အခန်း (၂၂) မိန်းကလေးငယ်လေး ၁
ဒုံချောင်ချောင်သည်လည်း ထိုအကြောင်းပြချက်ကို နားလည်ပါတယ်။ နောက်ဆုံးတွင်တော့ ဝယ်လိုအားမှာ အကန့်အသတ်ရှိပြီးသားဖြစ်ကာ ငွေကြေးတတ်နိုင်သော ချမ်းသာသည့် ပညာတတ်များမှာလည်း လိုအပ်သည်များကို ဝယ်ယူပြီးကြလေပြီ။ ဒုတိယဈေးကွက်တွင် အမြတ်အစွန်းများများစားစား မရှိနိုင်တော့သလို စာအုပ်များ ထပ်မံရိုက်နှိပ်မည်ဆိုပါကလည်း ကုန်ကျစရိတ်နှင့်ပင် တန်မည်မဟုတ်တော့ပေ။
ဒုံချောင်ချောင်သည် ရောင့်ရဲတတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ တစ်မနက်ခင်းတည်းနှင့် ငွေပြား ငါးထောင် ရရှိခဲ့ခြင်းမှာ
တကယ့်ကို အံ့ဖွယ်တစ်ခုပင် ဖြစ်၏။ အရင်ကဆိုလျှင် သူမအနေဖြင့် အိပ်မက်ပင် မမက်ရဲခဲ့သော အရာမျိုး ဖြစ်၍ သူမ ကျေနပ်မိသည်။
"အစ်ကိုကြီးလင်း... တကယ်ပဲ ရှောင်အိမ်တော်မှာ အစေခံ သွားလုပ်မှာလားဟင်..." ဒုံချောင်ချောင်သည် စာအုပ်ရိုက်သည့် ကိစ္စကို ဂရုမစိုက်တော့ဘဲ လင်းဝမ်ရုံကို ကြည့်ကာ အတော်ကြာ တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် မေးလိုက်သည် - "အဲဒါ မိန်းကလေးရှောင်ကြောင့်လား.."
လင်းဝမ်ရုံက အံ့သြသလို ဟန်ဆောင်ကာ အော်ပြောလိုက်သည် - "အိုး... ချောင်ချောင်၊ မင်းက တကယ်ကို ထက်မြက်ပြီး အရည်အချင်းရှိတာပဲ။ ငါ့ကို အလွယ်တကူပဲ အကဲခတ်မိသွားတာပဲနော်။ မင်းက နတ်ဆရာမလေးကျနေတာပဲ"
ဒုံချောင်ချောင်၏ မျက်နှာတွင် ထူးဆန်းသော အရိပ်အယောင်တစ်ခု ပေါ်လာပြီး သူမ၏ မျက်နှာအမူအရာမှာလည်း သိပ်မကောင်းတော့ပေ။
မိန်းကလေးမှာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်ကို မြင်ရသောကြောင့် လင်းဝမ်ရုံ သူမကို ထပ်ပြီး မစချင်တော့ပါ။လင်းဝမ်ရုံက ခေါင်းခါလိုက်ပြီး ပြုံးလျက် ပြောလိုက်သည် - "ဟားဟား... ငါ နောက်နေတာပါ။ စိတ်မပူပါနဲ့၊ ငါက မိန်းကလေးရှောင်ကို စိတ်မဝင်စားပါဘူး။ စဉ်းစားကြည့်လေ၊ သူမ ဘယ်လိုပုံစံရှိလဲဆိုတာ ဘယ်သူမှ မြင်ဖူးတာ မဟုတ်ဘူး။ အကယ်၍ သူမက ငါ့ကို အတင်းတွယ်ကပ် နေမယ့် ရုပ်ဆိုးမကြီးသာ ဖြစ်နေမယ်ဆိုရင်တော့ ငါ သစ်ပင်တစ်ပင်မှာ ကြိုးဆွဲချသေလိုက်တာမှ ပိုကောင်းဦးမယ်"
လင်းဝမ်ရုံ ပြောလိုက်သည့် စကားကြောင့် ဒုံချောင်ချောင်မှာ ရယ်မိသွားပြီး - "အစ်ကိုကြီးကတော့ မဟုတ်တဲ့ စကားတွေ ပြောတဲ့ နေရာမှာ တော်တာပဲ" ဟု မပြောဘဲ မနေနိုင်တော့ပေ။
လင်းဝမ်ရုံက ပြုံးလျက် - "ဘဝဆိုတာ ကိုယ်မျှော်လင့်သလောက် ဖြစ်မလာတတ်တာ များပါတယ်လေ။ ငါ ရှောင်အိမ်တော်မှာ အလုပ်ဝင်လုပ်မှာက ငါ့ကိုယ်ပိုင် အကြောင်းပြချက်တွေကြောင့်ပါ။ မင်းသိတဲ့အတိုင်း ဒီစာအုပ်လေးတွေ ရောင်းရတာ အမြတ်ရှိပေမဲ့ ဒါက ရေရှည်အတွက် အဖြေမဟုတ်ဘူးလေ။ ငါလည်း စားဝတ်နေရေးအတွက် အလုပ်လုပ်ရဦးမှာပေါ့။ ရှောင်အိမ်တော်မှာ နေစရာရမယ်ဆိုရင်လည်း ဒါက မဆိုးတဲ့ အပေးအယူပဲ။ရှောင်မိသားစုက အစေခံတွေအပေါ် ဆက်ဆံပုံကလည်း ကောင်းတယ်လေ။ ငါ့အတွက်ကတော့ ဘဝမှာ ဘာရည်မှန်းချက်မှ မရှိပါဘူး။ အခြေအနေပေါ်မူတည်ပြီး အဆင်ပြေသလို နေရတာကိုပဲ ကြိုက်တယ်။ ပြီးတော့ ငါက ရုပ်ချောတယ်၊ စိတ်သဘောထားကောင်းတယ်၊ အကြံဉာဏ်လေးတွေလည်း ရှိတယ်ဆိုတော့ ရှောင်အိမ်တော်ကသာ ငါ့ကို အစေခံအဖြစ် ရွေးလိုက်မယ်ဆိုရင် ဒါက တကယ့်လူမှန်နေရာမှန် ဖြစ်သွားမှာပဲလေ"
လင်းဝမ်ရုံက စိတ်ညစ်နေသည့် ပုံစံမျိုး လုပ်နေခြင်းဖြစ်သော်လည်း ဒါကို ဟန်ဆောင်နေစရာ မလိုပေ။ အကယ်၍သာ သူသည် ဝေအဘိုးကြီး၏ ထောင်ချောက်ထဲသို့ မကျရောက်ခဲ့ပါက မည်သူ့ကိုမျှ အစေခံအဖြစ် အလုပ်အကျွေးပြုရန် သေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်ရင်တောင် လာမည်မဟုတ်ပေ။
ဒုံချောင်ချောင်သည် မျက်နှာလေး နီမြန်းသွားပြီး ပါးစပ်ကို လက်ဖြင့်အုပ်ကာ တခစ်ခစ် ရယ်ပါတော့သည်။ "အစ်ကိုကြီးလင်းကတော့ တကယ့်ကို မျက်နှာပြောင်တာပဲ။ ဒါပေမဲ့ အစ်ကိုကြီးနဲ့ စကားပြောရတာကို ကျွန်မ သဘောကျပါတယ်။ အစ်ကိုကြီးက လူကောင်းတစ်ယောက် ဖြစ်ရုံတင်မကဘဲ အများကြီးလည်း သိတာပဲနော်။ အစ်ကိုကြီးနဲ့ စကားစမြည်ပြောရတာကို ကျွန်မ ကြိုက်တယ်"
လင်းဝမ်ရုံက တဟဲဟဲ ရယ်မောလိုက်ပြီး - "ဒါပေါ့။ မင်းသိလား... ငါ့ရဲ့ အရင်က လူထု - အော်... ဇာတိမြေမှာဆိုရင် မိန်းကလေး အများကြီးက ငါ စကားပြောတာကို နားထောင်ရတာကို ကြိုက်ကြတာလေ။ ငါ အလုပ်စလုပ်ပြီဆိုရင် လူတိုင်းက ငါ့ဆီ ဝိုင်းလာပြီး ငါ့ပုံပြင်တွေကို နားထောင်ကြတာပေါ့။ ဘယ်လိုလဲ၊ ငါက အတော်လေး ဆွဲဆောင်မှုရှိတယ် မဟုတ်လား...."
လင်းဝမ်ရုံ ကြွားနေခြင်း မဟုတ်ပေ။ လင်းဝမ်ရုံသည် အကောင်းမြင်တတ်သူဖြစ်ပြီး စကားပြောလည်း ကောင်းသောကြောင့် လူတိုင်းနှင့် အဆင်ပြေအောင် နေတတ်သူ ဖြစ်သည်။ စီးပွားရေးလုပ်ရန်အတွက်မူ သူကဲ့သို့ မျက်နှာပြောင်ရမည်ဖြစ်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေရန် နေထိုင်ရမည်ဖြစ်သည် ဟု လက်ကိုင်ထားသည်။
"တကယ်လား..." ဒုံချောင်ချောင်က လင်းဝမ်ရုံကို တစ်ချက်ကြည့်လိုက်ပြီး - "အစ်ကိုကြီးလင်းလို လူမျိုးနဲ့ ဘယ်လို ကံကောင်းတဲ့ မိန်းကလေးက လက်ထပ်ရမလဲဆိုတာ ကျွန်မ သိချင်မိတယ်" ဟု ဆိုသည်။
လင်းဝမ်ရုံသည် သူ့အပေါ် ချစ်ခဲ့ကြသော၊ သူ ချစ်ခဲ့ရသော၊သူ၏ အရင်က ရည်းစားဟောင်းများကို သတိရသွားသည်။ သူသည် ထိုသူများကို နောက်တစ်ကြိမ် ပြန်တွေ့ခွင့်ရတော့မည် မဟုတ်ပေ။
လင်းဝမ်ရုံ၏ မျက်နှာထက်တွင် ဝမ်းနည်းရိပ်လေး တစ်ချက် ဖြတ်ပြေးသွားပြီး ခေါင်းခါလိုက်ကာ ခါးသက်သက် ပြုံးလိုက်သည် - "ဘာကံကောင်းတာ ရှိမှာလဲ... ငါက အခု လူပျို/လူလွတ်ဘဝကို ငါကြိုက်တယ် ။ငါ သွားချင်တဲ့နေရာကို သွားလို့ရတာပေါ့"
ဒုံချောင်ချောင်သည် လင်းဝမ်ရုံ၏ မျက်လုံးများထဲက ဝမ်းနည်းရိပ်လေးကို အကဲခတ်မိသွားသည်။ သူမသည် ခေါင်းငုံ့ကာ နှုတ်ခမ်းလေးကို ကိုက်လိုက်မိသော်လည်း ထို့နောက်တွင်မူ မျက်လုံးများ တောက်ပလျက် ခေါင်းပြန်မော့လာသည်။
"ဒါပေမဲ့ အစ်ကိုကြီးလင်း... အစ်ကိုကြီးက အဲဒီလို မျက်နှာကို တည်ပြီးနေရင် အတော်လေး ကြောက်စရာကောင်းတာပဲနော်" ဒုံချောင်ချောင်သည် လင်းဝမ်ရုံ၏ အမူအရာကို လိုက်လုပ်ပြပြီး အသံကို တမင် သြရှရှလုပ်ကာ - "တခြားသူတွေက မင်းကို မျက်နှာသာ ပေးချင်ပေးလိမ့်မယ်၊ ဒါပေမဲ့ မင်းရဲ့ ဂုဏ်သိက္ခာကိုတော့ မင်းကိုယ်တိုင် ရှာယူရမှာပဲ" ဟု ပြောလိုက်သည်။
လင်းဝမ်ရုံ ရယ်ချင်သွားသော်လည်း မရယ်ဘဲ အောင့်ထားလိုက်သည်။လင်းဝမ်ရုံက အပြုံးကို သိမ်းဆည်းလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် - "ချောင်ချောင်... လူတစ်ယောက်ကို အပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့ မရဘူး။ ငါနဲ့ စကားပြောရတာ အဆင်ပြေတယ်ဆိုတိုင်း ငါက လူဆိုးမဟုတ်ဘူးလို့ မဆိုနိုင်ဘူးလေ။ မင်း ဘယ်လို သိနိုင်မှာလဲ" ဟု ပြောလိုက်သည်။
လင်းဝမ်ရုံသည် သူ စီးပွားရေးလောကထဲတွင် ရှိစဉ်က ကြုံတွေ့ခဲ့ရသော လှည့်ဖြားမှုများနှင့် အချင်းချင်း နောက်ကျောကို ဓားဖြင့်ထိုးကြပုံများကို သတိရသွားမိသည်။ လူအချင်းချင်း တွေ့လျှင် ပြုံးပြနှုတ်ဆက်ကြသော်လည်း လှည့်ထွက်သွားသည်နှင့် တစ်ဦးကိုတစ်ဦး ဒုက္ခပေးရန် ကြိုးစားကြသူများ ဖြစ်သည်။ လင်းဝမ်ရုံသည် ထိုကဲ့သို့သော အဖြစ်အပျက်များစွာကို မြင်တွေ့ခဲ့ရသလို ကိုယ်တိုင်လည်း ပါဝင်ခဲ့ဖူးသည်။ အခု ပြန်စဉ်းစားကြည့်လျှင် ထိုအရာအားလုံးမှာ အိပ်မက်တစ်ခုကဲ့သို့ပင်။
ဒုံချောင်ချောင်မှာ ဆွံ့အသွားရသည်။ သူမသည် လင်းဝမ်ရုံနှင့်အတူ ရက်အနည်းငယ် ရှိနေခဲ့သော်လည်း လင်းဝမ်ရုံအနေဖြင့် ဤကဲ့သို့ ဖြစ်နေသည်ကို တစ်ခါမှ မမြင်ဖူးပေ။လင်းဝမ်ရုံသည် အမြဲတမ်း စနောက်နေတတ်ပြီး ဘယ်တော့မှ အလေးအနက် မရှိခဲ့ပေ။
သူမက တိုးတိုးလေး ရေရွတ်လိုက်သည် - "အစ်ကိုကြီးလင်း... စိတ်ထဲမှာ တစ်ခုခု ရှိနေလို့လားဟင်.. အစ်ကိုကြီး ကြည့်ရတာ ပျော်မနေသလိုပဲ။ အဲဒါကို ချောင်ချောင်ကို ပြောပြလို့ မရဘူးလား"
လင်းဝမ်ရုံက ရယ်မောလိုက်ပြီး - "သိပ်ပြီး ဉာဏ်မကောင်းစမ်းပါနဲ့ မိန်းကလေးငယ်လေးရယ်။ ငါက တကယ့်ကို ပျော်နေတာပါ"
ဒုံချောင်ချောင်က လင်းဝမ်ရုံကို ကြည့်ကာ ခိုင်ခိုင်မာမာ ပြောလိုက်သည် - "အစ်ကိုကြီးလင်းက လူကောင်းတစ်ယောက်ပါ။ ကျွန်မ အစ်ကိုကြီးကို စတွေ့ကတည်းက သိပါတယ်"
ထိုသို့ ပြောပြီးနောက် သူမသည် လင်းဝမ်ရုံကို လေးလေးနက်နက် ကြည့်လိုက်ပြီးလျှင် ချိုင့်အလွတ်လေးကို ကိုင်ကာ ပြေးထွက်သွားပါတော့သည်။
လင်းဝမ်ရုံသည် သူ့နှာခေါင်းကို မတတ်သာသလို ပွတ်လိုက်ရင်း - "ငါက လူကောင်းတစ်ယောက် ဟုတ်လား...
အင်း... ငါလည်း အဲဒီလိုပဲ ထင်တာပဲ။ ဒါပေမဲ့ ဒီကောင်မလေး ပြေးတာကို ကြည့်ဦး၊ တကယ်ကို မြန်တာပဲ။ သူမသာ အပြေးလေ့ကျင့်မယ်ဆိုရင် တကယ့် ပါရမီရှင်တစ်ယောက် ဖြစ်လာနိုင်တယ်"
စားသောက်ပြီး ဗိုက်ပြည့်သွားသည့်အခါ လင်းဝမ်ရုံသည် အိမ်ပြန်ရန် ပျင်းရိနေမိသည်။ သူသည် သစ်ပင်တစ်ပင်ကို မှီလိုက်ပြီး လက်ကျန်စာအုပ်ငယ်လေးဖြင့် မျက်နှာကို အုပ်ကာ အေးအေးဆေးဆေး အိပ်ပျော်သွားပါတော့သည်။
သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်ကို မသိလိုက်ပေ။ ရုတ်တရက် သူ့နှာခေါင်းက ယားကျိကျိ ဖြစ်လာသည်။ သူ နှာချေရန် ပြင်လိုက်စဉ်မှာပင် တစ်စုံတစ်ဦးက သူ့ကို နှိုးလိုက်သဖြင့် နိုးလာခဲ့သည်။ လင်းဝမ်ရုံ မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ လှပသော မျက်နှာလေးတစ်ခုက သူ့ကို ပြုံးကြည့်နေသည်ကို တွေ့လိုက်ရသည်။
လင်းဝမ်ရုံသည် သန်းဝေလိုက်ပြီး အနည်းငယ် နိုးကြားလာခဲ့သည်။ အရည်လဲ့နေသော မျက်လုံးများရှိသည့် ဤမိန်းကလေးမှာ မည်သူနည်းဟု သူ သိချင်မိသွားသည်။ သူမသည် စာအုပ်ငယ်လေးကို ကိုင်ထားပြီး လင်းဝမ်ရုံကို ပြုံးကြည့်နေခြင်း ဖြစ်သည်။
မိန်းကလေးမှာ အသက် ၁၆ နှစ် သို့မဟုတ် ၁၇ နှစ် ဝန်းကျင်ခန့်ရှိမည်ဖြစ်ပြီး ကွေးညွှတ်သော မျက်ခုံးတန်းများ၊ မျက်လုံးဝိုင်းကြီးများ၊ ချယ်ရီသီးကဲ့သို့သော ပါးစပ်လေးနှင့် ပန်းရောင်သန်းနေသော ပါးပြင်လေးများ ရှိသည်။ သူမသည် ပန်းပွင့်ပုံပါသော အဝါရောင် ဖဲအင်္ကျီကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် ပန်းရောင်ဖျော့ဖျော့ ဘွတ်ဖိနပ်တစ်စုံကို စီးထားရာ တကယ့်ကို ဆော့ကစားတတ်သည့် အရိပ်အယောင်များ ထွက်ပေါ်နေသည်။ သူမသည် အသက်ငယ်သေးသော်လည်း စနေနှစ်ခိုင်မှာ မြင့်မားပြီး ကောင်းမွန်စွာ ဖွံ့ဖြိုးနေကာ ကိုယ်လုံးကိုယ်ပေါက်မှာ အချိုးအစားကျလှသဖြင့် ရှားပါးလှသော အလှပဂေးလေး တစ်ဦးပင် ဖြစ်သည်။
ထိုမိန်းကလေးက သူ့ကို စိုက်ကြည့်နေသည့်အခါ လင်းဝမ်ရုံသည် သူမကို တစ်နေရာရာတွင် မြင်ဖူးသလို ခံစားလိုက်ရသည်။လင်းဝမ်ရုံသည် သူမကို တစ်ခါမှ မတွေ့ဖူးကြောင်း သေချာနေသဖြင့် ထူးဆန်းနေမိသည်။လင်းဝမ်ရုံ တွေ့ဖူးသမျှ လှပသော အမျိုးသမီးတိုင်းမှာ အသက်အရွယ်မရွေး သူ့အပေါ်တွင် မှတ်မိနေစေတတ်သောကြောင့် ဖြစ်သည်။
မိန်းကလေးငယ်က သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ လင်းဝမ်ရုံက သိပ်ပြီး အလေးမထားဘဲ ပြုံးလိုက်သည် - "ငါက အရပ်ရှည်တယ်၊ ချောတယ်၊ ပါရမီရှိတယ်၊ ပြီးတော့ ချစ်ဖို့လည်း ကောင်းတယ်ဆိုပေမဲ့ မင်းက ငါ့ကို ဒီလိုကြီး စိုက်ကြည့်နေမယ်ဆိုရင်တော့ ငါ ရှက်လာလိမ့်မယ်နော်"
မိန်းကလေးမှာ အနည်းငယ် မျက်နှာနီသွားပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်ကာ လက်ထဲက စာအုပ်ငယ်လေးကို ဝှေ့ယမ်းပြလိုက်သည် - "ဟေ့... ရှင်၊ ဒီရုပ်ပြစာအုပ်လေးကို ရှင် လုပ်တာလား..."
မိန်းကလေးသည် စာအုပ်ကို မြှောက်ပြလိုက်ရာ ၎င်းမှာ လင်းဝမ်ရုံ အိပ်နေစဉ်က မျက်နှာပေါ် အုပ်ထားသည့် စာအုပ်ဖြစ်ပြီး သူမ မည်သည့်အချိန်က ယူလိုက်သည်ကို သူ မသိလိုက်ပေ။
လင်းဝမ်ရုံက တခစ်ခစ် ရယ်လိုက်ပြီး - "ကဲ... မိန်းကလေးငယ်၊ မင်းက ဒီစာအုပ်လေးကို ဝယ်ချင်လို့လား.. မင်းအိမ်မှာ မောင်လေးတွေ ဒါမှမဟုတ် ဝမ်းကွဲအစ်ကိုတွေ ရှိလို့လား..အာ... အဲဒီကောင်တွေက မျက်နှာအတော်လေး ပါးကြတာပဲ၊ သူတို့ကိုယ်တိုင် မလာရဲလို့ မင်းကို လွှတ်လိုက်တာပေါ့ ဟုတ်လား.."ဟု လင်းဝမ်ရုံက ရီရီမောမောဖြင့် ဆိုသည် ။
မိန်းကလေး၏ မျက်လုံးများ တောက်ပသွားပြီး - "ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မ အစ်ကိုက ကျွန်မကို လာခိုင်းတာ။ ဒီပုံထဲက အမျိုးသမီးက မိန်းကလေးရှောင်လား" ဟု မေးသည်။
လင်းဝမ်ရုံက ခေါင်းငြိမ့်ပြလိုက်ပြီး - "ဒါပေါ့၊ ဒါက ရှောင်အိမ်တော်ရဲ့ အတွင်းထဲကနေ ဆင်းသက်လာတဲ့ ရှားပါးစာအုပ်ဘဲ။ ငါ ဒါကိုရဖို့ တော်တော်လေး ကြိုးစားခဲ့ရတာ။ ဟူး... ငါက စိတ်နှလုံး နုနယ်တဲ့သူဆိုတော့ မင်းလို ချစ်ဖို့ကောင်းတဲ့ မိန်းကလေးငယ်လေးက ငါ့ကို တောင်းပန်နေတာကို မကြည့်ရက်ပါဘူး။ ကဲ... ထားပါတော့၊ မင်းကိုတော့ ငါ အရှုံးခံပြီး ငွေစ ၁၅ ပြားနဲ့ပဲ ရောင်းလိုက်မယ်"
မိန်းကလေးက နှာမှုတ်လိုက်ပြီး - "ရှင်က မရိုးသားတဲ့လူပဲ။ ဟွန့်... ကျွန်မ ရှင့်နောက်ကို တစ်မနက်လုံး လိုက်ကြည့်နေတာ၊ ရှင် တခြားလူတွေကို ငွေ ၁၀ ပြားတည်းနဲ့ ရောင်းတာကို မြင်သားပဲ။ ဘာလို့ ကျွန်မကျမှ ၁၅ ပြားတောင်းရတာလဲ" ဟု ဆိုလေသည်။