အခန်း (၂၃) မိန်းကလေးငယ်လေး ၂
လင်းဝမ်ရုံမှာ ချွေးစေးများပင် ထွက်လာတော့သည်။ ဒီမိန်းကလေးက " မအ "ပေ၊ ဈေးမဆစ်ခင်မှာ အကဲခတ်ရကောင်းမှန်း သူမ သိသည်။ လင်းဝမ်ရုံသည် မျက်နှာပြောင်သူ ဖြစ်သော်လည်း အသက် ၁၆ နှစ်၊ ၁၇ နှစ်အရွယ် မိန်းကလေးငယ်လေးက သူ၏ လှည့်ကွက်ကို ရိပ်မိသွားသည့်အခါ အနည်းငယ်တော့ အားနာသွားမိသည်။ လင်းဝမ်ရုံသည် သူမလက်ထဲမှ စာအုပ်ငယ်ကို ပြန်ယူလိုက်ပြီး တဟဲဟဲ ရယ်မောကာ - "မိန်းကလေး... တစ်ဆယ် ပြားတန် ဗားရှင်းတင် မဟုတ်ဘူး၊ တစ်ပြားတန် ဗားရှင်းတွေတောင် ရောင်းနေတာ ရှိတယ်။ ဟော... ဟိုမှာ ကြည့်လိုက်လေ—"
လင်းဝမ်ရုံက ဘေးနားတွင် ခိုးကူးစာအုပ်ကို ဖတ်နေသော ဆင်းရဲသည့် ပညာတတ်တစ်ဦးရှိရာသို့ မေးထိုးပြလိုက်သည်။ ထိုသူ၏ မျက်နှာပေါ်ရှိ အရူးအပေါပုံစံကို ကြည့်ခြင်းအားဖြင့် ဤစာအုပ်ကို ပိုင်ဆိုင်လိုက်ရုံနှင့် မိန်းကလေးရှောင်၏ အဆင့်အတန်း တစ်ဝက်ခန့်ကို ရရှိသွားပြီဟု ယုံကြည်နေပုံရသည်။
မိန်းကလေးငယ်သည် လင်းဝမ်ရုံကို အတန်ကြာအောင် သတိထားကြည့်နေခဲ့သဖြင့် သူ အလောတကြီး ထုတ်ထားသော ခိုးကူးဗားရှင်းနှင့် မူရင်းစာအုပ်မှာ သိသိသာသာ ကွာခြားကြောင်း သူမ သိလေသည်။
သူမက လင်းဝမ်ရုံကို စိုက်ကြည့်ကာ နှာမှုတ်လိုက်ပြီး - "ရှင်ဟာက မူရင်းဖြစ်နေရင်တောင် ဈေးကို ဒီလောက်ကြီး မြှင့်တင်လို့ မရဘူးလေ"
သူမ၏ မျက်နှာလေး နီမြန်းလာပြီး မျက်မှောင်ကြုတ်လိုက်ပုံမှာ ပို၍ပင် လှပသွားစေသည်။ သူမသည် တကယ့်ကို ထူးခြားသော အလှပဂေးလေး ဖြစ်သော်လည်း ကံမကောင်းစွာပင် လင်းဝမ်ရုံသည် စီးပွားရေးနှင့် ပတ်သက်လာလျှင် လူမျက်နှာမထောက်တတ်ပေ။လင်းဝမ်ရုံက ပြုံးစိစိဖြင့် - "မိန်းကလေး... 'ရှားပါးကုန်စည်' ဆိုတဲ့ စကားကို ကြားဖူးလား.. ငါတို့ မူရင်းဗားရှင်းတွေ အကုန်ရောင်းကုန်ပြီ၊ ဒါကတော့ အမှတ်တရ သိမ်းထားဖို့ ချန်ထားတဲ့ နောက်ဆုံးတစ်အုပ်ပဲ။ အကယ်၍ မင်း ဝယ်ချင်တယ်ဆိုရင်တော့ ငါ တန်ဖိုးထားတဲ့ အရာကို ယူသွားဖို့အတွက် ဈေးအနည်းငယ် ပိုပေးရမှာပေါ့"
မိန်းကလေး၏ မျက်လုံးများ လှုပ်ခတ်သွားပြီး - "ကောင်းပြီလေ... ဆယ့်ငါးပြားဆိုလည်း ဆယ့်ငါးပြားပေါ့၊ ဒါပေမဲ့ ရှင်က ကျွန်မရဲ့ မေးခွန်းကို အရင်ဖြေရမယ်" ဟု ဆိုသည်။
လင်းဝမ်ရုံက သူမကို ကြည့်ကာ - "မိန်းကလေး... မေးခွန်းတစ်ခု ဖြေရင် ငွေ ငါးပြား ထပ်ပေးရမယ်နော်။ သေသေချာချာ စဉ်းစားဦး"
မိန်းကလေးမှာ ဒေါသထွက်သွားပြီး - "ဒါ ဘယ်လို စည်းကမ်းလဲ...မေးခွန်းဖြေတာကို ပိုက်ဆံတောင်းရတယ်လို့။ လူတိုင်းသာ အဲဒီလိုလုပ်ရင် လောကကြီးမှာ တရားမျှတမှု ဆိုတာ ရှိသေးရဲ့လား"ဟု ဒေါသတကြီး ပြန်ပြောလေသည်။
"မဟုတ်တာ... မဟုတ်တာ" လင်းဝမ်ရုံက ခေါင်းခါလိုက်ပြီး - "ငါက ပရော်ဖက်ရှင်နယ် ဝေဖန်သူတစ်ယောက်လေ၊ ငါ့ရဲ့ စကားတစ်လုံးချင်းစီက တန်ဖိုးရှိတယ်။ ဝန်ဆောင်မှုပေးရင် အခကြေးငွေ တောင်းတာက သဘာဝပဲလေ"
မိန်းကလေးငယ်က လှောင်ပြုံးပြုံးကာ - "ဘယ်လို ကျွမ်းကျင်သူလဲ။ကိုယ့်ကိုယ်ကိုယ် ကျွမ်းကျင်သူပါလို့ ကြော်ငြာပြီး ပိုက်ဆံတောင်းတဲ့ လူစားမျိုးလား"
လင်းဝမ်ရုံ အားရပါးရ ရယ်မောလိုက်ပြီး - "ကောင်မလေး... မင်း ဒီလောက် ထက်မြက်လိမ့်မယ်လို့ ငါ မထင်ထားဘူး။ ငါ့ကို အကဲခတ်မိသွားတာပဲ။ ကဲ... ဒီလိုလုပ်ရအောင်၊ မင်း မေးချင်တဲ့ မေးခွန်းရဲ့ အဖြေကို သိတဲ့သူက လောကမှာ ငါတစ်ယောက်တည်း ရှိတယ်လို့ ထင်လား.."
မိန်းကလေးငယ်က ခေတ္တစဉ်းစားပြီး ခေါင်းငြိမ့်လိုက်သည် - "ဒီအဖြေကို ရှင်တစ်ယောက်တည်းပဲ သိမယ် ထင်တယ်"
"အေး... အဲဒါပဲလေ" လင်းဝမ်ရုံ စိတ်ထဲက ကျိတ်ရယ်နေမိသည်။ ဒီမိန်းကလေးကို လှည့်စားရတာ လွယ်ကူလှသည်။ "ငါတစ်ယောက်တည်း သိတဲ့ မေးခွန်းကို ဖြေဖို့ သို့မဟုတ် မဖြေဖို့ဆိုတာ ငါ့ရဲ့ ဆန္ဒပဲ။ မင်းက ငါ့ဆီက သတင်းအချက်အလက် လိုချင်ရင် သတင်းကြေး ပေးရမှာပေါ့။ ဒါက တရားမျှတပါတယ်။ ငါက ရိုးသားတဲ့ စီးပွားရေးသမားပါ၊ မင်း ပေးတဲ့ဈေးနဲ့ ထိုက်တန်တာကို ရစေရမယ်။ ငွေ ငါးပြားဆိုတာ တကယ်တော့ ဈေးပေါလှပါတယ်၊ ငါ မင်းကို မလိမ်ပါဘူး"
မိန်းကလေးငယ်မှာ ခဏမျှ မှင်တက်သွားပြီးနောက် စဉ်းစားကြည့်ကာ နှာမှုတ်လိုက်သည် - "ကောင်းပြီ... ငွေ ငါးပြားပါပဲ။ ဒါပေမဲ့ ရှင်က ကျွန်မကို ရိုးရိုးသားသား ဖြေရမယ်၊ လိမ်လို့ မရဘူးနော်"
လင်းဝမ်ရုံက သူ့ပါးသူ ခပ်ဖွဖွ ပုတ်လိုက်ပြီး - "ဒီချောမောတဲ့ မျက်နှာကို မြင်လား။ ဒါ ငါ့ရဲ့ အမှတ်တံဆိပ်ပဲ။ လူကြီးလူငယ်မရွေး ငါ့ကို ယုံကြည်ကြတယ်။ ငါ ဘယ်သူ့ကိုမှ မလိမ်ဖူးဘူး"
မိန်းကလေးငယ်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်ပါတော့သည်။ "ရှင့်လောက် မျက်နှာပြောင်တဲ့သူ တစ်ခါမှ မမြင်ဖူးဘူး"
လင်းဝမ်ရုံ၏ အမူအရာက လူယုတ်မာ ပုံစံမျိုး ပြောင်းသွားပြီး သူမကို စိုက်ကြည့်လိုက်သည်။ သို့သော် သူမသည် လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ တည်ငြိမ်စွာ မေးလိုက်သည် - "ကျွန်မ မေးချင်တဲ့ မေးခွန်းက... ရှင် မိန်းကလေးရှောင်ကို တကယ် မြင်ဖူးသလားဆိုတာဘဲ။"
အမှန်စင်စစ် လင်းဝမ်ရုံ သူမကို တစ်ခါမှ မမြင်ဖူးပေ။ သူက သဘာဝအတိုင်း ပြုံးလိုက်ပြီး - "ငါ အရင်က ပြောဖူးသားပဲလေ။ ဒါက ရှောင်အိမ်တော်က အလယ်တန်းအဆင့် အစေခံတစ်ယောက် ငါ့ကို ပေးခဲ့တဲ့ တစ်ခုတည်းသော မူရင်းစာအုပ်ပါဆို။ သူနဲ့ငါက ညီအစ်ကိုတွေလို ခင်တာ။ ငါ မိန်းကလေးရှောင်ကို မမြင်ဖူးပေမဲ့ ဒီပုံတူကို ပထမဆုံး မြင်ရတဲ့သူက ငါပါလို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ရဲပါတယ်"
ထိုပုံကို လင်းဝမ်ရုံကိုယ်တိုင် ရေးဆွဲခဲ့ခြင်းဖြစ်ရာ သူ ပထမဆုံး မြင်ရမည်မှာ အမှန်ပင်။ ဤကျိန်ဆိုချက်မှာ ကလေးကို လှည့်စားသည့် အရှက်မရှိသော ကျိန်ဆိုချက်သာ ဖြစ်သည်။
"ဒီပုံကို ရေးဆွဲခဲ့တဲ့ ပညာရှင်က ဘယ်သူလဲဆိုတာ ရှင် သိသလား" ဟု မိန်းကလေးငယ်က ထပ်မေးသည်။
'ငါပဲလေ အဲဒီပညာရှင်က' လင်းဝမ်ရုံ စိတ်ထဲက ပြုံးလိုက်သော်လည်း သူကိုယ်တိုင် လုပ်ခဲ့ခြင်း ဖြစ်ကြောင်း မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။ သူက မိန်းကလေးငယ်ကို ကြည့်ကာ ရယ်မောလိုက်သည် - "မိန်းကလေး... ငါ မှတ်မိသလောက်ဆိုရင် မင်း ငါ့ကို မေးခွန်း တစ်ခုတည်းပဲ မေးမယ်လို့ ပြောထားတာနော်။ ပထမတစ်ခုကို ငါ ဖြေပြီးသွားပြီဆိုတော့ ဒါက ဒုတိယ မေးခွန်း ဖြစ်သွားပြီ မဟုတ်လား...ဟဲဟဲ..."
မိန်းကလေးငယ်က အိတ်ထဲမှ ငွေအချို့ကို ထုတ်လိုက်ပြီး - "သိပါတယ်။ ရှင်က ပိုက်ဆံ ထပ်လိုချင်တာ မဟုတ်လား..ကြည့်စမ်းပါအုန်း ဘယ်လောက်တောင် လောဘကြီးသလဲဆိုတာ။"
"မင်း ငါ့ကို အထင်သေးနေတာပဲ" လင်းဝမ်ရုံက ရယ်မောကာ - "ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ ငါဟာ ငါ့ရဲ့ စိတ်အခြေအနေပေါ် မူတည်ပြီးမှ မေးခွန်းတွေကို ဖြေတာ။ ဒီနေ့တော့ မင်းအတွက် မေးခွန်းတစ်ခုပဲ ငါ ဖြေပေးမယ်။ ကျန်တဲ့မေးခွန်းကိုတော့ အလကား ဝန်ဆောင်မှုအဖြစ် သဘောထားလိုက်ပါတော့"
မိန်းကလေးငယ်က လင်းဝမ်ရုံကို ကြည့်ကာ - "ရှင်က တကယ့်ကို လည်တာပဲ။ လူလိမ်ကြီး" ဟု ဆိုသည်။
"မင်းက ကလေးပဲ ရှိသေးတာပါ" လင်းဝမ်ရုံ ရယ်လိုက်သည် - "မင်းနဲ့ငါပြိုင် မငြင်းချင်ပါဘူး။
ပရော်ဖက်ရှင်နယ်သမားတွေမှာ လိုက်နာရမယ့် စည်းကမ်းတွေ ရှိတယ်၊ ပြီးတော့ ငါတို့ရဲ့ ဂုဏ်သိက္ခာကလည်း အရေးကြီးတယ်။ အကယ်၍ အဲဒီပညာရှင်က ဘယ်သူလဲဆိုတာ ငါ မင်းကို ပြောပြလိုက်ရင် နောက်ဆို ငါ့လုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ငါ ဘယ်လို မျက်နှာပြရတော့မလဲ။"
"အင်း... ဒါလည်း ဟုတ်တာပဲ" မိန်းကလေးငယ်က ခေါင်းငြိမ့်လိုက်သည် - "ရှင်က ဒီလောက်အထိ ဂုဏ်သိက္ခာ ရှိလိမ့်မယ်လို့ မထင်ထားဘူး၊ လူလိမ်ကြီး ရယ်"
"ငါ့ရဲ့ ကောင်းကွက်တွေကို မင်း ဒီလောက် မြန်မြန် သတိထားမိသွားတာလား။" လင်းဝမ်ရုံက အံ့သြသွားဟန် ဆောင်လိုက်သည် - "ငါ ဒါတွေကို သေသေသပ်သပ် ဖုံးကွယ်ထားတယ်လို့ ထင်နေတာ။ ထားပါတော့လေ... ငါ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရတော့မယ်။ စကားပုံ ရှိတယ်လေ၊ သစ်ပင်မြင့်ရင် လေတိုက်ခံရတယ်တဲ့။ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ရမယ့် အချိန်ပဲ"
မိန်းကလေးငယ်သည် ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်ပြန်သည် - "ရှင် ရှက်တတ်သေးရဲ့လား။"
လင်းဝမ်ရုံသည် ယနေ့တွင် ငွေလည်းရ၊ မိန်းကလေးငယ်ကိုလည်း စနောက်နိုင်သဖြင့် စိတ်အခြေအနေ အလွန်ကောင်းနေသည်။ လင်းဝမ်ရုံသည် သူ၏ အရှက်မရှိမှုနှင့် ပတ်သက်၍ အငြင်းအခုန် မလုပ်တော့ဘဲ သူမ၏ စနောက်မှုကိုသာ လိုက်လျောပေးလိုက်သည်။
"အဲဒီပညာရှင်ရဲ့ နာမည်ကို မပြောပြလည်း ရပါတယ်၊ ကျွန်မ အတင်းမတောင်းပါဘူး။ အနည်းဆုံးတော့ ရှင့်နာမည်လေးတော့ ပြောပြလို့ ရမလား။" မိန်းကလေးငယ်က မျက်လုံးလေးများ တောက်ပလျက် မေးသည်။
"ငါ့နာမည်က လင်းဆန်း လို့ ခေါ်တယ်" လင်းဝမ်ရုံက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည် - "ဒီမေးခွန်းကတော့ အခမဲ့ပါပဲ"
လင်းဝမ်ရုံ စိတ်ထဲက ကျိတ်ရယ်နေမိသည်။ ဤမိန်းကလေးငယ်သည် သူ့ကို အကွက်ဆင်ရန် ကြိုးစားနေသော်လည်း သူမသည် သူ့ထက် ဉာဏ်သာရန် ငယ်လွန်းပါသေးသည်။
"လင်းဆန်း... လင်းဆန်း..." မိန်းကလေးငယ်သည် သူ့ဘာသာ ရေရွတ်လိုက်ပြီး - "ဟွန့်... လင်းဆန်း၊ ရှင် ဒီနေ့ ကျွန်မဆီက ငွေတွေကို လိမ်ယူသွားတယ်။ တစ်နေ့ကျရင် အတိုးနဲ့တကွ ပြန်ယူပြမယ်၊ မှတ်ထား" ဟု ပြောကာ လင်းဝမ်ရုံကို ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ငွေတုံးကို ပစ်ပေးကာ သူမ၏ စာအုပ်ကို ဆွဲယူပြီး ထွက်သွားပါတော့သည်။
လိမ်ယူတယ် ဟုတ်လား။ လင်းဝမ်ရုံမှာ အံ့သြသွားရသည်။ ဒီမိန်းကလေးက သူ့ကို တကယ်ပဲ လိမ်နေတယ်လို့ ထင်နေတာလား။သူမ ထွက်သွားသည်ကို ကြည့်ကာ လင်းဝမ်ရုံသည် အေးအေးဆေးဆေးပင် ရယ်မောနေမိသည်။
ရှောင်မိသားစုသည် တကယ့်ကို ဆွဲဆောင်မှု ရှိလှပေသည်။ အစေခံ ရွေးချယ်ပွဲအတွက် လူပေါင်း ထောင်ချီ၍ စာရင်းပေးထားကြပြီး ကျင်းလင်မြို့ တစ်ပြင်လုံးရှိ ပညာတတ်များပင် လာရောက် စာရင်းသွင်းကြသည်ဟု ဆိုသည်။
လင်းဝမ်ရုံသည် နောက်ဆုံး လက်ကျန်စာအုပ်အချို့ကို ရောင်းချလိုက်ပြီး မူရင်းလက်ရေးစာမူကိုမူ အမှတ်တရ သိမ်းဆည်းထားလိုက်သည်။ ၎င်းသည် ဤလောကတွင် သူ ပထမဆုံး ရရှိခဲ့သော ရွှေအိုးဖြစ်ပြီး အမှတ်တရ တန်ဖိုး များစွာ ရှိနေသည်။
ဦးလေးဒုံ၏ အိမ်သို့ ပြန်ရောက်သောအခါ ဒုံရန်တယ်နှင့် ဒုံချင်းရှန်းတို့မှာ ဒုံချောင်ချောင် ပြောသကဲ့သို့ပင် ငွေတုံးများကို လောဘတကြီး စိုက်ကြည့်နေကြသည်ကို တွေ့ရသည်။
လင်းဝမ်ရုံက ပြုံးလျက် ဒုံရန်တယ်၏ ပခုံးကို ပုတ်လိုက်သည် - "ဘာဖြစ်လို့လဲ ဦးလေးဒုံ၊ မျက်လုံးထဲ တစ်ခုခု ဝင်လို့လား"ဟု ဆိုသည်။
ဒုံရန်တယ်မှာ သတိပြန်ဝင်လာပြီး မျက်လုံးကို ပွတ်လိုက်သည်။ ပြန်ရောက်လာသူမှာ လင်းဝမ်ရုံဖြစ်ကြောင်း မြင်သောအခါ သူသည် အမြန်ပင် ထိုင်ခုံတစ်ခုကို ယူကာ အင်္ကျီလက်ဖြင့် သုတ်ပြီး လင်းဝမ်ရုံကို ထိုင်ရန် ဖိတ်ခေါ်ကာ ရိုရိုသေသေဖြင့် - "သခင်လေး ပြန်ရောက်ပြီလား" ဟု ဆိုသည်။
အမြတ်အစွန်းများစွာ ရရှိပြီးနောက်တွင် ဒုံရန်တယ်သည် လင်းဝမ်ရုံအပေါ် ပို၍ပင် ရိုသေလေးစားလာတော့သည်။ တခြားသူများ၏ လေးစားမှုကို ခံရခြင်းမှာ ကောင်းမွန်သော ခံစားချက်ဖြစ်ကြောင်း ငြင်း၍မရရာ လင်းဝမ်ရုံမှာလည်း ကျေနပ်နေမိသည်။လင်းဝမ်ရုံသည် မည်သို့မျှ တုံ့ဆိုင်းမနေဘဲ ထိုင်လိုက်ပြီး - "ဦးလေးဒုံ... ဒီငွေတွေကို ငွေစက္ကူ တွေအဖြစ် ဘာလို့ မလဲထားတာလဲ၊ အိမ်မှာပဲ ဒီလိုထားရင် သူခိုးတွေ လာခိုးကုန်မှာ မစိုးရိမ်ဘူးလား" ဟု မေးလိုက်လေသည်။