူက လင်းဝမ်ရုံ၏ အမည်ပြားကို ကြည့်လိုက်သော်လည်း စောစောက လူတွေလို ရိုသေမှုမျိုး မပြဘဲ စိတ်မရှည်စွာဖြင့် ရေးခိုင်းလေသည်။
"သုံးလုံးစာကို အလွတ်ရေးရမယ် ဟုတ်လား" လင်းဝမ်ရုံ အသက်ကို ပြင်းပြင်းရှူလိုက်မိပြီးမှ တခြားသူတွေ ဘာလို့ ဒီလောက် စိတ်ပျက်နေကြသလဲဆိုတာကို နားလည်သွားတော့သည်။ ဤလူများသည် အစေခံ လာလျှောက်ကြသူများဖြစ်ရာ ဆင်းရဲနွမ်းပါးသော နောက်ခံမှ လာကြသူများ ဖြစ်နိုင်ပြီး စာဖတ်တတ်၊ ရေးတတ်သူမှာ အလွန်နည်းပါးပေလိမ့်မည်။ သူတို့သည် တောထဲ တောင်ထဲမှာ ထင်းခုတ်တာမျိုးတော့ ကျွမ်းကျင်ကြပေလိမ့်မည်၊ သို့သော် သူတို့ကို စုတ်တံဖြင့် စာရေးခိုင်းခြင်းမှာ ဝက်မတစ်ကောင်ကို လှေကားပေါ် တက်ခိုင်းနေသလိုပင် ခက်ခဲလှပေလိမ့်မည်။