အခန်း (၁၅) ရှောင်သခင်မကြီး
ဘေးတစ်ဖက်တစ်ချက်တွင် စားပွဲကြီးနှစ်လုံးနှင့် ခုံတန်းရှည်ကြီး နှစ်လုံး ရှိ လေသည်။ လျှောက်ထားရန် လာကြသူများသည် အဖွဲ့နှစ်ဖွဲ့ကွဲကာ စားပွဲတွင်ထိုင်နေသည့် ဆရာသမားပုံစံ ပေါက်နေသော အမျိုးသားနှစ်ဦးထံ၌ တစ်ဦးချင်းစီ အမည်စာရင်း ပေးသွင်းနေကြရသည်။ အလယ်တွင်မူ "ရှောင်အိမ်တော် အစေခံလျှောက်ထားရန် နေရာ" ဟု ရေးသားထားသည့် မြင့်မားသော ဆိုင်းဘုတ်ကြီးတစ်ခု ရှိနေသည်။
လင်းဝမ်ရုံ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ရာ သူ့ရှေ့တွင် ရောက်နေသူများသည် အုပ်စုနှစ်စု ကွဲနေသည်ကို တွေ့ရသည်။ တစ်အုပ်စုမှာ လင်းဝမ်ရုံကဲ့သို့ပင် အစေခံအလုပ်ကို တကယ်လုပ်ရန် လာကြသည့် အလုပ်သမားများဖြစ်ပြီး၊ ကျန်တစ်အုပ်စုမှာမူ မရိုးသားသော ရည်ရွယ်ချက်များရှိသည့် ပညာတတ် လူပျိုတော်များ ဖြစ်ကြသည်။ စုစုပေါင်း လူတစ်ထောင်ကျော်ခန့် ရှိပေလိမ့်မည်။ လူတိုင်းမှာ မိမိတို့၏ အခွင့်အရေးကို သူများ လုသွားမည်စိုးသဖြင့် အလုအယက် အမည်စာရင်း ပေးနေကြသည်။
နိမ့်ကျလှသော အစေခံရာထူးလေးအတွက်ပင် ဤမျှလောက် အပြိုင်အဆိုင် များနေသည်ကို ကြည့်ခြင်းအားဖြင့် - အလုပ်အကိုင် ရှားပါးမှု ပြဿနာဆိုသည်မှာ မည်သည့်ခေတ်ကာလတွင်မဆို ရှိနေသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုဖြစ်ကြောင်း သိသာလှသည်။
ဤလူအားလုံးမှာ သူနှင့် ယှဉ်ပြိုင်ရမည့်သူများ ဖြစ်နေသည်ကို တွေးမိသောအခါ လင်းဝမ်ရုံ အနည်းငယ် စိတ်ပျက်သွားမိသည်။ ဒီအဘိုးကြီး ဝေ့ကတော့ သူ့ကို သေတွင်းထဲ တကယ် ပို့နေတာပဲ။ လင်းဝမ်ရုံသည် လူအုပ်ထဲတွင် အခေါက်ခေါက်အခါခါ ပတ်ကြည့်လိုက်ရာ ဒီနေ့နှင့် မနက်ဖြန်မှာ ရိုးရိုးရှင်းရှင်း အမည်စာရင်း ပေးသွင်းရုံသာ ဖြစ်ကြောင်း သိလိုက်ရသည်။ ဝေ့ဦးလေးက သူ့အတွက် အမည်စာရင်း သွင်းပေးပြီးသား ဖြစ်သဖြင့် လင်းဝမ်ရုံမှာ တန်းစီရသည့် ဒုက္ခကို မခံတော့ဘဲ ဟိုဟိုဒီဒီ လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
အလုပ်လာလျှောက်သည့် အစေခံအများစု၏ မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ရှိနေကြသည်။ သူတို့ အလုပ်ရပါ့မလား ဆိုသည်ကို တွေးပူနေကြခြင်း ဖြစ်ရာ ၎င်းမှာ လင်းဝမ်ရုံ၏ ခေတ်မှ အလုပ်လျှောက်ထားသူများ၏ စိတ်အခြေအနေနှင့် တစ်ထပ်တည်း တူနေသည်။
မိမိကိုယ်ကို လူကြီးလူကောင်းများဟု မှတ်ယူထားသည့် ပညာတတ်များကမူ စာမတတ်ပေမတတ် အလုပ်သမားများကို အထင်သေးသော အကြည့်ဖြင့် ကြည့်နေကြသည်။ သူတို့မှာ သုံးယောက်တစ်စု ငါးယောက်တစ်ဖွဲ့ စုဝေးကာ စကားဖောင်ဖွဲ့နေကြသည်။ သူတို့အားလုံး၏ တူညီသောအချက်မှာ လက်ထဲတွင် ယပ်တောင်ကိုယ်စီ ရှိနေကြခြင်း ဖြစ်ပြီး၊ ကဗျာရွတ်နေစဉ်အတွင်း မသိစိတ်ဖြင့် ယပ်တောင်ကို ခါယမ်းနေတတ်ကြသည်။
ယခုမှာ ဆောင်းဦးနှောင်းပိုင်း ရောက်နေပြီဖြစ်သော်လည်း ဤလူများမှာ ယပ်တောင်ကို တဖျပ်ဖျပ် ခတ်နေကြသေးသည်။ သူတို့က အအေးဒဏ်ကို အဲဒီလိုပဲ အန်တုနေကြတာလား။ လင်းဝမ်ရုံမှာ ကြည့်ရင်း ရယ်ချင်လာသည်။
ပညာတတ်များ ဆုံမိကြပြီဆိုလျှင် မိမိတို့၏ အရည်အချင်းကို ထုတ်ကြွားကြသည်မှာ မလွဲဧကန်ပင်။ လင်းဝမ်ရုံ အနားက လူတစ်ယောက်သည် အသိသုံးယောက်ကို မြင်သွားကာ ရယ်မောရင်း နှုတ်ဆက်လိုက်သည် - "ဪ... ဝမ်ညီလေး၊ ကျောက်ညီလေး၊ လီညီလေးတို့ပါလား၊ မင်းတို့လည်း ရောက်နေကြတာကိုး"
ထိုလေးယောက်မှာ တစ်ဦးကိုတစ်ဦး ဂါရဝပြုရင်း နှုတ်ခွန်းဆက်လိုက်ကြသည်။
"ငါတို့ အမည်စာရင်းလည်း မသွင်းရသေးဘူး၊ ဒီအတိုင်း ပျင်းပျင်းရိရိ ထိုင်နေမယ့်အစား ကဗျာလေးတစ်ပုဒ်လောက် အတူတူ စပ်ကြရင် မကောင်းဘူးလား.." ဟု ပထမဆုံး အကြံပေးသည့်လူက ပြောလိုက်ရာ ကျန်သုံးယောက်ကလည်း တညီတညွတ်တည်း သဘောတူလိုက်ကြသည်။ ဤခေတ်တွင် လူမြင်ကွင်း၌ ကဗျာရွတ်ခြင်းမှာ အလွန် ခေတ်စားသော အပြုအမူ ဖြစ်သည်။ လင်းဝမ်ရုံ၏ ကမ္ဘာတွင် ချစ်သူအချင်းချင်း လူကြားထဲ၌ အချစ်ပြသခြင်း ကဲ့သို့သော ခေတ်မီအပြုအမူမျိုးပေါ့။
ပထမဆုံး အကြံပေးသည့်လူကိုပင် အားလုံးက ခေါင်းဆောင်အဖြစ် သတ်မှတ်လိုက်ကြပြီး ကဗျာကို စတင်ရန် တာဝန်ပေးလိုက်ကြသည်။
ထိုလူသည် အတော်ကြာအောင် စဉ်းစားနေပြီးနောက် မြေပြင်ပေါ်က ကြွေကျနေသော သစ်ရွက်များကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ နောက်ဆုံးတွင် ခေါင်းကို ခါယမ်းကာ ရွတ်လိုက်သည် - "တစ်ရွက်... နှစ်ရွက်... သုံးလေးရွက်..."
"ငါးရွက်... ခြောက်ရွက်... ခုနစ်ရှစ်ရွက်..." ဟု ဝမ်ညီလေးက ဆက်ရွတ်သည်။
"ကိုးရွက်... ဆယ်ရွက်... ဆယ့်တစ်ရွက်..." ဟု ကျောက်ညီလေးက ဆက်လိုက်ပြန်သည်။
သစ်ရွက်များကို ရေတွက်ပြီးသွားသောအခါ အုပ်စုထဲမှ နောက်ဆုံးလူဖြစ်သူ လီညီလေးက မျက်လုံးကို ကစားလိုက်ပြီး အသံကျယ်ကျယ်ဖြင့် အဆုံးသတ်လိုက်သည် - "ချုံပုတ်ထဲကို ကြွေကျသွား... ဘာမှ မမြင်ရတော့ပါလား..."
"ကောင်းလိုက်တဲ့ ကဗျာ... တကယ့်ကို ကောင်းတဲ့ကဗျာပဲ။" ဟု သူတို့လေးဦးလုံး တပြိုင်နက်တည်း အော်ဟစ် ချီးကျူးလိုက်ကြသည်။
ဘေးနားတွင် မတတ်သာဘဲ ရပ်ကြည့်နေရသည့် လင်းဝမ်ရုံမှာ အံ့သြလွန်းသဖြင့် သက်ပြင်းချလိုက်မိသည်။ လင်းဝမ်ရုံ သည် မိမိကိုယ်ကို အရှက်မရှိသူဟု ထင်ခဲ့သော်လည်း ဤလူငယ်လေးလေးယောက်နှင့် နှိုင်းယှဉ်လျှင်မူ သူ၏ မျက်နှာမှာ အတော်လေး ပါးသေးကြောင်း သိလိုက်ရသဖြင့် ရှက်ပင် ရှက်မိသွားသည်။
ရုတ်တရက် ရှေ့နားမှ ဆူညံသံများ ထွက်ပေါ်လာပြီး တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်သည် - "ရှောင်သခင်မကြီး ထွက်လာပြီ၊ ရှောင်သခင်မကြီး ထွက်လာပြီဟေ့...
လင်းဝမ်ရုံ စိတ်လှုပ်ရှားသွားသည်။ ခဗျား.. ထွက်လာဖို့ အချိန်တန်ပြီပဲ။
ရှေ့က လူအုပ်ကြီးမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ လူတိုင်း ရှေ့ကို တိုးဝှေ့သွားကြသည်။ မိမိတို့ကိုယ်ကို ပညာတတ်၊ လူကြီးလူကောင်းဟု မှတ်ယူထားသူများပင် သူတို့၏ ဂုဏ်သိက္ခာကို မေ့လျော့ကာ သာမန်လူများနှင့်အတူ တိုးဝှေ့နေကြတော့သည်။ တစ်ခဏလေး စောရောက်သွားလျှင်ပင် နောင်တစ်ချိန် ယောက္ခမ ဖြစ်လာမည့်သူ၏ မျက်နှာသာပေးမှုကို အရင်ရလိမ့်မည်ဟု ထင်နေကြပုံရသည်။
လင်းဝမ်ရုံ အနားတွင် ကဗျာရွတ်နေသည့် အရှက်မရှိသော လေးယောက်မှာလည်း ရှေ့သို့ ပြေးထွက်သွားကြသည်။ လင်းဝမ်ရုံသည် ခဏမျှ တွေးတောနေပြီးနောက် မိမိဘာသာ ပြောလိုက်သည် - "သံပူခိုက်မှာ ထုရမယ်၊ နှေးတဲ့သူကတော့ ဆုံးရှုံးရမှာပဲ။ ဒီလိုအချိန်မှာ လူကြီးလူကောင်း ပုံစံဖမ်းနေလို့ မဖြစ်ဘူး"
လင်းဝမ်ရုံက ထိုလေးယောက်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး အော်လိုက်သည် - "လမ်းဖယ်ပေးပါဦး... လမ်းဖယ်ပေးပါဦး။"
အဘိုးကြီး ဝေ့က လင်းဝမ်ရုံကို အူဆေးပေးခဲ့တာ - မဟုတ်ဘူး၊ ပညာလွှဲပေးခဲ့တာကြောင့် လင်းဝမ်ရုံ၏ ခွန်အားမှာ ဆယ်ဆခန့် တိုးလာခဲ့သည်။ သူသည် ထိုအမျိုးသား လေးဦးကို လွယ်လွယ်ကူကူပင် ဘေးသို့ တွန်းဖယ်နိုင်ခဲ့သည်။
ထိုလူငယ်လေးယောက်မှာ လင်းဝမ်ရုံ၏ စုတ်ပြတ်နေသော အဝတ်အစားများကို ကြည့်ကာ သူ့ကို ပြန်မတွန်းနိုင်ကြသဖြင့် တစ်ဦးကိုတစ်ဦး ကြည့်ကာ ခေါင်းခါလိုက်ကြသည် - "ဒါက စရိုက်ကိစ္စပဲ။ ငါတို့ မင်းလိုလူကို အဖက်တောင် မလုပ်ဘူး"
လူအုပ်အလယ်တွင် နန်းတွင်းဝတ်စုံ ဝတ်ဆင်ထားသည့် လှပသော အလယ်အလတ်အရွယ် အမျိုးသမီးတစ်ဦး ရှိနေသည်။ သူမတွင် ပါးလွှာသော မျက်ခုံးလေးများ၊ ဖီးနစ်မျက်လုံးများနှင့် ချောမွေ့ကြည်လင်သော အသားအရေ ရှိသည်။ သူမသည် မိခင်တစ်ဦးနှင့် မတူဘဲ အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးငယ်တစ်ဦးနှင့် ပိုတူနေသည်။ သူမသည် မိမိ၏ လက်အောက်ငယ်သားများနှင့် နောင်တစ်ချိန် အိမ်တော်ထိန်း ဖြစ်လာမည့်သူများကို တည်ငြိမ်ယဉ်ကျေးစွာ နှုတ်ဆက်နေသည်။
အခြားသူများ ခေါ်ဝေါ်ပုံအရ သူမသည် ရှောင်မိသားစု၏ အကြီးအကဲ ရှောင်သခင်မကြီး ဖြစ်ကြောင်း လင်းဝမ်ရုံ သိလိုက်ရသည်။ သူမသည် အသက် တစ်ဆယ့်ခြောက်နှစ်အရွယ်တွင် ရှောင်မိသားစုသို့ လက်ထပ်ဝင်ရောက်လာခဲ့ပြီး သမီးနှစ်ယောက် ထွန်းကားခဲ့ကာ၊ ထိုအချိန်မှစ၍ သမီးများကို ဆုံးမသွန်သင် လမ်းပြပေးခဲ့သည်။ သူမသည် ရှောင်သခင်ကြီးအတွက် သီလရှိပြီး ပညာရှိသော ဇနီးကောင်းတစ်ဦး ဖြစ်ခဲ့သည်။
ကံဆိုးစွာပင် ရှောင်သခင်ကြီးမှာ ငယ်ငယ်ရွယ်ရွယ်နှင့် ကွယ်လွန်သွားခဲ့ရာ သူမတို့ သားအမိကို ပစ်ထားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့၏ သမီးကြီးမှာ စီးပွားရေး အမြင်ရှိသူဖြစ်ပြီး ရှောင်မိသားစု၏ ကြွယ်ဝမှုကို ထိန်းသိမ်းရန် လွန်ခဲ့သော နှစ်များအတွင်း ကြိုးစားအားထုတ်ခဲ့သည်။ ဤသခင်မလေးမှာ တကယ့်ကို လေးစားဖွယ် ကောင်းလှသည်။
လင်းဝမ်ရုံသည် ရုတ်တရက် အလွန်အရေးကြီးသော ကိစ္စတစ်ခုကို တွေးမိသွားသည်။ အကယ်၍ လူဆိုးတစ်ယောက်က ရှောင်မိသားစုထဲကို ခိုးဝင်လာပြီး၊ သမီးကြီးကို လက်လှမ်းမမီနိုင်တော့သဖြင့် ညီမငယ်လေးကို မျက်စိကျသွားရင် ဘယ်လိုလုပ်မလဲ... ညီမလေးဆိုတာ ခဲအိုဖြစ်သူအတွက်တော့ ဂွမ်းကပ်အင်္ကျီလေးလို နွေးထွေးတယ်လို့ ပြောကြတာပဲ။ ဒီလူက သမီးနှစ်ယောက်လုံးကို အခွင့်ကောင်းယူရုံတင်မက ယောက္ခမကိုပါ မျက်စိကျသွားရင် ဘယ်လိုလုပ်မလဲ။ ဒီလိုမျိုး စိတ်လှုပ်ရှားစရာ အရှုပ်တော်ပုံတွေကို ဘယ်ယောက်ျားကများ အိမ်မက်မမက်ဘဲ နေမှာလဲ။
လင်းဝမ်ရုံ၏ ရင်ခုန်သံမှာ မြန်လာသည်။ ၎င်းမှာ သူ့အတွက် တကယ့်ကို ကြီးမားသော လှုံ့ဆော်မှုတစ်ခုပင်။ သူသည် ယခင်ကမ္ဘာ၌ အရောင်းမန်နေဂျာ လုပ်စဉ်က အရောင်းပန်းတိုင် ပြည့်မီစေရန်အတွက် လူကောင်းတစ်ယောက်အဖြစ် မနေခဲ့ဖူးပါ။ နည်းမျိုးစုံ သုံးခဲ့ဖူးသလို၊ ငွေပုံပေးကာ အပျိုစင်ဖျက်တာမျိုး၊ နိုင်ငံခြားသူ နှစ်ယောက်နှင့် တစ်ပြိုင်နက် ပျော်ပါးတာမျိုးတွေလည်း လုပ်ခဲ့ဖူးသည်။ ၎င်းမှာ ဖိအားပေးခံရ၍ လုပ်ခဲ့ရခြင်း ဖြစ်သော်လည်း ပြင်ပလောကတွင် ကျင်လည်ရစဉ် ထိုကဲ့သို့သော ကိစ္စများမှာ ရှောင်လွှဲ၍ မရနိုင်ခဲ့ပါ။
ဤကမ္ဘာတွင်လည်း ထိုကဲ့သို့သော ကိစ္စမျိုး ကြုံရလိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ အကယ်၍ အရည်အချင်းရှိသော အမျိုးသားတစ်ဦးက ညီအစ်မနှစ်ဦးအနက် တစ်ဦးကိုသာ ရွေးချယ်မည်ဆိုလျှင် လင်းဝမ်ရုံအနေဖြင့် လက်ခံနိုင်ပါသေးသည်။ သို့သော် အကယ်၍ ထိုသူက နှစ်ဦးလုံးကို ပိုင်ဆိုင်ပြီး ပျော်ရွှင်မှု အားလုံးကို သိမ်းပိုက်မည်ဆိုလျှင်မူ လင်းဝမ်ရုံမှာ စိတ်မသက်မသာ ဖြစ်ရပေလိမ့်မည်။
လင်းဝမ်ရုံသည် သူ့ထက် ပို၍ ပျော်ရွှင်သော အမျိုးသားတစ်ဦးကို ဤကမ္ဘာတွင် ပေါ်လာခွင့် ပေးမည်မဟုတ်။ "ငါက ဒီလောက် အရှက်မရှိတာ၊ မင်းတို့ ငါ့ကို ဘာလုပ်နိုင်မှာလဲ.." ဟု လင်းဝမ်ရုံက မောက်မာစွာ တွေးလိုက်မိသည်။ ဤကမ္ဘာတွင် သူ ကြောက်ရမည့်သူ တစ်ဦးမှ မရှိပါ။
ထိုသို့ တွေးမိရင်း သူ မိမိကိုယ်ကို ပြန်၍ ရယ်မောလိုက်သည်။ တစ်စုံတစ်ယောက်က ညီအစ်မနှစ်ယောက်လုံးကို လက်ထပ်တာပဲဖြစ်ဖြစ်၊ သားအမိ သုံးယောက်လုံးနှင့် ပျော်ပါးတာပဲဖြစ်ဖြစ်၊ သူနှင့် ဘာဆိုင်သနည်း...သူသည် ဤကမ္ဘာတွင် အသက်ရှင်သန်နိုင်ရန်သာ ကြိုးစားနေသူ မဟုတ်ပါလား။
အသက်ရှင်သန်ရေးကို ပြောရလျှင် လင်းဝမ်ရုံ၏ စိတ်ထဲ၌ အတွေးအချို့ ရှိနေသည်။ ရှောင်မိသားစုသည် ကျင်းလင်မြို့ရှိ ချမ်းသာသော မိသားစုကြီး တစ်ခုဖြစ်သည်။ အရင်ကလောက် မကြီးထွား တော့သော်လည်း ၎င်းမှာ မသေသေးသည့် သစ်ပင်ကြီးတစ်ပင်နှင့် တူနေသေးသည်။ အာဏာမရှိ၊ ပိုက်ဆံမရှိ၊ ဘယ်သူမှ မရှိသေးသည့် ယခုအခြေအနေတွင် ရှောင်မိသားစုမှာ သူ ခိုလှုံနိုင်မည့် သစ်ပင်ကြီးတစ်ပင် ဖြစ်သည်။ အသီးကို မစားရလျှင်တောင် သစ်ပင်ရိပ်မှာ ခိုလှုံနိုင်သည်ကို လင်းဝမ်ရုံ နားလည်သည်။
ဤအမြင်ဖြင့် ကြည့်လျှင် အဘိုးကြီး ဝေ့က သူ့ကို ရှောင်မိသားစုဆီ သွားခိုင်းသည်မှာ နားလည်ပေး၍ ရပါသည်။ လင်းဝမ်ရုံသည် အစပိုင်းတွင် အစေခံပြိုင်ပွဲအပေါ် ဂရုမစိုက်သလို နေခဲ့သော်လည်း၊ ယခု အတွေးပေါ်လာသောအခါမှ အလေးအနက် စတင်စဉ်းစားလာတော့သည်။ ဧည့်သည်များကို လိုက်လံ ဧည့်ခံကျွေးမွေးကာ လောင်းကစားရုံနှင့် ပြည့်တန်ဆာအိမ်များသို့ လိုက်ပို့ပေးခဲ့ရသော အရောင်းမန်နေဂျာဟောင်းတစ်ဦးအနေဖြင့် သူ၏ နှလုံးသားထဲက အထီးကျန်မှုနှင့် ဟာလာဟင်းလင်း ဖြစ်မှုကို သူ သိသည်။ မိဘများကို ထောက်ပံ့ရန်နှင့် ညီမလေး၏ ပညာရေးစရိတ်ကို ပေးရန်သာ မဟုတ်ပါက လင်းဝမ်ရုံသည် ထိုအလုပ်ကို စောစောစီးစီးပင် ထွက်ခဲ့မိမှာ ဖြစ်သည်။
ယခုအခါ လင်းဝမ်ရုံသည် မမျှော်လင့်ဘဲ ဤထူးဆန်းသော ကမ္ဘာသစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ သူဘယ်သူလဲဆိုတာ ဘယ်သူမှ မသိကြပေ။ သူသည် အထီးကျန်သူ တစ်ဦးဖြစ်ပြီး မည်သည့် ပန်းတိုင်ကိုမှ သတ်မှတ်ထားရန် မလိုပေ။ ဤသို့ဆိုလျှင် ပေါ့ပေါ့ပါးပါး အစေခံတစ်ယောက်အဖြစ် နေထိုင်ခြင်းမှာလည်း ကောင်းသည့် အကြံတစ်ခု ဖြစ်ပုံရသည်။
ရှောင်သခင်မကြီးသည် စင်မြင့်ကြီးပေါ်သို့ ဖြည်းညှင်းစွာ တက်သွားကာ တည်ကြည်စွာဖြင့် ပြောလိုက်သည် - "ရှောင်မိသားစုကို စိတ်ဝင်တစားနဲ့ လာရောက်ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ အနေနဲ့ အစေခံ ရွေးချယ်ရာမှာ ပွင့်လင်းမြင်သာမှု၊ တရားမျှတမှုနဲ့ ဘက်လိုက်မှုကင်းမဲ့ခြင်း ဆိုတဲ့ မူဝါဒတွေကို အလေးထားသွားမှာဖြစ်ကြောင်း ယုံကြည်ပေးကြပါ။ ကျေးဇူးပြုပြီး အစီအစဉ်အတိုင်း တန်းစီပေးကြပါ၊ တိုးဝှေ့ခြင်း မပြုကြပါနဲ့။ လူတိုင်းမှာ အခွင့်အရေး ရှိပါတယ်" သူမ၏ အသံမှာ နုနယ်ပျော့ပျောင်းပြီး သာယာလှသည်။ သူမသည် အသံကျယ်ကျယ်ဖြင့် မပြောသော်လည်း လူတိုင်းက အာရုံစိုက် နားထောင်နေကြသဖြင့် ရှင်းလင်းစွာ ကြားနေရလေသည်။