အခန်း (၁၉) ဈေးနှုန်းသတ်မှတ်ခြင်း ၂
ပင်ပန်းနွမ်းနယ်လှသော တစ်နေ့တာ ကုန်ဆုံးသွားပြီးနောက် လင်းဝမ်ရုံသည် အိမ်ပြန်ရောက်သည်နှင့် အိပ်ရာထဲသို့ တန်းဝင်တော့သည်။ ဤခေတ်ကာလ၏ ကောင်းကင်ယံမှာ ကြည်လင်သော ပြာလွင်ရောင်ရှိပြီး၊ ရေမှာလည်း စိမ်းမြကာ လေထုမှာလည်း လတ်ဆတ်လှသည်၊ ဟင်းသီးဟင်းရွက်များမှာလည်း အဆိပ်အတောက် ကင်းစင်လှပေသည်။ ဤကဲ့သို့ ရှားပါးလှသော ပတ်ဝန်းကျင်ကောင်းတွင် အိပ်စက်ရသည်မှာ သဘာဝအတိုင်းပင် အလွန် သက်သောင့်သက်သာ ရှိလှသည်။
နောက်တစ်နေ့ နံနက်တွင် လင်းဝမ်ရုံ စောစောနိုးလာပြီး လမ်းမပေါ်ရှိ ပထမဆုံးသော လူအုပ်ကြီးထဲသို့ အပြေးအလွှား သွားရောက် ပူးပေါင်းလိုက်သည်။ သူသည် နံနက်စာအဖြစ် ဆီကြော်မုန့်နှစ်ခုနှင့် လတ်လတ်ဆတ်ဆတ် လုပ်ထားသော ပဲပြားဟင်းရည် တစ်ခွက်ကို စားသောက်လိုက်သည်။ သဘာဝအစားအစာများမှာ တကယ့်ကို အကောင်းဆုံးပင်။ အားအင်များ ပြည့်ဖြိုးလာသဖြင့် လင်းဝမ်ရုံသည် ယုံကြည်မှုအပြည့်နှင့် ဦးလေးဒုံ၏ အိမ်သို့ လျှောက်လှမ်းလာခဲ့သည်။
လင်းဝမ်ရုံ ရောက်သွားချိန်တွင် ဦးလေးဒုံမှာ ဆန်ပြုတ်သောက်နေပြီး လတ်လတ်ဆတ်ဆတ် ပေါင်းထားသော ပေါက်စီအဖြူလေးကို တစ်ကိုက်မျှသာ စားရသေးသည်။
"အစ်ကိုကြီးလင်း... နံနက်စာ စားပြီးပြီလား.. ကျွန်မတို့ အခုတင် ပေါင်းထားတဲ့ ပေါက်စီအဖြူလေးတွေ မြည်းကြည့်ပါဦး" ဒုံချောင်ချောင်က လင်းဝမ်ရုံကို ဆန်ပြုတ်တစ်ခွက် ကမ်းပေးရင်း အကြီးဆုံး ပေါက်စီနှစ်လုံးကို ထည့်ပေးလိုက်သည်။
မနေ့ညက ညစာစားပွဲတွင် လင်းဝမ်ရုံမှာ မိဘမဲ့တစ်ဦး ဖြစ်ကြောင်း သိလိုက်ရကတည်းက ဒုံချောင်ချောင်သည် သူ့ကို "သခင်လေး" ရာထူးမှ "အစ်ကိုကြီးလင်း" ဟု တိုက်ရိုက် လျှော့ချ ခေါ်ဝေါ်လိုက်ခြင်း ဖြစ်သည်။ ဒုံချောင်ချောင်က သူ၏ နေ့စဉ် ထမင်းသုံးနပ်လုံးကို သူမတို့အိမ်မှာပင် လာစားရန် နွေးထွေးစွာ ဖိတ်ခေါ်ထားသေးသည်။
လင်းဝမ်ရုံမှာ အနည်းငယ် အားနာသွားမိသည်။ ဤမျှ ရက်ရောသော ကမ်းလှမ်းမှုကို သူ မည်သို့ လက်ခံနိုင်ပါ့မည်နည်း။ သူသည် ရှက်တတ်သူတစ်ဦးဖြစ်ရာ ငါးရက်အတွင်း ဆယ်နပ်ခန့်သာ လာစားနိုင်ပေလိမ့်မည်။
လင်းဝမ်ရုံက မိမိရှေ့က ပေါက်စီအဖြူ နှစ်လုံးကို ကြည့်ရင်း သူ အရင်က ကြားဖူးသည့် ဟာသတစ်ခုကို ရုတ်တရက် သတိရသွားသည်။
အချစ်စမ်းနေသော အမျိုးသားတစ်ဦးသည် သူ၏ ချစ်သူမိန်းကလေး၏ စနေနှစ်ခိုင်ကို ပထမဆုံးအကြိမ် ထိတွေ့လိုက်ပြီး "ဝါး... ကြည့်စမ်း၊ ပေါက်စီလေးတွေအတိုင်းပဲ.." ဟု အံ့သြတကြီး အော်ပြောလိုက်သည်။
မိန်းကလေးက ရှက်ကိုးရှက်ကန်းဖြင့် "မဟုတ်တာ... ပေါက်စီနဲ့ ဘယ်လိုလုပ် သွားနှိုင်းလို့ ရမှာလဲ" ဟု ပြန်ပြောသည်။
ထိုအခါ အမျိုးသားက "ငါပြောတာက ဝမ်ကျိုက်ပေါက်စီသေးသေးလေးတွေကို ပြောတာပါ" ဟု ဆိုလိုက်သတတ်။( စနေနှစ်ခိုင် သေးတာကို ပြောတာပါ )
ကံမကောင်းစွာပင်၊ အကယ်၍ လင်းဝမ်ရုံသာ ဤဟာသကို ဦးလေးဒုံနှင့် သမီးဖြစ်သူအား ပြောပြလိုက်လျှင် သူသည် တံမြက်စည်းဖြင့် အရိုက်ခံရပြီး အိမ်ပြင်သို့ မောင်းထုတ်ခံရပေလိမ့်မည်။
ပေါက်စီအဖြူလေးများက လင်းဝမ်ရုံ၏ စားချင်စိတ်ကို နှိုးဆွလိုက်ပြီး သူက မွေးရာပါ အရှက်မရှိသူဖြစ်သည့်အတိုင်း "အချိန်ကိုက်ပဲ ချောင်ချောင်ရေ... ငါ ဗိုက်ဆာနေတာနဲ့ အတော်ပဲ၊ ကျေးဇူးပဲနော်" ဟု အော်ပြောလိုက်သည်။
ဦးလေးဒုံ၏ မျက်လုံးများမှာ နီမြန်းနေပြီး တစ်ညလုံး မအိပ်ခဲ့ရကြောင်း သိသာလှသည်။ လင်းဝမ်ရုံက နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်တွင် သူကတော့ အဘိုးကြီးကို အလုပ် ခိုင်းသလို ဖြစ်သွားသည်။ လင်းဝမ်ရုံမှာ အနည်းငယ် ရှက်မိသွားသော်လည်း မိမိအလုပ်ကို အောင်မြင်အောင် လုပ်ဆောင်ခြင်းကလည်း ဒုံဦးလေး တာဝန်ပင် မဟုတ်ပါလား။
"ဦးလေးဒုံ... ပုံနှိပ်တာ ဘယ်လိုလဲ..." လင်းဝမ်ရုံက ဆန်ပြုတ်ကိုသာ အာရုံစိုက် သောက်နေသော ဦးလေးဒုံကို အမြန်မေးလိုက်သည်။
ဦးလေးဒုံက သူ့ပါးစပ်ကို သုတ်လိုက်ပြီး နောက်ဘက်ကို လက်ညှိုးညွှန်ပြကာ "ဟိုမှာ အုပ် ၅၀၀ ရှိတယ်။ အစီအရီ ထပ်ထားတာ၊ မင်နံ့တောင် မပြယ်သေးဘူး"
လင်းဝမ်ရုံမှာ ဝမ်းသာအားရ ထခုန်လိုက်ရာ ပေါက်စီတစ်ဝက်မှာ သူ့ဗိုက်ထဲသို့ နစ်ဝင်သွားတော့သည်။ သူ လှည့်ကြည့်လိုက်ရာ စာအုပ်ငယ် ၅၀၀ မှာ သေသေသပ်သပ် ထပ်ထားသည်ကို တွေ့ရပြီး မျက်နှာဖုံးရှိ မိန်းကလေးရှောင်၏ ပုံတူမှာလည်း ရှင်းလင်းစွာ မြင်နေရသည်။ ဤမိန်းကလေးမှာ "ပုံတူမူပိုင်ခွင့်" ဆိုသည့် အယူအဆကို ကြားပင် ကြားဖူးပုံမရပေ။ ငါတော့ ဒါနဲ့တင် ချမ်းသာတော့မှာပဲ။ ဘာပဲဖြစ်ဖြစ် မကြာခင်မှာ သူမဆီမှာ အလုပ်အကျွေး ပြုရတော့မှာဆိုတော့ ဒါကို လျော်ကြေးလို့ပဲ သတ်မှတ်လိုက်ပါတော့မယ်။
စာအုပ် ၅၀၀ ကို ကြည့်ရင်း လင်းဝမ်ရုံ ကျေနပ်နေမိသည်။ သတင်းစာငယ်လေး တစ်စောင်၏ ပိုင်ရှင်အဖြစ် ဤခံစားချက်မှာ တကယ့်ကို ကောင်းလှပေသည်။
"သခင်လေးလင်း... ဒီစာအုပ်လေးတွေကို ဘယ်လောက် ဈေးသတ်မှတ်ကြမလဲ.."
လင်းဝမ်ရုံမှာ ပညာတတ် (အတု) တစ်ဦးဖြစ်ကြောင်း သိထားသော်လည်း ဦးလေးဒုံ၏ သူ့အပေါ် လေးစားမှုမှာ ပြောင်းလဲမသွားပေ။ သို့သော် ဒုံဦးလေးက "သခင်လေး" ဟု ခေါ်လိုက်သည့်အခါ လင်းဝမ်ရုံအတွက်တော့ တစ်မျိုးကြီး ခံစားနေရသည်။
"တစ်အုပ်ကို ငွေ ငါးပြား " လင်းဝမ်ရုံက လက်ထဲက စာအုပ်လေးကို မလွှတ်ချင်လောက်အောင် ပွတ်သပ်ရင်း ခေါင်းပင်မဖော်ဘဲ ပြောလိုက်သည်။
"ဘုတ်..."
ဦးလေးဒုံ၏ ပါးစပ်ထဲက ပေါက်စီတစ်ဝက်မှာ မြေပြင်ပေါ်သို့ တန်းခနဲ ပြုတ်ကျသွားတော့သည်။
လင်းဝမ်ရုံ လှည့်ကြည့်လိုက်ရာ သားအဖနှစ်ဦးလုံးမှာ မယုံကြည်နိုင်သော မျက်နှာများဖြင့် ရှိနေကြသည်။ သူက ရယ်ချင်သွားပြီး "ဘာလဲ... မယုံဘူးလား..." ဟု မေးလိုက်သည်။
ဒုံချောင်ချောင်က ခဏမျှ တုံ့ဆိုင်းနေပြီးမှ "အစ်ကိုကြီးလင်း... တကယ်ပဲ တစ်အုပ်ကို ငွေငါးပြားနဲ့ ရောင်းမှာလားဟင်... အဲဒါက အရမ်းမများလွန်းဘူးလား.."
ငွေငါးပြားဆိုသည်မှာ သာမန်မိသားစုတစ်ခု၏။နှစ်ဝက်စာ စားစရိတ်ဖြစ်ရာ ဤဈေးနှုန်းမှာ အမှန်ပင် မနည်းလှပေ။ သားအဖနှစ်ယောက်လုံး ဆွံ့အသွားကြသည်မှာ မဆန်းပေ။
"မယုံမရှိနဲ့။ ဈေးမဆစ်ရဘူး ငါးပြားပဲ။ 'ရှားပါးပစ္စည်းက ဈေးကောင်းရတယ်' ဆိုတဲ့ စကားကို ကြားဖူးတယ်မလား..." လင်းဝမ်ရုံက လျှို့ဝှက်ဆန်းကြယ်သော အပြုံးဖြင့် အရှက်မရှိ ပြောလိုက်သည်။
လင်းဝမ်ရုံသည် သူ၏ အမူအရာကို မိမိကိုယ်တိုင် မမြင်ရသော်လည်း၊ ယခုအချိန်တွင် သူ၏ ရုပ်ရည်မှာ လူယုတ်မာကြီးတစ်ဦးနှင့် တူနေမည်ဖြစ်ပြီး အရှက်မရှိဆုံးသော လူစားမျိုး ဖြစ်နေမည်ကို သိသည်။ အရှက်မရှိခြင်းမှာ သူ၏ သဘာဝပင်ဖြစ်ရာ ဖုံးကွယ်ထားရန် မလိုပေ။
"အဲဒီ ပညာတတ်တွေရဲ့ စိတ်ဓာတ်ကို ခင်ဗျားတို့ ဆုပ်ကိုင်ထားရမယ်။ ဒီစာအုပ်ကို ဝယ်မယ့်လူတွေက တစ်ပြားပဲဖြစ်ဖြစ်၊ ဆယ်ပြားပဲဖြစ်ဖြစ် ဂရုမစိုက်ကြဘူး။ သူတို့လိုချင်တာက သတင်းအချက်အလက်၊ ဦးဦးဖျားဖျား သတင်းကိုပဲ လိုချင်ကြတာ။ သူတို့အတွက်ကတော့ တစ်ပြားနဲ့ ဆယ်ပြားက ဘာမှ မကွာခြားဘူး။ သူတို့ရဲ့ မူဝါဒက အကောင်းဆုံးကို ရှာတာမဟုတ်ဘဲ ဈေးအကြီးဆုံးကို ရှာတာပဲ။ အဲဒါက တကယ့်ကို အံ့သြစရာကောင်းတဲ့ စိတ်ပညာပဲ"
လင်းဝမ်ရုံ၏ စကားများကြောင့် ဒုံချောင်ချောင်နှင့် ဖခင်ဖြစ်သူမှာ မှင်တက်သွားကြသည်။ သူတို့၏ လူ့သဘာဝအပေါ် နားလည်မှုမှာ မနက်ရှိုင်းသေးသည်မှာ သိသာလှရာ လင်းဝမ်ရုံ၏ လမ်းညွှန်မှုများ ဆက်လက် လိုအပ်နေသေးသည်။
"စဉ်းစားကြည့်လေ၊ တစ်ယောက်ယောက်က ဝယ်လိုက်ပြီဆိုရင် ကျန်တဲ့လူတွေက နောက်ကောက်ကျမခံချင်ကြတော့ဘူး။ မိန်းကလေးရှောင်ရဲ့ လက်ဦးသတင်းကို ဘယ်သူက မလိုချင်ဘဲ နေမှာလဲ..။ ဒါက ဒိုမီနို အကျိုးသက်ရောက်မှု ( အဖြစ်အပျက်တစ်ခု ဖြစ်ပွားလိုက်တာနဲ့ နောက်ဆက်တွဲ အဖြစ်အပျက်တွေ တစ်ခုပြီးတစ်ခု ဆင့်ကဲ ဆင့်ကဲ ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ကို ပြောတာပါ) လိုပဲပေါ့၊ တစ်ခုလဲတာနဲ့ ကျန်တာတွေ အကုန်လိုက်လဲကုန်မှာ" လင်းဝမ်ရုံက ဒိုမီနိုအကြောင်း လွှတ်ခနဲ ပြောမိသွားသဖြင့် အမြန်ပင် ပြန်ရှင်းပြလိုက်ရသည် - "အတိုချုပ်ပြောရရင် ဘယ်သူမှ သူများထက် နှိမ်ခံရမှာကို မလိုလားကြဘူး၊ အဲဒါက ငါတို့ရဲ့ စာအုပ်ငယ်လေးကို ရောင်းကောင်းစေမှာပဲ။ ကြည့်စမ်း... တစ်ခါတည်းနဲ့ ထိပ်ဆုံးကို ရောက်သွားပြီး ဖီးနစ်ငှက်လို ဖြစ်သွားနိုင်မယ်ဆိုရင် ဒီငွေလေး နည်းနည်းပါးပါးက ဘာတန်ဖိုးရှိမှာလဲ.."
ဒုံချောင်ချောင်မှာ ဉာဏ်ကောင်းသူဖြစ်ရာ ပြဿနာကို ချက်ချင်း မြင်သွားသည် - "ဒါပေမဲ့ မိန်းကလေးရှောင်က ခင်ပွန်းရွေးရင်တောင် တစ်ယောက်တည်းပဲ ရွေးမှာလေ။ ကျွန်မတို့ဆီမှာက စာအုပ် လေးငါးရာတောင် ရှိနေတာကို"
လင်းဝမ်ရုံက ခပ်တိုးတိုး ရယ်မောလိုက်ပြီး - "နန်းတွင်း စာမေးပွဲမှာလည်း တစ်ယောက်တည်းပဲ ပထမရတာလေ၊ ဒါပေမဲ့ ကွန်ဖြူးရှပ် ကျမ်းစာတွေ၊ ကဗျာကျမ်းတွေ၊ တာအိုကျမ်းတွေက ရောင်းမကောင်းဘူးလား... ရလဒ်မထွက်မချင်း ဘာမဆို ဖြစ်နိုင်တာပဲလေ"
ဒုံချောင်ချောင်မှာ စိတ်ရင်းကောင်းသော မိန်းကလေးဖြစ်သည့်အလျောက် မိန်းကလေးရှောင်အတွက် စိုးရိမ်နေရှာသည် - "ဒါပေမဲ့ ကျွန်မကြားဖူးတာကတော့ တကယ့် ပညာတတ်တွေက ဆင်းရဲသား မိသားစုတွေက လာကြတာတဲ့။ သူတို့က ကျွန်မတို့ရဲ့ စာအုပ်ကို ဝယ်နိုင်မှာ မဟုတ်ဘူး။ အဲဒါက မိန်းကလေးရှောင်ရဲ့ မင်္ဂလာရေးကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား..."
လင်းဝမ်ရုံမှာ ချက်ချင်းပင် ဆွံ့အသွားတော့သည်။ စာအုပ်တစ်အုပ်က မိန်းကလေးရှောင်ရဲ့ အိမ်ထောင်ရေးကို ထိခိုက်နိုင်တယ်ဆိုရင်တော့ ရှောင်မိသားစုဟာ လူအတွေပဲ ဖြစ်နေမှာပေါ့။
ဒုံချောင်ချောင်၏ မျှော်လင့်ချက်အပြည့်နှင့် အကြည့်ကို ရင်ဆိုင်ရသည့်အခါ လင်းဝမ်ရုံမှာ မတတ်သာဘဲ ဆရာကြီးအနေနဲ့ အခန်းကဏ္ဍကို ထပ်မံ သရုပ်ဆောင်လိုက်ရပြန်သည်။ သူက အေးစက်စွာ ရယ်မောလိုက်ပြီး - "အခြေခံ လူတန်းစားကလာတဲ့ ပညာတတ်တွေသာ တကယ်လာမယ်ဆိုရင် သူတို့ ပြင်ဆင်ထားသင့်တယ်။ သူတို့မှာ တကယ် အရည်အချင်းရှိရင် ကိုယ့်အရည်အချင်းနဲ့ကိုယ် မိန်းကလေးရှောင်ကို လက်ထပ်သင့်တာပေါ့။ ငါတို့ စာအုပ် ဝယ်တာနဲ့ ဘာဆိုင်လို့လဲ.. သူတို့က ဂုဏ်မြင့်ချင်လို့ လာတာဆိုရင်တော့ ငါ သူတို့ကို သနားရုံပဲ တတ်နိုင်တယ်။ အထက်တန်းလွှာထဲ တိုးဝင်ချင်ရင်တော့ ပေးဆပ်ရမယ့် တန်ဖိုး ရှိတာပေါ့၊ အဲဒါက သူတို့ ပေးရမယ့် ဈေးပဲ။ ဒါကြောင့် သူတို့ သေသေချာချာ စဉ်းစားသင့်တယ်။ ငါက သူတို့ကို အတင်းဝယ်ခိုင်းနေတာ မဟုတ်ဘူး၊ သူတို့ကိုယ်တိုင်က မရိုးသားကြတာ။ တကယ့် ပညာတတ် အစစ်အမှန်တွေက ငါတို့စာအုပ်ကို ဘယ်တော့မှ ဝယ်မှာမဟုတ်ဘူး၊ ဒါပေမဲ့ လောကမှာ အဲဒီလို လူတော်လူကောင်းဆိုတာ ဘယ်နှစ်ယောက် ရှိလို့လဲ...။ ငါတို့က အမြတ်ကို အလေးထားတဲ့ စီးပွားရေးသမားတွေ။ ပိုက်ဆံပေးတဲ့သူကို ရောင်းမှာပဲ။ အိမ်ထောင်ရေး ကိစ္စကတော့ မိန်းကလေးရှောင် ကိုယ်တိုင် စဉ်းစားရမယ့် ကိစ္စပဲ။ ငါတို့က ဝင်ပြီး မထိခိုက်နိုင်ပါဘူး"
ဒုံချောင်ချောင်သည် လင်းဝမ်ရုံ၏ အယူအဆကို စိတ်ထဲကနေ တိတ်တဆိတ် သဘောတူလိုက်မိသည်။ လင်းဝမ်ရုံ သတ်မှတ်ထားသော ဈေးနှုန်းမြင့်မှုအပေါ် သံသယရှိနေသေးသော်လည်း သူမသည် ၎င်းကို စတင် လက်ခံလာပြီ ဖြစ်လေသည်။