အခန်း (၁၃) သခင်မလေးကို ပစ်မှတ်ထားခြင်း ၂
ဦးလေးဒုံနောက်ကို လိုက်ပြီး အိမ်ကိုရောက်တဲ့အခါ ဒုံရန်တယ်ရဲ့ နေအိမ်ဟာ သူ့တဲလေးလိုပဲ နွမ်းပါးလှတာကို လင်းဝမ်ရုံ တွေ့လိုက်ရပါတယ်။ အိမ်ထဲမှာတော့ အသက် တစ်ဆယ့်ခုနစ်၊ တစ်ဆယ့်ရှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်က ပြတင်းပေါက်နားမှာ ထိုင်ပြီး အဝတ်အစားတွေကို သေသေချာချာ ဖာထေးနေပါတယ်။ နောက်ပြီး အသက် တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ်၊ စူးစမ်းချင်စိတ်အပြည့်နဲ့ မျက်လုံးတွေရှိတဲ့ ကောင်လေးတစ်ယောက်ကတော့ လင်းဝမ်ရုံကို စိုက်ကြည့်နေလေရဲ့။
"ချောင်ချောင်... ဧည့်သည် ရောက်နေတယ်၊ မြန်မြန် ရေနွေးကြမ်း လာချပေးဦး" အိမ်ထဲဝင်ဝင်ချင်းမှာပဲ ဦးလေးဒုံက လှမ်းအော်လိုက်ပါတယ်။
ပြတင်းပေါက်နားမှာ ထိုင်နေတဲ့ မိန်းကလေးက ခေါင်းမော့ကြည့်လာတယ်။ လခြမ်းကွေးလို မျက်ခုံးအစုံ၊ မိုးကုတ်စက်ဝိုင်းလို မျက်လုံးလေးတွေ၊ စင်းလုံးချောနှာတံနဲ့ နှင်းဆီသွေးရောင် နှုတ်ခမ်းလွှာလေးတွေဟာ တကယ့်ကို ရင်သပ်ရှုမောဖွယ် အလှတရားပါပဲ။ တကယ့်ကို ရှားပါးလှတဲ့ အလှမျိုးပါ။ အကယ်၍ သူမသာ ပီကင်းတက္ကသိုလ်မှာရှိရင် အနည်းဆုံးတော့ ကျောင်းအလှမယ် ဖြစ်မှာ သေချာတယ်။
ဒီလို နှာဘူးရုပ်ပေါက်တဲ့ ဦးလေးဒုံမှာ ဒီလောက်လှတဲ့ သမီးမျိုး ရှိလိမ့်မယ်လို့ လင်းဝမ်ရုံ မယုံနိုင်အောင် ဖြစ်သွားရပါတယ်။ ဝါးပုပ်ပင်ကနေ ဝါးညှောက်ကောင်း ထွက်လာသလိုပါပဲ။
လင်းဝမ်ရုံက ရယ်မောရင်း ဦးလေးဒုံကို ပြောလိုက်ပါတယ် - "ဦးလေးဒုံ... ဦးလေးကတော့ တကယ့်ကို ကံကောင်းတဲ့သူပဲ။"
ဦးလေးဒုံက ခေါင်းမော့ပြီး ရယ်လိုက်တယ် - "သမီး... ဒါက သခင်လေးလင်း တဲ့၊ လာ နှုတ်ဆက်လိုက်ဦး"
သူစိမ်းယောင်္ကျားလေးတစ်ယောက်နဲ့ တစ်ခါမှ အနီးကပ်မဆုံဖူးတာကြောင့်လားမသိ၊ ချောင်ချောင်ရဲ့ မျက်နှာလေးမှာ အနည်းငယ် ပန်းရောင်သန်းသွားပြီး လင်းဝမ်ရုံဆီ လျှောက်လာကာ ယဉ်ကျေးပျူငှာစွာ ဂါရဝပြုလိုက်ပါတယ် - "သခင်လေးလင်း... မင်္ဂလာပါ။"
လင်းဝမ်ရုံက ထွက်နေတဲ့ သူ့ခြေချောင်းလေးတွေကို ညွှန်ပြရင်း ပြုံးလိုက်ပါတယ် - "မိန်းကလေးဒုံ... ကျွန်တော့်ရဲ့ စုတ်ပြတ်သတ်နေတဲ့ အသွင်အပြင်ကို ကြည့်ပါဦး။ ကျွန်တော့်လို လူကို ဘယ်လိုလုပ် သခင်လေးလို့ ခေါ်လို့ ဖြစ်မှာလဲ။"
လင်းဝမ်ရုံရဲ့ ဖိနပ်ပေါက်ကနေ ထွက်နေတဲ့ ခြေချောင်းလေးတွေကို မြင်တော့ ချောင်ချောင်က မပြုံးဘဲ မနေနိုင်တော့ပါဘူး။ သူမရဲ့ မျက်နှာလေးဟာ ပိုပြီးတော့တောင် နီမြန်းသွားရပါတယ်။
အဲဒီနောက် ဦးလေးဒုံက တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်အရွယ် ကောင်လေးကို ညွှန်ပြပြီး - "ချင်းရှန်း... လာ၊ သခင်လေးလင်းကို နှုတ်ဆက်လိုက်ဦး" လို့ ဆိုပါတယ်။
ချင်းရှန်းက လင်းဝမ်ရုံကို စူးစမ်းသလို ကြည့်ပြီး ရှေ့တိုးလာကာ ဦးညွှတ်လိုက်ပါတယ် - "သခင်လေးလင်း... မင်္ဂလာပါ"
လင်းဝမ်ရုံက ပြုံးပြီး ချင်းရှန်းကို သူ့အနား ဆွဲခေါ်လိုက်တယ် - "ဦးလေးဒုံ... ဒါ ဦးလေးရဲ့ သားလား။"
ဦးလေးဒုံက ပြုံးပြီး ပြန်ဖြေပါတယ် - "ဟုတ်တယ်၊ ဒီကောင်လေးက အလုပ်မရှိ အကိုင်မရှိနဲ့ ပြဿနာပဲ လိုက်ရှာနေတာ။
ချင်းရှန်းဟာ တစ်ဆယ့်ငါး၊ တစ်ဆယ့်ခြောက်နှစ်ပဲ ရှိသေးပေမဲ့ သူ့မျက်လုံးတွေက ဖျတ်လတ်ပြီး အမူအရာက ပြတ်သားတယ်၊ လူစိမ်းကိုလည်း မကြောက်ပါဘူး။ သူ့ကိုယ်ပေါ်မှာ ဒဏ်ရာအချို့ ရှိနေတာက ရန်ပွဲတစ်ခုခုမှာ ပါဝင်ခဲ့ပုံရပါတယ်။ ဒါပေမဲ့ လင်းဝမ်ရုံ ကတော့ ဒါကို သဘာဝကျကျပဲ သဘောထားပြီး ဘာမှမဖြစ်သလို နေနေပါတယ်။
လင်းဝမ်ရုံက ချင်းရှန်းကို သဘောကျသွားပြီး မေးလိုက်တယ် - "ညီလေးဒုံ... မင်း စာသင်ဖူးလား။"
ချင်းရှန်းက ခေါင်းခါပြတယ် - "ကိုယ်ပိုင်ကျောင်းမှာ နှစ်နှစ်လောက် တက်ဖူးတယ်၊ ဒါပေမဲ့ ဆရာက ကျွန်တော့်ကို ကျောင်းထုတ်လိုက်တယ်"
ဦးလေးဒုံက ဒေါသထွက်သွားပြီး - "အဲဒီ ကျန်းဆိုတဲ့ ကောင်လေးနဲ့ ဘယ်သူက မင်းကို ရန်ဖြစ်ခိုင်းလို့လဲ။" လို့ ငေါက်လိုက်ပါတယ်။
ဒုံချင်းရှန်းက ပြန်ပြောတယ် - "ကျန်းမျိုးရိုးက သူများကို အနိုင်ကျင့်နေတာလေ၊ ကျွန်တော်က ဒီအတိုင်း ဘယ်လိုလုပ် ကြည့်နေနိုင်မှာလဲ။ သေချာတာပေါ့၊ ကျွန်တော် ဝင်ပါရမှာပဲ။ သူသာ နောက်တစ်ခါ ထပ်လုပ်ရဲရင် ကျွန်တော် သေချာပေါက် ထပ်ထိုးမှာပဲ"
ဒုံရန်တယ်က ဒေါသထွက်လွန်းလို့ သူ့မုတ်ဆိတ်မွေးတွေ တလှုပ်လှုပ် ဖြစ်လာတာကို မြင်တော့ ဒုံချောင်ချောင်က အလျင်အမြန်ပဲ ဖျောင်းဖျလိုက်ပါတယ် - "အဖေရယ်... ဒါတွေက ပြီးခဲ့ပါပြီ။ မောင်လေးကို ထပ်ပြီး မဆူပါနဲ့တော့"
ဒုံရန်တယ်ဟာ သူ့သမီးစကားကို နားထောင်ပုံရပြီး ဒုံချင်းရှန်းကို တစ်ချက် စိုက်ကြည့်ရုံသာ ကြည့်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။
လင်းဝမ်ရုံက ဒါကို သဘောကျသွားပြီး ဒုံချင်းရှန်းကို ပြောလိုက်တယ် - "နောင်ကျရင် မင်း ရန်ဖြစ်ချင်တယ်ဆိုရင် ငါ့ဆီ လာခဲ့။ ငါ မင်းကို ကူညီဖို့ နည်းလမ်းရှာပေးမယ်၊ ဘယ်သူမှ မင်းကို အနိုင်မကျင့်နိုင်စေရဘူး"
"တကယ်လား...." ဒုံချင်းရှန်းကို ဒီလိုမျိုး ပြောပေးတဲ့သူ တစ်ယောက်မှ မရှိခဲ့ပါဘူး၊ အထူးသဖြင့် လင်းဝမ်ရုံလို ပညာတတ်ပုံစံမျိုးနဲ့ လူငယ်တစ်ယောက်ဆီကပေါ့။ ဒုံချင်းရှန်းကတော့ တကယ့်ကို ဝမ်းသာသွားပါတယ်။
ဒုံရန်တယ်နဲ့ ဒုံချောင်ချောင်တို့ကတော့ လင်းဝမ်ရုံကို ကြည့်နေကြတယ်။ ဒုံရန်တယ်က လင်းဝမ်ရုံ ဘာကို ဆိုလိုမှန်း နားမလည်ပေမဲ့၊ ဒုံချောင်ချောင်ရဲ့ မျက်လုံးတွေထဲမှာတော့ အပြစ်တင်တဲ့ အရိပ်အယောင်လေးတွေ ပါနေပါတယ်၊ ဒါပေမဲ့ သူမရဲ့ နုနယ်တဲ့ အလှတရားကြောင့် အဲဒီအကြည့်ဟာ တခြားအဓိပ္ပာယ်တစ်မျိုး ဆောင်နေသလိုပါပဲ။
လင်းဝမ်ရုံက ဒုံမိသားစု သားအဖကို ပြုံးပြပြီး ပြောလိုက်တယ် - "ဦးလေးတို့ ချင်းရှန်းကို လမ်းပေါ်မှာ ရန်မဖြစ်ဖို့ တားနေမယ်ဆိုရင်တော့ ဒါက ထိရောက်မှာ မဟုတ်ဘူး။ ဟုတ်တယ်မလား..."
ဒုံချောင်ချောင်က မောင်လေးရဲ့ ကိုယ်ပေါ်က ဒဏ်ရာတွေကို ကြည့်ပြီး မျက်လုံးထဲမှာ စိတ်မကောင်းဖြစ်တဲ့ အရိပ်အယောင်လေးတွေ ဖြတ်ပြေးသွားပါတယ်။ သူမက လင်းဝမ်ရုံကို တစ်ချက်ကြည့်ပြီး ခေါင်းလေး ငြိမ်ငြိမ်လေး ညိတ်ပြလိုက်တယ်။
လင်းဝမ်ရုံက ဆက်ပြောပါတယ် - "ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းတယ်။ ချင်းရှန်းကို အကျိုးမရှိဘဲ ရမ်းကားပြီး ပြဿနာရှာခွင့်ပေးမယ့်အစား၊ သူ ဘာလုပ်သင့်တယ်၊ ဘာကို မလုပ်သင့်ဘူး၊ ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေကို ဘယ်လို လျှော့ချမလဲနဲ့ သူ့ကို ချစ်တဲ့သူတွေကို ထိခိုက်မှုမရှိအောင် ဘယ်လိုကာကွယ်မလဲဆိုတာ သင်ပေးတာက ပိုကောင်းတယ်"
ဒုံချင်းရှန်းရဲ့ မျက်နှာက ဝင်းပသွားပြီး - "ဟုတ်တယ်၊ အဲဒါ ကျွန်တော် လိုချင်တာပဲ။ အစ်ကိုကြီးလင်း... ကျွန်တော့်ကို သင်ပေးပါဦး" လို့ ဆိုလာပါတယ်။
ဒုံချင်းရှန်းက တော်တော်လေး ပါးနပ်ပါတယ်၊ ချက်ချင်းပဲ "သခင်လေးလင်း" လို့ ခေါ်တာကို ရပ်ပြီး "အစ်ကိုကြီး" လို့ ပြောင်းခေါ်လိုက်ပါတယ်။
ဒုံရန်တယ်ကတော့ လင်းဝမ်ရုံရဲ့ စကားရဲ့နောက်ကွယ်က အဓိပ္ပာယ်ကို နားမလည်သေးပေမဲ့၊ ဒုံချောင်ချောင်ကတော့ တစ်ခုခုကို စဉ်းစားနေတဲ့ အမူအရာနဲ့ နားလည်သွားပုံ ရပါတယ်။
လင်းဝမ်ရုံက ဒုံရန်တယ်ကို ခေါင်းညိတ်ပြပြီး - "ဦးလေးဒုံ မစိုးရိမ်ပါနဲ့။ အခုကစပြီး ချင်းရှန်းဟာ ရန်ဖြစ်တာ နည်းသထက် နည်းလာပါလိမ့်မယ်"
ဒုံချောင်ချောင်က လင်းဝမ်ရုံကို ကြည့်ပြီး - "ရန်ဖြစ်တာကတော့ နည်းသွားနိုင်တယ်၊ ဒါပေမဲ့ ရန်ပွဲရဲ့ အတိုင်းအတာကတော့ ပိုကြီးလာနိုင်တာပေါ့" လို့ ပြောလိုက်ပါတယ်။
"မိန်းကလေးချောင်ချောင်က တကယ့်ကို ပါးနပ်တာပဲ" လင်းဝမ်ရုံက ရယ်မောရင်း ပြောလိုက်ပါတယ်။ သူ အံ့သြသွားပေမဲ့လည်း ဒုံချောင်ချောင်ဟာ ထူးထူးခြားခြား ဉာဏ်ကောင်းပြီး သူ့အတွေးတွေကိုတောင် ခန့်မှန်းနိုင်တာကို သူ မြင်လိုက်ရပါတယ်။
ဒုံချောင်ချောင်က ရှက်သွားပြီး အသံတိုးတိုးလေးနဲ့ အလျင်အမြန် ပြောလိုက်ပါတယ် - "သခင်လေးလင်း... ကျွန်မကို အဲဒီလောက် မချီးမွမ်းပါနဲ့။ ကျွန်မက ချင်းရှန်းကို အကျင့်ဆိုးတွေ မသင်မိအောင် သေသေချာချာ သင်ပေးစေချင်ရုံပါ"
ဟားဟား... ဒီမိန်းကလေးလေးက တော်တော် စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ဒုံချောင်ချောင်အနေဖြင့် လင်းဝမ်ရုံက ဒုံချင်းရှန်းကို လမ်းမှားမပို့ဖို့ သတိပေးနေတာ ဖြစ်ပေမဲ့၊ အဲဒါကို နုနုနယ်နယ်လေး ပြောတတ်တာကြောင့် လင်းဝမ်ရုံမှာ ရယ်ချင်စိတ်ကို မနည်းအောင့်ထားရပါတယ်။
"သေချာတာပေါ့၊ သေချာတာပေါ့" လင်းဝမ်ရုံက ဒုံချောင်ချောင်ကို မျက်စိတစ်ချက် မှိတ်ပြရင်း နားလည်ကြောင်း ပြန်ဖြေလိုက်ပါတယ်။
ဒုံချောင်ချောင်မှာ မျက်နှာတစ်ခုလုံး နီမြန်းသွားရပါတယ်။ သူမ ပြောချင်တဲ့ အဓိပ္ပာယ်ကို လင်းဝမ်ရုံက အကုန် ရိပ်မိသွားတယ်ဆိုတာ သူမ သိလိုက်လို့ပါ။ လင်းဝမ်ရုံရဲ့ ရှေ့မှာတော့ သူမရဲ့ ဉာဏ်လေးက အသုံးမဝင်သလို ခံစားလိုက်ရပါတယ်။
လင်းဝမ်ရုံက မိန်းကလေးကို ပလီနေဖို့ ရောက်နေတာ မဟုတ်ပါဘူး။ သူ စကားဖြတ်လိုက်ပြီး ဦးလေးဒုံဆီက စက္ကူတစ်ရွက် တောင်းလိုက်ပါတယ်။ အဲဒီနောက် အဲဒီစက္ကူကို လေးပိုင်း သေသေချာချာ ဖြတ်လိုက်ပြီး - "ဦးလေးဒုံ... လက်ရေးလှတဲ့သူ တစ်ယောက်ကို ရှာပြီးတော့ ရှောင်သခင်မလေးအကြောင်း ဦးလေး သိသမျှ အကုန်လုံးကို အသေးစိတ် ရေးခိုင်းလိုက်ပါ။ ဘာတစ်ခုမှ မကျန်စေနဲ့၊ ပြီးတော့ ကဏ္ဍတွေ ခွဲပြီး ရေးရမယ်။ ဥပမာ - ရှောင်သခင်မလေး စားတာ ဝါသနာပါရင် 'ရှောင်သခင်မလေးနှင့် အစားအစာ' ဆိုပြီး ကဏ္ဍတစ်ခု သီးသန့် ရေးရမယ်။ အဝတ်အစား ဘယ်လိုမျိုး ကြိုက်တယ်ဆိုရင် 'ရှောင်သခင်မလေးရဲ့ အလှအပ ဝါသနာ' ဆိုပြီး ရေးရမယ်။ အဲဒီလိုမျိုးပေါ့။ အကယ်၍ ဒီစက္ကူ လေးပိုင်းနဲ့ မလောက်ရင် အသေးလေးတွေ ထပ်ဖြတ်ပြီး ဆက်တိုးရေးပါ။ ပြီးရင် လက်သွက်တဲ့သူ တစ်ယောက်ကို ရှာပြီး စာအုပ်တစ်အုပ်အဖြစ် ချုပ်ခိုင်းလိုက်ပါ"
ဒုံရန်တယ်က နားမလည်နိုင်စွာ မေးပါတယ် - "သခင်လေးလင်း... ဒါတွေက ဘာလို့ လိုတာလဲ.. လက်ရေးအတွက်ရော၊ စာအုပ်ချုပ်ဖို့အတွက်ရော တခြားလူ ရှာနေစရာ မလိုပါဘူး။ ချောင်ချောင်လေးက ဒါတွေကို ကောင်းကောင်း လုပ်နိုင်ပါတယ်"
"ဪ... ဟုတ်လား" လင်းဝမ်ရုံက ဒုံချောင်ချောင်ကို အံ့သြသလို ကြည့်လိုက်မိပါတယ်။ သူမမှာ ဒီလို အရည်အချင်း ရှိလိမ့်မယ်လို့ သူ မထင်ထားခဲ့ပါဘူး။
ဒုံချောင်ချောင်ကတော့ သူမ အဖေနဲ့ လင်းဝမ်ရုံ ဘာတွေ ကြံစည်နေမှန်း မသိပေမဲ့ မငြင်းဘဲ ရှက်ကိုးရှက်ကန်းနဲ့ပဲ ငြိမ်နေပါတယ်။
"ကျွန်တော် ရှောင်သခင်မလေးကို မျက်စိကျနေလို့ပါ" လင်းဝမ်ရုံက ပြုံးရင်း ပြောလိုက်ရာ အားလုံး အံ့သြသွားကြပါတယ်။
ဒုံချောင်ချောင်မှာ မျက်နှာနီသွားပြီး စိတ်ထဲကနေ "သူက ဘယ်လိုတောင် အရှက်မရှိတာလဲ.. ဒီလို စကားမျိုးကို ဘယ်လိုများ လွယ်လွယ်ကူကူ ပြောထွက်ရတာလဲ.." လို့ တွေးနေမိပါတယ်။
ဒုံချင်းရှန်းကတော့ ပွင့်ပွင့်လင်းလင်းပါပဲ - "အစ်ကိုကြီးလင်း... အစ်ကိုကြီးက ရှောင်သခင်မလေးကို ပိုးပန်းချင်တာလား. ကောင်းတာပေါ့၊ သူမကို ခေါ်လာခဲ့လေ၊ ကျွန်တော်လည်း သူမ ဘယ်လိုပုံစံလဲဆိုတာ မြင်ချင်တယ်"
ဦးလေးဒုံကတော့ လင်းဝမ်ရုံရဲ့ နည်းလမ်းတွေကို အရင်က မြင်ဖူးထားတာကြောင့် သူ့မှာ တခြား ရည်ရွယ်ချက် တစ်ခုခု ရှိမယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီလင်းဆိုတဲ့ လူငယ်က ဘာလုပ်မယ်ဆိုတာ ခန့်မှန်းရ ခက်တဲ့သူမို့ ရှောင်သခင်မလေးကို တကယ် စိတ်ဝင်စားနေတာလည်း ဖြစ်နိုင်ပါတယ်။လို့ တွေးလိုက်သည်။
လင်းဝမ်ရုံက ရယ်မောလိုက်တယ် - "ချင်းရှန်းရယ်... မင်းက ဘယ်လိုတွေ တွေးနေတာလဲ.. ငါ သူမကို လူချင်းတောင် မမြင်ဖူးသေးတာ၊ ဘယ်လိုလုပ် ပိုးပန်းမှာလဲ။ မင်းက မင်းရဲ့ အစ်ကိုကြီးလင်းကို အထင်ကြီးလွန်းရာ ရောက်နေပြီ"
သူ့မှာ ရှောင်မိသားစုအပေါ် မကောင်းတဲ့ ခံစားချက် အချို့ ရှိနေပါတယ်။ ဘာလို့လဲဆိုတော့ ဝေ့ဦးလေးက သူ့ကို အဲဒီအိမ်မှာ အစေခံ သွားလုပ်ဖို့ အတင်းခိုင်းထားလို့ပါ။ အဲဒီ သခင်မလေးတွေနဲ့ သခင်မကြီးဆီမှာ အစေခံ မလုပ်ရသေးခင်မှာ ရှောင်သခင်မလေးရဲ့ အမည်ကို သုံးပြီး ပိုက်ဆံလေး နည်းနည်းပါးပါး ရှာလိုက်မှ သူ့ရဲ့ နာကျင်နေတဲ့ နှလုံးသားလေး သက်သာရာ ရမှာပါ။
ဒုံချောင်ချောင်က ခိုးပြုံးပြီး သူ့ကို ကြည့်နေပါတယ်။ ဒီ လင်းဆိုတဲ့လူက တခြား စာပေတတ်ကျွမ်းတဲ့ လူကြီးလူကောင်းတွေနဲ့ မတူဘူး၊ သူ့ရဲ့ မျက်နှာက တော်တော်လေး ပြောင်ပုံရတယ်လို့ သူမ တွေးနေမိပါတယ်။
လင်းဝမ်ရုံက " ဒုံချောင်ချောင် စာဖတ်တတ်၊ စာရေးတတ်တယ်ဆိုတာ သိရ တော့ ဝမ်းသာသွားတယ် ။ မိမိသိတဲ့ လူတစ်ယောက်နဲ့ အလုပ်လုပ်ရတာ ပိုလွယ်တာပေါ့။ လင်းဝမ်ရုံက စာမျက်နှာ တိုင်းမှာ နေရာလွတ် အချို့ ချန်ထားဖို့၊ နေရာလွတ်ရဲ့ အရွယ်အစားနဲ့ တည်နေရာကိုလည်း အမျိုးမျိုး ထားဖို့ ဦးလေးဒုံကို ညွှန်ကြားလိုက်ပါတယ်။