အခန်း ၂၆- ဘယ်သူလုပ်တာလဲ
"ကဲ... ငါ့ကို ကိုယ်ရံတော်ဗိုလ်မှူးဆီ ခေါ်သွားစမ်း" နင်ပေက အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့..."
ဝတ်စုံနက်လူသား၏ စိတ်ဝိညာဉ်မှာ လုံးဝပြိုလဲသွားခဲ့ပြီဖြစ်ရာ နင်ပေစကားကိုသာ နာခံနိုင်တော့သည်။ နင်ပေက သူ့ကို ဒီနေရာတင် အဆုံးစီရင်ရန် အမိန့်ပေးလျှင်ပင် သူ ဇဝေဇဝါမဖြစ်ဘဲ ချက်ချင်းလုပ်ဆောင်မည့် အခြေအနေမျိုး ဖြစ်နေပြီ။
"သခင်လေး... သခင်လေးလားဟင်" ထိုစဉ် တင်းကျပ်စွာ ပိတ်ထားသော အခန်းတံခါးမှာ အက်ကွဲကြောင်းလေးတစ်ခုစာ ပွင့်လာသည်။ စင်္ကြံလမ်းထက်က မြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှေရှောင်ယု၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဘာတွေဖြစ်ပျက်ခဲ့မှန်း မဝေခွဲနိုင်တော့ပေ။
နင်ပေ ခဏမျှ စဉ်းစားလိုက်ပြီးနောက် "ရှောင်ယု... မင်းလည်း ငါနဲ့အတူ လိုက်ခဲ့ပါလား"
ဒီလူတွေအပြင် ရှောင်ယုကို ဖမ်းဖို့ တခြားအဖွဲ့တွေ ထပ်လာဦးမလားဆိုတာ သူ မသေချာသဖြင့် အမှားအယွင်းမရှိစေရန် သူမကိုပါ တစ်ပါတည်း ခေါ်သွားခြင်းက ပိုစိတ်ချရသည်။
"ဟုတ်ကဲ့... သခင်လေးပြောတဲ့အတိုင်း လိုက်ခဲ့ပါ့မယ်" ရွှေရှောင်ယုက တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေသည်။ ပြီးခဲ့သည့် အတွေ့အကြုံများကြောင့် သူမအနေဖြင့် နင်ပေအပေါ် ထားရှိသည့် ယုံကြည်မှုမှာ အကြွင်းမဲ့ ရှိနေခဲ့ပြီဖြစ်သည်။
တည်းခိုခန်းမှ ထွက်လာချိန်တွင် တည်းခိုခန်းပိုင်ရှင်နှင့် စားပွဲထိုးတို့ သတိလစ်နေသည်ကို နင်ပေ တွေ့လိုက်ရသည်။ ထိုဝတ်စုံနက်အဖွဲ့က ကြိုတင်လက်စဖျောက်ထားခဲ့ခြင်း ဖြစ်ပုံရသည်။
အခြားတစ်ဖက်တွင်မူ...
မျက်လုံးတစ်ဖက်တွင် အဝတ်စည်းထားပြီး ငွေရောင်ချပ်ဝတ်တန်ဆာကို ဆင်မြန်းထားသည့် သက်လတ်ပိုင်းလူတစ်ဦးသည် လှံတစ်စင်းကဲ့သို့ မတ်မတ်ရပ်နေသည်။ သူ့ထံမှ ပြင်းထန်လှသော စစ်တလင်းသွေးသောက် အငွေ့အသက်များ ထွက်ပေါ်နေပြီး ကြီးကျယ်ခမ်းနားသော ပြာသာဒ်ဆောင်အတွင်း လက်နှစ်ဖက်ကို နောက်ပစ်ကာ ကြယ်တာရာ စုံလင်လှသည့် ညကောင်းကင်ယံကို ကြည့်ရင်း မျက်နှာတွင် စိတ်မရှည်သည့် အရိပ်အယောင်များ ဖြတ်ပြေးနေသည်။
အချိန်မည်မျှ ကြာသွားပြီနည်း။ ထိုမိန်းကလေးကို ဘာကြောင့် အခုထိ ခေါ်မလာသေးတာလဲ။
ကိုယ်ရံတော်ဗိုလ်မှူးအနေဖြင့် ဤအစီအစဉ်တွင် အမှားအယွင်းတစ်ခုခု ရှိလာလိမ့်မည်ဟု လုံးဝမထင်ထားခဲ့ပေ။ အကြောင်းမှာ ထိုစေလွှတ်လိုက်သော လက်အောက်ငယ်သားများသည် သူကိုယ်တိုင် စနစ်တကျ ပြုစုပျိုးထောင်ထားသည့် ထိပ်တန်းကျွမ်းကျင်သူများ ဖြစ်ကြသောကြောင့်ပင်။ အနိမ့်ဆုံးကျင့်ကြံခြင်းအဆင့်သည်ပင် တတိယအဆင့် တွင်ရှိပြီး ခေါင်းဆောင်ဖြစ်သူမှာ စတုတ္ထအဆင့် သို့ ရောက်ရှိနေပြီဖြစ်သည်။
ပန်ရှီမြို့တွင်မူ ၎င်းတို့သည် ဧကန်မုချ ထိပ်သီးအင်အားစု ဖြစ်သည်။ သာမန်မိန်းကလေးတစ်ယောက်ကို တိတ်တဆိတ် ဖမ်းဆီးခြင်းမှာ လက်ဖျောက်တစ်ချက်တီးရသလောက် လွယ်ကူရမည် မဟုတ်ပါလား။
သို့သော် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးလာသည်နှင့်အမျှ ကိုယ်ရံတော်ဗိုလ်မှူး၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလာရသည်။
ရုတ်တရက်...
လရောင်အောက်တွင် ရင်းနှီးနေသော ဝတ်စုံနက်နှင့် လူရိပ်တစ်ခု လျှောက်လှမ်းလာသည်ကို မြင်လိုက်ရသည်။
ကိုယ်ရံတော်ဗိုလ်မှူးက ထိုသူကို မှတ်မိသဖြင့် အေးစက်စွာ အော်ဟစ်လိုက်သည် "လီဟုန်... မင်းက ဘာလို့ အခုမှ လာသတင်းပို့တာလဲ။ နေဦး... ဟိုမိန်းကလေးကော။ ဘာလို့ ငါ့ဆီ ခေါ်မလာတာလဲ"
ထိုအခါမှ လီဟုန်၏ လက်ထဲတွင် မည်သူမျှ ပါမလာသည်ကို သတိပြုမိသွားသည်။ သူ ချက်ချင်းပင် ထိတ်လန့်ဒေါသထွက်သွားပြီး အမျက်ဒေါသများ ပေါက်ကွဲတော့မည့်ဆဲဆဲမှာပင် ပြောင်ချော်ချော် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
"ဟေ့... ဒီဘက်ကို ကြည့်စမ်း"
နင်ပေသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ တည်ငြိမ်စွာ လျှောက်လှမ်းလာပြီး ရွှေရှောင်ယုကမူ စိုးရိမ်ထိတ်လန့်စွာဖြင့် နောက်ကနေ ကပ်လိုက်လာသည်။
"မင်း.." ကိုယ်ရံတော်ဗိုလ်မှူး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ ယနေ့နံနက်က ထိုမိန်းကလေးနှင့်အတူ ရှိနေခဲ့သည့် လူငယ်လေး ဖြစ်နေသည်ကို သူ ချက်ချင်း သတိရလိုက်သည်။
ဆိုလိုသည်မှာ ၎င်းတို့၏ စီမံကိန်းသည် ဤလူငယ်ကြောင့် ပျက်စီးသွားခဲ့ရခြင်းပင်။
သို့သော် ကိုယ်ရံတော်ဗိုလ်မှူးအတွက် ပို၍ လက်ခံရခက်သည်မှာ လီဟုန်သည် သူ့အပေါ် အမြဲတစေ သစ္စာရှိလှသည့် ရင်နှစ်သည်းချာ လူယုံတစ်ယောက် ဖြစ်ပါလျက်နှင့် ယခုကဲ့သို့ အခြေအနေမျိုးတွင် မိမိ၏ တည်နေရာကို ဖော်ကောင်လုပ်ကာ လမ်းပြခေါ်ဆောင်လာခဲ့ခြင်းပင် ဖြစ်သည်။
"ဟင်... ငါ ဘာလို့ ဒီကို ရောက်နေတာလဲ" ထိုစဉ် လီဟုန်သည် ထိန်းချုပ်ခံထားရသည့် အခြေအနေမှ လွတ်မြောက်သွားသည်။ ကိုယ်ရံတော်ဗိုလ်မှူး၏ ဆိုးဝါးလှသော မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူ လုံးဝ ဝေခွဲမရဖြစ်သွားတော့သည်။ အကြောင်းမှာ သူ့မှတ်ဉာဏ်ထဲတွင် သူသည် တည်းခိုခန်း၌သာ ရှိနေသေးသည်ဟု ထင်မှတ်နေသောကြောင့် ဖြစ်သည်။
"သခင်ကြီး... ကျွန်တော်..."
"သစ္စာဖောက်... သေပေတော့..." ကိုယ်ရံတော်ဗိုလ်မှူးသည် ခါးတွင်ချိတ်ထားသော ဓားရှည်ကို ပြတ်သားစွာ ဆွဲထုတ်လိုက်သည်။ ဆီးနှင်းပမာ ဖြူဆွတ်သော ဓားအလင်းတန်းသည် လျှပ်စီးကဲ့သို့ မြန်ဆန်စွာဖြင့် ကောင်းကင်ယံကို ဖြတ်သန်းသွားသည်။
ဖူး....!
ခေါင်းပြတ်ကြီးတစ်ခုသည် အပေါ်သို့ မြင့်မားစွာ လွင့်ပျံသွားပြီး သွေးချင်းချင်းနီနေသော လည်ပင်းပြတ်ကြီးနှင့် ခန္ဓာကိုယ်မှာ မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားတော့သည်။
နင်ပေသည် လိမ့်ဆင်းလာသော ခေါင်းပြတ်ကို တစ်ချက်ကြည့်လိုက်ရာ သေဆုံးသွားသူ၏ မျက်လုံးများမှာ ပြူးကျယ်လျက် အေးစက်သော လရောင်အောက်တွင် ကြောက်မက်ဖွယ်ရာ အသွင်ဆောင်နေသည်။ သို့သော် နင်ပေကမူ မည်သည့်ခံစားချက်မျှမရှိဘဲ ထိုခေါင်းကို ခြေထောက်ဖြင့် ခပ်လှမ်းလှမ်းသို့ ကန်ထုတ်ပစ်လိုက်သည်။
ကိုယ်ရံတော်ဗိုလ်မှူးသည် ဓားကို နင်ပေထံသို့ ချိန်ရွယ်ကာ ဟိန်းဟောက်လိုက်သည် "မင်းက ဘယ်သူလဲ... ချက်ချင်းပြောစမ်း..."
"ငါ ဘယ်သူလဲဆိုတာ မအရေးကြီးပါဘူး။ အရေးကြီးတာက မင်းတို့မြို့စားမင်းက ဘာဖြစ်လို့ လူပေါင်းမြောက်မြားစွာကို ဖမ်းဆီးနေရတာလဲဆိုတာပဲ" နင်ပေက တစ်ဖက်လူကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။
သူသည် မတရားမှုကို တိုက်ဖျက်ပြီး ငြိမ်းချမ်းရေး ဆောင်ကျဉ်းပေးချင်သည့် သူရဲကောင်းတစ်ယောက် မဟုတ်ပေ။ ဤအကြောင်းကို မေးမြန်းရခြင်းမှာ သူ၏ စူးစမ်းချင်စိတ် သက်သက်ကြောင့်သာ ဖြစ်သည်။
ကိုယ်ရံတော်ဗိုလ်မှူးသည် ထိုနက်မှောင်သော ခရမ်းရောင် သူငယ်အိမ်များနှင့် အကြည့်ချင်းဆုံမိသောအခါ စိတ်အာရုံများ ဝေဝါးလာသဖြင့် မိမိ၏ လျှာဖျားကို အားကုန်ကိုက်လိုက်သည်။ ပြင်းထန်သော နာကျင်မှုကြောင့် သူ သတိပြန်လည်လာခဲ့သည်။ ထိုချောမောလှပသော လူငယ်ကို ပြန်ကြည့်လိုက်သည့်အခါ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားတော့သည်။
"မင်းက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို တိုက်ရိုက်လွှမ်းမိုးနိုင်တာပဲ။ ဒါဆို လီဟုန်က တကယ်တော့..."
သူသည် ခုနတင်ပဲ မိမိလက်ဖြင့် သတ်လိုက်သော လူယုံကို ပြန်တွေးမိပြီး ထိုသူသည် မိမိကို သစ္စာဖောက်ခဲ့ခြင်း မဟုတ်ဘဲ ဤဆန်းကြယ်သော လူငယ်၏ ထိန်းချုပ်မှုကို ခံခဲ့ရခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။
ထိုသို့ တွေးမိလိုက်သည်နှင့် ကိုယ်ရံတော်ဗိုလ်မှူး၏ မျက်နှာမှာ တွန့်ရှုံ့သွားပြီး ရင်ဘတ်ထဲတွင် ဓားဖြင့် မွှေနေသကဲ့သို့ ပြင်းထန်စွာ ခံစားလိုက်ရသည်။
တောက်... ငါ လူမှားသတ်မိလိုက်ပြီ....
နင်ပေက မျက်ခုံးတစ်ချက် ပင့်လိုက်သည်။ ဤအချက်ကို ကြည့်ခြင်းအားဖြင့် တစ်ဖက်လူသည် အနည်းဆုံး ဆဋ္ဌမအဆင့် တွင် ရှိနေပြီး သူ၏ 'မကောင်းဆိုးဝါးမျက်လုံး' စွမ်းရည်၏ လှည့်စားမှုကို အားခဲကာ တောင့်ခံနိုင်ခြင်း ဖြစ်သည်။
"မင်း ဘယ်သူပဲဖြစ်ဖြစ်... အခု မင်းလုပ်ခဲ့တဲ့ လုပ်ရပ်တွေအတွက် တန်ဖိုးပြန်ပေးရမယ်.." သူသည် ဒေါသအဟုန်ဖြင့် ဆဋ္ဌမအဆင့် နှောင်းပိုင်း၏ စွမ်းအင်အငွေ့အသက်များကို ပေါက်ကွဲထွက်ပေါ်စေကာ ရှေ့သို့ ခုန်ပျံပြီး နင်ပေထံသို့ ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
ဝူး....!
စူးရှတောက်ပသော ဓားအလင်းတန်းသည် လူးလွန့်နေသော နဂါးတစ်ကောင်ကဲ့သို့ ဖျတ်လတ်ဆန်းပြားပြီး လျှပ်စီးပမာ မြန်ဆန်လှသည်။
မျက်တောင်ခတ်အတွင်းမှာပင် ၎င်းသည် နင်ပေကို နှစ်ပိုင်းပိုင်းဖြတ်သွားခဲ့ပြီ...!
ကိုယ်ရံတော်ဗိုလ်မှူးက လှောင်ပြုံးပြုံးလိုက်သော်လည်း ထိုအပြုံးမှာ ချက်ချင်းပင် အေးခဲသွားသည်။ အကြောင်းမှာ သူ ပိုင်းဖြတ်လိုက်မိသည်မှာ ပုံရိပ်ယောင်တစ်ခုသာ ဖြစ်နေသောကြောင့်ပင်... ထိုစဉ် ဘေးနားမှ ပြင်းထန်သော လေတိုးသံတစ်ခု ထွက်ပေါ်လာသည်။ ကိုယ်ရံတော်ဗိုလ်မှူး၏ ရင်ထဲတွင် အေးစိမ့်သွားကာ ဓားကို အလျင်အမြန် ဝေ့ယမ်းလိုက်ရာ မိုးကြိုးပမာ ပြင်းထန်သော ဓားအလင်းတန်းသည် မှောင်မိုက်သော ညဉ့်ဦးယံကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။
သို့သော်လည်း ဤတိုက်ခိုက်မှုသည်ပင် လွဲချော်သွားခဲ့ပြန်သည်။
သူ့ပတ်ပတ်လည်တွင် ဝေဝါးလှသော ပုံရိပ်ယောင်များသည် မကောင်းဆိုးဝါး မိုးကြိုးနက်လိုင်းများကို ဆွဲခေါ်လျက် ဆက်တိုက်ဆိုသလို ဖြတ်ပြေးနေသည်။
နင်ပေသည် ကြောင်က ကြွက်ကို ကစားနေသကဲ့သို့ ကိုယ်ရံတော်ဗိုလ်မှူးကို ဝေခွဲမရဖြစ်အောင် စနောက်နေခြင်း ဖြစ်သည်။ ကိုယ်ရံတော်ဗိုလ်မှူး၏ ဓားကွက်များမှာ ဗရမ်းဗတာ ဖြစ်လာပြီး သူ၏ စိတ်ဓာတ်ခံတံတိုင်းမှာလည်း ပြိုလဲလုနီးပါး ဖြစ်လာခဲ့ပြီ။
အချိန်ကျပြီဖြစ်ကြောင်း သိလိုက်သဖြင့် နင်ပေက အနီးသို့ ကပ်သွားသည်။ ခြေထောက်ရိပ်တစ်ခု ကောင်းကင်ယံထက်တွင် ပေါက်ကွဲထွက်ပေါ်လာသည်။ ကိုယ်ရံတော်ဗိုလ်မှူး၏ ရင်ဘတ်မှာ အမြောက်ဆန်ဖြင့် အထုခံလိုက်ရသကဲ့သို့ သွေးများ အုန်းခနဲ ပန်းထွက်သွားတော့သည်။ သူ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်ထွက်သွားပြီး ပြာသာဒ်ဆောင်တစ်ခုကို ဆွဲဖြိုကာ ဖုန်မှုန့်များ တထောင်းထောင်း ထသွားစေသည်။
အပျက်အစီးများကြားတွင် ကိုယ်ရံတော်ဗိုလ်မှူး၏ ပါးစပ်မှ သွေးများ တသွင်သွင် စီးကျနေပြီး နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ပုံပျက်ပန်းပျက် ဖြစ်နေသည်။ နည်းနည်းမျှ လှုပ်ရှားလိုက်သည်နှင့် ရင်ဘတ်ထဲတွင် ဆုတ်ဖြဲခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားနေရသည်။
ပန်ရှီမြို့တွင် အတုမရှိဟု သတ်မှတ်ထားခြင်းခံရသည့် မိမိကဲ့သို့ ဆဋ္ဌမအဆင့် နှောင်းပိုင်း အားကောင်းမောင်းသန် ပညာရှင်တစ်ယောက်သည် ယခုကဲ့သို့ လူငယ်လေးတစ်ယောက်၏ လက်ချက်ဖြင့် ကွက်တိအနည်းငယ်အတွင်းမှာတင် ရှုံးနိမ့်သွားလိမ့်မည်ဟု ကိုယ်ရံတော်ဗိုလ်မှူး တစ်ခါမျှ မတွေးခဲ့မိပေ။
ညကောင်းကင်ယံအောက်တွင် ချောမောလှပသော လူငယ်လေးတစ်ဦးသည် လေထဲတွင် ရပ်တန့်လျက် ရှိနေသည်။ အေးစက်သော လရောင်သည် သူ၏ ဖြူစင်သော အသားအရေပေါ်သို့ ကျရောက်နေပြီး သူ၏ သဘာဝအတိုင်း ထူးခြားလှသော စရိုက်လက္ခဏာမှာ လူကို အလိုအလျောက် ခန့်ညားရိုသေစိတ် ဖြစ်ပေါ်စေသည်။
ရှောင်ယုသည် ငေးမောကြည့်ရင်း ခဏမျှ မိန်းမောသွားရသည်။
【 ဒင်... သခင်၏ ညှို့ဓာတ်ပြင်းလှသော အငွေ့အသက်များက ကံကြမ္မာ၏ သမီးတော်ကို ဖမ်းစားနိုင်ခဲ့ကြောင်း စနစ်က သိရှိလိုက်သဖြင့် ရမှတ် ၁၀၀,၀၀၀ အား ဆုလာဘ်အဖြစ် ချီးမြှင့်လိုက်သည် 】
နင်ပေ၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။
ခွေးစနစ်... မင်း 'ညှို့ဓာတ်' ဆိုတာထက် ပိုကောင်းတဲ့စကားလုံး မသုံးတတ်ဘူးလား။
အပျက်အစီးများကြားတွင် လဲလျောင်းနေသော မျက်လုံးတစ်ဖက်လပ် လူကို ငုံ့ကြည့်ရင်း နင်ပေက လှောင်ပြုံးဖြင့် မေးလိုက်သည် "ကဲ... အခု သေသေချာချာ ပြန်ဖြေစမ်း။ မင်းတို့ မြို့စားမင်းက ဘာကိစ္စကြောင့် လူတွေကို အများကြီး ဖမ်းခိုင်းနေရတာလဲ"
ကိုယ်ရံတော်ဗိုလ်မှူးက အားနည်းစွာဖြင့် ပြောလိုက်သည် "မင်း တော်တော်သန်မာတယ်ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ ငါအကြံပေးပါရစေ... ဆက်ပြီး စုံစမ်းမနေနဲ့တော့။ မဟုတ်ရင် သူတို့ က မင်းကို လက်စဖျောက်လိမ့်မယ်။ မြို့စားမင်းကတော့ ငါ့အပေါ်မှာ အင်မတန် ကျေးဇူးကြီးမားခဲ့သူမို့လို့ ငါ ဘယ်တော့မှ သစ္စာမဖောက်ဘူး..."
ပြောပြီးသည်နှင့် သူသည် ပါးစပ်ထဲတွင် ဝှက်ထားသော အဆိပ်လုံးကို ကိုက်ခွဲလိုက်သည်။ ခဏချင်းမှာပင် ပြင်းထန်သောအဆိပ်သည် သူ၏ ကလီစာများဆီသို့ ပျံ့နှံ့သွားတော့သည်။ သူ၏ သူငယ်အိမ်များ ကျယ်ပြန့်လာပြီး အသက်ဓာတ် ကင်းမဲ့သွားကာ ခေါင်းငိုက်စိုက်ကျလျက် အသက်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
နင်ပေ မျက်မှောင်ကြုတ်လိုက်သည်။
ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် မြို့စားမင်းအပြင် နောက်ကွယ်မှာ အခြားအင်အားကြီး အဖွဲ့အစည်းတစ်ခု ရှိနေသေးတာ ထင်ရှားသည်။
"သခင်လေး... ကျွန်မရဲ့ ညီမလည်း ဖမ်းခံရတာ ဖြစ်နိုင်မလားဟင်" ရွှေရှောင်ယုသည် တစ်စုံတစ်ခုကို ရိပ်မိပုံရပြီး သတ္တိမွေးကာ မေးလိုက်သည်။
"ဆယ်ပုံကိုးပုံကတော့ ဟုတ်နိုင်တယ်" အခြေအနေက ဤသို့ဖြစ်လာပြီမို့ နင်ပေလည်း ဖုံးကွယ်ထားရန် မလိုတော့ဟု ယူဆလိုက်သည်။
ထိုစကားကို ကြားလိုက်ရသည့်အခါ ရွှေရှောင်ယု၏ မျက်လုံးများ တောက်ပသွားပြီး မျှော်လင့်ချက် အလင်းရောင်များ ယှက်သန်းလာသည်။
သူမညီမသည် အသက်ရှင်နေဦးမည် ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
နင်ပေ မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားလိုက်သည် "ဒါဆိုရင်တော့... မြို့စားမင်းရဲ့ စံအိမ်တော်ဆီကို သွားလည်ရမယ့် အချိန်ရောက်ပြီပဲ"
ညဉ့်နက်သန်းခေါင်ယံ...
မြို့စားမင်းစံအိမ်တော်ကြီးသည် မီးရောင်များဖြင့် လင်းထိန်နေသည်။
မုတ်ဆိတ်ဆိတ်နှင့် နီမြန်းသော မျက်နှာအဆင်းရှိပြီး ဝတ်ရုံနက်ကို ဆင်မြန်းထားသည့် သက်ကြီးရွယ်အိုတစ်ဦးသည် တရားသူကြီးထိုင်ခုံတွင် မတ်မတ်ထိုင်ရင်း စိုးရိမ်တကြီး မေးမြန်းနေသည် "သခင်လေးကျန်း... ဒီညဉ့်နက်သန်းခေါင်ကြီး ဘာကိစ္စများ ရှိလို့လဲခင်ဗျာ။ ကျွန်တော်တို့ဘက်က ဧည့်ဝတ်ပြုတာ လိုအပ်ချက်များ ရှိသွားလို့လား"
သူကား ပန်ရှီမြို့၏ မြို့စားမင်း 'ကုန်းစွန်းယန်' ပင် ဖြစ်သည်။
"လုံးဝ မဟုတ်ပါဘူး"
ပြောလိုက်သူမှာ အပြစ်ဆိုဖွယ်မရှိအောင် ဖြူစင်သော ဝတ်ရုံဖြူကို ဆင်မြန်းထားပြီး ခါးတွင် ကျောက်စိမ်းခါးပတ်ကို ပတ်ထားကာ ကျောက်စိမ်းကဲ့သို့ ချောမောလှပသော လူငယ်တစ်ဦး ဖြစ်သည်။ သူ၏ မျက်ခုံးတန်းများတွင် ရဲရင့်သော ဖြောင့်မတ်ခြင်း တရားများ လွှမ်းမိုးနေသဖြင့် တရားမျှတသော 'ဖြောင့်မတ်ခြင်းလမ်းစဉ်' မှ ထိပ်သီးပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း သိသာလှသည်။
သူကား ကျန်းမိသားစု၏ မျိုးဆက်သစ်ထဲတွင် အထူးချွန်ဆုံး ပါရမီရှင်တစ်ဦးဖြစ်သည့် 'ကျန်းဟောက်ရန်' ပင်။
"ဒါဆိုရင် ဘာဖြစ်လို့..." ကုန်းစွန်းယန် ဇဝေဇဝါ ဖြစ်သွားသည်။
ကျန်းဟောက်ရန်၏ အကြည့်များက စူးရှနေသည် "မြို့စားမင်းကုန်းစွန်း... မြို့ထဲမှာ လူတွေ ပျောက်ဆုံးနေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစကတော့ ကျွန်တော် မကောင်းဆိုးဝါးတွေရဲ့ လက်ချက်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ကျွန်တော်တို့ ကျန်းမိသားစုမှာ မကောင်းဆိုးဝါးတွေရဲ့ အငွေ့အသက်ကို ထောက်လှမ်းနိုင်တဲ့ တမူထူးခြားတဲ့ အတတ်ပညာ ရှိတယ်။ ကျွန်တော် စစ်ဆေးကြည့်ရသလောက်တော့ ဘာမကောင်းဆိုးဝါး အငွေ့အသက်မှ မရှိဘူး။ ဒါဟာ လူတွေရဲ့ လက်ချက်ပဲ"
ကုန်းစွန်းယန် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည် "သခင်လေးကျန်းက အကုန်လုံးကို ရိပ်မိသွားပြီဆိုတော့လည်း ကျွန်တော် မဖုံးကွယ်တော့ပါဘူး။ အမှန်တော့ ပန်ရှီမြို့ထဲမှာ 'မိစ္ဆာလမ်းစဉ်' ကျင့်ကြံသူတစ်စု ပုန်းအောင်းနေပါတယ်။ သူတို့က ရက်အနည်းငယ်ခြားတစ်ခါ အပြစ်မဲ့တဲ့ မြို့သူမြို့သားတွေကို ဖမ်းဆီးပြီး ယဇ်ပူဇော်တဲ့ အစီအရင်တွေ လုပ်နေကြတာပါ"
ဒုန်း....!
ကျန်းဟောက်ရန်သည် ဒေါသတကြီးဖြင့် စားပွဲကို ရိုက်လိုက်ပြီး မကျေမနပ် ပြောလိုက်သည် "မတရားလိုက်တာ.. ဒီမိစ္ဆာလမ်းစဉ်က ကောင်တွေဟာ လူ့အသက်ကို မြက်ပင်လေးတွေလို သဘောထားနေကြတာပဲ.."
"မြို့စားမင်းကုန်းစွန်း... မင်းက နန်းတော်က ခန့်အပ်ထားတဲ့ အရာရှိတစ်ယောက်ဖြစ်ပြီးတော့ ဒီမိစ္ဆာကောင်တွေ ပန်ရှီမြို့ထဲမှာ အုတ်အော်သောင်းနင်း လုပ်နေတာကို ဒီအတိုင်း ကြည့်နေတော့မှာလား"
ကုန်းစွန်းယန်က လေးနက်သောအသံဖြင့် ပြောလိုက်သည် "သခင်လေးကျန်း... ကျေးဇူးပြုပြီး စိတ်အေးအေးထားပါ။ ကျွန်တော်တို့ မကြာသေးခင်ကတင် သူတို့ ပုန်းအောင်းနေတဲ့ တည်နေရာကို စုံစမ်းသိရှိရလို့ အထူးတပ်ဖွဲ့တွေကို စေလွှတ်ပြီး နှိမ်နင်းခိုင်းထားပါတယ်။ ဒါပေမဲ့ ကြွင်းကျန်တဲ့ မိစ္ဆာအချို့က လွတ်မြောက်သွားပြီး ပန်ရှီမြို့အနှံ့မှာ ပုန်းအောင်းနေကြတုန်းပဲ။ မကြာခင်မှာ သူတို့အားလုံးကို ဖမ်းဆီးပြီး ပန်ရှီမြို့ကို ငြိမ်းချမ်းအောင် ပြန်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
"ဩော်... ဒါကြောင့်ကိုး"
ထိုစကားကို ကြားမှ ကျန်းဟောက်ရန်၏ မျက်နှာအမူအရာ အနည်းငယ် ပြေလျော့သွားသည်။
"ရှက်စရာကောင်းတဲ့ ကိစ္စမို့လို့ အစက မပြောပြခဲ့တာကို ခွင့်လွှတ်ပါ သခင်လေးကျန်း... အိမ်တွင်းရေး အရှုပ်အထုပ်တွေကို အပြင်လူ မသိစေချင်လို့ပါ" ကုန်းစွန်းယန်က စိတ်မကောင်းသလို အပြုံးမျိုး ပြုံးပြလိုက်သည်။
"ကျွန်တော် နားလည်ပါတယ်။ မြို့စားမင်းကုန်းစွန်းအနေနဲ့ ကူညီပေးဖို့ လိုအပ်တာရှိရင်သာ ပွင့်ပွင့်လင်းလင်း ပြောပါ။ ကျွန်တော် ကျန်းဟောက်ရန်က မိစ္ဆာကောင်တွေကို ဖမ်းဆီးပြီး သုတ်သင်တဲ့နေရာမှာ အစွမ်းကုန် ကူညီပေးပါ့မယ်"
"ဒါ... ဒါကတော့ အားနာစရာကြီးဗျာ"
"အားနာစရာ မလိုပါဘူး။ မိစ္ဆာတွေကို သုတ်သင်ပြီး တရားလမ်းစဉ်ကို စောင့်ရှောက်ဖို့နဲ့ အပြစ်မဲ့ ပြည်သူတွေကို ကယ်တင်ဖို့ဆိုတာ ကျွန်တော်တို့လို ကျင့်ကြံသူတွေရဲ့ မလွှဲမရှောင်သာတဲ့ တာဝန်ပဲ မဟုတ်လား" ကျန်းဟောက်ရန်က သစ္စာဓိဋ္ဌာန်ပြုသကဲ့သို့ လေးနက်ပြတ်သားစွာ ပြောလိုက်သည်။
ကုန်းစွန်းယန် ခဏမျှ ကြောင်အသွားပြီးနောက် သူ၏ မုတ်ဆိတ်ကို သပ်ရင်း ချီးကျူးသည့် အကြည့်ဖြင့် သက်ပြင်းချလိုက်သည် "ကောင်းလိုက်တဲ့ စကား.. ဒါမှ ကျွန်တော်တို့ တရားမျှတတဲ့ လမ်းစဉ်ကျင့်ကြံသူတွေရဲ့ စိတ်ဓာတ်အစစ်အမှန်ပဲ.."
သို့သော် သူ၏ စိတ်ကွယ်ရာတွင်မူ လှောင်ပြုံး ပြုံးနေခဲ့သည်။
'ဒီငတုံးကောင်.. ရက်အနည်းငယ်လောက်ကြာရင် သေဒဏ်ကျအကျဉ်းသားတွေကို မိစ္ဆာဝတ်စုံတွေ ဝတ်ဆင်ခိုင်းပြီး လူမြင်ကွင်းမှာ ကွပ်မျက်ပြတဲ့ ပြဇာတ်တစ်ပုဒ်လောက် ကပြလိုက်ရင် ရပြီ။ အဲဒီကျရင် ဒီကောင်လည်း ယုံသွားပြီး ထွက်သွားလိမ့်မယ်'
မှန်ပေသည်။ စောစောက ပြောခဲ့သည့် ဆင်ခြေများအားလုံးမှာ ကျန်းဟောက်ရန်ကို လှည့်စားရန်အတွက် အချိန်ဆွဲသည့် နည်းဗျူဟာသာ ဖြစ်သည်။
ကျန်းဟောက်ရန်သာ ဤနေရာတွင် ဆက်ပြီး လည်ပတ်နေပါက သူ့အတွက် အလုပ်လုပ်ရသည်မှာ ခက်ခဲလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့် ကုန်းစွန်းယန်သည် ဤကောက်ကျစ်သော အကြံအစည်ကို အသုံးပြုကာ ကျန်းဟောက်ရန်ကို အရင်ဆုံး အေးဆေးဖြစ်အောင် လုပ်ပြီးမှ ရဲမက်များနှင့်အတူ မိစ္ဆာများကို ဖမ်းဆီးသည့် ပြဇာတ်ကို ကပြကာ ဤဒုက္ခပေးမည့် ကျန်းမိသားစု ပါရမီရှင်ကို အမြန်ဆုံး မောင်းထုတ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
ထိုသို့ တွေးမိပြီးနောက် ကုန်းစွန်းယန်သည် ကြီးမားသော ပြဿနာတစ်ခု ပြေလည်သွားပြီဟု ခံစားလိုက်ရသဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် လက်ဖက်ရည်ခွက်ကို လှမ်းယူကာ ဖြည်းညှင်းစွာ မှုတ်ပြီး အရသာခံ သောက်သုံးနေတော့သည်။
ကွက်တိ ထိုအချိန်မှာပင်...
သွေးညစ်များ ပေကျံနေပြီး လုံးဝန်းသောအရာတစ်ခု ပါရှိသည့် ဂုန်နီအိတ်တစ်အိတ်သည် အပြင်ဘက်မှ လွင့်ပျံလာကာ လင်းထိန်နေသော ခန်းမဆောင်ကြီး၏ အလယ်ဗဟိုသို့ ဘုန်းခနဲ ကျရောက်လာသည်။
အရှိန်ကြောင့် အိတ်ထဲမှ ခေါင်းပြတ်တစ်ခု လိမ့်ထွက်လာပြီး ၎င်း၏ မျက်နှာမှာ အဓိကထိုင်ခုံတွင် လက်ဖက်ရည်သောက်နေသော ကုန်းစွန်းယန်ထံသို့ တည့်တည့်မတ်မတ် ဦးတည်နေသည်။
ဤမျက်နှာကား သူနှင့် အလွန်တရာ ရင်းနှီးလှသော... သူ အယုံကြည်ရဆုံး ဖြစ်သည့် 'ကိုယ်ရံတော်ဗိုလ်မှူး' ၏ မျက်နှာ ဖြစ်နေတော့သည်။
ဖူး....!
နောက်တစ်စက္ကန့်တွင် ကုန်းစွန်းယန်သည် ပါးစပ်ထဲရှိ လက်ဖက်ရည်များကို အကုန်ပြန်မှုတ်ထုတ်ပစ်လိုက်ပြီး ရုတ်တရက် ထရပ်လိုက်ရာ မျက်နှာကြွက်သားများ တဆတ်ဆတ် တုန်ခါသွားသည်။ သူ၏ မျက်နှာတွင် အမျက်ဒေါသနှင့် မယုံကြည်နိုင်မှုတို့ ရောပြွမ်းနေပြီး သွားအံကြိတ်ကာ စကားလုံးအချို့ကို အားခဲ၍ ဟိန်းဟောက်လိုက်တော့သည်.....
"ဘယ်သူလုပ်တာလဲ....."