အခန်း (၁၆) သတင်းစာငယ်လေး၏ မွေးဖွားခြင်း ၁
ရှောင်သခင်မလေးမှာ အနေအေးသူဖြစ်ပြီး၊ ဒုတိယသခင်မလေးမှာလည်း ငယ်ရွယ်လွန်းသေးသည့်အတွက် ရှောင်သခင်မကြီးကိုယ်တိုင် ရှေ့ထွက်ပြသရခြင်းမှာ သဘာဝကျလှသည်။ ထိုကဲ့သို့သော ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦးအတွက် ဤသည်မှာ တကယ့်ကို အားရဖွယ် စွမ်းဆောင်ရည်ပင်။
ရှောင်သခင်မကြီး၏ စကားကို ကြားပြီးနောက်တွင် လူတိုင်းမှာ စနစ်တကျ ပြန်လည်တန်းစီလိုက်ကြပြီး၊ အရှက်မရှိသော စာဆိုလေးယောက်ပင်လျှင် သူတို့၏ ပညာတတ်ဟန်ပန်ကို ပြန်လည်ဖမ်းလိုက်ကြတော့သည်။
ဒီနေ့တော့ ထူးထူးခြားခြား ဘာမှရှိတော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် လင်းဝမ်ရုံမှာ ရှောင်သခင်မကြီးကို တစ်ချက်ကြည့်ကာ သူမ၏ ရုပ်ရည်ကို မှတ်သားထားလိုက်ပြီးနောက် တိတ်တဆိတ် လူစုမှ ထွက်ခွာလာခဲ့သည်။
ဒုံမိသားစုအိမ်သို့ ပြန်ရောက်သောအခါ ဦးလေးဒုံရန်တယ်နှင့် သမီးဖြစ်သူတို့မှာ တစ်ခုခုကို သေသေချာချာ ကူးရေးနေကြသည်ကို တွေ့လိုက်ရသည်။
လင်းဝမ်ရုံ အနားကပ်ကြည့်လိုက်ရာ လက်ရေးမှာ အလွန်တရာ ကျော့ရှင်းလှပနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ဦးလေးဒုံရန်တယ် စုဆောင်းထားသည့် ရှောင်သခင်မလေးနှင့် ပတ်သက်သော သတင်းအချက်အလက်များကို သူက ပြောပြပြီး ဒုံချောင်ချောင်က ရေးမှတ်ထားခြင်း ဖြစ်သည်။
ဒုံချောင်ချောင်၏ လက်ရေးမှာ တကယ့်ကို လှပလွန်းလှသဖြင့် လင်းဝမ်ရုံမှာ အကြိမ်ကြိမ် ခေါင်းညိတ်၍ ချီးကျူးမိတော့သည်။
ထိုသားအဖနှစ်ဦးမှာ သူတို့ဘေးနားတွင် လင်းဝမ်ရုံ ရပ်နေသည်ကို နောက်မှ သတိထားမိကြသည်။ လင်းဝမ်ရုံက တစိုက်မတ်မတ် ခေါင်းညိတ်နေသည်ကို မြင်တော့ ဒုံချောင်ချောင်မှာ မရှက်ဘဲ မနေနိုင်သလို တစ်ဖက်ကလည်း စိတ်လှုပ်ရှားနေမိသည်။ လင်းဝမ်ရုံ၏ အသိအမှတ်ပြုသော အမူအရာက ဒုံချောင်ချောင်ကို ပျော်ရွှင်စေပုံရသည်။
"သခင်လေးလင်း... ပြန်လာပြီလား.."
ဒုံချောင်ချောင်၏ ချစ်စရာကောင်းသော နှာတံလေးပေါ်တွင် ချွေးစို့နေခြင်းက သူမကို ပို၍ပင် လှပသွားစေပြီး၊ ကောလိပ်တက်နေဆဲဖြစ်သော သူ၏ ညီမလေးကို လင်းဝမ်ရုံ သွားသတိရမိစေသည်။
လင်းဝမ်ရုံက ပြုံးလျက် - "ဟုတ်တယ်၊ အပြင်ထွက် လမ်းလျှောက်ရင်း ဈေးကွက်သုတေသန လေး နည်းနည်း သွားလုပ်တာပါ"
ဒုံသားအဖ တို့မှာ "ဈေးကွက်သုတေသန" ဆိုသည့် စကားလုံးကို ကြားဖူးကြမည်မဟုတ်သလို လင်းဝမ်ရုံကလည်း ရှင်းပြနေရန် ပျင်းရိနေသည်။ ဒုံချောင်ချောင် တို့ ကူးရေးနေသည့် စာအုပ်ငယ်လေးကို ယူကြည့်ကာ - "ကျွန်တော့်ကို ပေးကြည့်ပါဦး" ဟု လင်းဝမ်ရုံကဆိုလိုက်သည်။
လင်းဝမ်ရုံ အံ့သြသွားရသည်မှာ ဒုံချောင်ချောင်တို့သည် စာအုပ်ငယ်၏ ကဏ္ဍအသီးသီးကို အသေးစိတ် ခွဲခြားထားရုံတင်မကဘဲ စာမျက်နှာ အပြင်အဆင်များကိုလည်း အမျိုးမျိုး ဒီဇိုင်းဖော်ထားကြခြင်းပင်။ ၎င်းမှာ လက်ရေးစာအုပ်ကောင်းတစ်အုပ်ဖြစ်ဖို့ အခြေခံအုတ်မြစ်ကို ကောင်းကောင်းကြီး ချထားလိုက်ခြင်းပင် ဖြစ်သည်။ ဒီလို အရည်အချင်းရှိသူတွေက သတင်းစာတိုက်မှာ အလုပ်မလုပ်ရတာ တကယ့်ကို နှမြောစရာပါပဲ။
လင်းဝမ်ရုံ၏ အံ့သြနေသော မျက်နှာကို မြင်တော့ ဒုံချောင်ချောင်မှာ စိုးရိမ်တကြီးဖြင့် - "သခင်လေးလင်း... ကျွန်မ တစ်ခုခု မှားလုပ်မိလို့လားဟင်.. အို... ဘယ်လိုလုပ်ရမလဲ၊ ကျွန်မ သခင်လေးရဲ့ အလုပ်ကို ဖျက်ဆီးမိပြီထင်တယ်"
သူမမှာ တုန်လှုပ်လွန်း၍ ငိုတော့မလိုပင် ဖြစ်နေရှာသည်။ ဤခေတ်ကာလတွင် အမျိုးသမီးတစ်ဦး၏ ဂုဏ်သိက္ခာမှာ သူမ၏ အရည်အချင်းပေါ်တွင်လည်း မူတည်နေသည် မဟုတ်ပါလား။ သူမအနေဖြင့် သူမ၏ စွမ်းဆောင်ရည်ကို ပြသရန် အခွင့်အရေး ရခဲ့သော်လည်း အမှားအယွင်း ဖြစ်သွားမည်ကို မည်သို့မျှ မစိုးရိမ်ဘဲ နေနိုင်ပါ့မည်နည်း။
လင်းဝမ်ရုံမှာ သူမကို ဆက်ပြီး မစချင်တော့
သဖြင့်အပြုံးမျက်နှာဖြင့် - "မိန်းကလေးချောင်ချောင်... မင်း ဘာမှ မှားမလုပ်ခဲ့ပါဘူး၊ မင်း တကယ့်ကို ကောင်းကောင်း လုပ်နိုင်ခဲ့တာပါ"ဟု ပြောလိုက်သည်။
ဒုံချောင်ချောင်မှာ အစက အံ့သြသွားသော်လည်း နောက်တွင်တော့ အတိုင်းထက်အလွန် ဝမ်းသာသွားသည်။ သူမက စိတ်အားထက်သန်စွာဖြင့် - "တကယ်လားဟင် သခင်လေးလင်း.."ဟု ပြန်မေးသည်။
လင်းဝမ်ရုံက ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ဒုံချောင်ချောင်က ဝမ်းသာအားရဖြင့် - "ကျွန်မ သခင်လေးရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ထားတာပါ။ သခင်လေး မသွားခင်က ကျွန်မ နားမလည်တဲ့ အချက်အချို့ ရှိနေခဲ့ပေမဲ့ သခင်လေးကို မမေးချင်တော့တာနဲ့ ကျွန်မ ကိုယ်ပိုင်အမြင်လေးတွေပါ ပေါင်းထည့်လိုက်မိတာပါ"
ဒီမိန်းကလေးမှာ လက်ရာ သေသပ်ရုံတင်မကဘဲ အတွေးအခေါ်လည်း ရှိပြီး ရဲဝံ့မှုလည်း ရှိပုံရသည်။ သူမမှာ တကယ့်ကို ပါရမီရှင်တစ်ဦးပင် ဖြစ်ပြီး သားအဖနှစ်ယောက်လုံးက လူကောင်းလေးတွေပင်။ သူတို့ စကားပြောနေသည်ကို နားထောင်နေသော ဒုံရန်တယ်က နောက်ဆုံးတွင် ဝင်ပြောလာသည် - "ဪ... သခင်လေးလင်း ကျေနပ်တယ်ဆိုရင်ပဲ တော်ပါပြီ။ ချောင်ချောင်နဲ့ ကျွန်တော်ကတော့ သခင်လေးက ကျွန်တော်တို့လို လက်ကြမ်းခြေကြမ်းသမားတွေရဲ့ လက်ရာကို မကြိုက်မှာ စိုးရိမ်နေတာ"
ထိုသားအဖနှစ်ဦး၏ ဖြူစင်ရိုးသားသော ပုံစံကို မြင်တော့ လင်းဝမ်ရုံမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ လေးလေးနက်နက် ပြောလိုက်သည် - "ဦးလေးဒုံ၊ မိန်းကလေးချောင်ချောင်... လူတစ်ယောက်မှာ အာဏာမရှိနိုင်ဘူး၊ ပိုက်ဆံမရှိနိုင်ဘူး၊ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတော့ ရှိရမယ်ဆိုတာကို မှတ်ထားစေချင်တယ်။ ကိုယ့်ကိုယ်ကိုယ်တောင် မလေးစားရင် ဒီလောကမှာ ဘယ်သူကမှ ခင်ဗျားတို့ကို လေးစားမှာမဟုတ်ဘူး။သိက္ခာဆိုတာက ကိုယ်တိုင် တည်ဆောက်ယူမှရတာပါ"
ဒုံချောင်ချောင်၏ မျက်လုံးများထဲတွင် လေးစားအားကျသော အရိပ်အယောင်များ ပေါ်လာပြီး ညင်သာစွာ ခေါင်းညိတ်လိုက်သည် - "သခင်လေးလင်း... ကျွန်မ နားလည်ပါပြီ"
လင်းဝမ်ရုံက ဒုံရန်တယ်ကို ကြည့်ပြီး - "သူမကတော့ နားလည်သွားပြီ၊ ဦးလေးကော နားလည်ရဲ့လား.."
ဒုံရန်တယ်က ရယ်မောလျက် - "ကျွန်တော်တို့ ချောင်ချောင်လေး နားလည်ရင် ကျွန်တော်လည်း နားလည်တာပါပဲ။ ချောင်ချောင် ပြောသမျှ ကျွန်တော် အကုန်နားထောင်ပါတယ်"ဟု ဆိုသည်။
စိတ်ရင်းမှန်လှသော ဤသားအဖနှစ်ဦးကို ကြည့်ရင်း လင်းဝမ်ရုံမှာ ဘယ်သောအခါမှ ပြန်မတွေ့နိုင်တော့မည့် သူ၏ မိဘများကို သတိရသွားကာ ရင်ထဲမှာ နင့်ခနဲ ဖြစ်သွားရသည်။ သူက အမြန်ပဲ ခေါင်းလွှဲလိုက်ပြီး စာအုပ်ကို ဆက်ကြည့်ကာ - "အားလုံး ကူးပြီးသွားပြီလား.."ဟု မေးလိုက်သည်။
ဒုံချောင်ချောင်က "အားလုံး ပြီးပါပြီ သခင်လေး ကြည့်ကြည့်ပါဦး" ဟု ဆိုသည်။
လင်းဝမ်ရုံက စာအုပ်ကို ကောက်ကိုင်လိုက်ပြီး ပြုံးလျက် - "ချောင်ချောင်... မင်းက လက်မှုပညာတင် တော်တာမဟုတ်ဘဲ အမျိုးသမီး ပညာရှိလေးတစ်ယောက်လည်း ဖြစ်နေတာပဲ။ ဒါတွေကို ဘယ်သူ သင်ပေးထားတာလဲ မသိဘူးနော်"
ဒုံချောင်ချောင်က - "ဒါက မိန်းကလေးလော့က ကျွန်မအပေါ် ဂရုဏာထားပြီး သူမနဲ့အတူ သင်ယူခွင့်ပေးလို့ပါ။ မဟုတ်ရင် ကျွန်မမှာ ဒီလို အခွင့်အရေး ဘယ်ရပါ့မလဲ"
"မိန်းကလေးလော့..." ထိုနာမည်က ကြားဖူးသလိုလိုပင်။
လင်းဝမ်ရုံ မျက်မှောင်ကြုတ်သွားသည်ကို မြင်တော့ ဒုံချောင်ချောင်က အံ့သြသွားသည် - "သခင်လေးက မိန်းကလေးလော့ကို မသိဘူးလားဟင်...သူမက ကျင်းလင်မှာ နံပါတ်တစ် ပညာတတ် အမျိုးသမီးလေ"
ကျင်းလင်ရဲ့ နံပါတ်တစ် ပညာတတ် အမျိုးသမီးလား.. လင်းဝမ်ရုံ ရုတ်တရက် သတိရသွားသည်။ ထိုနေ့မွန်းလွဲပိုင်းက ဆန်းဝူ ရေအိုင် ပေါ်တွင် ဟိုမိသားစု၏ သခင်လေး ဟိုယွဲ့ပိုင်နှင့်အတူ သူ တွေ့မြင်ခဲ့ရသော ဤကျင်းလင်၏ နံပါတ်တစ် ပညာတတ်အမျိုးသမီး မိန်းကလေးလော့ မဟုတ်ပါလား...
ဒုံချောင်ချောင်၏ အံ့သြနေသော မျက်နှာလေးကို မြင်တော့ လင်းဝမ်ရုံမှာ ရယ်ချင်သွားပြီး - "ကျွန်တော်က ဒီလို ပညာတတ် မောင်မယ်တွေအကြောင်းကို စိတ်မဝင်စားလို့ပါ" ဟု ဆိုလိုက်သည်။
"အဲဒါကတော့ သခင်လေးကိုယ်တိုင်က ထူးချွန်တဲ့ ပညာရှိတစ်ယောက် ဖြစ်နေလို့ပါ" ဟု ဒုံချောင်ချောင်က ရယ်ရင်း ပြောသည် - "ဒါပေမဲ့ သခင်လေးက ပညာတတ် အမျိုးသမီးတွေကို စိတ်မဝင်စားတာပဲ ရှိတာမလား.. အရမ်းလှတဲ့ မိန်းကလေးတွေကိုတော့ စိတ်ဝင်စားမှာပေါ့။ မိန်းကလေးလော့က ကျင်းလင်ရဲ့ နံပါတ်တစ် အလှမယ်လည်း ဖြစ်တယ်ဆိုတာ သိရဲ့လား"
သူမသည် လင်းဝမ်ရုံနှင့် ရင်းနှီးသွားပြီဖြစ်ရာ ယခုအခါတွင် "သခင်လေးလင်း" ဟု မခေါ်တော့ဘဲ "သခင်လေး" ဟုသာ တရင်းတနှီး ခေါ်ဝေါ်လာတော့သည်။
"ကျွန်တော် အလှလေးတွေကို စိတ်ဝင်စားတာပေါ့၊ အထူးသဖြင့် မင်းလို မိန်းကလေးမျိုးပေါ့" ဟု လင်းဝမ်ရုံက ရင်းနှီးလာပြီဖြစ်၍ အရှက်မရှိ စနောက်လိုက်သည်။
ဒုံချောင်ချောင်မှာ မျက်နှာတစ်ခုလုံး နီမြန်းသွားပြီး စကားပင် မပြောနိုင်တော့ပေ။
ဒုံရန်တယ်က ချောင်းအနည်းငယ် ဟန့်လိုက်ရာ လင်းဝမ်ရုံမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။ အဘိုးကြီးက သူ့ကို လက်ပူးလက်ကြပ် မိသွားသည် မဟုတ်ပါလား။
သို့သော်လည်း လင်းဝမ်ရုံမှာ မျက်နှာပြောင်သူပီပီ အမြန်ပင် တည်ငြိမ်မှု ပြန်ယူလိုက်သည်။ "မိန်းကလေးချောင်ချောင်... မိန်းကလေးလော့က ဘာလို့ မင်းကို သူမနဲ့အတူ နေခိုင်းရတာလဲ.." ဟု ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
ခုနက စနောက်ခံလိုက်ရ၍ ဒုံချောင်ချောင်မှာ ပြန်လည် ရှက်ကိုးရှက်ကန်း ဖြစ်နေပြန်သည်။ "မိန်းကလေးလော့အတွက် အဝတ်အစား သွားချုပ်ပေးတဲ့ ပထမဆုံး အကြိမ်မှာတင် ကျွန်မတို့က အသက်ချင်းတူနေတာကို သူမ မြင်တော့ ကျွန်မကို စကားတွေ အများကြီး ပြောခဲ့တယ်။ မိန်းကလေး လော့ က တကယ့်ကို လူကောင်းတစ်ယောက်ပါ၊ ဒါပေမဲ့ သူမမှာ သူငယ်ချင်း သိပ်ရှိပုံမရတော့ ကျွန်မကို သူမနဲ့အတူ အဖော်လုပ်ပေးဖို့ ခေါ်ထားတာပါ။ မိန်းကလေး လော့ နဲ့ အချိန်အတော်ကြာ နေပြီးတဲ့နောက်မှာတော့ သူမက ကျွန်မကို သူမနဲ့ ဆရာကြီးတို့ဆီမှာ စာသင်ဖို့ ခိုင်းခဲ့တာပါ"ဟု ဆိုသည်။
လင်းဝမ်ရုံက ခေါင်းညိတ်လိုက်သည်။ "မိန်းကလေးလော့က တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ သူမအတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံး ခင်ပွန်းလောင်းကို ရပါစေလို့ ဆုတောင်းပေးပါတယ်။ အင်း... ကျွန်တော်ကလည်း အဲဒီဂုဏ်ပုဒ်နဲ့တော့ တော်တော်လေး ကိုက်ညီနေသလိုပဲ" ဟု သူက စနောက်လိုက်ပြန်သည်။
ဒုံချောင်ချောင်က ခပ်တိုးတိုးလေး ရယ်လိုက်သည်။ "သခင်လေးက စကားတွေ အရမ်းပြောတာပဲ။ မိန်းကလေးလော့သာ သခင်လေး ပြောတာတွေကို သိရင် သူမ စိတ်သဘောထား ဘယ်လောက်ပဲ ကောင်းကောင်း၊ သခင်လေးကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး"
သူမ ထိုသို့ တွေးမိသော်လည်း လင်းဝမ်ရုံ၏ ဟန်ဆောင်မှုကင်းပြီး လွတ်လပ်သော စကားပြောပုံကို ကြားရသည့်အခါတွင်တော့ သူမမှာ မသိစိတ်က ပျော်ရွှင်နေမိသည်။ ဒုံရန်တယ်ကတော့ ဘာမှမကြားသလို ဟန်ဆောင်နေလေသည်။ သူကတော့ အိမ်ထဲကို ဝံပုလွေတစ်ကောင် ခေါ်မိပြီလားဟု စတင် စိုးရိမ်နေမိသည်။ လင်းဝမ်ရုံ၏ ပျားသကာလို ချိုသာသော စကားများက ဒုံချောင်ချောင်လို ဖြူစင်သူလေးကို လွယ်လွယ်နှင့် လှည့်စားသွားနိုင်ပြီး၊ တစ်ချိန်ချိန်မှာ သူမကို ခိုးပြေးသွားနိုင်သည် မဟုတ်ပါလား။
လင်းဝမ်ရုံက ဒုံချောင်ချောင်ကို စနေတာကို ရပ်လိုက်ပြီး စာအုပ်ကိုသာ အာရုံစိုက် ဖတ်လိုက်သည်။ လင်းဝမ်ရုံ အရင်က ပြောခဲ့သည့် ကဏ္ဍနှစ်ခုအပြင် တခြားသော ကဏ္ဍများလည်း ပါဝင်နေသေးသည်။ ဥပမာ - "ရှောင်သခင်မလေး၏ ဘဝအမြင်"၊ "ရှောင်သခင်မလေး၏ အမှတ်တရ စကားစုများ" နှင့် "ရှောင်သခင်မလေး၏ အိမ်ထောင်ဖက် ရွေးချယ်မှုအပေါ် အမြင်" စသည်တို့ ဖြစ်သည်။ အကယ်၍သာ သရုပ်ဖော်ပုံလေးတွေသာ ပေါင်းထည့်လိုက်လျှင်တော့ တကယ့်ကို အဆင့်မြင့် သတင်းစာငယ်လေး တစ်စောင် ဖြစ်သွားပေလိမ့်မည်။
လင်းဝမ်ရုံကတော့ နောက်ဆုံးကဏ္ဍဖြစ်သည့် "ရှောင်သခင်မလေး၏ အိမ်ထောင်ဖက် ရွေးချယ်မှုအပေါ် အမြင်" ဆိုသည့် အပိုင်းကို အထူး စိတ်ဝင်စားနေမိသည်။ ဒါကတော့ ဒုံရန်တယ်၏ အကြံ မဖြစ်နိုင်ဘဲ ဒုံချောင်ချောင်၏ ထူးချွန်လှသော အကြံသာ ဖြစ်ပေလိမ့်မည်။