အခန်း (၂၀) ငွေရှာခြင်း
အဝတ်အစား အဆင့်သင့်လဲလှယ် ပြင်ဆင်ပြီးနောက် လင်းဝမ်ရုံနှင့် ဦးလေးဒုံတို့သည် စာအုပ်ငယ်လေးများကိုယ်စီ ပိုက်လျက် အခြေအနေကို စောင့်ကြည့်ရန် စာမေးပွဲဖြေဆိုမည့်နေရာသို့ ရောက်ရှိလာကြသည်။ လင်းဝမ်ရုံက သူ၏ မဟာဗျူဟာအသစ်ကို "စူးစမ်းလေ့လာရေး ဈေးကွက်မြှင့်တင်မှု" ဟု နာမည်လှလှလေး ပေးထားသည်။ ထို "မားကတ်တင်း" ဆိုသည့် သဘောတရားကိုလည်း ပညာလိုလားသော ချောင်ချောင်လေးအား သူ ရှင်းပြခဲ့ရသေးသည်။
ယနေ့သည် ရှောင်အိမ်တော်တွင် အစေခံအဖြစ် လျှောက်ထားသူများ စာရင်းပေးသွင်းရမည့် နောက်ဆုံးရက်ဖြစ်ပြီး၊ မနက်ဖြန်တွင်မူ တရားဝင် လူသစ်စုဆောင်းခြင်း စတင်တော့မည်ဖြစ်သည်။ ထို့ကြောင့် အရပ်ရပ်မှ ပညာတတ်ဆိုသူများမှာ စာတတ်သည်ဖြစ်စေ၊ မတတ်သည်ဖြစ်စေ လူစုလူဝေးကြီးဖြင့် တိုးဝှေ့ရောက်ရှိနေကြသည်။
ကျင်းလင်မြို့ခံများသာမက ဟန်ကျိုး၊ စူးကျိုး၊ ယန်ကျိုးနှင့် ကျဲ့ကျန်း စသည့် အရပ်ဒေသအသီးသီးမှ ပညာတတ်လူငယ်များမှာလည်း တစ်သုတ်ပြီးတစ်သုတ် ရောက်ရှိလာကြရာ စာရင်းပေးသွင်းသည့်နေရာမှာ အတွင်းရောအပြင်ပါ လူများဖြင့် ပြည့်နှက်နေတော့သည်။
မနေ့ကအတိုင်းပင် အစေခံလျှောက်ထားသူများနှင့် ပညာတတ်လောင်းလျာများကို အသင်းနှစ်သင်းခွဲကာ သီးခြားစီ စာရင်းသွင်းစေသည်။ သူတို့ကြားတွင် စည်းခြားထားသလို ရှိနေပြီး အစီအစဉ်တကျ ရှိလှကာ အတင်းတိုးဝှေ့ တန်းစီခြင်းမျိုး မရှိကြပေ။ လူတိုင်းမှာ ယဉ်ကျေးသူများဖြစ်ကြ၍ ဖြစ်ပေလိမ့်မည်။
ဤမျှများပြားသော ပညာတတ်များကို ဆွဲဆောင်နိုင်သည်ကို ကြည့်ခြင်းဖြင့် ရှောင်သခင်မလေး၏ ဆွဲဆောင်မှုမှာ အံ့မခန်းဖြစ်ကြောင်း သိသာလှသည်။ သို့သော် သူမထက် ပို၍ဆွဲဆောင်မှုရှိနေသည်မှာ သူမ၏ နောက်ကွယ်ရှိ ကြီးမားလှသော လုပ်ငန်းအင်ပါယာကြီးပင် ဖြစ်နိုင်သည်။
ရှောင်မိသားစုသည်လည်း ဤမျှများပြားသော ပညာတတ်များ ရောက်ရှိလာသည်ကို သတိပြုမိပုံရသော်လည်း ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ခြင်းမျိုး မပြပေ။ ရှောင်မိသားစုသည် တကယ့်ပညာတတ်များကို လိုချင်သလား၊ သို့မဟုတ် အစေခံများကိုပဲ လိုချင်သလား၊ သို့မဟုတ် နှစ်မျိုးလုံးကိုပဲ လိုချင်သလားဆိုသည်မှာ မသေချာပေ။
သို့သော် ရုတ်ရုတ်သဲသဲ ဖြစ်လေလေ လင်းဝမ်ရုံ ပိုကြိုက်လေပင်။ သူသည် ဤရှုပ်ထွေးမှုကြားမှ အခွင့်ကောင်းယူကာ ငွေအမြောက်အမြား ရှာရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
လင်းဝမ်ရုံ၏ ပစ်မှတ်မှာ ဤချောမောခန့်ညားသော ပညာတတ် လူငယ်လေးများပင် ဖြစ်သည်။ တောက်ပြောင်သော အဝတ်အစားများ ဝတ်ဆင်ထားပြီး မဂ္ဂဇင်းထဲက ထွက်လာသည့်အတိုင်း ခန့်ညားနေကြသူများကို ကြည့်ရင်း ငွေငါးပြား ဆိုသည့် ဈေးမှာ နည်းလွန်းနေသည်ဟု သူ ခံစားလိုက်ရသည်။
အစေခံလျှောက်မည့် ညီအစ်ကိုတို့ရေ... မင်းတို့ကို အထင်သေးလို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒါက လူ့လောကရဲ့ လက်တွေ့ဘဝပဲလေ။ မင်းတို့ မိန်းကလေးတွေနဲ့ တွဲချင်ရင် အရင်ဆုံး ပိုက်ဆံပိုရှာထားကြဦးမှပေါ့။
လင်းဝမ်ရုံသည် အသားဖြူဖြူနှင့် ချောမောသော လူငယ်တစ်ဦးကို မျက်စိကျသွားပြီး အနားသို့ကပ်ကာ တိုးတိုးလေး ကပ်မေးလိုက်သည် - "ညီအစ်ကို... စာအုပ်ကောင်းလေးတစ်အုပ်လောက် လိုချင်သလား..."
လင်းဝမ်ရုံသည် ရင်ဘတ်ထဲမှ စာအုပ်ငယ်လေးကို ထုတ်ကာ ထိုလူငယ်၏ ရှေ့တွင် အမြန်တစ်ချက် ဖြတ်ခနဲပြလိုက်သည်။ မျက်နှာဖုံးရှိ မိန်းကလေးရှောင်၏ လှပသော မျက်နှာလေးကို မြင်ရရုံမျှ ပြလိုက်ပြီးနောက် ရင်ဘတ်ထဲသို့ အမြန်ပြန်ထည့်လိုက်သည်။
မှန်းထားသည့်အတိုင်းပင် ထိုလူငယ်၏ မျက်လုံးများမှာ တောက်သွားတော့သည်။ သူသည် ဘေးဘီကို သတိထားကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ကာ လင်းဝမ်ရုံကို မေးလိုက်သည် - "အစ်ကို... မင်းဆီမှာ ဆေးရောင်စုံဗားရှင်း ရော ရှိသလား.."
ဆေးရောင်စုံဗားရှင်း ဟုတ်လား... လင်းဝမ်ရုံ ခဏမျှ ကြောင်သွားပြီးနောက် ဤကောင်က သူ့ကို ညစ်ညမ်းစာအုပ် ရောင်းနေသည်ဟု ထင်နေကြောင်း ချက်ချင်း နားလည်လိုက်သည်။
လင်းဝမ်ရုံ ချက်ချင်းပင် ဒေါသထွက်သွားကာ - 'မင်းအဖွားကို... ငါလို့ ကျောက်စိမ်းပင်လို ခန့်ညားတဲ့သူက ဒီလိုပစ္စည်းမျိုး ရောင်းပါ့မလားကွ။ ငါ့မှာ ညစ်ညမ်းစာအုပ်တွေ၊ မဂ္ဂဇင်းတွေ အတော်အတန် စုဆောင်းထားတာ ရှိပေမဲ့လည်း အဲဒါတွေကို ရောင်းပြီး ဝမ်းစာမရှာပါဘူး။ ဒီမျက်နှာဖြူဖြူနဲ့ လိပ်ကောင်ကတော့ လူကဲ
မခတ်တတ်လိုက်တာ၊ လူကောင်းလည်း ဖြစ်ပုံမရဘူး' ဟု စိတ်ထဲက ကျိန်ဆဲလိုက်သည်။
သို့သော် အမှန်အတိုင်း ပြောရလျှင် လင်းဝမ်ရုံ လက်ထဲက အခုလုပ်ရပ်မှာ ကွန်ပျူတာဈေးကွက်ထဲက ခိုးကူးခွေရောင်းတဲ့ လူတွေရဲ့ ပုံစံနှင့် အတော်လေး ဆင်တူနေသည်မှာ အမှန်ပင်။
လင်းဝမ်ရုံမှာ အတော်လေး စိတ်ပျက်သွားပြီး ထိုမျက်နှာဖြူကောင်ကို လက်သီးဖြင့်သာ ထိုးပစ်ချင်တော့သည်။ သို့သော် အဝေးမှ ဦးလေးဒုံက ဈေးကွက်ရှာနည်း ကို အတုယူ စောင့်ကြည့်နေသည်ကို သတိရလိုက်သဖြင့် ဘာပဲဖြစ်ဖြစ် ပထမဆုံးအကွက်ကို အောင်မြင်အောင် စရပေလိမ့်မည်။
လင်းဝမ်ရုံက အံကြိတ်ကာ ပြောလိုက်သည် - "ညီအစ်ကို... ညီအစ်ကိုပြောတဲ့ ပစ္စည်းတွေကိုတော့ နောက်မှ အေးဆေးပြောကြတာပေါ့။ ကျွန်တော့်မှာ နန်းတွင်းက ဆင်းသက်လာတဲ့ ဆေးရောင်စုံ ရတနာတွေတင်မကဘူး၊ ဂျပန်ကနေ တိုက်ရိုက်တင်သွင်းထားတဲ့ ရှားပါးပစ္စည်းတွေလည်း ရှိပါတယ်။ သုံးယောက်တွဲတွေ၊ အမူအရာတွေ၊ ကိုယ်ဟန်အနေအထားတွေကတော့... ကျွတ်ကျွတ်၊ အစ်ကို တစ်ခါမှ မမြင်ဖူးစေရဘူးလို့ အာမခံတယ်"
မျက်နှာဖြူကောင်မှာ ချက်ချင်းပင် မျက်နှာနီမြန်းသွားပြီး လက်ကလေးနှစ်ဖက်ကို ပွတ်သပ်နေတော့သည်။ သူ၏ မျက်လုံးထဲက အရိပ်အယောင်များကတော့ သူသည် တကယ့် နှာဘူးကြီးတစ်ဦးဖြစ်ကြောင်း သက်သေပြနေသည်။
"ဒါပေမဲ့ အခု အရေးအကြီးဆုံးကတော့... ရှောင်အိမ်တော်ရဲ့ အတွင်းထဲကနေ တဆင့်ရလာတဲ့ ဒီရှားပါးစာအုပ်လေးကို ညီအစ်ကို့ကို ညွှန်ကြားချင်တာပါ။ ကဲ... ကြည့်လိုက်ပါဦး" လင်းဝမ်ရုံက စာအုပ်ငယ်ကို ထပ်မံထုတ်ပြလိုက်သည်။ မိန်းကလေးရှောင်၏ ပုံတူက ထိုနှာဘူး၏ အာရုံကို ချက်ချင်း ဖမ်းစားလိုက်တော့သည်။ "ဒါ... ဒါက..." သူက စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။ သူသည် ဘေးဘီကို အမြန်ကြည့်ကာ ပါးစပ်ပိတ်လိုက်သော်လည်း သူ၏ မျက်လုံးထဲက အံ့သြမှုမှာတော့ မျက်မမြင်ပင် သိနိုင်လောက်သည်။
"မှန်တယ်... ဒါ မိန်းကလေးရှောင်ပဲ။ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့ အစေခံတစ်ယောက်က ဒါကိုရဖို့ ငွေအမြောက်အမြား အကုန်အကျခံခဲ့ရတာ။ ကြည့်စမ်း" လင်းဝမ်ရုံက စာအုပ်မျက်နှာဖုံးကို ခပ်ဖွဖွလေး ခါလိုက်ရာ ထွက်လာသော အသံက ထိုသူကို ပို၍ အာရုံစိုက်လာစေသည်။ သူသည် မိန်းကလေးရှောင်၏ ပုံမှတဆင့် မျက်နှာဖုံးပေါ်က စာလုံးများဆီသို့ အကြည့် ရောက်သွားတော့သည်။
"မိန်းကလေးရှောင်၏ လျှို့ဝှက်သော...." - ရိုးရှင်းသော စာလုံးငါးလုံးနှင့်အတူ ညာဘက်အပေါ်ထောင့်တွင် "ရှောင်မိသားစု အစေခံကော်မတီမှ ပြုစုသည်၊ XX ပုံနှိပ်တိုက်မှ ထုတ်ဝေသည်၊ အထူးလျှို့ဝှက်" ဆိုသည့် စာတန်းနှစ်ကြောင်းကို တွေ့လိုက်ရသည်။
ထိုသူ၏ မျက်လုံးထဲမှ အရိပ်အယောင်ကို မြင်လိုက်ရသဖြင့် လင်းဝမ်ရုံမှာ အခွင့်အရေးရပြီဖြစ်ကြောင်း သိလိုက်သည်။ လင်းဝမ်ရုံသည်
" သံပူခိုက် ရိုက်ရမည် " ဖြစ်၍ ချက်ချင်းပင် အရှိန်မြှင့်လိုက်သည် - "ဒီပုံတူကို ကြည့်ပါဦး၊ ဘယ်လောက်တောင် အနုစိတ်သလဲ။ ဒါ မိန်းကလေးရှောင်ရဲ့ ပုံတူကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသတာလို့ ကျွန်တော် တာဝန်ယူ ပြောရဲပါတယ်။ ကျွန်တော့်အပြင် ဒီပုံကို ပထမဆုံး မြင်ရတဲ့သူက ညီအစ်ကိုပဲ။ စာအုပ်အတွင်းက အကြောင်းအရာတွေကလည်း လုံးဝ အစစ်အမှန်တွေချည်းပဲ၊ ဘာမှ မလိမ်ဘူး။ ဒီနေ့ ညီအစ်ကိုနဲ့ ဆုံရတာ ကံတရားကြောင့်ပဲ။ ကျွန်တော်လည်း အရေးပေါ် ငွေလိုနေတာနဲ့ ဒီရှားပါးစာအုပ်ကို အနိမ့်ဆုံးဈေးနဲ့ ညီအစ်ကို့ကို လွှဲပေးချင်တာပါ"
ထိုနှာဘူးသည် စာအုပ်ကို အမြန်ဝေ့ကြည့်လိုက်ရာ "မိန်းကလေးရှောင်၏ အိမ်ထောင်ဖက် ရွေးချယ်မှုအပေါ် အမြင်" ဆိုသည့် စာတန်းကို တွေ့လိုက်ရသဖြင့် မျက်လုံးများ ပိုမိုတောက်ပလာသည်။ သူ ထပ်ဖတ်ခွင့်မရခင်မှာပင် လင်းဝမ်ရုံက စာအုပ်ကို အမြန်ပြန်ပိတ်လိုက်သည်။
ထိုသူမှာ မတတ်သာဘဲ - "ဈေးက ဘယ်လောက်လဲ.." ဟု မေးလိုက်တော့သည်။
"ငွေ ဆယ်ပြား၊ တစ်ပြားမှ မလျှော့နိုင်ဘူး" လင်းဝမ်ရုံက ပြောလိုက်သည်။ ငါးမိသွားပြီဖြစ်ကြောင်း သိသဖြင့် သူက ဈေးကို နှစ်ဆ တင်လိုက်ခြင်းဖြစ်သည်။
မျှော်လင့်ထားသလို ထိတ်လန့်သွားခြင်းမျိုး မရှိဘဲ ထိုသူက မျက်မှောင်ကြုတ်ကာ - "ဈေးက နည်းနည်းကြီးသားပဲ၊ နည်းနည်းလောက် လျှော့လို့ မရဘူးလား.." ဟု မေးသည်။
လင်းဝမ်ရုံမှာ စိတ်ထဲက ဝမ်းသာသွားသည်။ ဒါဟာ တကယ့်ကို တန်ဖိုးရှိတဲ့ ရတနာဖြစ်ကြောင်း သက်သေပြလိုက်တာပဲ။ လင်းဝမ်ရုံက ခိုင်ခိုင်မာမာ ခေါင်းခါလိုက်ပြီး - "သူငယ်ချင်း... ဒါက ရှောင်မိသားစုရဲ့ အတွင်းထဲကနေ ဆင်းသက်လာတဲ့ တန်ဖိုးဖြတ်လို့မရတဲ့ ပစ္စည်း နော်။ ကျွန်တော်လည်း ဒါကိုရဖို့ ငွေတွေ အများကြီး ပေးခဲ့ရတာ။ ဆယ်ပြားဆိုတာ အနိမ့်ဆုံးဈေးပဲ။ ခင်ဗျား သိတဲ့အတိုင်း ဒါကို တခြားသူကို ရောင်းလိုက်ရင် လူတိုင်း လုဝယ်ကြမှာလေ။"
ထိုသူ တုံ့ဆိုင်းနေစဉ် လင်းဝမ်ရုံက မတတ်သာသည့် ပုံစံမျိုးဖြင့် ဘာမှမပြောဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။
"သူငယ်ချင်း... ခဏလောက် စောင့်ပါဦး" ဟု ပညာတတ် လူငယ်လေးအဖြစ် ဝတ်ဆင်ထားသော ဒုံချောင်ချောင်က လင်းဝမ်ရုံကို လှမ်းခေါ်လိုက်သည်။ သူမက လင်းဝမ်ရုံလက်ထဲက စာအုပ်ငယ်လေးကို အရည်အချင်းရှိသူ တစ်ဦးကဲ့သို့ စူးစိုက်ကြည့်နေသည်။
မျက်နှာဖြူ ပညာတတ်ကတော့ ဒါဟာ ထောင်ချောက်မှန်း မသိရှာပေ။ တခြားသူက သူ့လက်ထဲက ပစ္စည်းကို လုယူတော့မည်ဟု ထင်သွားသဖြင့် သူ ပျာပျာသလဲ ဖြစ်သွားကာ လင်းဝမ်ရုံနောက်သို့ အမြန်လိုက်လာပြီး - "ကျွန်တော် အရင်ကြည့်တာလေ၊ ကျွန်တော် အရင်ကြည့်တာ။ သူငယ်ချင်း... အဲဒီစာအုပ်ကို ကျွန်တော်ပဲ ယူမယ်။ ဒီမှာ ငွေဆယ်ပြား၊ ရော့... ယူလိုက်ပါ" ဟု အော်ပြောလိုက်သည်။
လင်းဝမ်ရုံနှင့် ဒုံချောင်ချောင်တို့ အချင်းချင်း ကြည့်ကာ ပြုံးလိုက်ကြသည်။ လင်းဝမ်ရုံက ငွေဆယ်ပြားကို ယူလိုက်ပြီး ဒုံချောင်ချောင်ကတော့ သူ့ကို တိတ်တဆိတ် လက်မထောင်ပြလိုက်သည်။
ဒုံချောင်ချောင်က "နှမြောစရာပဲ" ဆိုသည့် ပုံစံဖြင့် ထွက်ခွာသွားပြီးနောက်၊ လင်းဝမ်ရုံနှင့် မျက်နှာဖြူကောင်တို့ကို အကြာကြီး စောင့်ကြည့်နေသော ဝဝဖိုင့်ဖိုင့် ပညာတတ်တစ်ဦးက အနားသို့ အမြန်ရောက်လာပြန်သည်။ "ခွင့်လွှတ်ပါ သူငယ်ချင်း၊ ခုနက အဲဒီ လီ ဆိုတဲ့သူကို ပေးလိုက်တဲ့ တန်ဖိုးကြီးပစ္စည်းက ဘာအရာလဲ..."
လင်းဝမ်ရုံက ကြောင်သလိုမျိုးနှင့် "ခင်ဗျားက ဘယ်သူလဲ..." ဟု မေးလိုက်သည်။
ဝဝဖိုင့်ဖိုင့်လူက "လီ နဲ့ ကျွန်တော်က အတန်းဖော်တွေပါ" ဟု အမြန်ပြောသည်။
လင်းဝမ်ရုံ ချက်ချင်း နားလည်သွားသည်။ ဒီကောင်နှစ်ယောက်က အတန်းဖော်တွေ ဖြစ်သလို မိန်းကလေးရှောင်ရဲ့ မျက်နှာသာပေးမှုကို ရဖို့အတွက် ပြိုင်ဘက်တွေလည်း ဖြစ်နေကြတာပဲ။ တစ်ယောက်က အသာရသွားတာကို နောက်တစ်ယောက်က ခံနိုင်မှာမဟုတ်ဘူး။
လင်းဝမ်ရုံက ခုနက အကြောင်းအရာတွေကိုပဲ ပြန်ပြောပြလိုက်ရာ ဝဝဖိုင့်ဖိုင့်မှာလည်း စိတ်ဝင်စားသွားတော့သည်။ သို့သော် သူက ဈေးဆစ်ချင်သူဖြစ်ရာ လင်းဝမ်ရုံက ဆယ်ပြားဟု ပြောလိုက်သည့်အခါ ချက်ချင်း ငါးပြားသို့ လျှော့ချပစ်လိုက်သည်။
လင်းဝမ်ရုံက သူ့ကို စကားပင် ပြန်မပြောတော့ဘဲ လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ထိုသူက အမြန်ပဲ - "သူငယ်ချင်း... ခဏနေဦးလေ" ဟု လှမ်းခေါ်သည်။
နောက်ဆုံးတော့ ဆယ်ပြားနှင့်ပင် ဈေးတည့်သွားတော့သည်။
တခြားသော ပညာတတ်အချို့ပါ ဤလှုပ်ရှားမှုကို သတိပြုမိသွားကြသည်ကို မြင်တော့ လင်းဝမ်ရုံ စိတ်ထဲက ဝမ်းသာနေမိသည်။ သူသည် မျက်နာပေါ်ရှိ ချွေးများကိုသုတ်လိုက်ရင်း ဦးလေးဒုံကို ပြောလိုက်သည် - "တောက်... ဈေးကွက်ရဲ့ ဝယ်လိုအားကို ငါ အထင်သေးမိသွားတာပဲ။ ဦးလေးဒုံ... ဈေးကို တစ်အုပ် ဆယ်ပြားအထက် မြှင့်ပစ်လိုက်ရအောင်”