အခန်း (၁၈) ဈေးနှုန်းသတ်မှတ်ခြင်း ၁
ဒုံချောင်ချောင်က မစဉ်းစားဘဲ လွှတ်ကနဲ ပြောလိုက်မိတာဖြစ်ပေမဲ့ လင်းဝမ်ရုံက ကြားသွားပြီး သဘောတူလိုက်တဲ့အခါ သူမမှာ အံ့သြဝမ်းသာဖြစ်ရသလို ရှက်ကိုးရှက်ကန်းလည်း ဖြစ်သွားရပါတယ်။ ဘယ်မိန်းကလေးမဆို အလှအပကို မြတ်နိုးကြတာပဲလေ။ ကိုယ့်ရဲ့ နုပျိုမှုကို ပန်းချီကားပေါ်မှာ ထာဝရ သိမ်းဆည်းထားနိုင်ဖို့ဆိုတာ သူတို့ရဲ့ အိမ်မက်ပဲ မဟုတ်ပါလား။
"ကျေးဇူးတင်ပါတယ် သခင်လေး" လို့ ဒုံချောင်ချောင်က ရှက်ကိုးရှက်ကန်းလေး ပြောရှာသည်။
လင်းဝမ်ရုံကတော့ သွားလေးဖြဲပြရင်း သူ့လက်ဖမိုးနဲ့ မျက်နှာကို ပွတ်သုတ်လိုက်ပြီး ဒုံရန်တယ်ကို မေးလိုက်တယ် - "ဦးလေးဒုံ... ဘယ်လိုလဲ.."
ဦးလေးဒုံက လင်းဝမ်ရုံကို လက်မထောင်ပြပြီး - "သခင်လေးကို ကျွန်တော် တကယ်ပဲ အံ့သြချီးကျူးမိပါတယ်" လို့ ဆိုပါတယ်။
လင်းဝမ်ရုံဟာ ယုံကြည်မှုအပြည့်နဲ့ပဲ ကျန်နေတဲ့ ရှောင်အိမ်တော် သခင်မလေး (အတု) ရဲ့ သရုပ်ဖော်ပုံတွေကို ဆက်ဆွဲပါတယ်။ ပုံတူတစ်ပုံချင်းစီမှာ မတူညီတဲ့ အမူအရာတွေ ရှိနေပေမဲ့ အားလုံးကတော့ လှပပြီး စွဲမက်စရာ ကောင်းနေတာချည်းပါပဲ။ ဒီပညာတတ် ကျောင်းသားတွေ သေချာပေါက် ပြာပြာသလဲ ဖြစ်သွားကြမယ်ဆိုတာ သူ အာမခံနိုင်ပါတယ်။
နောက်ဆုံးတစ်ချက်ကို ဆွဲပြီးသွားတဲ့အခါ လင်းဝမ်ရုံက သူ့မျက်နှာကို ထပ်မံပွတ်သုတ်လိုက်ပြီး ပြုံးလျက် မတ်တပ်ရပ်လိုက်တယ် - "ကဲ... ပြီးပြီ။ ဒီနေ့အတွက်တော့ ဒီလောက်ပဲ"
ဒုံချောင်ချောင်က စာအုပ်ငယ်လေးထဲမှာ ပုံစံအမျိုးမျိုး၊ အမူအရာအမျိုးမျိုးနဲ့ ရှိနေတဲ့ အမျိုးသမီးရဲ့ ပုံတူတွေကို ကြည့်ရင်း အားကျ
မနာလို ဖြစ်နေမိတယ်။ သူမက လင်းဝမ်ရုံကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပါးစပ်ကို လက်နဲ့အုပ်ကာ တခစ်ခစ် ရယ်ပါတော့တယ်။
"ဘာတွေ ရယ်နေတာလဲ?" လင်းဝမ်ရုံက သူမရဲ့ ရယ်သံကြောင့် ကြောင်သွားမိပေမဲ့ ဒီမိန်းကလေး ရယ်လိုက်ရင် တကယ်ပဲ လှပါတယ်။
ဒုံချောင်ချောင်က သူမရဲ့ အိတ်ကပ်ထဲက ပဝါလေးတစ်ထည်ကို ထုတ်လိုက်ပါတယ်။ သူမ မျက်နှာလေး နီမြန်းနေပြီး လင်းဝမ်ရုံကို ကြည့်ကာ နှုတ်ခမ်းလေးကို ကိုက်ပြီး သူ့အနားကို တိုးကပ်လာပါတယ်။ ပြီးတော့ အနံ့သင်းသင်းလေး ထွက်နေတဲ့ ပဝါလေးနဲ့ လင်းဝမ်ရုံရဲ့ မျက်နှာကို တို့ထိ သုတ်ပေးလိုက်ပါတယ်။
လင်းဝမ်ရုံဟာ အခုမှပဲ သူ့မျက်နှာမှာ မီးသွေးတွေ ပေကျံနေတယ်ဆိုတာ သတိထားမိသွားတာပါ။ ဒါကြောင့်လည်း သူမက ဒီလို လုပ်ပေးတာကိုး။ ဒါပေမဲ့ သူမရဲ့ အပြုအမူက လင်းဝမ်ရုံကို လန့်သွားစေတယ်။ ဒီခေတ်မှာ ယောက်ျားနဲ့ မိန်းကလေးကြားမှာ အတော်လေး စည်းကမ်းကြီးကြတာပါ။ ဒုံချောင်ချောင်က သာမန်မိသားစုက မွေးဖွားလာသူ ဖြစ်ပေမဲ့လည်း ဒီအပြုအမူက အတော်လေး ရင်းနှီးလွန်းနေတယ်။ လင်းဝမ်ရုံရဲ့ ခေတ်မှာတောင် ချစ်သူရည်းစားတွေမှသာ ဒီလိုမျိုး လုပ်ပေးလေ့ ရှိကြတာလေ။
'ဒီမိန်းကလေး ငါ့အပေါ် မရိုးမသား စိတ်တွေ ရှိနေတာလား.. သေစမ်း... ဒီမိန်းကလေးတော့ အန္တရာယ်ရှိပြီ။ ငါက မွေးရာပါ မိန်းမပွေတဲ့သူလေ' လို့ လင်းဝမ်ရုံက အရှက်မရှိ တွေးလိုက်မိပါတယ်။ အမှန်အတိုင်း ပြောရရင် လင်းဝမ်ရုံဟာ အခုအချိန်မှာ အချစ်ရေးတစ်ခု စတင်ဖို့ စိတ်ပိုင်းဆိုင်ရာ အဆင်သင့် မဖြစ်သေးပါဘူး။
လင်းဝမ်ရုံက အမြန်ပဲ နောက်ကို ဆုတ်လိုက်ပြီး ဘာမှမစဉ်းစားဘဲ သူမရဲ့ ကမ်းလှမ်းမှုကို ငြင်းလိုက်ပါတယ်။ သူက ပဝါကို သဘာဝကျကျပဲ ယူလိုက်ပြီး ပြုံးလျက် - "ငါ့ဘာသာ ငါ လုပ်လိုက်ပါ့မယ်" လို့ ပြောလိုက်ပါတယ်။
ဒုံချောင်ချောင်ဟာ အံ့သြသွားပြီးမှ သူမရဲ့ အပြုအမူက မလျော်မကန် ဖြစ်သွားတယ်ဆိုတာ သတိထားမိသွားတယ်။ သူမ မျက်နှာလေး နီမြန်းသွားတာကို မြင်တော့ လင်းဝမ်ရုံက ချက်ချင်းပဲ ပဝါကို နမ်းကြည့်လိုက်ပြီး - "မွှေးလိုက်တာ..." လို့ ပြောင်စပ်စပ် ပြောလိုက်ပါတယ်။
ဒုံချောင်ချောင်ကတော့ လင်းဝမ်ရုံဟာ သူမရဲ့ အနေရခက်မှုကို ပြေပျောက်အောင် လုပ်ပေးနေတယ်ဆိုတာ သိတာကြောင့် လင်းဝမ်ရုံကို ကျေးဇူးတင်တဲ့ အပြုံးလေး ပြုံးပြလိုက်ပါတယ်။
ဒါပေမဲ့ ဒီလို ပြောင်စပ်စပ် နေတာက လင်းဝမ်ရုံရဲ့ သဘာဝပဲ ဖြစ်တာကြောင့် သူက ဟန်ဆောင်နေဖို့လည်း မလိုပါဘူး။
ဒုံချောင်ချောင်ရဲ့ မျက်နှာလေးဟာ ခြယ်သထားတဲ့ နှုတ်ခမ်းနီရောင်လို နီမြန်းနေပြီး ဘာစကားမှ မပြောဘဲ ခေါင်းလေးကို ငြိမ့်ပြပါတယ်။
လင်းဝမ်ရုံက အဘိုးကြီးဒုံကို အချက်ပြလိုက်ပေမဲ့ အဘိုးကြီးကတော့ ဘာမှမသိသလိုပဲ အတွေးလွန်နေပါတယ်။
လင်းဝမ်ရုံကတော့ စိတ်ထဲကနေ အနည်းငယ် စိတ်တိုသွားပြီး - 'ဒီကောင်မလေးက ဘာမှမသိရှာဘူး။ အဘိုးကြီးကလည်း ဒီအရွယ်ထိ တုံးအ နေတုန်းပဲ။ ခင်ဗျားသာ ကျွန်တော့်ကို လာဆွရင် ခင်ဗျားရဲ့ ရတနာလေးလို သမီးကို ကျွန်တော် စားပစ်မှာနော်၊ အဲဒီကျရင် ကျွန်တော့်ကို အပြစ်မတင်နဲ့' လို့ တွေးနေမိပါတယ်။
ဒါက လင်းဝမ်ရုံက ဇာတ်နာအောင် လုပ်နေတာ မဟုတ်ပါဘူး။ သူဟာ တကယ်တမ်းလည်း ဒီကမ္ဘာနဲ့ မရင်းနှီးသေးသလို အချစ်ရေးအတွက်လည်း စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု မရှိသေးတာကြောင့် ဖြည်းဖြည်းချင်းပဲ သွားမှာပါ။
သားအဖနှစ်ယောက်လုံးကတော့ အသံတိတ်ရုပ်ရှင် ရိုက်နေသလို ဘာမှမပြောကြပါဘူး။ လင်းဝမ်ရုံက သူ့မျက်နှာပေါ်က ဖုန်တွေကို သုတ်လိုက်ပြီး ပဝါကို ဒုံချောင်ချောင်ဆီ ပြန်ပေးဖို့ ပြင်လိုက်ပါတယ်။ ဒါပေမဲ့ ပဝါလေးက မီးသွေးမှုန့်တွေကြောင့် မည်းပုပ်သွားပြီဖြစ်လို့ ဒီအတိုင်း ပြန်ပေးဖို့ သူ အနည်းငယ် အားနာသွားမိပါတယ်။
ဒုံချောင်ချောင်ကတော့ ခပ်ပါးပါးလေး ပြုံးလိုက်ပြီး လင်းဝမ်ရုံလက်ထဲက ပဝါကို ယူလိုက်ကာ - "သခင်လေး... ဒီလို အဝတ်လျှော်တဲ့ အလုပ်မျိုးကို ကျွန်မကိုပဲ လုပ်ခွင့်ပေးပါ" လို့ ဆိုပါတယ်။
သူမရဲ့ သဘာဝကျတဲ့ အမူအရာကို မြင်မှ လင်းဝမ်ရုံလည်း စိတ်အေးသွားတယ်။ လင်းဝမ်ရုံရဲ့ စိတ်ထဲကနေ - 'ငါကပဲ ဘဝင်မြင့်နေတာလား? မိန်းကလေးတစ်ယောက်က ငါ့ကို လွယ်လွယ်နဲ့ ချစ်သွားနိုင်လို့လား...
ဒါပေမဲ့ ငါလို ချောမောပြီး ပါရမီရှိတဲ့ လူငယ်လေးကို မိန်းကလေးတွေက ပြာပြာသလဲ မဖြစ်ကြဘူးဆိုရင် အဲဒါကမှ မူမမှန်တာပါ' လို့ တွေးလိုက်မိပါတယ်။
မီးသွေးနဲ့ ပုံကြမ်းဆွဲပြီးတဲ့နောက်မှာတော့ လင်းဝမ်ရုံက ပုံတွေ မပေကျံသွားအောင် မီးသွေးလိုင်းတွေပေါ်ကနေ စုတ်တံနဲ့ ထပ်ဆင့် ရေးဆွဲဖို့ ဒုံချောင်ချောင်ကို ခိုင်းလိုက်ပါတယ်။
ဒါဟာ တကယ့်ကို အနုစိတ်ရတဲ့ အလုပ်ပါ။ အမှားအယွင်း အနည်းငယ်လေးကတောင် ပန်းချီကားတစ်ချပ်လုံးကို ပျက်စီးသွားစေနိုင်ပါတယ်။
လင်းဝမ်ရုံက သူဟာ ပန်းချီပညာမှာ အပျော်တမ်းပဲဖြစ်လို့ စုတ်တံ မကိုင်တတ်ကြောင်း ဒုံချောင်ချောင်ကို မပြောရသေးခင်မှာပဲ သူမက အလုပ်စနေပါပြီ။ သို့သော်လည်း သူမဟာ လိမ္မာပါးနပ်ပြီး နာခံတတ်သူဖြစ်တာကြောင့် လင်းဝမ်ရုံက ဘာလို့ စုတ်တံမသုံးတာလဲဆိုတာကို သူမ မမေးခဲ့ပါဘူး။
ဒုံချောင်ချောင်ဟာ လိုင်းတွေကို သေသေချာချာ ထပ်ဆွဲပါတယ်။ လင်းဝမ်ရုံရဲ့ မူရင်းပုံကြမ်းကို ပျက်စီးသွားမှာ စိုးရိမ်တာကြောင့် သူမ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် ချွေးတွေ စိုနေရှာတယ်။
ဒီသားအဖနှစ်ယောက်က သူ့အပေါ် အပြည့်အဝ ယုံကြည်ပေးထားတာကို တွေ့ရတော့ လင်းဝမ်ရုံ ရင်ထဲမှာ ကျေးဇူးတင်စိတ်လေး အနည်းငယ် ဖြစ်ပေါ်လာပါတယ်။ သူ့ခေတ်တုန်းက အဘွားအိုတွေကို လှည့်စားပြီး ပိုက်ဆံယူတတ်တဲ့ လူလိမ်တွေဆိုတာ ဘယ်လိုစိတ်ဓာတ်နဲ့များ ရှိကြတာလဲဆိုတာ သူ စဉ်းစားလို့ မရပါဘူး။ သူတို့က အညစ်အကြေးတွေ စားပြီး ကြီးလာကြတာလား..
ဒုံချောင်ချောင်ဟာ နောက်ဆုံးမှာတော့ ပုံတစ်ပုံလုံးကို ကူးရေးလို့ ပြီးသွားပါပြီ။ သူမရဲ့ ကျွမ်းကျင်တဲ့ လက်ရာတွေကြောင့် လင်းဝမ်ရုံမှာ စကားပင် မပြောနိုင်တော့ပါဘူး။ ဒုံချောင်ချောင်ရဲ့ လိုင်းအကွေးအကောက်တွေကအစ လင်းဝမ်ရုံရဲ့ ပုံကြမ်းနဲ့ တစ်ထပ်တည်း ကျနေတာပါ။
လင်းဝမ်ရုံက ခေါင်းခါရင်း - "ချောင်ချောင်... မင်း တခြားသူကိုတော့ ယောက်ျားအဖြစ် သွားမယူနဲ့ဦး။ မဟုတ်ရင် မင်းလို ကျွမ်းကျင်မှု ရှိတဲ့လူကို ငါ ဘယ်မှာ သွားရှာရမလဲ" လို့ အော်ပြောလိုက်မိပါတယ်။
သူတို့ ရင်းနှီးသွားပြီဖြစ်လို့ လင်းဝမ်ရုံက "မိန်းကလေး" လို့ မခေါ်တော့ဘဲ "ချောင်ချောင်" လို့ပဲ တိုက်ရိုက် ခေါ်လိုက်တာပါ။ သူမက မိန်းကလေးငယ်လေးပဲ ရှိသေးတာဆိုတော့ အလေးအနက် ခေါ်နေစရာ မလိုတော့ဘူးလေ။
စကားပြောပြီးနောက် လင်းဝမ်ရုံက မောက်မာစွာနဲ့ ခပ်ကျယ်ကျယ် ရယ်လိုက်ပါတယ်။ ဒုံချောင်ချောင် မျက်နှာလေး နီမြန်းသွားပြီး အပြင်ကို ပြေးထွက်သွားပါတော့တယ်။ ဆွဲဆောင်မှုရှိပြီး ပါရမီရှိတဲ့ လင်းဝမ်ရုံက ဘာလို့ ရုတ်တရက်ကြီး ဒီလောက် ရိုင်းစိုင်းတဲ့စကားပြောရတာလဲဆိုတာ သူမ နားမလည်နိုင်ပါဘူး။
"ဟဲဟဲ... ကောင်မလေးက ပဝါနဲ့ ငါ့ကို အံ့သြအောင် လုပ်ထားတာဆိုတော့ ငါကလည်း မင်းကို ပြန်ပြီး အံ့သြအောင် လုပ်ပေးရမှာပေါ့။ ငါက ဒီလိုပဲ အရှက်မရှိတာ၊ မင်းငါ့ကို ဘာလုပ်နိုင်မှာလဲ..." လင်းဝမ်ရုံက ဂုဏ်ယူစွာနဲ့ ရယ်မောနေပါတယ်။
မူကြမ်းတွေကို ပြန်စီစဉ်ပြီးတဲ့အခါ မွန်းတည့်ချိန်ကို ရောက်နေပါပြီ။ လင်းဝမ်ရုံက အဲဒါတွေကို အဘိုးကြီးဒုံဆီ ပေးလိုက်ပြီး ပုံနှိပ်တိုက်ကိုသွားကာ မိတ္တူကူးဖို့ အမြန်ခိုင်းလိုက်ပါတယ်။
ဒီခေတ်ရဲ့ ပုံနှိပ်စနစ်က ခေတ်နောက်ကျနေတာကို သိတာကြောင့် စာအုပ်ငယ်လေးက မရှည်တာကိုပဲ လင်းဝမ်ရုံ ကျေးဇူးတင်နေမိပါတယ်။ ဒီနေ့ မွန်းလွဲပိုင်းကနေ ညဘက်အထိ အချိန်ပိုလုပ်ရင်တောင် အုပ် ၅၀၀ ရဖို့ဆိုတာ ကံကောင်းမှပြီးမှာပါ။
အဘိုးကြီးဒုံဟာ ဒီမြို့မှာ နေလာတာ ကြာပြီဖြစ်လို့ ဖြတ်ထိုးဉာဏ်ကောင်းပြီး အဆက်အသွယ်လည်း များပါတယ်။ ဒါကြောင့်လည်း လင်းဝမ်ရုံက သူ့ကို အားကိုးတာပါ။
အဘိုးကြီးဒုံက မိတ္တူကူးဖို့ ထွက်တော့မယ့်အချိန်မှာပဲ လင်းဝမ်ရုံက တစ်ခုခုကို သတိရသွားပြီး သူ့ကို အမြန် တားလိုက်ပါတယ် - "ဦးလေးဒုံ... ပုံနှိပ်တိုက်ကို ဒါကို လျှို့ဝှက်ထားဖို့ သေချာမှာခဲ့ပါ။ အထူးသဖြင့် ဒီမူရင်း လက်ရေးစာမူက တကယ့်ကို တန်ဖိုးရှိတယ်။ တခြားသူလက်ထဲ ရောက်သွားရင် အတုလုပ်ဖို့ လွယ်တာကြောင့် သေသေချာချာ ဂရုစိုက်ပါ။ ပြီးတော့ စာမူကိုလည်း ချက်ချင်း ပြန်ယူလာခဲ့ပါ"
လင်းဝမ်ရုံက အဘိုးကြီးဒုံကို ကြီးမားတဲ့ အမြတ်အစွန်းတွေ ပေးမယ်လို့ ကတိပေးထားပြီးသားပါ။ ဒီခေတ်မှာ မူပိုင်ခွင့် အကာအကွယ်ဆိုတာ မရှိတာကြောင့် သူများက ခိုးယူသွားရင် သူ အကုန်ဆုံးရှုံးရမှာလေ။ မူပိုင်ခွင့်ရှိတဲ့ ခေတ်မှာတောင် ခိုးယူမှုတွေက ပေါများနေတာမလား။ ဒါကြောင့် လျှို့ဝှက်ထားဖို့က အရေးကြီးကြောင်း အဘိုးကြီးဒုံကို သတိပေးရခြင်း ဖြစ်ပါတယ်။
လင်းဝမ်ရုံတို့တွေ အဘိုးကြီးဒုံရဲ့ အိမ်မှာပဲ ညစာ စားကြပါတယ်။ လင်းဝမ်ရုံက တစ်ယောက်တည်းသမား ဖြစ်တာကြောင့် အိမ်ပြန်ရင်လည်း အေးစက်နေတဲ့ မီးဖိုပဲ ရှိမှာလေ။ ဒီသားအဖတွေနဲ့ စကားပြောနေတာက ပိုကောင်းပါတယ်။ ဒုံချင်းရှန်းလည်း ပြန်ရောက်လာပါပြီ၊ သူ့မျက်နှာမှာလည်း စိတ်လှုပ်ရှားမှုတွေ ပြည့်နေတဲ့ပုံ ပေါ်နေပါတယ်။ ကြည့်ရတာ ဒုံချင်းရှန်းလည်း ကောင်းတာအချို့ တွေ့ထားပုံရတယ်။
ဒုံချောင်ချောင်ကတော့ သူမရဲ့ နာမည်နဲ့ လိုက်အောင်ကို လက်ရာမြောက်လှပါတယ်။ ရိုးရှင်းတဲ့ ဟင်းလျာတွေ ဖြစ်ပေမဲ့ တကယ့်ကို အရသာ ရှိလှပါတယ်။ လင်းဝမ်ရုံက လျှာတောင် မျိုချမိတော့မလို အားပါးတရ စားနေတာကို မြင်တော့ ဒုံချောင်ချောင်က ပါးစပ်လေးကို အုပ်ပြီး တခစ်ခစ် ရယ်နေပါ တော့တယ်။ဒုံချောင်ချောင်ရဲ့ လှပပြီး ဖြူစင်တဲ့ ပုံစံလေးက နွေးထွေးမှုကို ပေးစွမ်းနေပါတယ်။
ညစာ စားပြီးနောက် သူတို့ ပုံနှိပ်တိုက်ကို သွားကြပါတယ်။ " ငွေရှိရင် ဝိညာဉ်ကိုတောင် ခိုင်းလို့ရတယ် " ဆိုတဲ့အတိုင်းပါပဲ။ မူရင်းဈေးထက် နှစ်ဆပေးမယ်လို့ ကတိပေးလိုက်တဲ့အခါ ကျွမ်းကျင်လုပ်သား ၂၀ ကျော်ဟာ တစ်ညလုံး မအိပ်ဘဲ အုပ် ၅၀၀ ရအောင် ဝိုင်းလုပ်ပေးကြပါတယ်။ ပိုင်ရှင်ကတော့ မနက်မလင်းခင် အပြီးလုပ်ပေးမယ်လို့ အာမခံပါတယ်။
ဒီနေရာက ပုံနှိပ်စနစ်က တကယ့်ကို ရှေးကျပါတယ်။ မူရင်းစာမူကို အရင်ဆုံး ပိတ်ချောစက္ကူပေါ် ကူးတင်ရပြီး၊ အဲဒီနောက်မှာ ပိတ်ချောစက္ကူက မင်ကိုမှ သာမန်စက္ကူပေါ် ပြန်ကူးရတာပါ။ ရလဒ်ကတော့ သိပ်မကောင်းလှပေမဲ့ ပုံတွေနဲ့ စာသားတွေကတော့ ရှင်းလင်းနေတုန်းပါပဲ။
ဒီလို လက်မှုအလုပ်ရုံမျိုးမှာ မွန်းလွဲပိုင်းကနေ ညဘက်အတွင်း အုပ် ၅၀၀ ထွက်လာဖို့ဆိုတာ တကယ့်ကို အစွမ်းကုန် ကြိုးစားလိုက်ရတာပဲ ဖြစ်ပါတယ်။