အခန်း ၁၈ - ခံစစ်ကျိုးပြီးနောက် အေးစက်လွန်းလှတဲ့ ညချမ်း
(ရဲကူဟန် တစ်ကိုယ်လုံး စိတ်ပျက်ပေါက်ကွဲခြင်း)
အကြီးအကဲချူသည် ဝူးဝူးဝါးဝါးဖြင့် ဇဝေဇဝါဖြစ်နေပြီး ရမ်းသန်းမလှုပ်ရှားရဲသော်လည်း နင်ပေသည်လည်း ထိုအခွင့်အရေးကို အသုံးချ၍ တိုက်ခိုက်ခြင်း မပြုခဲ့သလို အဋ္ဌမမြောက်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦးကို ထိုနေရာတွင်တင် အပြတ်ရှင်းပစ်ရန် မကြိုးစားခဲ့ချေ။
နောက်ပြောင်နေတာလား...
သူလို ပဉ္စမမြောက်အဆင့် ကျင့်ကြံသူတစ်ယောက်က ထိုမျှထူထပ်လှသော စစ်မှန်သောစွမ်းအင် အကာအကွယ်ကို ဘယ်လိုလုပ် ဖောက်ထွက်နိုင်ပါ့မလဲ။
အလောင်းလာကောက်ရင်းနဲ့ ကိုယ့်အသက်ပါ ပါသွားမည့်အလုပ်မျိုးကို သူ လုပ်လိမ့်မည်မဟုတ်ချေ။
သူတို့နှစ်ဦးကြားရှိ အစွမ်းသတ္တိ ကွာဟချက်ကို ကောင်းစွာသိမြင်ထားသဖြင့် နင်ပေသည် လှည့်ထွက်ပြေးရန် ပြတ်ပြတ်သားသား ရွေးချယ်လိုက်တော့သည်။
【 ဒင်... သခင် ၏ လှုပ်ရှားမှုသည် အလွန်တရာ အထင်ကြီးဖွယ်ကောင်းကြောင်း စနစ် မှ စစ်ဆေးတွေ့ရှိသဖြင့် ရမှတ် ၃၀၀,၀၀၀ ဆုချီးမြှင့်လိုက်ပါသည် 】 စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။
"စနစ်ရေ... မင်းရဲ့ ဒီလို အတွေ့အကြုံမရှိသေးတဲ့ ပုံစံလေးကို ငါ တကယ့်ကို သဘောကျတာ"
နင်ပေ ပြုံးစိစိဖြင့် ရေရွတ်လိုက်ရင်း 'ကမ္ဘာဦး မိုးကြိုးရိပ်ခြေလှမ်း' ကို အဆုံးစွန်ထိ ထုတ်ဖော်လိုက်တော့သည်။
ရှူး... ရှူး... ရှူး.....!
သူသည် တောင်တန်းများအကြားတွင် လျှပ်စီးကြောင်းတစ်ခုပမာ လျင်မြန်စွာ ဖြတ်သန်းသွားခဲ့ပြီး၊ ခဏချင်းမှာပင် မည်သည့်ခြေရာလက်ရာမျှမကျန် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့သော အကြီးအကဲချူ၏ မျက်နှာကမူ ဆေးရောင်စုံ ခြယ်သထားသည့်အလား အမျိုးမျိုး ပြောင်းလဲနေခဲ့သည်။
ယခုအချိန်အထိ သူသည် နင်ပေ မည်သို့လွတ်မြောက်သွားသည်ကိုလည်းကောင်း၊ ထိုကောင်စုတ်လေး၏ စွမ်းရည်က မည်မျှအထိ ဆန်းကြယ်၍ ဤအဆိပ်မြူများကြားတွင် လွတ်လပ်စွာ သွားလာနိုင်သည်ကိုလည်းကောင်း စဉ်းစား၍ မရနိုင်သေးချေ။
"သွားပြီ... အဲဒီကောင်စုတ်လေး တစ္ဆေမျက်နှာ နဂါးပျံဘုရင်ရဲ့ အလောင်းကို ယူသွားပြီ"
အကြီးအကဲချူ သတိပြန်ဝင်လာသည့်အခါ ရှက်ဒေါသတို့ကြောင့် တစ်ကိုယ်လုံး တုန်ရီလာပြီး ရင်ထဲတွင် အလွန်တရာ အရှက်ရမှုကို ခံစားလိုက်ရသည်။
ဤကြောက်မက်ဖွယ်ကောင်းသော အဆိပ်မြူများကြားတွင် ပိတ်မိနေသဖြင့် သူသည် ထိုကောင်ကို တားဆီးချင်လျှင်ပင် တားဆီးနိုင်စွမ်း မရှိခဲ့ချေ။
မိမိတို့ အသက်နှင့်လဲ၍ ရယူထားသော စစ်အောင်ပွဲရလဒ်ကို အပြင်လူတစ်ယောက်က မျက်စိရှေ့တင် လုယူသွားသည်ကို ဒီအတိုင်း ထိုင်ကြည့်နေခဲ့ရသဖြင့်၊ ခဏနေကျလျှင် သခင်လေးကို သူ ဘယ်လို မျက်နှာပြပြီး ရှင်းပြရပါ့မလဲ။
အကြီးအကဲချူသည် တွေးမိလေလေ ပို၍ ကြောက်လန့်လာလေလေဖြစ်ပြီး နင်ပေကို အရိုးထဲကပါ နာကျည်းမိတော့သည်။
နာရီဝက်ခန့် ကြာပြီးနောက်....
အဆိပ်မြူများ တဖြည်းဖြည်း ပျယ်လွင့်သွားခဲ့သည်။ ပတ်ပတ်လည်ရှိ ရှုခင်းများမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။သစ်ပင်ပန်းမန်များ အမြစ်ပြတ် သေဆုံးကုန်ပြီး၊ ကျောက်ဆောင်များလည်း အရည်ပျော်လုနီးပါး ဖြစ်ကာ၊ နေရာတစ်ခုလုံးတွင် သေခြင်းတရား အရှိန်အဝါ များ လွှမ်းမိုးနေသဖြင့် မြေကြီးထဲရှိ တီကောင်များပင် လွတ်မြောက်နိုင်ခြင်း မရှိခဲ့ကြချေ။
အကြီးအကဲချူ၏ နဖူးမှ ချွေးစေးများ တရဟော စီးကျလာခဲ့သည်။ သူသည် ရင်တထိတ်ထိတ် ဖြစ်နေရုံမက ခန္ဓာကိုယ်အတွင်း၌လည်း အလွန်အမင်း အားအင်ချို့တဲ့မှုကို ခံစားနေရသည်။
သူသည် ထိုအဆိပ်မြူများ၏ ကြောက်မက်ဖွယ်ကောင်းမှုကို လျှော့တွက်မိခဲ့ခြင်း ဖြစ်သည်။ ၎င်းက သူ၏ စစ်မှန်သောစွမ်းအင်များကို လုံးဝ ကုန်ခမ်းသွားစေခဲ့သဖြင့် အသက်ရှင်သန်နိုင်ရန်အတွက် ဝိညာဉ်စွမ်းအားများကို အတင်းအကျပ် ထုတ်သုံးခဲ့ရသည်။ ယခုအခါ သူသည် အထွတ်အထိပ် အခြေအနေတွင် မရှိတော့ဘဲ သာမန် ဆတ္တမမြောက်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်တော့သည်။
မကြာမီမှာပင် လှမ်းလှမ်းမှ လူရိပ်အချို့ လျင်မြန်စွာ ပျံသန်းရောက်ရှိလာကြသည်။
အကြီးအကဲချူ အသက်ရှင်နေသေးသည်ကို မြင်လိုက်ရသည့်အခါ ရဲကူဟန်၏ မျက်ဝန်းထဲတွင် ကျေနပ်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း၊ ရှေ့တည့်တည့်သို့ လှမ်းကြည့်လိုက်သည့်အခါတွင်မူ သူ၏ သူငယ်အိမ်များ ရုတ်ချည်း အပ်နဖားခေါင်းခန့် ကျုံ့ဝင်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် ရှေ့ရှိ မြေပြင်မှာ ဗလာကျင်းနေပြီး... တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ အလောင်းကြီးပင် ပျောက်ကွယ်နေသည်ကို သူ တွေ့ရှိလိုက်ရခြင်းကြောင့် ဖြစ်သည်။
"မဖြစ်နိုင်တာ။ အဆိပ်မြူတွေက ဘယ်လောက်ပဲ တိုက်စားနိုင်စွမ်း ရှိပါစေဦးတော့၊ ဘာမှမချန်ဘဲ အရည်ပျော်သွားအောင် လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒါ တစ္ဆေမျက်နှာ နဂါးပျံဘုရင်ပဲ၊ တစ်ကိုယ်လုံးက ရတနာတွေချည်းပဲလေ... တို့ရဲ့ အထွတ်အထိပ် မိုးကြိုးပေါက်ကွဲပုလဲတောင် သူ့အလောင်းကို အစအနမကျန်အောင် မဖျက်ဆီးနိုင်ဘူး"
ရဲကူဟန်၏ ဦးနှောက်ထဲတွင် အတွေးများ ဗလပွ ဖြစ်သွားခဲ့သည်။ သူသည် အဘိုးကြီး၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး စိုးရိမ်တကြီး မေးမြန်းတော့သည်
"အကြီးအကဲချူ... တစ္ဆေမျက်နှာ နဂါးပျံဘုရင် ဘယ်ရောက်သွားလဲ"
အကြီးအကဲချူသည် အပြစ်ရှိသကဲ့သို့ ခံစားနေရသဖြင့် မျက်နှာတစ်ခုလုံး ညှိုးငယ်နေခဲ့သည်။ ထိုစဉ် ရုတ်တရက် သူ၏အကြည့်က လူအုပ်ထဲရှိ အကျွမ်းတဝင်ရှိသော လူရိပ်တစ်ခုထံသို့ ရောက်ရှိသွားရာ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင် ဖြစ်သွားရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် တရားခံအစစ်အမှန်ဖြစ်သော နင်ပေကို မြင်တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။
"သခင်လေး... သူ၊ သူက အလောင်းကို ယူသွားတဲ့လူ" အကြီးအကဲချူ ရှေ့သို့ အပြေးတက်ကာ နင်ပေကို လက်ညှိုးငေါက်ငေါက်ထိုးရင်း တုန်ရီသော အသံဖြင့် အော်ဟစ်တော့သည်။
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လက်အောက်ငယ်သားများမှာ ကြောင်အမ်းသွားကြပြီး တစ်ယောက်ကိုတစ်ယောက် ဝေခွဲမရစွာ ကြည့်လိုက်ကြသည်။
ရဲကူဟန် တောင့်တင်းသွားခဲ့ပြီး နဖူးတွင် အကြောပြိုင်းပြိုင်း ထလာခဲ့သည်။ သူက ဒေါသတကြီး အော်ဟစ်လိုက်သည် ..
"မင်း ငါ့ကို လူအများထင်နေတာလား။ ဒီကောင်က အစကနေ အဆုံးထိ ငါတို့အုပ်စုထဲမှာ ရှိနေတာလေ။ သူက ဘယ်လိုလုပ် တစ္ဆေမျက်နှာ နဂါးပျံဘုရင်ရဲ့ အလောင်းကို ယူသွားနိုင်မှာလဲ။ မင်း မျက်စိတွေ မှုန်နေပြီလား"
ထိုစကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲချူ၏ ဦးနှောက်တစ်ခုလုံး အုန်းခနဲ ဖြစ်သွားခဲ့သည်။
သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည့်အတိုင်းပင် တစ်ဖက်လူသည် 'နတ်မိမယ်တုတ်နှောင်ကြိုး' ဖြင့် အမြဲတမ်း တုတ်နှောင်ခံထားရပြီး ရဲကူဟန်နှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူ ထွက်ပြေးသွားပြီးမှ မိမိမျက်စိရှေ့တွင် ပြန်လည်ပေါ်လာရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
ငါ တကယ်ပဲ မျက်စိမှားတာလား။ ဒါပေမဲ့ ပြဿနာက... အလောင်းက တကယ်ပဲ အခိုးခံလိုက်ရတာလေ။
အကြီးအကဲချူ၏ စိတ်များ ရှုပ်ထွေးနောက်ကျိကုန်သည်။ သူ၏ နီမြန်းနေသော မျက်လုံးများက မိမိကို ပြုံးစိစိဖြင့် ကြည့်နေသော နင်ပေထံသို့ စိုက်ကြည့်နေမိသည်။
တစ်ခဏချင်းမှာပင် အကြီးအကဲချူသည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူသည် ဒေါသတကြီး အော်ဟစ်ကာ နင်ပေထံသို့ ပြေးဝင်သွားပြီး စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်တော့ဘဲ တစ်ဖက်လူ၏ လည်ပင်းကို ဆွဲကိုင်လိုက်တော့သည်။
"မင်းပဲ.. သေချာပေါက် မင်းပဲ ဖြစ်ရမယ်.. တစ္ဆေမျက်နှာ နဂါးပျံဘုရင်ရဲ့ အလောင်းကို အခုချက်ချင်း ပြန်ပေး.."
"ခန်းမဆောင်သခင်ချူ... စိတ်အေးအေးထားပါဦး.." လက်အောက်ငယ်သားများ ထိတ်လန့်သွားကြပြီး ထိုအဘိုးကြီးကို လျင်မြန်စွာ ဆွဲဖယ်လိုက်ကြသည်။
ရဲကူဟန်၏ မျက်နှာမှာမူ မှောင်မှောင်မည်းမည်း ဖြစ်နေခဲ့ပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူ ရိပ်မိလိုက်သည်။
သူသည် အကြီးအကဲချူကို ယုံကြည်ဆဲဖြစ်သည်။ ဘာပဲပြောပြော ဤကဲ့သို့သောအရာမျိုးကို လိမ်ညာနေရန် အကြောင်းမရှိချေ။ သို့သော် နင်ပေသည် သူ၏ မျက်စိအောက်မှ ဘယ်သောအခါမှ ပျောက်ကွယ်မသွားခဲ့ရာ... သူက ဘယ်လိုလုပ် အလောင်းကို ပြောင်ပြောင်တင်းတင်း ခိုးယူနိုင်ပါ့မလဲ။
ထိုသို့ဆိုလျှင် ရှင်းပြနိုင်မည့် အကြောင်းအရင်း တစ်ခုသာ ရှိတော့သည်။ ဤနေရာတွင်ရှိသော နင်ပေသည်... အတု ဖြစ်နိုင်သည်။
ဤအတွေး ဝင်လာသည့်အခါ ရဲကူဟန်ကိုယ်တိုင်ပင် အလွန်အမင်း ထိတ်လန့်သွားခဲ့ရသည်။
"ဟားဟားဟား... မင်းလည်း ရိပ်မိသွားပြီ ထင်တယ်။ ဒါဆိုရင်တော့ ငါလည်း ဆက်ပြီး ဟန်ဆောင်နေစရာ မလိုတော့ဘူးပေါ့"
တင်းကျပ်စွာ တုတ်နှောင်ခံထားရသော ချောမောလှသည့် လူငယ်လေးသည် ထူးဆန်းစွာ ရယ်မောလိုက်ပြီး သူ၏ မျက်ဝန်းများထဲတွင် ရဲကူဟန်အား လှောင်ပြောင် သရော်သည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေခဲ့သည်။
"ကြည့်စမ်း... ဒီကောင်စုတ်လေး ကိုယ်တိုင် ဝန်ခံပြီ.. အလောင်းကို သူ ခိုးသွားတာ.."
အကြီးအကဲချူသည် နားလည်မှုလွဲခြင်းများ ရှင်းလင်းသွားသည့်အလား အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်သည်။
ရဲကူဟန်၏ အမူအရာမှာ အလွန်ပင် ဆိုးရွားနေခဲ့ပြီး ရင်ထဲတွင် မရေရာသော မလုံခြုံမှုတစ်ခုကို ခံစားလိုက်ရသည်။ သူက အေးစက်စွာဖြင့် မေးလိုက်သည်။။
"နင်ပေ... နင် ဘာကို ဆိုလိုတာလဲ။"
ထို့နောက် လူတိုင်း၏ မှင်တက်နေသော အကြည့်များအောက်တွင်... ဤမိစ္ဆာနှိမ်နင်းရေး မင်းသားနန်းတော်၏ အမွေခံ သခင်လေး၏ အပြုံးသည် ပိုမို၍ ရက်စက်ယုတ်မာလာခဲ့သည်။ သူ၏ တစ်ကိုယ်လုံးတွင် ကွဲအက်နေသော ကြွေထည်အပိုင်းအစတစ်ခုကဲ့သို့ အက်ကြောင်းများစွာ ပေါ်ထွက်လာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အရှိန်အဝါများ လျှံထွက်လာတော့သည်။
"အံ့သြသွားလား" (Surprise....)
အင်္ဂလိပ်စကားလုံးတစ်လုံးကို အော်ဟစ်ပြီးနောက် နင်ပေ၏ ခန္ဓာကိုယ်သည် ဝုန်း... ခနဲ အသံနှင့်အတူ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပြီး၊ ၎င်း၏အတွင်း၌ရှိသော သောင်းကျန်းလှသော စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ ရူးသွပ်စွာ ပျံ့နှံ့သွားတော့သည်။
"မကောင်းတော့ဘူး..."
လူတိုင်းသည် ထိုပေါက်ကွဲမှုအရှိန်အဝါအတွင်း မိမိတို့ မပါဝင်သွားစေရန်အတွက် ကောင်းကင်ထက်သို့ လျင်မြန်စွာ ပျံတက်ကာ ရှောင်ကွင်းလိုက်ကြသည်။
ထိုပေါက်ကွဲမှုစွမ်းအားမှာ အလွန်ပင် ပြင်းထန်လှသဖြင့် ဆဋ္ဌမမြောက်အဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။
"အား..."
အသည်းအသန် အော်ဟစ်ညည်းတွားသံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြပုံရသည်။
ဖုန်မှုန့်များ ပျယ်လွင့်သွားသည့်အခါ မြေပြင်တစ်ခုလုံး ကမောက်ကမ ဖြစ်နေခဲ့သည်။
ရဲကူဟန်နှင့် အကြီးအကဲချူမှာ ဘာမျှမဖြစ်သော်လည်း ကျန်ရှိသော လက်အောက်ငယ်သား ဆယ်ဦးမှာမူ ထိုမျှ ကံမကောင်းခဲ့ကြချေ။
အဘယ်ကြောင့်ဆိုသော် သူတို့သည် ပေါက်ကွဲမှုနှင့် ပိုမိုနီးကပ်သည့်အပြင် ဆဋ္ဌမမြောက်အဆင့် ကျင့်ကြံခြင်းအဆင့်သာ ရှိကြသဖြင့် ပေါက်ကွဲမှုပြီးနောက် သူတို့အားလုံး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြခြင်း ဖြစ်သည်။ သူတို့သည် သွေးများ အန်ထုတ်နေကြပြီး အရှိန်အဝါများ ဆုတ်ယုတ်သွားကာ အချို့မှာ လက်မောင်းများပင် ပြတ်ထွက်သွားခဲ့သဖြင့် မိမိတို့၏ ဒဏ်ရာများကို ဆုပ်ကိုင်လျက် နာကျင်စွာ အော်ဟစ်နေကြရသည်။
သူတို့သည် ပျံသန်းနိုင်စွမ်းရှိသောကြောင့်သာ ကံကောင်းခြင်း ဖြစ်သည်။ အကယ်၍သာ သူတို့သည် ပဉ္စမမြောက်အဆင့် ကျင့်ကြံသူများ ဖြစ်ခဲ့ကြပါက စောစောက ပေါက်ကွဲမှုအတွင်းမှာတင် အားလုံး ပြာကျသေဆုံးသွားကြလိမ့်မည် ဖြစ်သည်။
"သ... သခင်လေး..."
အကြီးအကဲချူသည် မိမိတို့ လုံးဝ ဥဿုံ ရှုံးနိမ့်သွားခဲ့ပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီး အပြစ်တင်ခံရမည်ကို စိုးရိမ်သဖြင့် ခေါင်းကို ငုံ့ထားလိုက်မိသည်။
ဤမိစ္ဆာနှိမ်နင်းရေး မင်းသားနန်းတော်၏ အမွေခံက အတုအယောင် ဖြစ်နေလိမ့်မည်ဟုလည်းကောင်း၊ သူက ကိုယ်တိုင် အလိုအလျောက် ပေါက်ကွဲနိုင်သည့် စွမ်းရည်မျိုး ရှိနေလိမ့်မည်ဟုလည်းကောင်း မည်သူကများ ထင်မှတ်ထားခဲ့မိပါမည်နည်း။
တကယ့်ကို ယုတ်မာကောက်ကျစ်လွန်းလှသည်...
ရဲကူဟန်၏ မျက်နှာတစ်ခုလုံး တုန်ရီနေခဲ့ပြီး လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် အရိုးချင်း ရိုက်ခတ်သံများ ထွက်ပေါ်နေကာ လည်ပင်းတွင်လည်း အကြောများ ပြိုင်းပြိုင်းထနေခဲ့သည်။
ဒါက လုံးဝကို အရှက်ရမှုပဲ... လုံးဝ ဥဿုံ အရှက်ခွဲခံလိုက်ရတာပဲ။
သူ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင်လျှောက်လှမ်းကတည်းက အရာရာတိုင်းသည် သူ့အတွက် ချောမွေ့ခဲ့သည်။ ခက်ခဲနက်နဲသော ပြဿနာများနှင့် ကြုံတွေ့ရသည့်တိုင်အောင် သူသည် မိမိ၏ စွမ်းရည်များဖြင့် အလွယ်တကူ ဖြေရှင်းနိုင်ခဲ့သည်။
သူ၏ ဘဝအဘိဓာန်ထဲတွင် "ရှုံးနိမ့်ခြင်း" ဟူသော စကားလုံး ဘယ်သောအခါမှ မရှိခဲ့ချေ။
ယခုမူ မိမိတို့ အပင်ပန်းခံ ရယူထားသော စစ်အောင်ပွဲရလဒ် အခိုးခံလိုက်ရရုံသာမက သူသည် အစမှအဆုံးထိ လူလည်လုပ်ပြီး အကွက်ဆင် ကစားခြင်းကိုပါ ခံလိုက်ရခြင်း ဖြစ်သည်။
ဝုန်း...!
တဟုန်ထိုး တက်လာသော ဒေါသမုန်တိုင်းသည် သူ၏ ရင်ဘတ်အတွင်း၌ သောင်းကျန်းနေခဲ့ပြီး သူ၏ တစ်ကိုယ်လုံးကို ဝါးမြိုမည့်အလား ဖြစ်နေသည်။ ရဲကူဟန် ထပ်မံ၍ မအောင့်အီးနိုင်တော့ချေ။ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါ များ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့ပြီး မုန်တိုင်းတစ်ခုကဲ့သို့ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်တစ်ခုလုံးကို အေးခဲသွားစေတော့သည်။
"နင်... ပေ့......."
ထိုဟိန်းဟောက်သံကြောင့် တောင်တန်းများ တုန်ဟည်းသွားခဲ့ပြီး ကောင်းကင်ထက်မှ တိမ်တိုက်များပင် ပျယ်လွင့်သွားခဲ့ရသည်။
ဤတိုတောင်းလှသော စကားလုံးနှစ်လုံးအတွင်းတွင် အဆုံးမရှိသော ဒေါသနှင့် နာကျည်းမှုများ ကိန်းအောင်းနေခဲ့သည်။
ဒါက သူ ဤမျှကြီးမားသော ဆုံးရှုံးမှုကို ပထမဦးဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သော်လည်း ဒါက နောက်ဆုံးအကြိမ် ဖြစ်ရမည်ဟု သူ သစ္စာဆိုလိုက်သည်။ အကယ်၍ နောက်တစ်ကြိမ် ပြန်လည်ဆုံတွေ့ကြမည်ဆိုပါက သူသည် ဤအရှက်ရမှုကို သွေးဖြင့် သေချာပေါက် ဆေးကြောပစ်မည် ဖြစ်သည်။
လျို့ဝှက်လှသော တောင်တောတစ်ခု၏ အဝေးတစ်နေရာတွင်...
"ဟင်" နင်ပေသည် သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်ရင်း တိကျသော အရပ်မျက်နှာတစ်ခုဆီသို့ အတွေးပွားကာ လှမ်းကြည့်လိုက်သည်။
"ငါ့ကို တစ်ယောက်ယောက်က သားကြီးလို့ လှမ်းအော်ခေါ်နေသလိုပဲ... ငါ မျက်စိမှား နားမှား ဖြစ်နေတာလား မသိဘူး..."
◼️◼️◼️◼️◼️◼️◼️◼️◼️◼️