အခန်း ၂၁ - မင်း ငါ့ကို ယုံကြည်လိုက်ပါ
"ဘာ... ဘာလဲ.."
ဖုန်းယွမ်ရှန်း၏ ခန္ဓာကိုယ်ကြီး ရုတ်ချည်း တုန်ရီသွားခဲ့သည်။ သူ ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာတစ်ခုလုံး အံ့သြမှင်တက်ခြင်းများနှင့်အတူ ထိုခေါင်းပြောင်ကြီးအား မယုံကြည်နိုင်စွာ စိုက်ကြည့်နေမိတော့သည်။
သူ ဤကဲ့သို့သော တုံ့ပြန်မှုမျိုးကို လုံးဝ မျှော်လင့်မထားခဲ့ပါချေ။
ခေါင်းပြောင်ကြီးက သရော်လိုက်သည်..။
"လူအိန္ဒြေပျက်တဲ့ ကောင်... မင်းက ငါ့ကို အဲဒီအချက်တွေနဲ့ လာပြီး စိတ်ပြောင်းအောင် လုပ်နိုင်မယ် ထင်နေတာလား။ အဲဒါက ငါ အားထုတ်ရမယ့်အချိန်ကျရင် ပိုပြီးတော့ အရှိန်ပြင်းပြင်းနဲ့ ဆော့ကစားဖို့ပဲ ဖြစ်လာလိမ့်မယ်။ ဟားဟားဟားဟား..."
ဘေးနားရှိ ဓားပြအုပ်စုသည်လည်း စက္ကန့်ပိုင်းခန့် တိတ်ဆိတ်သွားခဲ့ပြီးနောက် တစ်ခဲနက် သဘောကျစွာ ဝိုင်းဝန်းရယ်မောကြတော့သည်။
ထိုမြင်ကွင်းသည် တကယ့်ကို မိစ္ဆာကောင်များ ကပြဖျော်ဖြေနေသည့်အလား ရုန်းရင်းဆန်ခတ် ဖြစ်နေခဲ့သည်။
ဖုန်းယွမ်ရှန်း၏ မျက်နှာမှ ကြွက်သားများ တဆတ်ဆတ် တုန်ခါနေခဲ့ပြီး သူ၏ နှလုံးသားတစ်ခုလုံး လျှိုမြောင်နက်ကြီးထဲသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် ဤလူယုတ်မာများ၏ လူသားဆန်မှုကို အထင်ကြီးမိခဲ့ခြင်း ဖြစ်သည်။ သူတို့က တကယ့်ကို တိရစ္ဆာန်ထက်ပင် မသာသော ကောင်များ ဖြစ်ကြပေသည်။
ရွှေရှောင်ယု၏ ခန္ဓာကိုယ်လေးမှာ အားအင်များ လုံးဝ ချို့တဲ့သွားခဲ့ပြီး မြေပြင်ပေါ်သို့ အားကိုးရာမဲ့စွာဖြင့် ပစ်လဲသွားခဲ့ရသည်။ သူမသည် ခေါင်းငုံ့လျက် ရှိုက်ကြီးတငင် ငိုကြွေးနေမိပြီး မျှော်လင့်ချက်မဲ့နေသော မျက်ရည်များက ပါးပြင်ထက်သို့ စီးကျလာခဲ့သည်။
ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူ၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ရသဖြင့် သူမသည် အမြဲတမ်း ကြံ့ခိုင်သော မိန်းကလေးတစ်ဦး ဖြစ်ခဲ့သည်။ သို့သော် ယခု ကြုံတွေ့နေရသည့် အခြေအနေက သူမ၏ စိတ်ဓာတ်ကို လုံးဝ ရိုက်ချိုးဖျက်ဆီးပစ်ခဲ့ပြီ ဖြစ်သည်။ ယခုအချိန်တွင် သူမ လုံးဝကို စိတ်ပျက်အားငယ်နေခဲ့ပြီး ဤနေရာတွင်တင် အသက်ကို အဆုံးစီရင်ပစ်ချင်စိတ်သာ ရှိတော့သည်။
ထိုစဉ် ရုတ်တရက်... မကျေမနပ်ဖြစ်နေသော အသံတစ်သံ ကောင်းကင်ယံထက်မှ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း၏ နားထဲသို့ ရှင်းလင်းစွာ ရိုက်ခတ်သွားခဲ့သည်။
"ဟေ့... မင်းတို့ရဲ့ ရယ်သံတွေက ငါ့ကို စိတ်အနှောင့်အယှက် ဖြစ်စေတယ် ကွ.."
ထိုရယ်သံများ ချက်ချင်းပင် ရပ်တန့်သွားခဲ့သည်။
ဓားပြများသည် မျက်လုံးများ ပြူးကျယ်သွားကြပြီး အသိစိတ်အရ ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြရာ သူတို့၏ သူငယ်အိမ်များ ပြင်းထန်စွာ ကျုံ့ဝင်သွားခဲ့ရသည်။
ပန်းရောင်စုန်းမှောင်လှသည့် အနီရင့်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ချောမောလှသည့် လူငယ်လေးတစ်ဦးသည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်လျက် ကောင်းကင်ထက်၌ ရပ်တန့်နေပြီး သူတို့ကို လှောင်ပြုံးဖြင့် ငုံ့ကြည့်နေခြင်း ဖြစ်သည်။
"အမေရေ... သူက ကောင်းကင်မှာ ပျံနေတာပဲ"
"ဒါ... ဒါက ဒဏ္ဍာရီလာ ကောင်းကင်ပျံသန်းခြင်းအဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက်လား"
"ရှူး... ဒါက တကယ့် အကြီးအကဲ အဆင့်ပဲဟေ့"
ဓားပြအုပ်စုကြီးတစ်ခုလုံး အသည်းအသန် ထိတ်လန့်သွားကြတော့သည်။
သူတို့လို အောက်ခြေအဆင့် လူမိုက်များအတွက် ပဉ္စမမြောက်အဆင့် ကျင့်ကြံသူဆိုသည်မှာပင် မော့ကြည့်ရမည့် တည်ရှိမှုဖြစ်ပြီး သူတို့တစ်ဘဝလုံး တက်လှမ်းနိုင်မည့် အမြင့်ဆုံး အမိုးအကာ ဖြစ်သည်။
ယခုမူ... ဆဋ္ဌမမြောက်အဆင့် ဖြစ်သော ကောင်းကင်ပျံသန်းခြင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ကိုယ်တိုင် ပေါ်လာခဲ့ခြင်း ဖြစ်ရာ သူတို့ ဘယ်လိုလုပ် မကြောက်ဘဲ နေနိုင်ပါ့မည်နည်း။
ဘာပဲပြောပြော ဆဋ္ဌမမြောက်အဆင့်သို့ ရောက်ရှိသွားခြင်းသည် လုံးဝ ကွဲပြားခြားနားလှသော စွမ်းအားအဆင့်သစ်တစ်ခုသို့ ဝင်ရောက်သွားခြင်း ဖြစ်ပေသည်။
ခေါင်းပြောင်ကြီး၏ အမူအရာမှာ တစ်ခဏချင်းမှာပင် ပြောင်းလဲသွားခဲ့သည်။ သူ၏ စောစောက မောက်မာမှုများအားလုံး ပျောက်ကွယ်သွားခဲ့ပြီး ၎င်း၏နေရာတွင် ကြောက်ရွံ့မှုများ အစားထိုးဝင်ရောက်လာကာ သတ္တိမွေး၍ ပြောလိုက်ရသည်..
"စီနီယာ... ကျွန်တော်တို့မှာ စီနီယာကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိပါဘူး ခင်ဗျာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ"
ထိုလူအုပ်ကြီးထဲတွင် ရွှေရှောင်ယုထက် ပို၍ အံ့သြတုန်လှုပ်သွားရသူ မရှိပါချေ။
သူမသည် မိမိအတွက် အလွန်ပင် အကျွမ်းတဝင်ရှိသော်လည်း အနည်းငယ် ထူးဆန်းနေသကဲ့သို့ ခံစားရသည့် ထိုလူငယ်လေးကို ကြည့်ရင်း... မိမိကိုယ်ကို မျက်စိမှားနေခြင်း ဖြစ်လိမ့်မည်ဟုပင် လုံးဝ ထင်မှတ်သွားခဲ့သည်။
ဒါ... ဒါက မင်းသားလေး မဟုတ်ဘူးလား။
သူက ဘာလို့ ဒီနေရာကို တစ်ယောက်တည်း ရောက်နေရတာလဲ။ ပြီးတော့... သူက ကောင်းကင်မှာတောင် ပျံနိုင်နေပြီ...
ရွှေရှောင်ယုသည် ကျင့်ကြံခြင်းလမ်းစဉ်နှင့် ဘယ်သောအခါမျှ မထိတွေ့ဖူးသဖြင့် ၎င်းအကြောင်းကို အလွန်နည်းပါးစွာသာ သိရှိသော်လည်း၊ ထိုခေါင်းပြောင်ကြီး၏ ကြောက်လန့်တုန်လှုပ်နေသော အမူအရာကို ကြည့်ခြင်းအားဖြင့်... မင်းသားလေးသည် အလွန်အမင်း အစွမ်းထက်နေပြီ ဖြစ်ကြောင်း သူမ ရိပ်မိလိုက်သည်။
နင်ပေသည် သူ၏ အားကောင်းလှသော အကြားအာရုံကြောင့် အောက်တွင် ပြောဆိုခဲ့ကြသော စကားလုံးအားလုံးကို ရှင်းလင်းစွာ ကြားသိခဲ့ပြီး ဖြစ်သည်။
သူ၏ မူလမှတ်ဉာဏ်များအရ ရွှေရှောင်ယုသည် ငယ်စဉ်ကတည်းက မင်းသားနန်းတော်သို့ အစေခံအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူမသည် သူ့ထက် အသက်ငယ်သော်လည်း အမြဲတမ်း သူ့ဘေးတွင်ရှိနေကာ ဝေယျာဝစ္စမှန်သမျှကို ဂရုတစိုက်နှင့် ကြင်နာတတ်သော အစ်မကြီးတစ်ဦးပမာ ပြုစုစောင့်ရှောက်ပေးခဲ့သူ ဖြစ်သည်။
ထို့ကြောင့် နင်ပေသည် ဤမိန်းကလေးအပေါ် အလွန်ကောင်းမွန်သော အထင်အမြင် ရှိခဲ့သည်။
သူမသည် နန်းတော်မှ ထွက်ခွာသွားပြီး မိမိ၏ ဇာတိရွာသို့ ပြန်သွားပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဤနေရာတွင် ဤကဲ့သို့သောအခြေအနေမျိုးနှင့် ကြုံတွေ့နေရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။
သူနှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးခဲ့ပြီဖြစ်ရာ...
သူ ဝင်ရောက်စွက်ဖက်ပေးရန်မှာ သဘာဝကျလှသလို ဤဓားပြအုပ်စုထံမှ ရမှတ်အချို့ကိုလည်း အခမဲ့ ရယူနိုင်ဦးမည် ဖြစ်သည်။
"မင်းတို့က တောင်းပန်စကားတစ်ခွန်းတည်းနဲ့ ငါ့ကို ပြီးစလွယ် နှင်ထုတ်နိုင်မယ်လို့ ထင်နေတာလား။ အဲဒါက ဖြစ်နိုင်မယ် ထင်လို့လား။" နင်ပေ၏ လေသံက ပိုမိုအေးစက်လာခဲ့ပြီး သူ၏ မျက်ဝန်းများထဲတွင် အန္တရာယ်ရှိသော အရိပ်အယောင်များ လက်ခနဲ ပေါ်ထွက်လာခဲ့သည်။
"ဒါ..."
ခေါင်းပြောင်ကြီး၏ မျက်နှာမှာ အလွန်ပင် ဆိုးရွားနေခဲ့ပြီး မိမိ၏ ကံဆိုးမှုကို ရင်ထဲတွင် ကျိန်ဆဲနေမိတော့သည်။
တောက်ခ်... သူတို့ရဲ့ ရယ်သံက နည်းနည်း ကျယ်သွားရုံလေးနဲ့ပဲ တို့တွေကို လာပြီး ပြဿနာရှာနေတာလား။ ဒီလောကမှာ တရားဥပဒေဆိုတာ မရှိတော့ဘူးလား...
【 ဒင်... သခင်၏ လှုပ်ရှားမှုကို စနစ်မှ စစ်ဆေးတွေ့ရှိရပါသည်။ တိရစ္ဆာန်ထက်ပင် ယုတ်မာသော လူယုတ်မာများကပင် သခင်၏ လုပ်ရပ်မှာ လွန်လွန်းလှသည်ဟု ခံစားနေရသဖြင့် ရမှတ် ၁၀၀,၀၀၀ ဆုချီးမြှင့်လိုက်ပါသည်။ 】
ဤအရာကို ကြားလိုက်ရသည့်အခါ နင်ပေ၏ နှုတ်ခမ်းထောင့်တွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
"စီနီယာ... ဒါဆိုရင် ဒီလိုလုပ်ရင် ဘယ်လိုလဲ ခင်ဗျာ။ ကျွန်တော်တို့ ဒီကုန်သည်အဖွဲ့ဆီကနေ လုယက်ထားတဲ့ ကုန်ပစ္စည်းအားလုံးကို စီနီယာဆီ ကပ်သပ်လှူဒါန်းပါ့မယ်။ ကျွန်တော်တို့ အခုချက်ချင်း ထွက်သွားမှာဖြစ်ပြီး စီနီယာရဲ့ စိတ်အခြေအနေကို ဘယ်တော့မှ မနှောင့်ယှက်တော့ပါဘူး။ စီနီယာ ဘယ်လိုသဘောရလဲ ခင်ဗျာ.."
ခေါင်းပြောင်ကြီးက ဖားယားသော အပြုံးဖြင့် ပြောလိုက်သည်။
ဝဖြိုးလှသော သိုးအုပ်ကြီးကို အခြားလူတစ်ယောက်ထံသို့ ဤအတိုင်း ပေးအပ်လိုက်ရသဖြင့်... သူ၏ နှလုံးသားတစ်ခုလုံး သွေးစိမ်းရှင်ရှင် ထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။
နင်ပေက အထင်သေးစွာဖြင့် ပြောလိုက်သည်...
"မင်းတို့က... ငါ့မှာ ဒီလို အမှိုက်တွေကို လိုအပ်နေတယ်လို့ ထင်နေတာလား.."
ပြောပြီးသည်နှင့် သူသည် သူ၏ လက်အင်္ကျီစကို ခါထုတ်လိုက်ရာ... မိုးသက်မုန်တိုင်းအတွင်းမှ ဆူးအပ်များပမာ မရေမတွက်နိုင်သော စုန်းမှောင်လှသည့် အနီရင့်ရောင် အရှိန်အဝါတန်းများ ပန်းထွက်သွားခဲ့ပြီး ထိုခေါင်းပြောင်ကြီး၏ လက်အောက်ငယ်သားများထံသို့ တိကျစွာ ရိုက်ခတ်သွားတော့သည်။
တစ်ခဏချင်းမှာပင်...
နာကျင်စွာ အော်ဟစ်ညည်းတွားသံများ အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။
ထိုအောက်ခြေအဆင့် လူမိုက်များ၏ ခန္ဓာကိုယ်များမှာ ဆကာကွက်ပမာ အပေါက်ပေါင်းများစွာ ဖြစ်သွားခဲ့ရပြီး သွေးအိုင်များအတွင်းသို့ တစ်ယောက်ပြီးတစ်ယောက် လဲပြိုကုန်ကြတော့သည်။ သူတို့၏ မျက်လုံးများထဲတွင်...
မိမိတို့ မည်သို့ သေဆုံးသွားရသည်ကိုပင် သဘောမပေါက်နိုင်လောက်အောင် ဇဝေဇဝါဖြစ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
တောင်ပတ်လမ်းပေါ်တွင် လေပြင်းများ တိုက်ခတ်နေခဲ့ပြီး နေရာတစ်ခုလုံးတွင် ညှီစော်နံလှသော သွေးနံ့များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။
ကုန်သည်အဖွဲ့မှ လူများမှာမူ လုံးဝ ကြောင်အမ်း မှင်တက်သွားကြရသည်။
ဂလု..!
ခေါင်းပြောင်ကြီးသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး သူ၏ လက်ထဲမှ လက်နက်ကိုပင် မြဲမြံအောင် မကိုင်ထားနိုင်တော့ချေ။ သူ အပင်ပန်းခံ စုစည်းထားခဲ့ရသော လက်အောက်ငယ်သားများ အားလုံးမှာ တစ်ခဏချင်းမှာတင် ဤအတိုင်း အပြတ်ရှင်းခံလိုက်ရခြင်း ဖြစ်ပေသည်။
"တို့တွေ လွတ်မြောက်ပြီ..."
ဤအခြေအနေကို မြင်လိုက်ရသည့်အခါ ဖုန်းယွမ်ရှန်း စိတ်လှုပ်ရှားသွားခဲ့ရပြီး မည်းမှောင်နေသော တိမ်တိုက်များ ပျယ်လွင့်၍ နေရောင်ခြည်ကို ပြန်လည်မြင်တွေ့လိုက်ရသည့်အလား မျှော်လင့်ချက်အလင်းတန်းကို ခံစားလိုက်ရသည်။
"စီ... စီနီယာ... ကျွန်တော် တကယ့်ကို စီနီယာကို နှောင့်ယှက်ဖို့ ရည်ရွယ်ချက် မရှိခဲ့ပါဘူး။ စီနီယာလည်း ကျန်တဲ့လူတွေကို သတ်ပြီး ဒေါသဖြေပြီးပြီပဲ... ကျေးဇူးပြုပြီး သဘောထားကြီးကြီးထားပြီး ကျွန်တော့်အသက်ကိုတော့ ချမ်းသာပေးပါ.."
ခေါင်းပြောင်ကြီးသည် သေခြင်းတရား၏ ကြောက်ရွံ့မှုကြောင့် ခါးသီးစွာ တောင်းပန်တော့သည်။
ဒီဘက်ခေတ်က ကျွမ်းကျင်ပညာရှင်တွေက တကယ့်ကို ယုတ္တိမရှိတာပဲ..
ရယ်သံ နည်းနည်း ကျယ်ပြီး သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေရုံလေးနဲ့တင်... လူသတ်ပွဲကြီး ကျင်းပပစ်တာလား။
ဤကဲ့သို့သော စိတ်ကူးမရနိုင်ဘဲ စိတ်အပြောင်းအလဲမြန်လှသည့် လူထူးဆန်းနှင့် နှိုင်းယှဉ်လျှင်... မိမိကိုယ်ကို မိစ္ဆာလမ်းစဉ်တွင် အချိန်ဖြုန်းခဲ့မိသည်ဟု ခေါင်းပြောင်ကြီး ခံစားလိုက်ရသည်။
【 ဒင်... သခင်၏ ရူးသွပ်လှသော အပြုအမူကို စနစ်မှ စစ်ဆေးတွေ့ရှိရပါသည်။ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူတစ်ဦးပင် သခင်ကြောင့် ထိတ်လန့်တုန်လှုပ်နေသဖြင့် ရမှတ် ၁၀၀,၀၀၀ ဆုချီးမြှင့်လိုက်ပါသည်! 】
"ကောင်းပြီ... ဒါဆိုရင် မင်းရဲ့ လက်မောင်းတစ်ဖက်ကို ဖြတ်ပစ်လိုက်.."
နင်ပေက နောက်ပြောင်လိုသော အမူအရာဖြင့် ပြောလိုက်သည်။
လက်မောင်းတစ်ဖက်ကို ဖြတ်ရမယ် ဟုတ်လား။
ခေါင်းပြောင်ကြီး၏ နှလုံးသား တုန်ရီသွားခဲ့သော်လည်း လက်ရှိ အခြေအနေအရ သူ၏အသက်ကို ကယ်တင်ရန်အတွက် ဤအမိန့်ကို မလိုက်နာဘဲ မနေနိုင်ချေ။ ဘာပဲပြောပြော... လက်မောင်းတစ်ဖက် ဆုံးရှုံးရခြင်းက အသက်ဆုံးရှုံးရခြင်းထက် ပို၍ သာလွန်ပေသည်။
ထိုသို့တွေးမိကာ သူသည် သွားကို တင်းတင်းကြိတ်၊ သူ၏ ဓားကြီးကို မြှောက်လျက်... သူ၏ ဘယ်ဘက်လက်မောင်းကို ပြတ်သားစွာ ခုတ်ဖြတ်ပစ်လိုက်တော့သည်။ ပြတ်တောက်သွားသော ဒဏ်ရာမှ သွေးများ ပန်းထွက်လာခဲ့သည်။
"အား..."
ခေါင်းပြောင်ကြီးသည် နာကျင်မှုကို အံကြိတ်ခံရင်း မျက်နှာတွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးလိုက်သည်...
"စီနီယာ... အခုရော စိတ်ကျေနပ်ပြီလား ခင်ဗျာ။ ကျွန်တော် အခုချက်ချင်း နှုတ်ထွက်ပါ့မယ်.."
ပြောပြီးသည်နှင့် သူသည် လှည့်ထွက်ရန် ပြင်ဆင်လိုက်သည်။
သူသည် ယခုကြုံတွေ့ရသော ခါးသီးမှုကို မျိုသိပ်ရုံသာ ရှိတော့သည်။ ဘယ်သူက သူ့ကို ဤမျှ ကံဆိုးခိုင်းလို့လဲ။
ဤကဲ့သို့ သွေးထွက်သံယို သင်ခန်းစာကို ရရှိပြီးနောက်...
သူသည် နောင်အနာဂတ်တွင် ပြင်ပ၌ ဘယ်သောအခါမှ အသံကျယ်ကျယ်ဖြင့် ရယ်ရဲတော့မည် မဟုတ်ပါချေ။ ယနေ့ကဲ့သို့ သဘောထားသေးသိမ်သော ကျွမ်းကျင်ပညာရှင်မျိုးနှင့် ထပ်မံတိုးမည်ကို စိုးရိမ်ရပေသည်။
"နေဦး.."
မကျေမနပ်ဖြစ်နေသော အသံတစ်ခုက သူ့ကို လှမ်းတားလိုက်သည်။
ခေါင်းပြောင်ကြီး၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားခဲ့ရသည်။ သူ ခေါင်းလှည့်ကြည့်လိုက်ပြီး သံသယစိတ်ဖြင့် မေးလိုက်သည်.. "စီနီယာ... စောစောက လက်မောင်းတစ်ဖက် ဖြတ်ရင် လွှတ်ပေးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။ စီနီယာက ကတိဖျက်မလို့လား ခင်ဗျာ."
နင်ပေက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်..
"ငါက သေချာပေါက် ကတိတည်တဲ့လူပါ၊ ဒါပေမဲ့ မင်းရဲ့ ဘယ်ဘက်လက်မောင်းကို ဖြတ်ရင် လွှတ်ပေးမယ်လို့ ငါပြောခဲ့လို့လား။ ငါက မင်းရဲ့ ညာဘက်လက်မောင်းကို ဖြတ်ခိုင်းတာ ကွ"
"ဘာ... ဘာလဲ.."
ခေါင်းပြောင်ကြီး တစ်ကိုယ်လုံး စိတ်ပျက်ပေါက်ကွဲသွားခဲ့ရသည်။
သူသည် ဒေါသနှင့် နာကျည်းမှုများ ပြည့်နှက်နေသော မျက်နှာဖြင့် ထိုချောမောလှသည့် လူငယ်လေးကို စိုက်ကြည့်နေမိပြီး သွားချင်း ကြိတ်ထားမိတော့သည်။
တောက်ခ်... မင်း ဘာလို့ စောစောက သေချာမပြောခဲ့ရတာလဲ။
ငါက ဘယ်ဘက်လက်မောင်းကို ဖြတ်ပြီးသွားပြီလေ... အခု ကျန်တဲ့လက်မောင်းကိုပါ ထပ်လိုချင်သေးတာလား။
အဲလိုဆိုရင်... ငါက လက်မောင်းမရှိတဲ့ လူတစ်ယောက် ဖြစ်သွားမှာပေါ့။ ငါ အသက်ရှင်နေဦးမယ်ဆိုရင်တောင် နောက်ကျရင် ဓားကို ဘယ်လို ကိုင်ရတော့မှာလဲ။
【 ဒင်... တစ်ဖက်လူ၏ စိတ်ဓာတ် လုံးဝ ဥဿုံ ပြိုလဲသွားကြောင်း စနစ်မှ စစ်ဆေးတွေ့ရှိရပါသည်။ သခင်၏ လှည့်ကွက်များကြောင့် ငိုချင်လျက် မျက်ရည်မကျနိုင်လောက်အောင် နှိပ်စက်ခြင်း ခံနေရသဖြင့် ရမှတ် ၃၀၀,၀၀၀ ဆုချီးမြှင့်လိုက်ပါသည်။ 】
နောက်ထပ် ရမှတ်အမြောက်အမြားကို ထပ်မံသိမ်းပိုက်နိုင်ခဲ့သဖြင့် နင်ပေ ကျေနပ်အားရသော အပြုံးတစ်ခုကို ဖော်ပြလိုက်သည်။
"မင်းရဲ့ ကျန်တဲ့ လက်မောင်းကိုပါ ဖြတ်ပစ်လိုက်ပါ... ဒါဆိုရင် ငါ မင်းကို သေချာပေါက် လွှတ်ပေးမယ်လို့ အာမခံတယ်။ တကယ်ပါ... မင်း ငါ့ကို ယုံကြည်လိုက်ပါ"
ထိုသို့ပြောဆိုချိန်တွင်... နင်ပေ၏ မျက်နှာထက်၌ အလွန်တရာ ရိုးသားဖြူစင်လှသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့တော့သည်။.....
◼️◼️◼️◼️◼️◼️◼️◼️◼️◼️