အခန်း (၁၀) ပညာလွှဲပြောင်းတာလား၊ ဒါမှမဟုတ် အူဆေးတာလား ၁
အခြေအနေက ဤသို့ဖြစ်နေသဖြင့် လင်းဝမ်ရုံသည်လည်း အားနာမနေတော့ဘဲ ပုံကြမ်းစာအုပ်ကို သိမ်းဆည်းလိုက်တော့သည်။
"ဒီပညာရပ်ဟာ တစ်ဖက်သားဆီက စုပ်ယူဖြည့်တင်းတဲ့ ပညာရပ်တွေထက် အများကြီး သာလွန်ပေမဲ့၊ စနစ်တကျ မကျင့်ကြံရင်တော့ အောက်တန်းကျတဲ့ လမ်းစဉ်ထဲကို ရောက်သွားတတ်တယ်။ အမျိုးသမီးတစ်ဦးနဲ့ ဆက်ဆံတဲ့အခါ ယင်နဲ့ယန် အပြန်အလှန် ဖလှယ်ဖို့ သတိပြုပါ၊ အထူးသဖြင့် အပျိုစင်လေးတွေနဲ့ပေါ့" ဟု ဝေ့ဦးလေးက အကြံပေးလေသည်။
ဘာ... စုပ်ယူဖြည့်တင်းတဲ့ ပညာရပ်ထက် သာလွန်တယ် ဟုတ်လား။ ဒါတွေက အဓိပ္ပာယ်မရှိတာဘဲ။ ဒီနည်းစနစ်က ကာမရူး တွေအတွက် ကျင့်ဖို့ သီးသန့် ထုတ်ထားတာပဲ ဖြစ်ရမည်။ ဝေ့ဦးလေး၏ စကားများမှာ ဝေဝါးနေသည်၊ ၎င်းမှာ သူကိုယ်တိုင် လက်တွေ့ မစမ်းသပ်ဖူး၍လည်း ဖြစ်နိုင်ရာ နားလည်ပေး၍ ရပါသည်။
သို့သော် လင်းဝမ်ရုံသည် ဤကမ္ဘာသို့ ရောက်သည်မှာ တစ်လသာ ရှိသေးပြီး ချစ်သူရည်းစားထားရန် အခွင့်အရေး မရသေးချေ။ ယင်နှင့်ယန် ဖလှယ်ရန်အတွက် အမျိုးသမီးကို ဘယ်မှာ သွားရှာရမည်နည်း။ အဓိက ပြောချင်သည်မှာ သူ၏ စံနှုန်းနှင့်ဆိုလျှင် လမ်းဘေးက အမျိုးသမီးမျိုးကိုတော့ သူ ဘယ်တော့မှ လှည့်ကြည့်မည် မဟုတ်ပေ။
လင်းဝမ်ရုံ၏ ဇဝေဇဝါ ဖြစ်နေသော အမူအရာကို မြင်သောအခါ ဝေ့ဦးလေးက မတတ်သာသည့်အဆုံး ခေါင်းခါလိုက်ပြီး "ကဲ... ငါ မင်းကို နောက်ထပ် အကူအညီတစ်ခု ထပ်ပေးပါ့မယ်" ဟု ဆိုသည်။
သူသည် လင်းဝမ်ရုံ၏ ခေါင်းထိပ်ပေါ်သို့ လက်ဖဝါးကို သာသာလေး တင်လိုက်ရာ ပူနွေးသော စီးကြောင်းတစ်ခုမှာ သူ၏ ခန္ဓာကိုယ်အတွင်း ဦးခေါင်းမှ ခြေဖျားအထိ စီးဆင်းသွားပြီး တစ်ကိုယ်လုံး နွေးထူး သာယာသွားစေသည်။ ထိုခံစားချက်မှာ မိုက်ခရိုဝေ့ဖ်ထဲတွင် ကင်ခံနေရသည့် အသားတစ်ခုကဲ့သို့ပင်။
အချိန်မည်မျှ ကုန်ဆုံးသွားသည် မသိသော်လည်း ဝေ့ဦးလေးသည် နောက်ဆုံးတွင် သူ၏ လက်ဖဝါးကို ပြန်ရုပ်သိမ်းလိုက်သည်။ သူ၏ နဖူးတွင် ချွေးများ စိုရွှဲနေပြီး မျက်နှာမှာလည်း အသက် နှစ်ဆယ်ခန့် ပိုအိုသွားသကဲ့သို့ ဖြူလျော့နေတော့သည်။
ယခုမှသာ သူသည် တကယ့် အသက်ရှစ်ဆယ်အရွယ် အဘိုးကြီးနှင့် တူသွားတော့သည်။ လင်းဝမ်ရုံသည် စိတ်ထဲမှ "သူ့မျက်နှာကို သခွားသီးစိတ်တွေနဲ့ ကပ်ပေးရင်တောင် အပိုပဲ ဖြစ်တော့မယ်" ဟု တွေးနေမိသည်။
လင်းဝမ်ရုံသည် သူ၏ လက်မောင်းများကို လှုပ်ရှားကြည့်လိုက်ရာ အရင်ကထက် များစွာ ပိုမိုပြင်းထန်သော အင်အားတစ်ခုမှာ သူ၏ အဆစ်အမြစ်များနှင့် ခန္ဓာကိုယ်အနှံ့ စီးဆင်းနေသည်ကို ခံစားလိုက်ရသည်။
အချိန်အတော်ကြာ အသက်ရှူနှုန်း ပြန်ညှိပြီးနောက် ဝေ့ဦးလေးက မျက်လုံးဖွင့်ကာ ပြောသည် - "မင်းရဲ့ အခြေခံ အရိုးအဆစ်တွေက ကောင်းပေမဲ့ အသက် ဆယ့်ရှစ်နှစ် ကျော်နေပြီဖြစ်လို့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက တည်ငြိမ်နေပြီ။ ငါ မင်းအပေါ် သုံးလိုက်တဲ့ ပညာလွှဲပြောင်းမှုက ရလဒ် သိပ်မကောင်းလှဘူး။ ငါ့ရဲ့ အင်အား ၇၀ ရာခိုင်နှုန်းကို မင်းရဲ့ ကိုယ်ထဲ ထည့်ပေးလိုက်ပေမဲ့ မင်းက ၁၀ ရာခိုင်နှုန်းတောင် ပြည့်အောင် မစုပ်ယူနိုင်ခဲ့ဘူး"
ဝေ့ဦးလေး သည် စကားပြောရင်း ခေါင်းခါနေမိရာ ၎င်းမှာ လင်းဝမ်ရုံအတွက် နှမြော၍လား သို့မဟုတ် မိမိ၏ အင်အားများ ဆုံးရှုံးသွား၍လား ဆိုသည်မှာ မသဲကွဲပေ။
ထည့်ပေးသမျှရဲ့ ၁၀ ရာခိုင်နှုန်းအောက်ပဲ စုပ်ယူနိုင်တာလား။ ဒါကတော့ စွမ်းဆောင်ရည် အတော်လေး နိမ့်လွန်းလှ၍ လင်းဝမ်ရုံ အနည်းငယ် ရှက်သွားမိသည်။
အမှန်အတိုင်း ပြောရလျှင် လင်းဝမ်ရုံသည် အသက် ၂၄၊ ၂၅ အရွယ် ရှိပြီဖြစ်ပြီး တက္ကသိုလ်မှ ဘွဲ့ရထားသူ ဖြစ်သည်။ သူသည် အလတ်စား ကုမ္ပဏီတစ်ခုတွင် လေးနှစ်ကြာ ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့ပြီး ဌာနမန်နေဂျာ ရာထူးအထိ တိုးမြှင့်ခံခဲ့ရသူ ဖြစ်သည်။ တကယ်တော့ သူသည် ဝေ့ဦးလေး ပြောသကဲ့သို့ ဆယ့်ရှစ်နှစ်အရွယ် မဟုတ်ဘဲ ၂၄၊ ၂၅ အရွယ် ဖြစ်သည်။
လင်းဝမ်ရုံ ထိုက်တောင်ပေါ်မှ ပြုတ်ကျခဲ့စဉ်က ဟင်းလင်းပြင် သာမက အချိန် ပါ ပုံပျက်သွားခဲ့ခြင်း ဖြစ်သည်။ ဤကမ္ဘာသို့ ရောက်ရှိလာချိန်တွင် လင်းဝမ်ရုံ၏ ခန္ဓာကိုယ်မှာ မျှော်လင့်မထားဘဲ သူ ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ထို့ကြောင့် ယခု လင်းဝမ်ရုံသည် အပြင်ပန်းတွင် ဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ် အသွင်အပြင် ရှိသော်လည်း စိတ်နှလုံးမှာမူ ၂၅ နှစ်အရွယ် ဖြစ်နေတော့သည်။
သဘာဝကျစွာပင် လင်းဝမ်ရုံသည် သူ၏ အသက်ကို ကယ်တင်ခဲ့သော ဤကိုယ်ကျိုးမငဲ့သည့် ဝေ့ဦးလေး ကို ထိုအကြောင်းများ ရှင်းမပြတော့ပေ။ လင်းဝမ်ရုံသည် ဝေ့ဦးလေး အပေါ် ပြောမပြနိုင်လောက်အောင် ကျေးဇူးတင်လျက် ရှိသည်။
ဝေ့ဦးလေး၏ ဖြူလျော့နေသော ပါးပြင်ကို ကြည့်ရင်း လင်းဝမ်ရုံသည် ပထမဆုံးအကြိမ်အဖြစ် အလေးအနက် တွေးမိသည်မှာ - သူသည် ဖန်သားနှင့် ပြုလုပ်ထားသူ ဖြစ်နေပါစေဦးတော့၊ ဝေ့ဦးလေးသည် သူ၏ ဝေ့ဦးလေးပင် ဖြစ်နေဦးမည် ဖြစ်သည်။
"ဝေ့ဦးလေး... ကျေးဇူးတင်ပါတယ်။ အရာအားလုံးက ကျွန်တော် ထိန်းချုပ်လို့ရတဲ့ အရာတွေ မဟုတ်ပါဘူး၊ အခုရထားတဲ့ တိုးတက်မှုနဲ့တင် ကျွန်တော် အတော်လေး ကျေနပ်နေပါပြီ" ဟု လင်းဝမ်ရုံက တည်ငြိမ်စွာ ပြောလိုက်သည်။ သူသည် အခြေအနေကို နားလည်ထားပြီးသား ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ၏ ခန္ဓာကိုယ်မှာ အချိန်နှင့် ဟင်းလင်းပြင်ကြားမှာ ပုံပျက်သွားခဲ့သော်လည်း အသက်ရှင်လျက် ဤနေရာသို့ ရောက်လာနိုင်ခဲ့သည်မှာတင် ကြီးမားသော လက်ဆောင်တစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။ လင်းဝမ်ရုံက ဘာများ ထပ်တောင်းဆိုနေဦးမည်နည်း။
ဝေ့ဦးလေးက လင်းဝမ်ရုံကို လက်မထောင်ပြကာ "အရာရာကို ရယူနိုင်သလို စွန့်လွှတ်နိုင်တာဟာ သူရဲကောင်း စစ်စစ်ရဲ့ လက္ခဏာပဲ။ ကောင်းတယ် လင်းဝမ်ရုံ။ ပညာလွှဲပြောင်းမှုက မအောင်မြင်ခဲ့ပေမဲ့ ပုံထဲက စိတ်စွမ်းအား နည်းစနစ်တွေကိုသာ သေသေချာချာ လေ့လာရင် မင်း တကယ့်ကို အင်အားကြီးလာမှာပါ၊ စိတ်ချထားလိုက်"
"ပညာလွှဲပြောင်းပေးခြင်း" ဆိုသည့် နာမည်မှာ လင်းဝမ်ရုံအတွက် ထူးဆန်းနေသည်။ သူ သိထားသည်မှာ "အူဆေးခြင်း" ( အူမကြီးကို သန့်စင်ခြင်း) ဆိုသည့် နည်းစနစ်သာ ဖြစ်သည်။
ပညာလွှဲပြောင်းမှု မအောင်မြင်သဖြင့် လင်းဝမ်ရုံ၏ သိုင်းပညာအပေါ် စိတ်ဝင်စားမှုမှာလည်း တဖြည်းဖြည်း လျော့နည်းလာသည်။ ပုံကြမ်းစာအုပ်ကိုမူ သူ၏ ဇနီးနှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန်အတွက် ကြည့်ရှုရမည့် အပြာစာအုပ်တစ်အုပ်အဖြစ်သာ သဘောထားလိုက်တော့မည်။ လင်းဝမ်ရုံသည် မိမိဘာသာ ပြုံးစိစိ လုပ်နေမိပြီး သူ၏ စိတ်အခြေအနေမှာလည်း ပို၍ ပျော်ရွှင်လာသည်။
"လင်းဝမ်ရုံ... ငါတို့ ဆုံခဲ့ကြတဲ့ အချိန်အတွင်းမှာ ငါ့အပေါ် မင်း ဘယ်လို ခံစားရလဲ။" ဟု ဝေ့ဦးလေးက ရုတ်တရက် မေးသည်။
"ပြောဖို့တောင် မလိုပါဘူး၊ ဦးလေးက ကျွန်တော့်အသက်ကို ကယ်ခဲ့တာ၊ ကျွန်တော် ဦးလေးအပေါ်မှာ ကြီးမားတဲ့ ကျေးဇူးကြွေး တင်နေပါတယ်" ဟု လင်းဝမ်ရုံက မဆိုင်းမတွ ပြန်ဖြေသည်။
ဝေ့ဦးလေး၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။ "အကယ်၍ ငါက မင်းကို အကူအညီတစ်ခု တောင်းရင် မင်း ကူညီနိုင်မလား။" ဟု သူက မေးသည်။
လင်းဝမ်ရုံသည် တစ်စုံတစ်ယောက်၏ သားအဖြစ် ဟန်ဆောင်ခိုင်းပြန်မည်ကို စိုးရိမ်သဖြင့် "တစ်စုံတစ်ယောက်အဖြစ် ဟန်ဆောင်ရတာမျိုး မဟုတ်ဘဲ ကျွန်တော့် တတ်နိုင်တဲ့ အထဲကဆိုရင်တော့ ကျွန်တော် သေချာပေါက် ကူညီပါ့မယ်" ဟု အမြန် ပြန်ဖြေလိုက်သည်။
ဝေ့ဦးလေးက ခေါင်းညိတ်ကာ "ကောင်းပြီ။ တကယ်တော့ အဲဒါက ရိုးရိုးလေးပါ။ ငါ မင်းကို ရှောင်မိသားစုဆီ သွားပြီး အစေခံ တစ်ယောက် လုပ်စေချင်တယ်"
"အ... စေ... ခံ...။" လင်းဝမ်ရုံမှာ အံ့သြလွန်းသဖြင့် မိမိလျှာကိုပင် ပြန်ကိုက်မိလုမတတ် ဖြစ်သွားသည်။
သူ ရှောင်မိသားစု အကြောင်းကို သိသည်။ သူတို့သည် ကျင်းလင်မြို့ရှိ အချမ်းသာဆုံး မိသားစုများထဲမှ တစ်ခုဖြစ်ပြီး ဝေ့ဦးလေးကိုယ်တိုင်ပင် သူတို့ဆီတွင် အကြီးတန်း အစေခံအဖြစ် အလုပ်လုပ်နေခြင်း ဖြစ်သည်။
"ဒီအဘိုးကြီးက ငါ့ကို အစေခံ လုပ်ခိုင်းတာလား။သူတစ်ပါးကို အလုပ်အကျွေး ပြုခိုင်းတာလား။" လင်းဝမ်ရုံသည် ဝေ့ဦးလေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ အစောပိုင်းက စကားကြီးစကားကျယ်တွေ မပြောခဲ့မိဘူးဆိုလျှင် သူ ဝေ့ဦးလေးကို အသေအလဲ ထိုးကြိတ်မိတော့မည် ဖြစ်သည်။
ဝေ့ဦးလေး၏ မျက်နှာပေါ်မှ အောင်နိုင်သူ အပြုံးကို မြင်လိုက်ရသောအခါမှ လင်းဝမ်ရုံသည် ဝေ့ဦးလေး၏ ထောင်ချောက်ထဲသို့ ရောက်သွားပြီဖြစ်ကြောင်း နားလည်သွားသည်။ ဒီအဘိုးကြီးက သူ့ကို အစေခံ လုပ်ခိုင်းရုံတင်မကဘဲ သူ့ကိုပါ ရွှံ့ထဲ ဆွဲချချင်နေတာပဲ။ သူ့ရဲ့ စိတ်ထားက တကယ့်ကို ပုပ်ပွနေတာပဲ။
လင်းဝမ်ရုံသည် အပြာရောင် အင်္ကျီလေးနှင့် ဦးထုပ်အဝိုင်းလေးကို ဆောင်းကာ သခင်၏ အမိန့်ပေးသမျှကို နာခံနေရသည့် မိမိ၏ အသွင်အပြင်ကို မြင်ယောင်နေမိသည်။ သူသည် ငယ်စဉ်ကတည်းက လွတ်လပ်ပေါ့ပါးစွာ နေထိုင်ရသည်ကို နှစ်သက်သူ ဖြစ်သော်လည်း ယခုအခါ ဤအဘိုးကြီး၏ ထောင်ချောက်ထဲတွင် ပိတ်မိသွားခဲ့လေပြီ။ လင်းဝမ်ရုံသည် သူတစ်ပါး၏ အစေခံ ဖြစ်ရတော့မည်။ သူ၏ စိတ်ထဲမှ မကျေနပ်မှုများမှာ ယန်ဇီမြစ်ရေ အဆက်မပြတ် စီးဆင်းနေသကဲ့သို့ပင် ပြင်းထန်လှသည်။
ဝေ့ဦးလေးသည် လင်းဝမ်ရုံ၏ မျက်နှာကို ကြည့်နေစရာပင် မလိုဘဲ လင်းဝမ်ရုံ မည်သို့သော အမူအရာ ဖြစ်နေမည်ကို သိနေသည်။ ဝေ့ဦးလေးသည် သက်ပြင်းချဟန် ဆောင်ကာ "ကဲ... ထားလိုက်ပါတော့၊ မင်း စိတ်မပါဘူးဆိုရင်လည်း ငါ မ--"
"နေဦး--" လင်းဝမ်ရုံက သူ့စကားကို ဖြတ်ပြောလိုက်သည်။ ဤအဘိုးကြီးသည် သူ့ကို တမင် သွေးထိုးနေခြင်း ဖြစ်ကြောင်း သိသော်လည်း သူသည် အစောပိုင်းက စကားပြောခဲ့ပြီးပြီ ဖြစ်ရာ အံကြိတ်ကာ ပြောလိုက်ရတော့သည် - "ကောင်းပြီ... ကျွန်တော် ကတိပေးပါတယ်။ ရှောင်မိသားစုဆီ သွားပြီး... အစေခံ လုပ်ပါ့မယ်။"
"ဒါပေမဲ့..." လင်းဝမ်ရုံ၏ အသံက ပြောင်းသွားသည် - "တစ်နှစ်ပဲနော်။ ဆိုလိုတာက ကျွန်တော် ရှောင်မိသားစုမှာ တစ်နှစ်ပဲ အစေခံ လုပ်မယ်။ တစ်နှစ်ပြည့်ရင် ကျွန်တော်တို့ ကျေပြီ"
"တစ်နှစ်လား။" ဝေ့ဦးလေးက ခေါင်းညိတ်ပြသည် - "တစ်နှစ်ဆိုရင် လုံလောက်တဲ့ အချိန်ပါပဲ။ ဝမ်ရုံ... မင်း ရှောင်မိသားစုထဲကို ဝင်သွားပြီး တစ်ခုခု ထူးထူးခြားခြား ဖြစ်လာအောင် လုပ်နိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဒါဟာ ရှောင်မိသားစုအတွက်တင် မဟုတ်ဘဲ မင်းကိုယ်တိုင် အတွက်လည်း ပါတယ်"
အစေခံ တစ်ယောက်ကလား။ တစ်ခုခု ထူးထူးခြားခြား ဖြစ်လာအောင် လုပ်ရမယ် ဟုတ်လား။ ရှောင်မိသားစု အတွက်ရော၊ ကိုယ့်အတွက်ပါ ဟုတ်လား။ ဒီအဘိုးကြီးကတော့ စကားတွေ အတော်လေး ချိုချိုသာသာ ပြောတတ်တာပဲ။ လင်းဝမ်ရုံမှာ သူ့ကို သတ်ချင်လောက်အောင် မုန်းတီးသွားမိသည်။ အစေခံတစ်ယောက်က ဘာတွေ ထူးထူးခြားခြား လုပ်နိုင်မှာလဲ။ ဒီအဘိုးကြီးကတော့ တကယ့်ကို အရှက်မရှိတာပဲ။
ဝေ့ဦးလေးသည် လင်းဝမ်ရုံ၏ စိတ်ထဲ ဘာတွေ တွေးနေမည်ကို သဘာဝကျစွာပင် သိရှိနေသည်။ သူ၏ မျက်နှာတွင် လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု ပေါ်လာပြီး "သတိရပါ၊ ကောင်းကင်ဘုံဟာ ကြိုးစားတဲ့သူကိုပဲ မျက်နှာသာ ပေးလေ့ရှိတယ်။ အခွင့်အရေးဆိုတာ တစ်ခါပဲ လာတတ်တာ၊ အဲဒါကို ဆုပ်ကိုင်ဖို့ကတော့ မင်းအပေါ်မှာပဲ မူတည်တယ်။ မင်း ရလာမယ့် အရာက မင်းတစ်ခါမှ စိတ်တောင် မကူးဖူးတဲ့ အရာမျိုး ဖြစ်နေနိုင်တယ်"
လင်းဝမ်ရုံသည် ဝေ့ဦးလေးက သူ့ကို အရင်က ဒုက္ခပေးခဲ့သည့် ကိစ္စဆီသို့ ပြန်လည် ဆွဲခေါ်နေသည်ဟု ခံစားလိုက်ရသည်။ သူ ထပ်ပြီး မေးမြန်းချင်သော်လည်း ဝေ့ဦးလေးမှာ ကုတင်ပေါ်တွင် တင်ပလ္လင်ခွေကာ တရားမှတ်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။ သိသာလှသည်မှာ သူ ထပ်ပြီး စကားမပြောချင်တော့ခြင်း ဖြစ်သည်။
လင်းဝမ်ရုံသည် သူ၏ စကားများကို ပြန်မျိုချလိုက်ရတော့သည်။ သူသည် ဒီနေ့ ဒဏ်ရာလည်း ရထားသလို အလွန်လည်း ပင်ပန်းနေပြီ ဖြစ်သည်။ လင်းဝမ်ရုံသည် စိတ်ထဲမှနေ၍ ဤကောက်ကျစ်သော အဘိုးကြီးကို ခဏမျှ ကျိန်ဆဲပြီးနောက် အိပ်ပျော်သွားတော့သည်။
လှုပ်ရှားသံတစ်ခုကြောင့် လင်းဝမ်ရုံ နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်ချိန်တွင် မိုးလင်းနေပြီ ဖြစ်သည်။ ဝေ့ဦးလေးသည် သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်နေသည်။
လင်းဝမ်ရုံ နိုးလာသည်ကို မြင်သောအခါ ဝေ့ဦးလေးသည် ကုတင်ပေါ်မှ ဆင်းကာ လင်းဝမ်ရုံရှေ့တွင် ရပ်ပြီး အကျယ်ကြီး အော်ပြောလိုက်သည် - "ဆုံတွေ့ခြင်း ရှိရင် ခွဲခွာခြင်း ရှိတာ ဓမ္မတာပါပဲ။ ဂရုစိုက်ပါ ဝမ်ရုံ"
လင်းဝမ်ရုံသည် ပခုံးမှ နာကျင်မှုကို ဂရုမစိုက်ဘဲ အမြန် ထလိုက်ကာ ဝေ့ဦးလေးကို ရိုသေလေးစားစွာ သုံးကြိမ်တိုင်တိုင် ဦးချလိုက်သည်။
ဝေ့ဦးလေးသည် သူ့ကို အစေခံအဖြစ် အလုပ်သွင်း ခဲ့သည်ဟု ဆိုနိုင်သော်လည်း သူသည် လင်းဝမ်ရုံ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်သည်မှာ အမှန်တရားပင် ဖြစ်ပြီး မည်သည့်အရာနှင့်မျှ ပြောင်းလဲ၍ မရနိုင်ပေ။ ယောက်ျားတစ်ယောက်အနေနှင့် ကျေးဇူးကြွေးကို ပြန်ဆပ်ရမည် ဖြစ်ရာ ဦးသုံးကြိမ် ချခြင်းမှာ ပြောပလောက်သည့် ကိစ္စ မဟုတ်ပေ။
ဝေ့ဦးလေးက လင်းဝမ်ရုံကို အမြန်ပင် တားလိုက်ပြီး ရုတ်တရက် တစ်ခုခုကို သတိရသွားပုံရသည် - "အော်... ငါ မေ့တော့မလို့ပဲ။ ဝမ်ရုံ... မနက်ဖြန်မှာ ရှောင်မိသားစုရဲ့ အစေခံသစ် ရွေးချယ်ပွဲ ရှိတယ်။ ငါ မင်းရဲ့ နာမည်ကို ငါ့ရဲ့ အဝေးက တူတော်မောင် 'လင်းဆန်း' ဆိုတဲ့ နာမည်နဲ့ စာရင်းသွင်းထားပြီးသား။ သတိထားပါ၊ တစ်စုံတစ်ယောက်က 'လင်းဆန်း' လို့ ခေါ်ရင် အဲဒါ မင်းပဲ။ အချိန်မှန်အောင် သွားဖို့ မမေ့နဲ့ဦး”