အခန်း (၂၉) မင်းတို့က ဂိုဏ်းဖွဲ့ပြီးပြီလား ၂
ရင်းနှီးနေသော ရနံ့ကို ခံစားလိုက်ရသည်နှင့် လင်းဝမ်ရုံ၏ ဦးနှောက်မှာ ထိုအနံ့၏ အရင်းအမြစ်ကို ဖော်ထုတ်ရန် ကြိုးစားနေမိသည်။ သူ၏ လက်ချောင်းများက အနည်းငယ် စူးရှသော အနံ့ရှိသည့် အရွက်ကြမ်းများပေါ်တွင် အသာအယာ ပွတ်သပ်ကြည့်နေမိသည်။
"ဒါက ဘာပင်လဲ..." လင်းဝမ်ရုံက မျက်မှောင်ကြုတ်လိုက်သည်။ ဤအပင်ကို သူတစ်နေရာရာတွင် သေချာပေါက် တွေ့ဖူးသည်ဟု ယုံကြည်နေသည်။
"အစ်ကိုကြီး... ကြောက်နေတာလား..." လင်းဝမ်ရုံ၏ ဘေးတွင် ရပ်နေသော ဒုံချင်းရှန်းက မေးလိုက်သည်။ ဒုံချင်းရှန်း ကိုယ်တိုင်မှာလည်း ရန်ပွဲလေးများ ကြုံဖူးသော်လည်း ယခုကဲ့သို့ အတိုင်းအတာကြီးမားသော ထိပ်တိုက်တွေ့မှုမျိုးတွင်မူ ငယ်ရွယ်သူပီပီ အနည်းငယ် စိုးရိမ်ထိတ်လန့်နေမိသည်။
လင်းဝမ်ရုံက ခေါင်းညိတ်ပြပြီး - "ပထမဆုံးအကြိမ်မှာ ကြောက်တတ်တာ သဘာဝပါပဲ၊ နောက်ဆို ကျင့်သားရသွားလိမ့်မယ်။ ဒါနဲ့ ချင်းရှန်း... ဒီအရွက်က ဘာအရွက်လဲ မင်းသိလား" သူက အရွက်တစ်ရွက်ကို ဆွဲယူပြီး ဒုံချင်းရှန်းကို ပြလိုက်သည်။
ဒုံချင်းရှန်းက ခေါင်းကို ကုတ်ကာ ပြုံးစိစိဖြင့် - "ကျွန်တော်လည်း သေချာမသိဘူးဗျ၊ ဒါပေမဲ့ ဒီအပင်တွေက တောထဲမှာ အများကြီး ပေါက်နေတာ။ တစ်ခါတလေ အရွက်တွေကို အခြောက်လှန်းပြီး မီးမွှေးဖို့ သုံးကြတယ်၊ ဒါပေမဲ့ သူ့မီးခိုးက အတော်လေး အသက်ရှူကျပ်စေတယ်" ဟု ပြန်ဖြေသည်။
လင်းဝမ်ရုံ ပြန်ပြောရန် ပြင်စဉ်မှာပင် အနားသို့ ကပ်လာသော ခြေသံများကို ကြားလိုက်ရသည်။ အဘိုးကြီးဝေ့၏ အတွင်းအားပြောင်းလဲပေးမှုကြောင့် သူ၏ အကြားအာရုံမှာ အတော်လေး ထက်မြက်နေပြီ ဖြစ်သည်။
"လူတွေ လာနေပြီ" လင်းဝမ်ရုံက ခပ်တိုးတိုး သတိပေးလိုက်သည်။
ဒုံချင်းရှန်းက ကိုယ်ကို တင်းလိုက်ပြီး အသံမထွက်ရန် အချက်ပြလိုက်ရာ တောအုပ်အတွင်းမှ သစ်ရွက်လှုပ်သံများ ငြိမ်သက်သွားတော့သည်။
ခပ်လှမ်းလှမ်းတွင် ဗလတောင့်တောင့် လူတစ်ယောက် ပေါ်လာပြီး သူ၏ နောက်တွင် လူနှစ်ဆယ်၊ သုံးဆယ်ခန့် ပါလာသည်။ တစ်ယောက်ချင်းစီ၏ မျက်နှာသွင်ပြင်မှာ ထူးခြားနေပြီး သူတို့၏ လမ်းလျှောက်ပုံမှာ ဥပဒေမဲ့ လုပ်ရပ်များကို လုပ်နေကျ သူများ ဖြစ်ကြောင်း ဖော်ပြနေသည်။
"ရှေ့ဆုံးက လူက လီအာဂေါင်ပဲ" ဒုံချင်းရှန်းက လင်းဝမ်ရုံကို ခပ်တိုးတိုး ပြောပြသည်။
လင်းဝမ်ရုံက ခေါင်းညိတ်ပြီး - "ချင်းရှန်း... မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ" ဟု မေးသည်။
"သူတို့ရှေ့ ထွက်မယ်၊ ငါတို့ ရည်ရွယ်ချက်ကို ပြောပြမယ်၊ ပြီးရင် တိုက်မယ်လေ" ဟု ဒုံချင်းရှန်းက သူရဲကောင်းဆန်ဆန် ကြုံးဝါးသည်။
လင်းဝမ်ရုံက စိတ်ထဲမှ ရယ်မောလိုက်ပြီး ဒုံချင်းရှန်း၏ ခေါင်းကို အသာအယာ ပုတ်လိုက်ကာ - "ငါ အချက်ပြတာနဲ့ မင်းတို့ အားလုံး ဝုန်းခနဲ ပြေးဝင်တိုက်ကြ။ ဘာမှ မပြောနဲ့၊ မြင်တာနဲ့ ချ၊ အားကုန်သုံးပြီး ရိုက်။ သူတို့တွေ အသနားခံပြီး အော်ဟစ်လာတဲ့အထိ မရပ်နဲ့"
"အစ်ကိုကြီး... အကျိုးအကြောင်းတွေ ဘာမှ ရှင်းမပြတော့ဘူးလား" ဒုံချင်းရှန်း၏ သူရဲကောင်းဆန်ချင်သော စိတ်ကူးယဉ်မှုမှာ လင်းဝမ်ရုံ၏ ရက်စက်သော လက်တွေ့ဆန်မှုကြောင့် ပျက်စီးသွားရသည်။ သို့သော် ဒုံချင်းရှန်းက လူအ မဟုတ်သဖြင့် ဤနည်းလမ်းသစ်ကို ချက်ချင်းပင် လက်ခံလိုက်သည်။
"မင်းက ဒါကို သိုင်းပြိုင်ပွဲလို့ ထင်နေတာလား
ညီလေးရာ။ ငါတို့က မြေအောက်လောကမှာ ရှိနေတာကွ၊ မြန်တဲ့သူနဲ့ ရက်စက်တဲ့သူပဲ အသက်ရှင်မှာ" ဟု လင်းဝမ်ရုံက ရှင်းပြလိုက်သည်။
ဒုံချင်းရှန်း နားလည်သွားပြီး သူ၏ မျက်လုံးများထဲတွင် ရက်စက်သော အရိပ်အယောင်များ ပေါ်လာသည် - "ဟုတ်ကဲ့ အစ်ကိုကြီး။ နယ်မြေလုတာပဲ၊ ဂုဏ်သိက္ခာတွေဘာတွေ စောင့်နေဖို့ မလိုပါဘူး။ နိုင်တဲ့သူက အပိုင်စားရမယ်၊ ရှုံးတဲ့သူက ဒူးထောက်ရမယ်"
လင်းဝမ်ရုံက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီး အနားရှိ လီပေတောက်ကိုလည်း ဤအတိုင်း လိုက်ပြောရန် ညွှန်ကြားလိုက်သည်။
ခဏအကြာတွင် လီအာဂေါင်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။ ဒုံချင်းရှန်းတို့ အနားသို့ ချဉ်းကပ်လာရင်း ဒုံချင်းရှန်းကို ထွက်လာရန် ရိုင်းရိုင်းစိုင်းစိုင်း စိန်ခေါ်နေခြင်း ဖြစ်သည်။ မြို့တောင်ပိုင်း၏ စိုးမိုးသူအဖြစ် သူတို့သည် ဒုံချင်းရှန်းတို့ကို အလေးမထားသဖြင့် ပတ်ဝန်းကျင်ကို ကင်းထောက်ရန်ပင် ဂရုမစိုက်ခဲ့ကြပေ။
လင်းဝမ်ရုံသည် သူ၏ သံတုတ်ကို တင်းတင်းဆုပ်ကာ နေရာယူလိုက်သည်။ စောစောက သောက်ထားသော အရက်ရှိန်နှင့် ဤလူမိုက်ကလေးများကြား ရောက်နေရသော စိတ်လှုပ်ရှားမှုကြောင့် သူသည် ငယ်ရွယ်နိုးကြားလာသလို ခံစားနေရသည်။ လင်းဝမ်ရုံသည် လီအာဂေါင်နှင့် သူ၏ နောက်လိုက်များကို အားရပါးရ တိုက်ခိုက်ချင်စိတ်ဖြင့် မျက်လုံးများ နီမြန်းလျက် စိုက်ကြည့်နေမိသည်။
လီအာဂေါင်သည် ရိုက်လို့ ကောင်းတဲ့ခွင်အတွင်းသို့ ရောက်လာသည်နှင့် လင်းဝမ်ရုံက ဝုန်းခနဲ ပြေးထွက်ကာ သူ၏ သံတုတ်ကို ဝှေ့ယမ်းပြီး စိတ်လှုပ်ရှားစွာဖြင့် အားကုန်တိုက်ပါတော့သည်။ သူ၏ ဂျုံရောင်အသားအရေမှာလည်း နီမြန်းလာသည်။
'ဟာ... ဆရာကြီးက ငါ့ထက်တောင် ပိုပြီး ကြမ်းနေပါလား.' ဒုံချင်းရှန်းသည် လင်းဝမ်ရုံ၏ နောက်တွင် ရပ်နေရင်း သူ့ထက်ပင် ပိုမြန်သော အရှိန်ဖြင့် ပြေးထွက်သွားသော လင်းဝမ်ရုံကို ကြည့်ကာ အံ့သြနေမိသည်။
ဒုံချင်းရှန်းက ခပ်တိုးတိုး ဟိန်းဟောက်လိုက်ပြီး သူ၏ သံတုတ်ကို ဆုပ်ကာ ကျားသစ်တစ်ကောင်ကဲ့သို့ ရှေ့သို့ ပြေးထွက်သွားတော့သည်။
လူမိုက်ကလေးများ၏ သွေးမှာလည်း ဆူပွက်နေပြီ ဖြစ်သည်။ သူတို့သည် ဒုံချင်းရှန်းနှင့် လီပေတောက်တို့၏ နောက်မှ လိုက်ကာ ဓားများ၊ သံတုတ်များနှင့် သစ်သားတုတ်များကို ဝှေ့ယမ်း၍ ဘာမှ မပြောဘဲ ပြေးထွက်လာကာ တွေ့သမျှလူကို ရိုက်နှက်ကြပါတော့သည်။
လီအာဂေါင်သည် လင်းဝမ်ရုံနှင့် အနီးဆုံးတွင် ရှိနေသည်။ သူသည် ဂျုံရောင်အသားအရေနှင့် ကျန်းမာကြံ့ခိုင်သော အမျိုးသားတစ်ဦး သံတုတ်နှင့် ပြေးဝင်လာသည်ကို ကြည့်ကာ မှင်တက်နေမိသည်။ ဤလူသည် ဘယ်က ရောက်လာသနည်း၊ ဤမျှအထိ နာကျည်းချက်ကြီးမားသော မျက်နှာပေးနှင့် တိုက်ခိုက်နေရအောင် မနေ့ညက ငါ ပွေခဲ့သော မိန်းကလေးမှာ ဤလူ၏ ညီမများလားဟု လီအာဂေါင် တွေးနေမိသည်။
လီအာဂေါင် အာရုံလွဲနေသော အခိုက်အတန့်ကို အမိအရ ဆုပ်ကိုင်ကာ လင်းဝမ်ရုံက ရှေ့သို့ လှမ်းဝင်ပြီး သံတုတ်နှင့် လီအာဂေါင်၏ ခေါင်းကို အားကုန် လွှဲရိုက်လိုက်သည်။
အဘိုးကြီးဝေ့ ၏ အတွင်းအားသွင်းပေးမှုမှာ အပြည့်အဝ မအောင်မြင်ခဲ့သော်လည်း လင်းဝမ်ရုံကို ပေးအပ်ခဲ့သော စွမ်းအားမှာ သိသာလှပေသည်။ လင်းဝမ်ရုံသည် ပိုမို မြန်ဆန်လာရုံတင်မကဘဲ သူ၏ ခွန်အားမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
လီအာဂေါင်မှာ အငိုက်မိသွားရုံတင်မက လင်းဝမ်ရုံ၏ ပြင်းထန်လှသော တိုက်ခိုက်မှုအရှိန်ကြောင့် ရှောင်တိမ်းရန် ပျက်ကွက်ခဲ့သည်။ လင်းဝမ်ရုံ၏ သံတုတ်မှာ လီအာဂေါင်၏ ဦးခေါင်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး နေရာမှာတင် မေ့လဲသွားတော့သည်။
နီရဲသော သွေးများ စီးကျလာသည်ကို မြင်ရသည့်အခါ လင်းဝမ်ရုံသည် ဖော်ပြ၍မရသော ရင်ခုန်မှုကို ခံစားလိုက်ရသည်။ သူသည် သူ၏ နှုတ်ခမ်းကိုပင် လျှာဖြင့် သိသိသာသာ သပ်လိုက်ပြီး သံတုတ်ကို အားနှင့် ထပ်မံ လွှဲရိုက်လိုက်ပြန်သည်။
လီအာဂေါင်မှာ အသံတစ်ချက် ထွက်လာပြီး အံ့သြမယုံကြည်နိုင်သော မျက်လုံးများဖြင့် ဖြည်းညှင်းစွာ လဲကျသွားတော့သည်။
လီအာဂေါင်၏ နောက်လိုက်တစ်ယောက်သည် သူ၏ ဆရာ လဲကျသွားသည်ကို မြင်သောအခါ သစ်သားတုတ်ကို ကိုင်၍ လင်းဝမ်ရုံ၏ ကျောပြင်ကို အားကုန် ရိုက်လိုက်သည်။
လင်းဝမ်ရုံမှာ အောင့်ကာ ညည်းတွားလိုက်ရပြီး သူ၏ ကျောပြင်မှာ ဖောင်းတက်လာသော်လည်း သူ လဲမကျသွားပေ။ လင်းဝမ်ရုံသည် နောက်သို့ ချက်ချင်း လှည့်ကာ ထိုနောက်လိုက်၏ မျက်နှာကို တုံ့ပြန် ရိုက်နှက်လိုက်သည်။ ကျောပြင်မှ ပူစပ်ပူလောင် နာကျင်မှုမှာ သူ့ကို ထူးဆန်းသော ပျော်ရွှင်မှုတစ်မျိုး ပေးနေသလိုပင်။
ဒုံချင်းရှန်းက ပြေးလာပြီး လဲကျနေသော လီအာဂေါင်ကို သူ၏ တုတ်ဖြင့် ထပ်မံ ရိုက်နှက်လိုက်သည်။
လင်းဝမ်ရုံက လီအာဂေါင်ကို တစ်ချက်ကြည့်လိုက်သည်။ ဤကောင်လေး အသက်ရှင်ခဲ့လျှင်တောင် သူ၏ လက်ကျန်ဘဝ တစ်လျှောက်လုံး အိပ်ရာထဲမှာပဲ ဖြတ်သန်းရတော့မည် ဖြစ်ကြောင်း သူ သိလိုက်သည်။
ဤတိုက်ပွဲမှာ ပြောစရာပင် မလိုတော့ဘဲ ဒုံချင်းရှန်းတို့ဘက်မှ အပြတ်အသတ် အောင်ပွဲခံလိုက်ရသည်။ လင်းဝမ်ရုံသည် တက္ကသိုလ် မတက်ခင်က ရန်ပွဲများစွာတွင် ပါဝင်ခဲ့ဖူးသော်လည်း ထိုအချိန်မှစ၍ ဤကဲ့သို့ အခွင့်အရေးမျိုး အလွန် နည်းပါးခဲ့သည်။ အခု ဤကမ္ဘာတွင်မူ သူသည် အထိန်းအကွပ်မဲ့နေပြီ ဖြစ်သည်။ ယနေ့ အားရပါးရ တိုက်ခိုက်ခွင့် ရလိုက်ခြင်းက သူ့ကို နိုးကြားသွားစေပြီး ဤကမ္ဘာအပေါ် လင်းဝမ်ရုံ၏ မကျေနပ်ချက်များမှာလည်း လွင့်စင်သွားသလို ခံစားလိုက်ရသည်။
ဒုံချင်းရှန်း၏ အဖွဲ့ဝင်အားလုံးမှာ လင်းဝမ်ရုံ၏ ရက်စက်ပြီး လျင်မြန်သော တိုက်ခိုက်မှုကို မြင်တွေ့လိုက်ရသဖြင့် သူ့ကို အလွန်ပင် လေးစားသွားကြတော့သည်။
"အား...." လင်းဝမ်ရုံ ထိုင်ချလိုက်သည့်အခါ သူ၏ ကျောပြင်တွင် မီးလောင်သကဲ့သို့ ပူစပ်ပူလောင် နာကျင်မှုကို ခံစားလိုက်ရသည်။ ထိုနောက်လိုက်က သူ့ကို အတော်လေး ပြင်းပြင်းထန်ထန် ရိုက်ခဲ့ခြင်း ဖြစ်သည်။ လင်းဝမ်ရုံသည် သူ သတိလစ်အောင် ရိုက်ခဲ့သော လီအာဂေါင်ကို ကြည့်ကာ မကျေမနပ် ဖြစ်နေမိသည်။
"စိတ်မပူပါနဲ့။ ဒီညကျရင် ကျွန်တော့်အစ်မကို ဆေးလူးခိုင်းလိုက်လို့ ရပါတယ်။ ကျွန်တော် ရန်ဖြစ်လို့ ဒဏ်ရာရလာရင် သူပဲ အမြဲ ဆေးလူးပေးနေကျ" ဟု ဒုံချင်းရှန်းက ဘာမှမဖြစ်သလို ရယ်မောရင်း ပြောသည်။ သူကိုယ်တိုင်မှာမူ ဒဏ်ရာ အနည်းငယ်သာ ရခဲ့သည်။ သူတို့က လူနှစ်ဆယ်၊ ရန်သူက လူသုံးဆယ် ဖြစ်သော်လည်း လင်းဝမ်ရုံက ရန်သူ့ခေါင်းဆောင်ကို အမြန်ဆုံး အပြတ်ရှင်းနိုင်ခဲ့သဖြင့် တိုက်ပွဲမှာ အတော်လေး လွယ်ကူသွားခြင်း ဖြစ်သည်။
"ဆရာကြီး... ဆရာကြီးက တကယ်ကို တော်တဲ့ တိုက်ခိုက်ရေးသမားပဲ" လီပေတောက်မှာ တင်ပါးကို အုပ်ထားရသည်။ သူ၏ ဘောင်းဘီမှာ စုတ်ပြဲသွားပြီး တင်ပါးမှာလည်း ဖောင်းတက်နေသည်။ သို့သော်လည်း သူသည် လင်းဝမ်ရုံအနားသို့ လာကာ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။
လင်းဝမ်ရုံက သွားကို ကြိတ်ကာ ပြောလိုက်သည် - "ချင်းရှန်း၊ ပေတောက်... မင်းတို့ ဒါကို မှတ်ထား။ ဒီလမ်းကို တစ်ခါ လျှောက်ပြီးရင် နောက်ပြန်လှည့်လို့ မရတော့ဘူး။ တခြားသူတွေထက် ပိုပြီး မိုက်နိုင်မှ၊ ပိုပြီး တည်ငြိမ်နိုင်မှ၊ ပိုပြီး ရက်စက်နိုင်မှ မင်းတို့ နာမည်ရမှာ"
"ဟုတ်ကဲ့ အစ်ကိုကြီး... ကျွန်တော်တို့ နားလည်ပါပြီ" ဟု နှစ်ယောက်သား ခေါင်းညိတ်ကြသည်။ "အော်... ဒါနဲ့ အစ်ကိုကြီး၊ အစ်ကိုကြီး ရှောင်အိမ်တော်ကို သွားရဦးမှာ မဟုတ်လား"
ထိုကိစ္စကို ပြောလိုက်သည်နှင့် လင်းဝမ်ရုံက ရုတ်တရက် အော်လိုက်သည် - "ဒုက္ခပဲ—"
လင်းဝမ်ရုံသည် နာကျင်မှုကို မေ့ကာ ထရပ်ပြီး ပြေးပါတော့သည်။ ဒုံချင်းရှန်းသည် ခပ်လှမ်းလှမ်းမှ လင်းဝမ်ရုံ၏ အသံကို ကြားလိုက်ရသည် - "အဖွဲ့ကို သေချာ ပြန်စုထားကြ၊ ဒီည ငါတို့ ညစာ အတူစားကြမယ်—”