အခန်း (၁၄) လှုံ့ဆော်ခြင်း
ဘာကြောင့် လင်းဝမ်ရုံက ဒီလိုနေရာလွတ်တွေ ချန်ထားခိုင်းရသလဲဆိုတာကို ဒုံရန်တယ်လည်း မသိသလို၊ လင်းဝမ်ရုံကလည်း ရှင်းမပြခဲ့ပါဘူး။
ဝေ့ဦးလေး မထွက်ခွာခင်က လင်းဝမ်ရုံအတွက် စရိတ်စကအဖြစ် ငွေစ ငါးဆယ် ချန်ထားရစ်ခဲ့ပါတယ်။ လင်းဝမ်ရုံက အဲဒီငွေပြား တစ်ပြားမကျန်ကို ထုတ်ယူပြီး ဒုံရန်တယ်လက်ထဲ ထည့်ပေးလိုက်ပါတယ်။ "တခြားသူရဲ့ ယုံကြည်မှုကို ရချင်ရင် ကိုယ်တိုင်က အရင် ယုံကြည်မှု ပေးနိုင်ရမယ်" ဆိုတာက လင်းဝမ်ရုံရဲ့ စီးပွားရေး လက်ကိုင်မူဝါဒပဲ ဖြစ်ပါတယ်။
လင်းဝမ်ရုံက သူ့အပေါ် ဒီလောက်အထိ ယုံကြည်တာကို မြင်တော့ ဒုံရန်တယ်ဟာ စိတ်လှုပ်ရှားသွားပြီး ဒုံချောင်ချောင်ကို အိမ်ထောင့်ကနေ ငွေစအကြွေ ဆယ်ပြားလောက် သွားထုတ်ခိုင်းလိုက်တယ်။ "ဒါက မိန်းကလေးချောင်ချောင်ရဲ့ အိမ်ထောင်ဖက်အတွက် စုထားတဲ့ ငွေလား။" လို့ လင်းဝမ်ရုံက ပြုံးစိစိနဲ့ မေးလိုက်ပါတယ်။
ဒုံချောင်ချောင် မျက်နှာလေး နီသွားပြီး ဒုံရန်တယ်ကတော့ အနေရခက်စွာ ရယ်မောရင်း - "သခင်လေးလင်းကတော့ ကျွန်တော့်ကို နောက်နေပြန်ပြီ" လို့ ဆိုပြန်တယ်။
လင်းဝမ်ရုံက တည်တည်တံ့တံ့နဲ့ပဲ - "နောက်တာမဟုတ်ပါဘူး ဦးလေးဒုံ၊ မိန်းကလေးချောင်ချောင်... ကျွန်တော်တို့ အခု စီးပွားရေး လုပ်နေတာပါ။ ရင်းနှီးလိုက်တဲ့ အရင်းအနှီးက ဆယ်ဆပြန်ရရမယ်။ အကယ်၍ အရှုံးပေါ်ခဲ့ရင် ဒါဟာ ဦးလေးတို့ သားအဖအပေါ် ကျွန်တော် မှားတာပဲ ဖြစ်လိမ့်မယ်"
ဒုံချောင်ချောင်က သူ့ကို ကြည့်ပြီး အမြန်ပဲ ခေါင်းခါပြပါတယ် - "သခင်လေးလင်း... ကျွန်မတို့ သခင်လေးကို ယုံကြည်ပါတယ်။"
"ဦးလေးဒုံ၊ မိန်းကလေးချောင်ချောင်... ခင်ဗျားတို့ ကျွန်တော့်ကို ယုံကြည်မှတော့ စီးပွားရေး အောင်မြင်တဲ့အခါ အရင်းအနှီးအပြင် အမြတ်ရဲ့ ငါးဆယ်ရာခိုင်နှုန်းကို ပေးမယ်လို့ ကျွန်တော် ကတိပေးပါတယ်။ အဲဒီအချိန်ကျရင် မိန်းကလေးချောင်ချောင်အတွက် ခမ်းနားတဲ့ လက်ဖွဲ့ငွေတွေ ပေးနိုင်မှာပေါ့" လင်းဝမ်ရုံက ပြုံးပြီး ပြောလိုက်ပါတယ်။
ဒါကတော့ တကယ့်ကို ကြီးမားတဲ့ကမ်းလှမ်းမှုပါပဲ။ အရင်းအတိုင်းပဲ ပြန်ရရင်တောင် ငါးဆယ်ရာခိုင်နှုန်းဆိုတာ ငွေစ နှစ်ဆယ်ပြားလောက် ရှိပါတယ်။ ဒါဟာ ဒုံမိသားစုအတွက်တော့ တကယ့်ကို အံ့အားသင့်စရာပါပဲ။
အမှန်အတိုင်း ပြောရရင် လင်းဝမ်ရုံဟာ ပိုက်ဆံကို သိပ်ပြီး အရေးမထားပါဘူး။ လင်းဝမ်ရုံ ဤကမ္ဘာသို့ မလာခင်က သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ခဲ့ရပေမဲ့ သူ့ရဲ့ တစ်နှစ်ဝင်ငွေဟာ လေးသိန်းကျော် ရှိပါတယ်။ မိဘတွေနဲ့ ညီမလေးရဲ့ ကျောင်းစရိတ်အတွက် သုံးတာအပြင် တောင်ပေါ်ရွာက ဆင်းရဲတဲ့ မိဘမဲ့ကလေး ဆယ်ယောက်ကျော်ကိုလည်း သူ ထောက်ပံ့ခဲ့ပါသေးတယ်။ ကျန်တဲ့ပိုက်ဆံတွေကိုတော့ မိန်းကလေးတွေနဲ့ ချိန်းတွေ့ရာမှာ သုံးပစ်တာပေါ့။ "ပိုက်ဆံ ပိုသုံးလေလေ၊ ယောက်ျားတစ်ယောက်ဟာ ပိုက်ဆံရှာဖို့ ပိုပြီး စိတ်အားထက်သန်လေလေပဲ" ဆိုတာက လင်းဝမ်ရုံရဲ့ အမြင်ပါ။
ယခုလည်း လင်းဝမ်ရုံဟာ ဤကမ္ဘာမှာ ပထမဆုံးသော စီးပွားရေးကို ရယူဖို့ ဒီအခွင့်အရေးကို အသုံးချချင်တာပါ။ ပိုက်ဆံဆိုတာက အကြောင်းပြချက် အနည်းငယ်ပဲ ရှိပါတယ်။ အရေးကြီးဆုံးကတော့ သူဟာ ဤကမ္ဘာသစ်မှာလည်း အောင်မြင်နိုင်တယ်ဆိုတာကို သက်သေပြချင်တာပဲ ဖြစ်ပါတယ်။
လင်းဝမ်ရုံရဲ့ စိတ်အားထက်သန်မှုက ဒုံမိသားစုကိုတောင် လန့်သွားစေပါတယ်။ ဒုံရန်တယ်က လက်ကာပြရင်း - "မဖြစ်ပါဘူး... မဖြစ်ပါဘူး၊ ကျွန်တော်က သခင်လေးလင်းနောက် လိုက်ရုံနဲ့တင် ပိုက်ဆံရနေတာပဲ။ ဘယ်လိုလုပ် ဒီလောက်အထိ လောဘကြီးလို့ ဖြစ်မှာလဲ။ ကျွန်တော်တို့အတွက် လုပ်အားခလေး ရရင်တင် ရပါပြီ"
လင်းဝမ်ရုံက ဟားတိုက်ရယ်မောလိုက်ပြီး - "ဦးလေးဒုံ... ကျွန်တော်တို့ ပိုက်ဆံ မရှာရသေးဘူး။ ဒီတစ်ခါမှာ အရင်းတောင် ပြန်မရနိုင်တာမျိုး ဖြစ်နိုင်တာပဲ။ ဒါတွေကို အခုလောလောဆယ် ငြင်းမနေကြပါနဲ့ဦး။ ကျွန်တော် ပြောတဲ့အတိုင်းပဲ လုပ်ကြရအောင်"
"မဟုတ်ဘူး... သခင်လေးက ဒါကို သေချာပေါက် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်" ဒုံရန်တယ်ဟာ လူကဲခတ် တော်သူပီပီ လင်းဝမ်ရုံအပေါ် အပြည့်အဝ ယုံကြည်နေပါတယ်။
လင်းဝမ်ရုံက ပြုံးရုံသာ ပြုံးပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ သူက ဦးလေးဒုံနဲ့ သမီးဖြစ်သူကို ရှောင်သခင်မလေးနဲ့ ပတ်သက်တဲ့ အရှုပ်တော်ပုံ ဇာတ်လမ်းမျိုးစုံကို ရေးခိုင်းထားခဲ့ပြီး၊လင်းဝမ်ရုံကိုယ်တိုင်ကတော့ ဒုံချင်းရှန်းကို ခေါ်ပြီး ရှောင်မိသားစု အိမ်တော်ဆီကို တန်းတန်းမတ်မတ် ထွက်လာခဲ့ပါတယ်။
ဒုံချင်းရှန်းက လင်းဝမ်ရုံနောက်ကနေ စိတ်လှုပ်ရှားစွာ လိုက်လာရင်း - "အစ်ကိုကြီးလင်း... ကျွန်တော့်ကို သင်ပေးပါဦး။ ကျွန်တော် သူများနဲ့ ရန်ဖြစ်တဲ့အခါ ကျွန်တော့်အဖေနဲ့ အစ်မကို ကာကွယ်ပေးရင်း ဟိုကောင်တွေကို အပြတ်အသတ် ဘယ်လို နှိမ်နင်းရမလဲဆိုတာ"
လင်းဝမ်ရုံက သူ့မေးခွန်းကို တန်းမဖြေဘဲ ပြန်မေးလိုက်တယ် - "ချင်းရှန်း... မင်း ရန်ဖြစ်တဲ့အခါ အမြဲတမ်း တစ်ယောက်တည်း သွားတာလား"
ချင်းရှန်းက ခဏစဉ်းစားပြီးမှ - "တစ်ခါတလေတော့ လီပေတောက် တို့၊ တခြားသူတွေနဲ့ သွားပါတယ်။ ဒါပေမဲ့ အများအားဖြင့်တော့ တစ်ယောက်တည်းပါပဲ" လို့ ဖြေတယ်။ လီပေတောက်ဆိုတာ ချင်းရှန်းနဲ့အတူ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက် သူငယ်ချင်းတစ်ယောက် ဖြစ်ပုံရပါတယ်။
"မင်းပတ်ဝန်းကျင်မှာ တခြားသူတွေ အနိုင်ကျင့်တာကို မခံနိုင်တဲ့ သူငယ်ချင်းတွေ ရှိလား" လင်းဝမ်ရုံက မေးလိုက်ပါတယ်။
"ဒါပေါ့... ရှိတာပေါ့။ ကျွန်တော်တို့ နယ်မြေမှာ သုံးလေးယောက် အဖွဲ့တွေ အများကြီး ရှိတယ်၊ သူတို့နဲ့လည်း ကျွန်တော်က အဆက်အသွယ် ကောင်းတယ်" လို့ ချင်းရှန်းက ပြန်ဖြေပါတယ်။
"ဘာဖြစ်လို့လဲ.." လင်းဝမ်ရုံက ထပ်မေးပါတယ်။
"ဘာလို့လဲဆိုတော့ ကျွန်တော်က သူတို့ထက် ပိုပြီး ရန်ဖြစ်တော်လို့ပေါ့" လို့ ချင်းရှန်းက ခပ်ရှက်ရှက်နဲ့ ရယ်ရင်း ပြောပါတယ်။
လင်းဝမ်ရုံက မတတ်သာသလို ခေါင်းခါလိုက်မိပါတယ်။ ဒီလိုမျိုး ဟိုတစ်စု ဒီတစ်စု လူစုတွေကို စုစည်းဖို့က မလွယ်ဘူး။ သူတို့တွေကို "စနစ်တကျ ဖွဲ့စည်းထားတဲ့ ဂိုဏ်း" တစ်ခု ဖြစ်လာအောင် သူ လုပ်ပေးဖို့ လိုပါတယ်။
"ချင်းရှန်း... 'အင်အားဆိုတာ စည်းလုံးခြင်းမှာ ရှိတယ်' ဆိုတဲ့ စကားကို မင်း သိလား။" လင်းဝမ်ရုံက မေးလိုက်ပါတယ်။
ချင်းရှန်းရဲ့ မျက်လုံးတွေ တောက်ပသွားပြီး - "အစ်ကိုကြီးလင်း ပြောချင်တာက ကျွန်တော်တို့ အားလုံး စုပြီး ရန်ဖြစ်ရမယ် ဆိုတာလား.."
လင်းဝမ်ရုံက သူ့ပခုံးကို ပုတ်ပြီး - "ချင်းရှန်း... မင်းသာ ဒီလူတွေကို စည်းလုံးအောင် လုပ်နိုင်ရင်၊ သူတို့ရဲ့ ခေါင်းဆောင် ဖြစ်လာရင် မင်းမှာ ကြီးမားတဲ့ အင်အား ရှိလာလိမ့်မယ်။ မင်းကိုယ်တိုင် ဝင်ပါစရာ မလိုဘဲ အများကြီးကို ဖြေရှင်းနိုင်လာလိမ့်မယ်၊ ရန်ပွဲတွေကလည်း သဘာဝအတိုင်း နည်းသွားလိမ့်မယ်"
လင်းဝမ်ရုံဟာ ရန်ပွဲတွေ နည်းသွားပေမဲ့ ရန်ပွဲရဲ့ အတိုင်းအတာကတော့ ပိုကြီးလာလိမ့်မယ် ဆိုတဲ့ နောက်ဆုံးစကားကိုတော့ ထည့်မပြောခဲ့ပါဘူး။ ဒါကိုတော့ ဒုံချောင်ချောင်လေးက နားလည်ခဲ့တာပါ။ "သူတို့ရဲ့ ခေါင်းဆောင် ဖြစ်ရမယ် ဟုတ်လား.." ချင်းရှန်းရဲ့ မျက်လုံးတွေ ဝင်းပနေပါတယ် - "ဒါပေမဲ့ တချို့လူတွေက ကျွန်တော့်ကို ခေါင်းဆောင်အဖြစ် လက်မခံရင် ဘယ်လိုလုပ်မလဲ..."
လင်းဝမ်ရုံက အေးစက်စက် ပြုံးလိုက်ပြီး - "လက်မခံဘူး ဟုတ်လား..
မင်းမှာ လက်သီးတွေ ရှိနေတာ ဘာအတွက်လဲ.."
"ကျွန်တော် နားလည်ပြီ။ လက်မခံရင် လက်ခံလာတဲ့အထိ ထိုးနှက်ရမှာပေါ့" ချင်းရှန်းက အော်ဟစ်ပြီး ခုန်ပေါက်နေတော့တာပါပဲ။
မြေအောက် ဂိုဏ်းစတား ဆိုတာ ဒီလိုပဲ စတင်တာပါ။
ချင်းရှန်းရဲ့ စကားကို ကြားပြီး လင်းဝမ်ရုံဟာ သူ့နှာခေါင်းကို ပွတ်ရင်း ပြုံးလိုက်မိပါတယ်။ ချင်းရှန်းကတော့ ကလေးတစ်ယောက်လိုပါပဲ။
"အရင်ဆုံး မြို့တောင်ပိုင်းက ပြဿနာကို ရှင်းမယ်၊ ပြီးရင် အနောက်ပိုင်း၊ အရှေ့ပိုင်း၊ မြောက်ပိုင်း... တစ်ခုချင်းစီပေါ့။ မင်းသာ ဒီကျင်းလင်မြို့ရဲ့ ခေါင်းဆောင် ဖြစ်လာရင် ဘယ်သူကမှ မင်းကို အနိုင်ကျင့်ရဲမှာ မဟုတ်တော့ဘူး" လင်းဝမ်ရုံက ဗီလိန်ဆန်ဆန် သွေးထိုးပေးလိုက်ပါတယ်။ ကျင်းလင်မြို့ထဲမှာ အမည်းရောင် ဝတ်စုံတွေနဲ့ ဂိုဏ်းသားတွေ အချင်းချင်း သတ်ဖြတ်နေကြတဲ့ ပုံရိပ်တွေ သူ့မျက်လုံးထဲမှာ မြင်ယောင်နေမိပါတယ်။
ဒါဟာ မြေအောက်လောကရဲ့ နည်းလမ်းပါပဲ။ အကယ်၍ လင်းဝမ်ရုံက ချင်းရှန်းကို ဒီနေ့ မသင်ပေးခဲ့ရင် တစ်နေ့နေ့မှာ တခြားတစ်ယောက်ယောက်က သင်ပေးမှာပါပဲ။
"ကျင်းလင်ရဲ့ ခေါင်းဆောင် ဟုတ်လား.." ချင်းရှန်းဟာ အမှောင်ထုထဲမှာ အလင်းရောင်လေးတစ်ခုကို မြင်လိုက်ရသလိုပါပဲ။ စိတ်လှုပ်ရှားမှုတွေနဲ့အတူ လင်းဝမ်ရုံကို ကြည့်ရင်း - "အစ်ကိုကြီးလင်း... ဒီနေ့ အစ်ကိုကြီး သင်ပေးတာတွေကို ကျွန်တော် တစ်သက်လုံး မေ့မှာ မဟုတ်ပါဘူး။ ဟုတ်တယ်၊ ကျွန်တော် ကျင်းလင်ရဲ့ ခေါင်းဆောင် ဖြစ်ချင်တယ်။ ဒါပေမဲ့ အစ်ကိုကြီးလင်းကတော့ ကျွန်တော့်ရဲ့ ခေါင်းဆောင်၊ ကျင်းလင် ခေါင်းဆောင်တွေရဲ့ ခေါင်းဆောင် ဖြစ်ရမယ်"
လင်းဝမ်ရုံက ဟားတိုက်ရယ်မောရင်း - "ဒီကောင်လေးကတော့--"
ချင်းရှန်းက သူ့ခေါင်းကို အားနာသလို ပွတ်နေပါတယ်။ သူ့အမူအရာကို ကြည့်ပြီး ဒီကောင်လေးရဲ့ စိတ်ဓာတ်ကို သူ လှုံ့ဆော်နိုင်ခဲ့ပြီဆိုတာ လင်းဝမ်ရုံ သိလိုက်တယ်။ လင်းဝမ်ရုံက သက်ပြင်းချရင်း - "ချင်းရှန်း... ပြောရတာက လွယ်ပေမဲ့ လက်တွေ့လုပ်ရတာက ခက်ခဲပြီး အန္တရာယ် များလိမ့်မယ်။ အကောင်းဆုံး လက်နက်ဟာ မင်းရဲ့ ဦးနှောက်ပဲဆိုတာ မှတ်ထားပါ။ ဘာအခက်အခဲပဲ ကြုံကြုံ ငါ့ဆီ လာခဲ့၊ ငါ မင်းကို ကူညီမယ်"
ဒီကမ္ဘာကို ရောက်လာပြီးနောက် လင်းဝမ်ရုံဟာ သူ အများကြီး ပြောင်းလဲသွားတယ်လို့ ခံစားရပါတယ်။ သူ့စိတ်ထဲမှာ အမြဲတမ်း တစ်ခုခုကို လုပ်ချင်ကိုင်ချင်တဲ့ တွန်းအားတွေ ရှိနေတယ်။ အရင်က စည်းကမ်းဘောင်တွေ များတဲ့ ကမ္ဘာမှာ သူ အတော်လေး ဖိနှိပ်ခံထားရတာကြောင့် ဖြစ်ပေလိမ့်မယ်။ ဒီကို ရောက်တော့ ဘာဝန်ထုပ်ဝန်ပိုးမှ မရှိဘဲ သူ့ရဲ့ ဆိုးသွမ်းတဲ့ဘက်ခြမ်းကို အပြည့်အဝ ထုတ်ဖော်လိုက်သလိုပါပဲ။
လင်းဝမ်ရုံရဲ့ အရိပ်အမြွက်လေးတွေက ချင်းရှန်းကို အများကြီး နားလည်သွားစေပါတယ်။ သူက လင်းဝမ်ရုံကို ကြည့်ပြီး - "အစ်ကိုကြီး စိတ်မပူပါနဲ့၊ ကျွန်တော် ဘာလုပ်ရမလဲဆိုတာ အခု သိပါပြီ။ ကျွန်တော် ဖြေရှင်းလို့ မရတဲ့ ပြဿနာရှိရင် အစ်ကိုကြီးဆီ လာခဲ့ပါ့မယ်။ အစ်ကိုကြီးက ကျွန်တော့်ရဲ့ အစ်ကိုကြီးပဲ" ဒီတစ်ခါမှာတော့ သူက "လင်း" ဆိုတဲ့ နာမည်ကို ဖြုတ်ပြီး "အစ်ကိုကြီး" လို့ တိုက်ရိုက် ခေါ်လိုက်တာပါ။
မြေအောက်လောက အဖွဲ့အစည်းကြီးဟာ နောက်ဆုံးတော့ ပုံဖော်လို့ ပြီးသွားပါပြီ။ လင်းဝမ်ရုံ စိတ်ထဲက သက်ပြင်းချလိုက်မိပါတယ်။ ချင်းရှန်းရဲ့ စရိုက်နဲ့ဆိုရင် တစ်နေ့နေ့မှာ ဒီလမ်းကို လျှောက်မှာပါပဲ။ သူက အခြေအနေကို အခွင့်ကောင်းယူပြီး ချင်းရှန်းကို အမြန်ဆုံး ရင့်ကျက်လာအောင်၊ ထိခိုက်မှု နည်းအောင် လမ်းညွှန်ပေးလိုက်တာပါ။ ဒုံချောင်ချောင်လေးကတော့ သူ့ကို အပြစ်မတင်လောက်ဘူးလို့ မျှော်လင့်ရတာပဲ။
ချင်းရှန်းက စိတ်မြန်တဲ့သူ ဖြစ်ပါတယ်။ လင်းဝမ်ရုံရဲ့ လမ်းညွှန်မှုကို ရပြီးနောက် သူဟာ ပိုပြီး စိတ်မရှည်နိုင်တော့ဘဲ လီပေတောက်တို့ဆီကို တိုက်ရိုက် သွားပြီး တိုင်ပင်တော့တာပါပဲ။ လင်းဝမ်ရုံကတော့ ရှောင်အိမ်တော်ဆီကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်။
ရှောင်မိသားစုဟာ ကျင်းလင်မြို့ရဲ့ အကြီးဆုံးသော အိမ်တော်တွေထဲက တစ်ခုဖြစ်ပြီး ဦးလေးဒုံ ပေးလိုက်တဲ့ လမ်းညွှန်မြေပုံကြောင့် အဲဒီနေရာကို ရှာရတာ လွယ်ကူလှပါတယ်။
ရှောင်အိမ်တော်ဆီကို မရောက်ခင်မှာပဲ အဝေးကနေ လူအုပ်ကြီးကို တွေ့လိုက်ရပြီး ဆူညံပွက်လောရိုက်နေတာပါပဲ။ သုံးမီတာကျော် မြင့်တဲ့ တံတိုင်းကြီးနဲ့အတူ မြင့်မားတဲ့ ဂိတ်တံခါးကြီး ရှိပါတယ်။ တံခါးဝမှာ ကျောက်ခြင်္သေ့ကြီး နှစ်ကောင် ရှိပြီး နီရဲနေတဲ့ တံခါးကြီး နှစ်ချပ်ကိုတော့ တင်းတင်းကျပ်ကျပ် ပိတ်ထားပုံရတယ်။ တံခါးပေါ်မှာတော့ "ရှောင်အိမ်တော်" ဆိုတဲ့ ရွှေရောင်ဝင်းနေတဲ့စာလုံးတွေနဲ့ ဆိုင်းဘုတ်ကြီးကို နေရောင်အောက်မှာ မြင်တွေ့ရပါတော့တယ်။