အခန်း (၂) သခင်လေး၊ သခင်လေး ၂
ထိုပညာရှိအယောင်ဆောင်များသည် လင်းဝမ်ရုံ ၏ စုတ်ပြတ်သတ်နေသော အသွင်အပြင်ကို မြင်လိုက်ရသည်နှင့် သူတို့၏ မောက်မာမှုများ ပြန်လည် နိုးထလာကြသည်။ သူ၏ ရုပ်ရည်ကို လုံးဝ လျစ်လျူရှုလိုက်ကြပြီး သူ၏ နိမ့်ကျသော အဝတ်အစားများပေါ်တွင် အခြေခံကာ အလွန်အမင်း ယုံကြည်မှု ရှိလာကြပြီးနောက် လှောင်ပြောင် သရော်စကားများ ဆိုကြတော့သည်။
ဤကမ္ဘာသို့ မရောက်လာခင်က လင်းဝမ်ရုံ သည် အလတ်စား ကုမ္ပဏီတစ်ခု၏ စျေးကွက်ရှာဖွေရေးဌာန မန်နေဂျာတစ်ဦး ဖြစ်ခဲ့သည်။ အသက် ၂၁ နှစ်တွင် တက္ကသိုလ် ဘွဲ့ရခဲ့ပြီး ၄ နှစ်ကြာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် အသက် ၂၅ နှစ်တွင် အသက်အငယ်ဆုံး ဌာနမှူး ဖြစ်လာခဲ့သူ ဖြစ်သည်။ သူသည် လူပေါင်းစုံနှင့် ထိတွေ့ဆက်ဆံခဲ့ဖူးပြီး လောကသဘာဝ အတော်များများကိုလည်း ထိုးထွင်းသိမြင်ထားသူ ဖြစ်၏။
ဘေးပတ်ဝန်းကျင်မှ အကြည့်များကို မြင်သည်နှင့် လင်းဝမ်ရုံ သည် ထိုသူတို့ ဘာတွေးနေသည်ကို အလိုအလျောက် သိရှိလိုက်သည်။ သူသည် စိတ်ထဲမှသာ လှောင်ပြောင်လိုက်မိ၏။ ဆင်းရဲသားကို နှိမ်ပြီး ချမ်းသာသူကို မြှောက်ပင့်တတ်သည့် ဤအကျင့်စရိုက်မှာ ရှေးယခင်ကတည်းက ရှိခဲ့ခြင်းဖြစ်ပြီး သူနေခဲ့သည့် ကမ္ဘာတွင်တင်မကဘဲ မည်သည့်ခေတ်တွင်မဆို အတူတူပင် ဖြစ်ကြောင်း သူ သဘောပေါက်လိုက်သည်။
သခင်လေး ဟို ၏ ပန်းလှေသုံးစင်း တဖြည်းဖြည်း ထွက်ခွာသွားသည်နှင့် လူအုပ်ကြီးလည်း တဖြည်းဖြည်း လူစုကွဲသွားကြသည်။ လင်းဝမ်ရုံ ဘေးမှ အမျိုးသမီးများသည် သူ့ကို ခိုးကြည့်ကာ မျက်နှာလေးများ နီမြန်းလျက် ထွက်ခွာသွားကြ၏။
လင်းဝမ်ရုံ သည် ဘာမှ မဖြစ်ခဲ့သလို တည်ငြိမ်နေဆဲဖြစ်သော ရေကန်အလှကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူ၏ တက္ကသိုလ်ကျောင်းသား ဘဝတွင် ယောက်ျားလေးများ မိန်းကလေးများကို လိုက်နေကြသည့် မြင်ကွင်းပေါင်းများစွာကို မြင်တွေ့ခဲ့ဖူးရာ သခင်လေး ဟို ၏ အချစ်ဖွင့်ဟမှုမှာ သူ၏အမြင်တွင် ကလေးကစားစရာမျှသာ ဖြစ်နေသည်။
လင်းဝမ်ရုံ သည် အတိတ်ကို အနည်းငယ် လွမ်းမိသွားပြီး သူ၏ အဆောင်နေ သူငယ်ချင်းများ၊ ပထမဆုံး ချစ်သူနှင့် သူတို့ လမ်းခွဲခဲ့ကြသည့် ညက သူမ၏ နာကျင်ကြေကွဲနေသော အကြည့်များကို ပြန်လည် မြင်ယောင်လာသည်။
သူမသည် အမေရိကန်သို့ ထွက်ခွာသွားခဲ့သော်လည်း သူမတွင် သူ့အပေါ် နက်နက်ရှိုင်းရှိုင်း သံယောဇဉ် ရှိနေသည်ကို လင်းဝမ်ရုံ သိသည်။ သူမသည် သူ့ကို သူမနှင့်အတူ လိုက်ခဲ့ရန် အကြိမ်ကြိမ် ခေါ်ခဲ့ဖူးပြီး ဗီဇာနှင့် လေယာဉ်လက်မှတ်များပင် အဆင်သင့် ပြင်ပေးထားခဲ့သော်လည်း သူကတော့ ရက်ရက်စက်စက် ငြင်းပယ်ခဲ့သည်။
ပီကင်းတက္ကသိုလ်နှင့် ချင်းဟွာတက္ကသိုလ်တို့တွင် နိုင်ငံခြားထွက်ခြင်းမှာ ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သော်လည်း လင်းဝမ်ရုံ ကမူ သူတို့နှင့် မတူပေ။ သူ ဘွဲ့ရချိန်တွင် ကုမ္ပဏီကြီးများကိုပင် မရွေးချယ်ဘဲ အလတ်စား ကုမ္ပဏီတစ်ခုတွင်သာ လုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့သည်။
သူသည် မိမိ၏ ဇာတိမြေအပေါ် သံယောဇဉ် အလွန်ကြီးသူ ဖြစ်သည်။ လင်းဝမ်ရုံ သည် သူပြောခဲ့သော စကားတစ်ခွန်းကို သူ့ချစ်သူက တစ်သက်လုံး မှတ်မိနေလိမ့်မည်ဟု ယုံကြည်ထားသည် - "သူတို့အမြင်မှာတော့ အပြာရောင်လို့ ထင်နေကြတဲ့ ငါ့ရဲ့ မျက်လုံးအမည်းတွေနဲ့ ဒီလောကကြီးကို ငါမကြည့်ချင်တော့ဘူး။"
ဟု ဖြစ်သည်။ ( English tran မှာကို ဒီလိုရေးထားတာပါ )
သူမ လေယာဉ်ပေါ် တက်သွားချိန်တွင် လင်းဝမ်ရုံ သည် လေဆိပ်သို့ လိုက်မပို့ခဲ့ပေ။ ၎င်းမှာ သူ ရက်စက်သောကြောင့် မဟုတ်ဘဲ ဘာပြောရမှန်း မသိသောကြောင့်ပင် ဖြစ်သည်။ ဤအရာမှာ သူမကိုယ်တိုင် ရွေးချယ်ခဲ့သည့် လမ်းဖြစ်သဖြင့် မည်သူ့ကိုမျှ အပြစ်တင်၍ မရပေ။ လူတိုင်းမှာ မိမိတို့၏ လုပ်ရပ်အတွက် တာဝန်ယူရမည် မဟုတ်ပါလား။
သူမသည် လေဆိပ်တွင် ရှိုက်ကြီးတငင် ငိုကြွေးခဲ့ပြီး လေယာဉ်ပေါ်ပင် မတက်နိုင်လုနီးပါး ဖြစ်ခဲ့သည်ဟု ကြားသိရသည်။ လင်းဝမ်ရုံ သည် စိတ်မကောင်း ဖြစ်မိသည်ထက် ကလဲ့စားချေလိုက်ရသလို ကျေနပ်မှုကိုလည်း ခံစားခဲ့ရသည်။ ယောက်ျားတွေက သဘောထားမကြီးဘူးလို့ ဘယ်သူပြောလဲ။
နောက်ထပ် လေးနှစ်တာ ကာလအတွင်း လင်းဝမ်ရုံ သည် အလုပ်ကို ကြိုးစားလုပ်ကိုင်ရင်း မိန်းကလေးများကိုလည်း လိုက်ခဲ့သည်။ သူ၏ အလုပ်အကိုင်မှာ အောင်မြင်ခဲ့ရုံသာမက ရည်းစားများစွာ ထားခဲ့ဖူးသည်။ "ငါက မွေးရာပါ မိန်းမလိုက်စားတဲ့လူ မဟုတ်ပါဘူး" ဟု စိတ်ပူပေးသော သူငယ်ချင်းများကို သူက ပြုံးလျက် ပြန်လည် ဖြေကြားလေ့ရှိသည်။
ထိုမိန်းကလေး ကုမ္ပဏီသို့ ရောက်မလာခင်အထိ သူသည် အေးအေးဆေးဆေး နေထိုင်ခဲ့သူ ဖြစ်သည်။ သူမက ဒုတိယ အထွေထွေ မန်နေဂျာ ရာထူးနှင့်ဖြစ်သော်လည်း လင်းဝမ်ရုံ ၏ အထက်လူကြီး ဖြစ်နေသည်။ သူမက ဘာကြောင့် သူ့အပေါ် အငြိုးရှိနေသည်ကို မသိသော်လည်း ခြေလှမ်းတိုင်းတွင် သူ့ကို ပစ်မှတ်ထားကာ မည်သည့်အခါမျှ မျက်နှာသာ မပေးခဲ့ပေ။
အကယ်၍ သူမ၏ ဖခင်မှာ ကုမ္ပဏီ၏ ဥက္ကဋ္ဌသာ မဟုတ်ခဲ့လျှင် လင်းဝမ်ရုံ သည် သူမကို သတ်၍ စော်ကားပြီးနေလောက်ပြီ ဖြစ်သည်။
ထိုမုန်းတီးစရာ ကောင်းသော မိန်းကလေးအကြောင်း တွေးမိတိုင်း လင်းဝမ်ရုံ သည် ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး ယားယံလာသလို ခံစားရသည်။ သူမသာ မရှိခဲ့လျှင် သူသည် ဤကဲ့သို့ စုတ်ပြတ်သတ်နေသော နေရာသို့ ရောက်လာမည် မဟုတ်ပေ။ တောင် ထိပ်ဖျားမှ ပြုတ်ကျခဲ့သည့် အချိန်ကို ပြန်လည် စဉ်းစားကြည့်သောအခါ ထိုမိန်းကလေး၏ မျက်နှာပေးမှာ တစ်မျိုးဖြစ်နေသည်။ သူမမှာ နာကျင်နေပုံရပြီး သူမက သူ့ကို ဆွဲတင်နေခြင်းကို လင်းဝမ်ရုံ ဝေဝေဝါးဝါး မှတ်မိနေသည်။ ထို့နောက်တွင် သူမပါ သူ့နောက်သို့ လိုက်၍ ခုန်ချခဲ့ပုံရသည်။
အမှန်စင်စစ် ဤအမှတ်တရများမှာ မသေချာလှပေ။ ထိုအချိန်က လင်းဝမ်ရုံ သည် စိတ်ရှုပ်ထွေးနေပြီး အရပ်မျက်နှာများကိုပင် မသိနိုင်တော့ပေ။ ထိုဝေဝါးသော အမှတ်တရများက ထိုစဉ်က ဘာဖြစ်ခဲ့သည်ကို အတည်မပြုနိုင်ခဲ့ပါ။
လင်းဝမ်ရုံ သည် ထိုမိန်းကလေးက သူမဘာသာ ခုန်ချလိမ့်မည်ဟု မယုံကြည်ပေ။ သူ တောင် ပေါ်က ပြုတ်ကျသွားခြင်းအတွက် ထိုမိန်းကလေးက ပျော်လွန်း၍ ဂရုပင် စိုက်မည် မဟုတ်ပါ။
လင်းဝမ်ရုံ သည် ထိုမိန်းကလေးအပေါ် ခဏတာမျှ ဒေါသတကြီးဖြင့် သွားကြိတ်လိုက်မိသော်လည်း နောက်ပိုင်းတွင် သူမအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။ သူသည် မွေးရာပါ အကောင်းမြင်တတ်သူဖြစ်ပြီး အနည်းငယ်ပင် မောက်မာတတ်သူ ဖြစ်သည်။ သို့သော်လည်း ဤကဲ့သို့ အသစ်စက်စက်နှင့် မသိနားမလည်သေးသော ကမ္ဘာသစ်တွင် မည်သူက မောက်မာပြီး နေနိုင်ပါမည်နည်း။
သူ၏ အတွေးများက လက်ရှိအခြေအနေသို့ ပြန်လည် ရောက်ရှိလာသည်။ ဆန်းဝူ ရေအိုင် ရေပြင်ကြီးမှာ ဝင်းလက်နေပြီး ပညာရှိ လူငယ်များနှင့် အမျိုးသမီးများစွာ စုဝေးနေကြကာ စကားကစားနေကြသည်။ ကျင်းလင် မြို့၏ လှပသော မြင်ကွင်းမှာ ချင်ဟွိုင် မြစ်ကမ်းဘေးရှိ ပန်းရနံ့များ၊ နှင်းပွင့်များနှင့်အတူ ကျော်ကြားရခြင်းမှာ အမှန်ပင် ထိုက်တန်လှပေသည်။
သို့သော်လည်း မြောက်ပိုင်းတွင် စစ်မက်သတင်းများ ပျံ့နှံ့နေသော်လည်း ဤပညာရှိဟု ဆိုသူများသည် ထိုအရာများကို လျစ်လျူရှုကာ သူတို့၏ အပျော်အပါးများတွင်သာ နစ်မွန်းနေကြသည်။ ၎င်းမှာ "မြောက်ပိုင်းက ဝံပုလွေများ၊ တောင်ပိုင်းက ပညာရှိများ" ဟူသော စကားပုံကို သက်သေပြနေသကဲ့သို့ပင်။
ဤနေရာသို့ ရောက်နေသည်မှာ အတန်ကြာပြီ ဖြစ်သဖြင့် လင်းဝမ်ရုံ သည် အရာရာကို ဒေသခံတစ်ဦး၏ အမြင်ဖြင့် စတင် ကြည့်မြင်လာသည်။ "နွေးဦးလေပြေက ခရီးသွားကို ယစ်မူးစေတယ်၊ ဟန်ကျိုး ကို ပျန့်ကျိုး လို့ အထင်မှားစေတယ်" ဟု သူက ကဗျာတစ်ပိုဒ်ကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ ဤနေရာတွင် လင်းဝမ်ရုံ ရွတ်ဆိုသမျှ ကဗျာတိုင်းမှာ သူတစ်ဦးတည်း ပိုင်ဆိုင်သည့် ကဗျာများသာ ဖြစ်သည်။
စျေးကွက် မန်နေဂျာအဖြစ် ရှေ့တန်းတွင် နှစ်ရှည်လများ လုပ်ကိုင်ခဲ့သူဖြစ်သဖြင့် လင်းဝမ်ရုံ သည် ရှက်စရာကောင်းသော အလုပ်မျိုးစုံကို မြင်တွေ့ခဲ့ဖူးသည်။ ညစ်ပတ်ပြီး အရှက်မရှိသည့် လောကီရေးရာ ကိစ္စများနှင့် ယှဉ်လိုက်လျှင် ကဗျာတစ်ပုဒ်ကို ခိုးယူရွတ်ဆိုရခြင်းမှာ သူ့အတွက် မူလတန်းကျောင်းက ကလေးလေးတစ်ယောက်လို ဖြူစင်လွန်းနေပေသည်။
ဆန်းဝူ ရေအိုင် ပေါ်တွင် နောက်ထပ် ပညာရှိတစ်ဦးမှာ သူဌေးသမီးလေးတစ်ဦး၏ အစိုးရလှေပေါ်သို့ "ရင်းနှီးစွာ စကားပြောရန်" ဖိတ်ကြားခံရသည်ကို ကြည့်ရင်း လင်းဝမ်ရုံ သည် မိမိ၏ အခြေအနေကို အနည်းငယ် မနာလို ဖြစ်မိကာ စိတ်ပျက်သွားသည်။ သူသည် ရေကန်ထဲသို့ ပြင်းပြင်းထန်ထန်နှင့် အထင်သေးစွာ တံတွေးထွေးလိုက်ပြီး မိန်းကလေး လိုက်ဖို့ပဲ သိနေသော ဤလူ့ငပေါများ အားလုံး သူ၏ တံတွေးထဲတွင် နစ်မွန်းသေဆုံးသွားပါစေဟု ဆုတောင်းလိုက်မိသည်။
"နွေးဦးလေပြေက ခရီးသွားကို ယစ်မူးစေတယ်၊ ဟန်ကျိုး ကို ပျန့်ကျိုး လို့ အထင်မှားစေတယ်... အကိုတော်၊ ဒီကဗျာလေးက တကယ့်ကို လက်ရာမြောက်လှပါတယ်၊ အလွန်ကို လက်ရာမြောက်လွန်းပါတယ်" ဟု လင်းဝမ်ရုံ ၏ နောက်ကွယ်မှ ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာသည်။ ထို့အတူ ချီးကျူးသည့် အနေဖြင့် ယပ်တောင်ငယ်လေးကို လက်ဖဝါးဖြင့် ပုတ်လိုက်သည့် အသံကိုလည်း ကြားလိုက်ရသည်။
ကြည်လင်ပြတ်သားသော အသံက သူခုနက ရွတ်ဆိုခဲ့သည့် ကဗျာကို လေသံအေးအေးဖြင့် ထပ်ခါတလဲလဲ ရွတ်ဆိုနေသည်။
နောက်ဆုံးတော့ ငါ့ကို အသိအမှတ်ပြုမယ့်သူ ပေါ်လာပြီပဲဟု လင်းဝမ်ရုံ က ကျေနပ်စွာ ပြုံးလိုက်သည်။ သူကိုယ်တိုင် ရေးခဲ့သည့် ကဗျာမဟုတ်သော်လည်း ရွတ်ဆိုနိုင်သည်မှာပင် အတော်လေး စွမ်းဆောင်နိုင်ခြင်း ဖြစ်သည်။ ကျေးလက် မူလတန်းကျောင်းမှ တရုတ်စာဆရာ ဖြစ်သော သူ၏ဖခင်က သူ့ကို ငယ်စဉ်ကတည်းက မှတ်ဉာဏ်ကောင်းစေရန် ထန် နှင့် စုန့် ခေတ်ကဗျာများစွာကို အလွတ်ကျက်ခိုင်းခဲ့ခြင်း ဖြစ်သည်။
လင်းဝမ်ရုံ သည် ဖြည်းညှင်းစွာ လှည့်ကြည့်လိုက်ရာ မျက်နှာတွင် ပေါင်ဒါမှုန့်ကဲ့သို့ ဖြူဖွေးနေပြီး သူ့ကို ပြုံးလျက် ကြည့်နေသော ခန့်ညားသည့် လူငယ်တစ်ဦးကို မြင်တွေ့လိုက်ရသည်။
သူ့ကို "ချောမောခန့်ညားသော လူငယ်" ဟု သုံးနှုန်းရခြင်းမှာ ထိုလူငယ်မှာ တကယ့်ကို ထိုစကားနှင့် ထိုက်တန်သောကြောင့်ပင်။ မိုးမခရွက်သဏ္ဍာန် မျက်ခုံးတန်း၊ ဟင်္သာပြဒါးကဲ့သို့ နီမြန်းသော နှုတ်ခမ်း၊ ကြယ်တာရာကဲ့သို့ တောက်ပသော မျက်ဝန်းတို့ ရှိပြီး လက်ထဲတွင် အဖြူရောင် ယပ်တောင်ငယ်လေးကို ကိုင်ထားသည်။ အဝါနုရောင် ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး လေထဲတွင် နွဲ့နှောင်းနေသော မိုးမခသစ်ရွက်များကဲ့သို့ပင် ဖော်ပြမရနိုင်သော ဆွဲဆောင်မှုမျိုး ရှိနေသည်။
လင်းဝမ်ရုံ သည် စုန့်ယွိ သို့မဟုတ် ဖန်အန်း တို့ကို တစ်ခါမျှ မမြင်ဖူးသော်လည်း ထိုသူနှစ်ဦးပင်လျှင် ယခုရှေ့မှ လူငယ်လောက် ချောမောလိမ့်မည် မဟုတ်ဟု ခန့်မှန်းလိုက်မိသည်။
လင်းဝမ်ရုံ သည်လည်း မိမိကိုယ်ကို ချောမောခန့်ညားပြီး ဆွဲဆောင်မှု ရှိသူဟု သတ်မှတ်ထားသော်လည်း သူသည် ဤနေရာသို့ ရောက်ရှိနေသည်မှာ တစ်လကျော်သာ ရှိသေးသဖြင့် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးကို လက်မခံနိုင်သေးပေ။ နောက်ထပ် အကြောင်းရင်းတစ်ခုမှာ ဤလူငယ်လေးမှာ မိန်းကလေးဆန်သော အရှိန်အဝါ ရှိနေပြီး တစ်နေ့ကုန် နန်းတွင်းဆောင်များထဲတွင်သာ ပျော်ပါးနေတတ်သည့် သူဌေးသားလေးတစ်ဦး ဖြစ်မည်မှာ သေချာလှသည်။ ၎င်းမှာ လင်းဝမ်ရုံ ၏ တောင့်တင်းခိုင်မာသော လူရည်ချွန် မင်းသား ပုံစံနှင့် လုံးဝ ကွဲပြားနေသည်။
ထို့ကြောင့် ချောမောခန့်ညားမှုနှင့် ပတ်သက်လာလျှင် လင်းဝမ်ရုံ သည် သူ့ကို မပြိုင်နိုင်ပေ။ လွန်ခဲ့သည့် တစ်လအတွင်း သူတွေ့ခဲ့ဖူးသော အမျိုးသား၊ အမျိုးသမီးများ အားလုံးထဲတွင် ယခုရှေ့မှ လူငယ်နှင့် ယှဉ်နိုင်သူ တစ်ဦးမျှ မရှိနိုင် ပေ။
ထိုလူငယ်၏ ဘေးတွင်လည်း အလွန်ပင် ချောမောလှပသည့် နုနုနယ်နယ် အစေခံ လူငယ်လေးတစ်ဦး ရပ်နေပေသည်။