အခန်း (၂၄) မင်းကို သုံးလလောက် အသားစားခွင့် ပိတ်ပစ်မယ် ၁
"အဖေနဲ့ မောင်လေးက ဒီလောက်များတဲ့ ငွေပြားတွေကို တစ်ခါမှ မမြင်ဖူးကြဘူးလေ။ အဲဒါကြောင့် အိမ်မှာ နောက်တစ်ရက်လောက် ထားပြီး ဝဝလင်လင် ကြည့်ချင်နေကြတာ" ဟု ဒုံချောင်ချောင်က အပြင်မှ လမ်းလျှောက်ဝင်လာရင်း ပြုံးလျက် ပြောလိုက်သည်။ သူမ၏ လက်ထဲတွင်မူ ခြံထဲမှ ခုလေးတင် ခူးဆွတ်လာသော၊ ရေစက်ကလေးများဖြင့် စိုပြည်တောက်ပြောင်နေသည့် ဟင်းသီးဟင်းရွက်အချို့ ပါလာသည်။
ဒုံရန်တယ်၏ ရင့်ရော်နေသော မျက်နှာကြီးမှာ နီမြန်းသွားပြီး အားနာသလို ပြုံးလိုက်မိသည်။ "အမှန်အတိုင်း ပြောရရင် ငါ့မှာ အဲဒီလို စိတ်ကူးရှိတာ အမှန်ပဲကွ။ ငါ့အသက် ငါးဆယ်နား နီးနေပြီ၊ ဒါပေမဲ့ ဒီလောက်များတဲ့ ငွေတွေကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
ကြည့်ရသည်မှာ ဦးလေးဒုံမှာ အသက်ငါးဆယ်ပင် မပြည့်သေးသော်လည်း ရုပ်ရည်မှာ အသက်ခြောက်ဆယ်ကျော်ကဲ့သို့ ဖြစ်နေသည်။ လင်းဝမ်ရုံ၏ ယခင်ကမ္ဘာတွင်မူ အသက်လေးဆယ်၊ ငါးဆယ်အရွယ်များမှာ ဘဝ၏ အကောင်းဆုံးအချိန် ရောက်နေကြပြီး မယားငယ်လေးတွေ၊ စပွန်ဆာပေးသူအနေ နှင့် ဘဝကို အကောင်းဆုံး ဖြတ်သန်းနေကြသည့် အချိန်ဖြစ်သည်။ ဤလောကတွင် ပျမ်းမျှသက်တမ်း တိုတောင်းသောကြောင့် အသက်ငါးဆယ်အောက်သာ ရှိသေးသည့် ဒုံရန်တယ်က မိမိကိုယ်ကိုယ် အဖိုးကြီးဟု ခေါ်ဝေါ်နေခြင်း ဖြစ်သည်။
"ကြည့်ပါ... ကြည့်ပါ၊ ဝဝလင်လင်သာ ကြည့်ကြစမ်းပါ" လင်းဝမ်ရုံက ဒုံချောင်ချောင် သယ်လာသည့် တောင်းထဲမှ သခွားသီးတစ်လုံးကို မဆေးကြောဘဲ ယူလိုက်ကာ နှစ်ပိုင်းချိုးပြီး ဘာအမူအရာမှ ဂရုမစိုက်ဘဲ မြိန်ယှက်စွာ ဝါးစားလိုက်သည်။
ဒုံချောင်ချောင်က သူ့ကို ကြည့်ပြီး ရယ်ချင်သွားသော်လည်း သူမ၏ မျက်လုံးများထဲတွင်မူ ကြည်နူးရိပ်များဖြင့် ပြည့်နှက်နေသည်။
"သခင်လေးလင်း... နောက်ထပ် ဘာဆက်လုပ်ကြမလဲ?" ဒုံရန်တယ်သည် ငွေစင်များဆီမှ အကြည့်ကို ခက်ခဲစွာ ခွာလိုက်ပြီးနောက် ငွေစင်များကို နှမြောတသစွာ စိုက်ကြည့်နေဆဲဖြစ်သော ဒုံချင်းရှန်း၏ ပုခုံးကို ပုတ်လိုက်သည်။
"ဦးလေးဒုံ... ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း တစ်ဝက်စီ ခွဲကြတာပေါ့။ ဒီမှာ ငွေပြားငါးထောင်လောက် ရှိမှာပဲ၊ ပြီးတော့ ကျွန်တော့်ဆီမှာ နောက်ထပ်လည်း ရှိသေးတယ်" လင်းဝမ်ရုံက နေခင်းပိုင်းတွင် ရောင်းရသော ငွေပြားများကို ထပ်ထုတ်လိုက်သည်။ "မနက်ဖြန်ကျရင် ဦးလေး သွားပြီး ဒီငွေတွေကို ငွေစက္ကူတွေနဲ့ သွားလဲလိုက်ပါ။ တစ်ဝက်ကို ဦးလေး တိုက်ရိုက်ယူလိုက်၊ ကျန်တဲ့ တစ်ဝက်ကိုတော့ ကျွန်တော့်အတွက် ခဏ သိမ်းပေးထားပါဦး"
"မဖြစ်ဘူး၊ မဖြစ်ဘူး..." ဒုံရန်တယ်က လက်ကို အမြန်ဝှေ့ယမ်းကာ ငြင်းလိုက်သည်။ "သခင်လေး... တစ်ဝက်စီ ခွဲဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တာဘဲ။ ဒါတွေအားလုံးက သခင်လေးရဲ့ အရည်အချင်းနဲ့ ရှာထားတာတွေပဲ၊ ပြီးတော့ ဒါက သခင်လေးရဲ့ အရင်းအနှီး တွေလေ။ ကျွန်တော်ကတော့ ဝန်ဆောင်မှုပေးတဲ့ အခကြေးငွေလေးနဲ့ လုပ်အားခလေးပဲ ယူပါရစေ။ စုစုပေါင်း ငွေပြား ငါးဆယ်ဆိုရင် ရပါပြီ၊ ဟုတ်ပြီလား?"
စီးပွားရေးလောက၏ ကောက်ကျစ်မှုများကို မြင်တွေ့ခဲ့ဖူးသော လင်းဝမ်ရုံသည် အမြတ်အစွန်းများရှေ့တွင် ဒုံရန်တယ်၏ သစ္စာရှိမှုကို မြင်ရသဖြင့် အထင်ကြီးသွားသည်။ သူသည် စိတ်ထဲမှ ကျိတ်၍ ချီးကျူးလိုက်မိပြီး - "ဦးလေးဒုံ... ဒါက ကျွန်တော့်ကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး၊ ဦးလေးတို့ရဲ့ ပါဝင်ကူညီမှုလည်း ပါတာပဲလေ။ မိန်းကလေးချောင်ချောင်အတွက် တင်တောင်း ငွေကို အများကြီး ပြင်ဆင်ပေးချင်တယ်လို့ ကျွန်တော် အမြဲပြောခဲ့တယ်လေ။ ဒါကို ကျွန်တော့်ရဲ့ စိတ်ရင်းစေတနာလို့ပဲ သဘောထားပေးပါ" ဟု ဆိုလိုက်သည်။
ချောင်ချောင်လေးမှာ မျက်နှာနီသွားသော်လည်း လင်းဝမ်ရုံကို လေးလေးနက်နက် ကြည့်ကာ ပြောလိုက်သည် - "အစ်ကိုကြီးလင်း... ဒီငွေတွေရဖို့ ကျွန်မတို့လည်း ကူညီခဲ့တယ်ဆိုပေမဲ့ အစ်ကိုကြီးကပဲ အဓိက ဦးဆောင်သူပါ။ ကျွန်မတို့ မရှိရင်တောင် အစ်ကိုကြီးက တခြားတစ်ယောက်ယောက်ကို ရှာပြီး လုပ်လို့ရတာပဲ။ အစ်ကိုကြီးက ကျွန်မတို့ကို အခွင့်အရေး ပေးခဲ့တာပါ။ ကျွန်မတို့အပေါ် စေတနာထားတာ သိပေမဲ့ ဒီငွေတွေကိုသာ တကယ် ယူလိုက်ရင် ကျွန်မတို့ စိတ်ထဲမှာ လုံးဝ နေလို့ကောင်းမှာ မဟုတ်ဘူး"
"ဟုတ်တယ် အစ်ကိုကြီး... ကျွန်တော်တို့က ရထိုက်တဲ့အရာကိုပဲ လိုချင်တာပါ၊ အပိုတွေ မလိုချင်ပါဘူး" ဟု ဒုံချင်းရှန်းက ဆိုသည်။ သူသည် အသက်ငယ်သေးသော်လည်း ရည်မှန်းချက် ကြီးမားလှကာ ချောင်ချောင်၏ အယူအဆကို ထောက်ခံလိုက်ခြင်းဖြစ်သည်။
ဤအခြေအနေတွင် ဘာများ ထပ်ပြောနိုင်ဦးမည်နည်း? လင်းဝမ်ရုံ စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။ ဒုံမိသားစု သားအဖ သုံးယောက်စလုံးမှာ ဆင်းရဲသော်လည်း မာနရှိကြသူများ ဖြစ်သည်။ လင်းဝမ်ရုံသာ အတင်းဆက်ပြောနေပါက သူတို့ကို အထင်သေးရာ ရောက်ပေလိမ့်မည်။ သူက ခေါင်းညိတ်လိုက်ပြီး - "ဒါဆိုရင် ကျွန်တော့်မှာ အကြံတစ်ခု ရှိတယ်"
"ဘာအကြံလဲ?" ဒုံမိသားစုမှာ လင်းဝမ်ရုံ၏ ထက်မြက်မှုကို အထင်ကြီးပြီးသားဖြစ်ရာ စိတ်အားထက်သန်စွာ မေးလိုက်ကြသည်။
"ဒီလိုလေ... ကျွန်တော်တို့ ဘယ်သူမှ ဒီငွေပြား ငါးထောင်ကို မယူချင်ကြဘူးဆိုမှတော့၊ ဒါကို အရင်းအနှီးအဖြစ် သုံးပြီး တခြား စီးပွားရေးတစ်ခုမှာ ရင်းနှီးမြှုပ်နှံပြီး ငွေထပ်ရှာကြရင် ဘယ်လိုလဲ?"
"စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမယ် ဟုတ်လား?" ဒုံရန်တယ် ခေတ္တစဉ်းစားပြီးနောက် - "သခင်လေး... ဘယ်လို စီးပွားရေးမျိုးက အကောင်းဆုံး ဖြစ်မလဲ?" ဟု မေးသည်။ ငွေပြားငါးထောင်ဆိုသည်မှာ နည်းသောပမာဏ မဟုတ်သလို အလွန်အမင်း များပြားလှသည်လည်း မဟုတ်ပေ။ မည်သို့သော စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရမည်ကို သေသေချာချာ စဉ်းစားရန် လိုအပ်သည်။
"ချောင်ချောင်... မင်းကရော ဘယ်လို စီးပွားရေးမျိုး လုပ်သင့်တယ်လို့ ထင်လဲ?" လင်းဝမ်ရုံက ဒုံချောင်ချောင် စဉ်းစားနေသည်ကို သတိပြုမိ၍ မေးလိုက်သည်။ ဒုံချောင်ချောင်သည် အလွန်ထက်မြက်ပြီး ပညာရှိသော အမျိုးသမီးတစ်ဦးဖြစ်ရာ သူမကို လျှော့မတွက်သင့်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက် ဒုံချောင်ချောင်က - "သာမန်လူသားတွေအနေနဲ့ ကျွန်မတို့ရဲ့ နေ့စဉ်ဘဝမှာ အခြေခံ လိုအပ်ချက် လေးခုဖြစ်တဲ့ အဝတ်အစား၊ အစားအစာ၊ နေထိုင်ရေးနဲ့ သွားလာရေးက အရေးကြီးဆုံးပါပဲ။ အဝတ်အစား လုပ်ငန်းကိုတော့ ရှောင်မိသားစုနဲ့ တခြား ချမ်းသာတဲ့ မိသားစုအချို့က လက်ဝါးကြီးအုပ်ထားပြီး ပြိုင်ဆိုင်မှုကလည်း အရမ်းပြင်းထန်ပါတယ်။ ကျွန်မတို့မှာ အဲဒီဈေးကွက်ထဲ ဝင်ဖို့ အရင်းအနှီး မလုံလောက်သေးဘူး။ ဒါပေမဲ့ အစားအစာနဲ့ ပတ်သက်လာရင်တော့ ကျွန်မတို့ စဉ်းစားကြည့်လို့ ရနိုင်ပါတယ်" ဟု ပြောလိုက်ပါသည်။
ပြောပြီးနောက် သူမသည် လင်းဝမ်ရုံကို စိုးရိမ်တကြီး ကြည့်လိုက်မိသည်။ သူမ၏ စကားက လင်းဝမ်ရုံကို စိတ်အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ နောက်ဆုံးတွင် ပညာတတ်တစ်ဦးအနေဖြင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမှာ သိက္ခာကျစရာဟု ယူဆနိုင်သောကြောင့် ဖြစ်သည်။ ထို့အပြင် ထက်မြက်လှသော လင်းဝမ်ရုံက သူမ၏ အကြံဉာဏ်ကို လက်ခံပါ့မလား ဆိုသည်ကိုလည်း မသေချာပေ။ အကယ်၍ သူ ငြင်းပယ်လိုက်လျှင် သူမ ဘာဆက်လုပ်ရမည်ကို သိတော့မည် မဟုတ်ပေ။
"ချောင်ချောင်... မင်း စဉ်းစားတာ ငါနဲ့ အတူတူပဲ" လင်းဝမ်ရုံက အားရပါးရ ရယ်မောရင်း အော်ပြောလိုက်သည်။ ဒုံချောင်ချောင်သည် သက်ပြင်းချနိုင်သွားပြီး ဝမ်းသာအားရဖြင့် လင်းဝမ်ရုံကို ကြည့်ကာ သူ ဘာဆက်ပြောမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။
"စကားပုံ ရှိတယ်လေ... 'အစားအစာက ပြည်သူတွေအတွက် အရေးကြီးဆုံး လိုအပ်ချက်ပဲ' တဲ့။ စားသောက်ဆိုင် လုပ်ငန်းတစ်ခု စတင်ဖို့က အရင်းအနှီး အတိုင်းအတာတစ်ခု လိုအပ်သလို၊ စီးပွားရေးရဲ့ ပမာဏကိုလည်း ကိုယ်ရင်းနှီးမြှုပ်နှံတဲ့ အရင်းအနှီးအပေါ် မူတည်ပြီး သတ်မှတ်လို့ ရတယ်။ ဒီနယ်ပယ်ထဲ ဝင်ရောက်ဖို့ကလည်း အတော်လေး လွယ်ကူပါတယ်။ ဒါပေမဲ့..." လင်းဝမ်ရုံ၏ လေသံမှာ ရုတ်တရက် ပြောင်းလဲသွားပြီး - "ကျွန်တော်တို့က စားသောက်ဆိုင် သေးသေးလေးပဲ ဖွင့်မယ်ဆိုရင် အရင်းအနှီး သိပ်မလိုပေမဲ့ ပြန်ရမယ့် အကျိုးအမြတ်က နည်းလွန်းတယ်။ လုပ်မယ်ဆိုရင်တော့ အကြီးကြီးကိုပဲ ရည်မှန်းရမယ်"
"အကြီးကြီး ဟုတ်လား?" ဒုံချောင်ချောင်နှင့် သူမ၏ ဖခင်တို့မှာ လင်းဝမ်ရုံ ဘာကို ဆိုလိုသည်ကို နားမလည်သောကြောင့် တအံ့တသြ ရေရွတ်လိုက်ကြသည်။
"ဟုတ်တယ်... အကြီးကြီးပဲ။ ကျွန်တော်တို့ ဖွင့်မယ့် စားသောက်ဆိုင်က နေရာကျယ်ကျယ်ဝန်းဝန်း ရှိရမယ့်အပြင် နေရာကောင်းမှာလည်း ရှိရမယ်။ ပြီးတော့ လက်ရာကောင်းတဲ့ စားဖိုမှူးတွေ၊ ထူးကဲတဲ့ ဝန်ဆောင်မှုတွေနဲ့ ပါးနပ်တဲ့ ဈေးနှုန်း သတ်မှတ်ချက်တွေ ရှိရမယ်" ဟု လင်းဝမ်ရုံက တမင်တကာ ပြောလိုက်သည်။
ထက်မြက်လှသော ဒုံချောင်ချောင်ပင်လျှင် လင်းဝမ်ရုံ၏ စကားကို အပြည့်အဝ နားမလည်နိုင်ရှာပေ။ ပထမ အချက်အချို့ကို နားလည်နိုင်သော်လည်း နောက်ဆုံးစာကြောင်းကိုမူ မည်သို့ နားလည်နိုင်ပါမည်နည်း?
လင်းဝမ်ရုံက နားမလည်နိုင်ဟန် ဖြစ်နေသော သူတို့ သုံးယောက်ကို ကြည့်ကာ ပြုံးလျက် - "ရှေ့က အချက်တွေကိုတော့ ခင်ဗျားတို့ နားလည်ကြမှာပါ။ ကျွန်တော်တို့ ဆိုင်က ခြံဝင်းကျယ်ကျယ် ရှိရမယ့်အပြင် အစည်ကားဆုံးဖြစ်တဲ့ ရွှေရောင်နယ်မြေ မှာ တည်ရှိရမယ်။ လက်ရာနဲ့ ဝန်ဆောင်မှု အပိုင်းကိုတော့ ကျွန်တော် အများကြီး ပြောနေစရာ မလိုပါဘူး။ ဈေးနှုန်းနဲ့ ပတ်သက်လို့ကတော့... ဟဲဟဲ၊ ကျွန်တော်တို့က အနိမ့်၊ အလယ်၊ အမြင့် ဆိုပြီး အဆင့်လိုက် သင့်တင့်မျှတအောင် ခွဲထားရမယ်။ ကျွန်တော်တို့ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေကို အဆင့်မြင့်တဲ့ အတွေ့အကြုံမျိုး ခံစားရစေပြီး တခြားဆိုင်တွေနဲ့ မတူဘူးဆိုတာ သိစေချင်တာ။ အဆင့်အတန်း မြင့်သွားပြီဆိုရင် ကျွန်တော်တို့ ဈေးနှုန်းက နည်းနည်း ပိုနေရင်တောင် တခြားသူတွေက နားလည်ပေးနိုင်ကြလိမ့်မယ်။ နောက်ဆုံးတော့ ပေးရတဲ့ဈေးနဲ့ ထိုက်တန်တဲ့ အရသာကို ရနေရင် လူတိုင်းက နားလည်ကြမှာပဲလေ။ ဒါ့အပြင် အလယ်အလတ်နဲ့ အောက်ခြေဖောက်သည်တွေကိုလည်း သူတို့တွေ တစ်သုတ်ပြီးတစ်သုတ် လာနေအောင် ကျွန်တော်တို့ ဂရုစိုက်သွားမှာပါ"
ဤစကားများကြောင့် ဒုံမိသားစု သားအဖမှာ အချိန်အတော်ကြာ မှင်တက်နေရပြီး၊ ဒုံချောင်ချောင် တစ်ဦးတည်းသာလျှင် နှုတ်ခမ်းကို ကိုက်လျက် လင်းဝမ်ရုံ ပြောသည်များကို တစ်ခုခု နားလည်သွားဟန်ဖြင့် သေသေချာချာ စဉ်းစားနေတော့သည်။
"ပြီးတော့..." လင်းဝမ်ရုံက လျှို့ဝှက်သော အပြုံးဖြင့် - "ဖောက်သည်တွေ တစ်သုတ်ပြီးတစ်သုတ် လာနေစေဖို့အတွက် အဆင့်တစ်ခုချင်းစီအလိုက် ရံဖန်ရံခါ 'ပရိုမိုးရှင်း' တွေလည်း လုပ်သွားမှာပါ"
"ပရိုမိုးရှင်း ဟုတ်လား?" ယခုတစ်ကြိမ်တွင် ဒုံမိသားစု သားအဖ သာမက ချောင်ချောင်ပါ မှင်တက်သွားရသည်။ သူတို့ ဤစကားလုံးကို တစ်ခါမှ မကြားဖူးကြသဖြင့် ဘာကို ဆိုလိုသည်ကို သဘာဝအတိုင်း နားမလည်နိုင်ကြပေ။
လင်းဝမ်ရုံမှာ ဤစကားလုံးအသစ်ကို သူတို့အား ရှင်းပြရန်အတွက် တံတွေးအတော်လေး ကုန်သွားရသည်။ ဤပရိုမိုးရှင်း အယူအဆကို သေသေချာချာ စဉ်းစားကြည့်ပြီးနောက်တွင်မူ ၎င်းမှာ တကယ့်ကို ဆွဲဆောင်မှု ရှိလှကြောင်း သူတို့ မငြင်းနိုင်ကြတော့ပေ။
ဒုံမိသားစုသည် လင်းဝမ်ရုံကို အစကတည်းက အလုံးစုံ ယုံကြည်ထားကြသူများ ဖြစ်သည်။ လင်းဝမ်ရုံ ဤသို့ ပြောသည်ကို ကြားသောအခါ သူသည် ဤလုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦး ဖြစ်မည်ဟု ရုတ်တရက် ထင်မြင်သွားကြပြီး စားသောက်ဆိုင် ဖွင့်လိုစိတ်မှာလည်း အရင်ကထက် ပိုမို ပြင်းပြလာတော့သည်။
လင်းဝမ်ရုံ၏ ဤလုပ်ရပ်မှာ အလွန် စွန့်စားရာ ရောက်သည်။ အကြောင်းမှာ သူသည် စားသောက်ဆိုင် ဖွင့်ဖူးသည့် အတွေ့အကြုံ မရှိသောကြောင့် ဖြစ်သည်။ သို့သော် သူသည် ရဲတင်းပြီး မျက်နှာပြောင်သူ ဖြစ်ရာ မည်သည့်အရာကိုမဆို လုပ်ဝံ့သူ ဖြစ်သည်။ ထို့အပြင် ဤငွေပြား ငါးထောင်မှာလည်း ဘာမှမဟုတ်ရာမှ ရလာခြင်း ဖြစ်သည်။ ရှုံးသွားလျှင်တောင် သူ မျက်တောင်တစ်ချက် ခတ်မည် မဟုတ်ပေ။
လူအများ၏ စိတ်ကူးများမှာ တက်ကြွလာပြီး ဒုံရန်တယ်က - "သခင်လေးလင်း ပြောတာကို ကြားတော့ ကျွန်တော် တစ်ခု သတိရလာတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆန်းဝူ ရေကန် ဘေးက မေဝေစားသောက်ဆိုင် ပိုင်ရှင်က သူ အသက်ကြီးပြီမို့ ဆိုင်ကို တခြားသူကို လွှဲပေးပြီး သူ့ဇာတိ စူးကျိုးကို ပြန်ပြီး အနားယူချင်တယ်လို့ ပြောနေတာ ကြားမိတယ်" ဟု ဆိုသည်။
လင်းဝမ်ရုံမှာ အလွန် စိတ်ဝင်စားသွားသည်။
ဆန်းဝူ ရေကန် ဆိုသည်မှာ ရှုခင်းလှပပြီး လူစည်ကားသော နေရာကောင်းတစ်ခု ဖြစ်သည်။ စနစ်တကျ စီမံခန့်ခွဲနိုင်သရွေ့ အမြတ်အစွန်းမှာ နည်းမည် မဟုတ်ပေ။