အခန်း ၁၇ - အလောင်းကောက် ပညာရှင်ကြီး ရောက်ရှိလာပြီ
ထန်ချောင်ချောင်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်အောက်တွင်... နဂါးတစ်ကောင်နှင့် သဏ္ဌာန်တူပြီး တစ်ကိုယ်လုံး စုန်းမှောင်လှသော အကြေးခွံများ ဖုံးလွှမ်းထားသည့် ရှေးဟောင်းသတ္တဝါကြီးတစ်ကောင်သည် ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကို ရွှေ့လျားကာ ပေါ်ထွက်လာခဲ့သည်။ ၎င်း၏ မျက်နှာမှာ ထူးဆန်းလှသော တစ္ဆေမျက်နှာဖုံးတစ်ခုပမာ ရှိနေပြီး ထက်မြက်ကာ ပြူးထွက်နေသော သွားစွယ်ကြီးများ ရှိနေခဲ့ရာ... အကျဉ်းချုပ်ပြောရလျှင် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းလှသည်။
ထို သွေးကဲ့သို့ နီရဲနေသော မျက်လုံးအစုံမှ နက်ရှိုင်းသော လောဘရိပ်များ ထွက်ပေါ်နေခဲ့သည်မှာ လောကတွင် အရသာအရှိဆုံး အစားအစာကို ကြည့်နေသည့်အလားပင်။
တစ္ဆေမျက်နှာ နဂါးပျံဘုရင် ပေါ်လာခဲ့ပြီ ဖြစ်သည်။
"မလာနဲ့... မလာပါနဲ့"
ထန်ချောင်ချောင်သည် ထိုသတ္တဝါကြီး နီးကပ်လာသည်ကို ကြည့်ရင်း မျက်နှာတစ်ခုလုံး ကိုယ်ကိုကို ကိုးကွယ်နိုင်စွမ်းမရှိမှုများနှင့် မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ဤအတောအတွင်း အနီးနားရှိ အခြားသော သားရဲများသည်လည်း လှုပ်ရှားချင်နေကြသော်လည်း တစ္ဆေမျက်နှာ နဂါးပျံဘုရင်အပေါ် ကြောက်ရွံ့စိတ်က သူတို့၏ စိတ်အလိုကို လွှမ်းမိုးသွားခဲ့သဖြင့် ရှေ့သို့တက်ကာ အစာလုယူရန် မဝံ့ရဲကြချေ။
ဘာပဲပြောပြော ဤနယ်မြေအတွင်းတွင် တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် ငြင်းပယ်၍မရသော အရှင်သခင်ဖြစ်ပြီး၊ ရှည်လျားလှသော သက်တမ်းနှင့်အတူ ကြီးမားသော သြဇာအာဏာ ရှိထားသူ ဖြစ်သည်။
သာမန်အခြေအနေမျိုးတွင် အဆင့်မြင့် သားရဲများသည် အန္တရာယ်ရှိမှန်း သိလျက်နှင့် ကိုယ့်သေတွင်းကိုယ် တူးကြလိမ့်မည် မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် သူတို့တွင် ဦးနှောက်ရှိကြပြီး အန္တရာယ်ကို မည်သို့ရှောင်ကွင်းရမည်ကို သိရှိကြခြင်းကြောင့်ပင်..
ထို့ကြောင့် ထန်ချောင်ချောင်ထံမှ ထွက်ပေါ်နေသော အနံ့အသက်သည် ကြီးမားသော ဆွဲဆောင်မှု ရှိနေသော်လည်း၊ သားရဲအုပ်ကြီးသည် တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ အသတ်ခံရမည်ကို စိုးရိမ်သဖြင့် သူတို့၏ လောဘစိတ်ကို အစွမ်းကုန် အောင့်အီးထားကြရသည်။
ဤအချက်ကပင် တစ္ဆေမျက်နှာ နဂါးပျံဘုရင်အတွက် ထန်ချောင်ချောင်ကို တစ်ကောင်တည်း အေးအေးလူလူ မြိန်ရှက်စွာ စားသုံးနိုင်ခွင့် ရရှိစေခြင်း ဖြစ်ပေသည်။
ဤအချိန်တွင်..
တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် မိမိရှေ့မှ အစားအစာကို ချက်ချင်းစားရန် အလျင်မလိုသေးဘဲ သူမ၏ ပတ်ပတ်လည်တွင် အကြိမ်အနည်းငယ် လှည့်ပတ်ကာ သတိကြီးစွာဖြင့် ဝန်းကျင်ကို အကဲခတ်နေခဲ့သည်။
အတန်ကြာပြီးနောက် မည်သည့်အမှားအယွင်းမျှ မရှိကြောင်း ထပ်ခါတလဲလဲ အတည်ပြုပြီးသည့်အခါမှသာ တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် စိတ်ကို မထိန်းနိုင်တော့ဘဲ သွေးစွန်းနေသော ပါးစပ်ကြီးကို ဖြဲလျက် ထန်ချောင်ချောင်အား ကိုက်ခဲလိုက်တော့သည်။
"အား..."
ထိတ်လန့်တုန်လှုပ်ဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ချက်ချင်းပင် ရုတ်ချည်း ပြတ်တောက်သွားခဲ့သည်။
တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် ၎င်း၏ သားကောင်ကို စားသုံးကာ အရသာခံ၍ ဝါးမြိုနေခဲ့ပြီး၊ ၎င်း၏ ထက်မြက်လှသော သွားစွယ်များကြားမှ သွေးစများ စိမ့်ထွက်နေသည်မှာ အလွန်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
အခြားတစ်ဖက်တွင်မူ..
အကြီးအကဲချူနှင့် အခြားသူများမှာ စိတ်လှုပ်ရှားနေကြသည် "သခင်လေး... အဲဒီကောင် စားလိုက်ပြီ"
ရဲကူဟန်က ရက်စက်စွာ ရယ်မောလိုက်ရင်း
"တို့တွေ ဒီအချိန်ကို စောင့်နေတာ"
ချက်ချင်းဆိုသလိုပင် သူသည် မိမိလက်ထဲရှိ မှော်စာလုံး အတွင်းသို့ ဝိညာဉ်စွမ်းအားများကို ထည့်သွင်းလိုက်သည်။ မှော်စာလုံး၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော အလင်းရောင်တစ်ခု ဖျတ်ခနဲ လင်းလက်သွားပြီးနောက် ပြာအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင် လွင့်ပါးသွားတော့သည်။
တစ်ချိန်တည်းမှာပင်..
၎င်း၏ ဝမ်းဗိုက်အတွင်းသို့ မျိုချခြင်းခံထားရသော အထွတ်အထိပ် မိုးကြိုးပေါက်ကွဲပုလဲသည် အမိန့်တစ်ခုကို လက်ခံရရှိလိုက်သည့်အလား ပြင်းထန်စွာ တုန်ခါလာခဲ့ပြီး ၎င်း၏ တစ်ကိုယ်လုံးတွင် အက်ကြောင်းများ ပေါ်လာကာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အချို့ ပေါက်ကွဲထွက်လုနီးပါး ဖြစ်လာခဲ့သည်။
မူလက အစာစားပြီးနောက် တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် ကျေနပ်အားရစွာဖြင့် အိပ်စက်ရန် သူ၏ ဂူအတွင်းသို့ ပြန်လည်ဝင်ရောက်လိုသော်လည်း၊ ရုတ်တရက် သူ၏ ဝမ်းဗိုက်အတွင်း၌ ပြင်းထန်လှသော ပုံမှန်မဟုတ်မှုတစ်ခုကို ခံစားလိုက်ရသည်။
ဒိုင်း....!
၎င်း၏ ဝမ်းဗိုက်အတွင်းမှ အသံဗလံ တိုးတိုးဖြင့် ပြင်းထန်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ဟိန်း...!"
တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် ခေါင်းကို မော့ကာ အော်ဟစ်ငိုညည်းလိုက်ရပြီး ၎င်း၏ တစ်ကိုယ်လုံးမှ ရေတွက်မရနိုင်သော အပြာရောင် မိုးကြိုးလျှပ်စီးများ ပန်းထွက်လာခဲ့ကာ၊ အကြေးခွံများကြားမှ သွေးစများ စိမ့်ထွက်လာပြီး ပါးစပ်အတွင်းမှလည်း ဝံပုလွေမီးခိုးကဲ့သို့ စုန်းမှောင်လှသော အခိုးအငွေ့များ လျှံထွက်လာခဲ့တော့သည်။
သိထားရမည်မှာ...
မည်သည့် ကြိုတင်ကာကွယ်မှုမျှ မရှိဘဲ အထွတ်အထိပ် မိုးကြိုးပေါက်ကွဲပုလဲတစ်ခု ပေါက်ကွဲခြင်းသည် အဋ္ဌမမြောက်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦးကိုပင် ပြင်းထန်စွာ ဒဏ်ရာရရှိစေရန် လုံလောက်လှသည်။
ယခုအခါ ဤအရာက တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ ဝမ်းဗိုက်အတွင်း တိုက်ရိုက် ပေါက်ကွဲသွားခြင်း ဖြစ်သဖြင့် ဖျက်ဆီးနိုင်စွမ်းမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားခြင်းပင်...
ဖုန်မှုန့်များ တရိပ်ရိပ် တက်လာခဲ့ပြီး မိုးကြိုးသံများ လွှမ်းမိုးသွားခဲ့သည်။
စူးရှလှသော အော်ဟစ်သံများနှင့်အတူ တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ သူငယ်အိမ်များ တဖြည်းဖြည်း ကျယ်ပြန့်သွားခဲ့ပြီး ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်သည် ရွှံ့ညွှန်တစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားကာ မည်သို့မျှ မလှုပ်ရှားနိုင်တော့ဘဲ အနက်ရောင် အခိုးအငွေ့များသာ သဲ့သဲ့မျှ ထွက်ပေါ်နေတော့သည်။
"သခင်လေး... တို့တွေ ဒီကောင်ကို နှိမ်နင်းနိုင်ခဲ့ပြီ"
တစ္ဆေစျေးကွက် ကျွမ်းကျင်ပညာရှင် အုပ်စုသည် အလွန်ပင် အံ့သြဝမ်းသာစွာဖြင့် ပြောလိုက်ကြသည်။
အကြီးအကဲချူက မျက်နှာတစ်ခုလုံး အပြုံးများဖြင့် ပြည့်နှက်လျက်
"ဒါတွေအားလုံးက သခင်လေးရဲ့ ဉာဏ်ပညာကြီးမားလှတဲ့ ဦးဆောင်မှုကြောင့် တို့တွေရဲ့ စစ်ဆင်ရေးကို ဒီလောက်အထိ ချောချောမွေ့မွေ့ လုပ်ဆောင်နိုင်ခဲ့တာပါ။ တကယ်ကို လေးစားမိပါတယ်... လေးစားမိပါတယ်"
ဤအခွင့်အရေးကို အသုံးချကာ သူသည် နောက်တစ်ကြိမ် ကျယ်လောင်စွာ ဖားလိုက်ပြန်သည်။
တစ္ဆေစျေးကွက်တွင် မြင့်မားသော ရာထူးတစ်ခုသို့ ရောက်ရှိရန်အတွက် အစွမ်းသတ္တိ ရှိရန် လိုအပ်ရုံသာမက စကားပြောတတ်ရန် လည်း အလွန်အရေးကြီးပေသည်။
ယခုအခါ ရဲကူဟန်ကို မျက်နှာလိုမျက်နှာရ လုပ်ထားခြင်းဖြင့် အနာဂတ်တွင် မြင့်မားသော အကျိုးအမြတ်များ ပြန်လည်ရရှိနိုင်မည်ဖြစ်ရာ ဘာကြောင့် မလုပ်ဘဲ နေမည်နည်း။
ရဲကူဟန်က သူ့ကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သော်လည်း ဘာမျှမပြောခဲ့ချေ။ဒါက တကယ့် လူတော်တစ်ယောက်ပဲ...
ပစ်မှတ်ကို ကိုင်တွယ်ပြီးပြီ ဖြစ်သဖြင့် ကျန်ရှိသောအလုပ်မှာ အလောင်းကို သိမ်းဆည်းရန်သာ ဖြစ်သည်။
"သွားကြစို့"
ထို့နောက် ရဲကူဟန်သည် သူ၏ လက်အောက်ငယ်သားများကို ဦးဆောင်ကာ တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ အနီးသို့ ချဉ်းကပ်သွားခဲ့သည်။ မိမိအလိုရှိရာကို ရရှိတော့မည်ဖြစ်ပြီး ထိုအဆိပ်ပြင်း မိစ္ဆာကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်တော့မည်ကို တွေးမိကာ သူ၏ စိတ်အခြေအနေမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်လာခဲ့သည်။
ထိုအချိန်ကျရောက်လာပါက သူသည် လက်တစ်ချက် လှုပ်ရုံမျှဖြင့် သက်ရှိသတ္တဝါ သန်းပေါင်းများစွာကို အဆိပ်ခတ် သတ်ဖြတ်နိုင်မည် ဖြစ်သည်။ မည်သူကများ တို့ ရဲကူဟန်ကို ဆန့်ကျင်ရဲဦးမည်နည်း။
ရုတ်တရက်...
သေဆုံးခြင်း အေးစက်မှုအတွင်းသို့ ကျရောက်သွားခဲ့ပြီဖြစ်သော တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် ပြန်လည်လှုပ်ရှားလာခဲ့သည်။ ရက်စက်ကြမ်းကြုတ်သော မျက်လုံးအစုံ ရုတ်ချည်း ပွင့်လာခဲ့ပြီး အဆုံးမရှိသော ဒေါသများ ပန်းထွက်လုနီးပါး ဖြစ်နေကာ ရဲကူဟန်နှင့် အခြားသူများကို စိုက်ကြည့်လိုက်တော့သည်။
"ဟိန်း...!"
ထိုအသံလှိုင်းမှာ အလွန်ပင် အစွမ်းထက်ပြီး စူးရှလွန်းလှသည်။
"သခင်လေး... သတိထားပါ၊ ဒီကောင် မသေသေးဘူး" အကြီးအကဲချူက ရဲကူဟန်၏ ရှေ့တွင် လျင်မြန်စွာ ကာကွယ်လိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။
မိမိအနေဖြင့် စွမ်းရည်ပြသရမည့် အခွင့်အရေး ရောက်ရှိလာပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ဘာပဲပြောပြော တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီးဖြစ်သဖြင့် သူ့ကို အနိုင်ယူရန် မဖြစ်နိုင်တော့ချေ။ သူသည် ဤအခွင့်အရေးကို အသုံးချကာ သူ၏ စွမ်းရည်များကို ထုတ်ပြပြီး သခင်လေး၏ ရှေ့မှောက်တွင် မျက်နှာသာ ရယူရမည် ဖြစ်သည်။
"အကြီးအကဲချူ... ဒါကို မင်းလက်ထဲပဲ အပ်လိုက်မယ်"
ရဲကူဟန်သည် မိမိကိုယ်ကိုယ် အထင်မကြီးပါချေ။ တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် အနည်းဆုံး အဋ္ဌမမြောက်အဆင့်၏ အထွတ်အထိပ် တွင် ရှိနေသည်။ ယခုအခါ ၎င်းသည် အသက်ငင်နေပြီး အသက်နှင့်လဲ၍ ပြန်လည်တိုက်ခိုက်နေခြင်း ဖြစ်သဖြင့် ဆဋ္ဌမမြောက်အဆင့်ဖြစ်သော သူ အလွယ်တကူ ကိုင်တွယ်နိုင်မည့် အရာမဟုတ်ချေ။
ဤကဲ့သို့သော အန္တရာယ်ရှိသည့် အလုပ်များကို ပိုမိုစိတ်ချရသော လူများထံ အပ်နှံထားခြင်းက ပို၍ ကောင်းမွန်ပေသည်။
"သခင်လေး... စိတ်ချပါ၊ ဒီအဖိုးကြီး ဒီသတ္တဝါကို အပြတ်ရှင်းပစ်ပါ့မယ်"
အကြီးအကဲချူ၏ မုတ်ဆိတ်မွှေးနှင့် ဆံပင်များ ထောင်ထလာခဲ့ပြီး အဋ္ဌမမြောက်အဆင့် ပြည့်စုံခြင်းအဆင့် ၏ ခန့်ညားလှသော အရှိန်အဝါတစ်ခု သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့သည်။
ဝူး.....!
သူ၏ လူရိပ်သည် ကောင်းကင်ထက်မှ ပျံသန်းနေသော ဟင်္သာငှက်တစ်ကောင်ကဲ့သို့ ဖြစ်သွားပြီး သေလုမြောပါး ဖြစ်နေသော တစ္ဆေမျက်နှာ နဂါးပျံဘုရင်ကို သတ်ဖြတ်ရန် ပြင်လိုက်သည်။
တစ္ဆေမျက်နှာ နဂါးပျံဘုရင်သည် မိမိ သေရတော့မည်ကို သိရှိထားသဖြင့် ၎င်း၏ မျက်ဝန်းထဲတွင် ရက်စက်မှုတစ်ခု ဖြတ်ပြေးသွားခဲ့ပြီး၊ ၎င်း၏ ဝမ်းဗိုက်မှာ ပြင်းထန်စွာ လှုပ်ရှားလာကာ ပါးစပ်ကို ဖြဲလျက် သေစေလောက်သော အဆိပ်အတောက်များ ပါဝင်သည့် အစိမ်းရောင် မြူခိုးတိမ်တိုက်တစ်ခုကို မှုတ်ထုတ်လိုက်တော့သည်။
ထိုအစိမ်းရောင် မြူခိုးများသည် မုန်တိုင်းတစ်ခုကဲ့သို့ လွင့်ပျံသွားခဲ့ပြီး လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်ရာ သဲများနှင့် ကျောက်တုံးများပင် အရည်ပျော်ကုန်ကြသည်။
ဤအရာကို ပြုလုပ်ပြီးနောက် တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ နောက်ဆုံးထွက်သက်သည် လုံးဝ ကုန်ဆုံးသွားခဲ့ပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလျက် မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားတော့သည်။
"တောက်ခ်... မကောင်းတော့ဘူး"
အကြီးအကဲချူ ထိတ်လန့်သွားခဲ့ရပြီး ခုခံရန်အတွက် စစ်မှန်သောစွမ်းအင် အကာအကွယ်ဒိုင်း ကို ပျာပျာသလဲ ထုတ်ဆင့်လိုက်ရင်း စိုးရိမ်တကြီး အော်ဟစ်တော့သည်....
"သခင်လေး... မြန်မြန် နောက်ဆုတ်ပါ.. ဒါတွေအားလုံးက အဆိပ်မြူတွေပဲ.."
ဒါက သာမန်အဆိပ်မြူ မဟုတ်ချေ။ ဒါက တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ ခန္ဓာကိုယ်အတွင်း သိုလှောင်ထားသော အဆိပ်ငွေ့များကို မသေဆုံးမီ တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။ အဋ္ဌမမြောက်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦးပင်လျှင် ဤအရာနှင့် ထိတွေ့မိပါက သူ၏ ရုပ်ခန္ဓာကိုယ် သည် တစ်ခဏချင်းမှာပင် အရည်ပျော်သွားပြီး သွေးကွက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။
ရဲကူဟန်၏ ဦးရေပြားတစ်ခုလုံး ထုံကျင်သွားခဲ့ရသည်.... "နောက်ဆုတ်ကြ"
ဘာပဲပြောပြော တစ္ဆေမျက်နှာ နဂါးပျံဘုရင်က သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ လက်ရှိ အရေးအကြီးဆုံးအချက်မှာ ဤအဆိပ်မြူများကို မြန်မြန်ရှောင်ကွင်းရန်ဖြစ်ပြီး အဆိပ်မြူများ ပျယ်လွင့်သွားသည့် အချိန်ကျမှ အလောင်းကို ပြန်လည်သိမ်းဆည်းရန် ဖြစ်သည်။
အနောက်မှ ကာကွယ်ပေးရန် အကြီးအကဲချူ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ သူ၏ အစွမ်းကုန် ထုတ်ဆင့်ထားသော စစ်မှန်သောစွမ်းအင် အကာအကွယ်ဒိုင်းသည် ဤတဟုန်ထိုး တိုးဝင်လာသော အဆိပ်မြူများ၏ ရှေ့မှောက်တွင် အလွန်ပင် ရုန်းကန်နေရပြီး၊ ပူပြင်းလှသော နေရောင်အောက်ရှိ ရေခဲပြင်ပမာ လျင်မြန်စွာ အရည်ပျော်နေခဲ့သည်။
"တောက်ခ်... ငါ ခဏလောက်ပဲ ထပ်ပြီး တောင့်ခံထားမှ ရတော့မယ်"
အကြီးအကဲချူသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောစွမ်းအင်များကို ရူးသွပ်စွာ လှုံ့ဆော်လိုက်ပြီး ၎င်းတို့ကို ပျစ်ချွဲလှသော ရေကဲ့သို့ တစ်ကိုယ်လုံးတွင် လွှမ်းမိုးထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် ဝါရင့် အဋ္ဌမမြောက်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သဖြင့် အလွန်ပင် ထူထပ်လှသော စစ်မှန်သောစွမ်းအင်များ ရှိနေခဲ့သည်။ သူသာ တောင့်ခံထားနိုင်မည်ဆိုပါက အဆိပ်မြူများ ပျယ်လွင့်သွားသည့်အခါ ဘေးကင်းသွားမည် ဖြစ်သည်။
အမွှေးတိုင်တစ်တိုင်စာခန့် ကြာပြီးနောက်...
အကြီးအကဲချူသည် ရုတ်တရက် အကျွမ်းတဝင်ရှိသော လူရိပ်တစ်ခု ဤအဆိပ်မြူများအတွင်း၌ အလွန်ပင် သိသာစွာဖြင့် လျင်မြန်စွာ ဖြတ်သန်းသွားသည်ကို တွေ့လိုက်ရသည်။
ထိုချောမောလှသော လူငယ်သည် အဆိပ်မြူများကြားတွင် ကူးလူးဖြတ်သန်းနေပြီး၊ သူ၏ ခေါင်းထက်တွင်မူ လက်သီးဆုပ်ခန့်ရှိသော အနီရင့်ရောင် ပုလဲလုံးလေးက တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေကာ ပတ်ပတ်လည်ရှိ အဆိပ်မြူများကို ၎င်းအတွင်းသို့ စုပ်ယူနေခဲ့သဖြင့် အဆိပ်မြူများသည် သူ့ကို လုံးဝ မထိတွေ့နိုင်ကြချေ...
နင်ပေသည် သူ၏ ကိုယ်ပွားမှတစ်ဆင့် အရာအားလုံးကို သိရှိပြီးနောက် သူ၏ ဦးနှောက်ထဲတွင် ရဲရင့်လှသော အတွေးတစ်ခု ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဒါကတော့... အလောင်းကို ခိုးယူရန် ဖြစ်ပေသည်...
စကားပုံတစ်ခု ရှိသည်မဟုတ်ပါလော...
ပုစဉ်းရင်ကွဲကို ဖမ်းရန် ပုရွက်ဆိတ်က နောက်က ချောင်းနေသော်လည်း... တစ်ီချောင်းငှက်က အနောက်မှာ ရှိနေသည်... တဲ့။
တစ္ဆေမျက်နှာ နဂါးပျံဘုရင် မသေဆုံးမီ မှုတ်ထုတ်လိုက်သော အဆိပ်မြူများသည် သူ့အတွက် အကောင်းဆုံး အခွင့်အရေးကို ပေးစွမ်းခဲ့သည်။
ရဲကူဟန်နှင့် အခြားသူများ အာရုံပျံ့လွင့်နေသည့် အခွင့်အရေးကို အသုံးချကာ သူသည် တိတ်တဆိတ် ချဉ်းကပ်လာပြီး တစ္ဆေမျက်နှာ နဂါးပျံဘုရင်၏ အလောင်းကို ယူဆောင်သွားရန် ဖြစ်သည်။
သို့သော် ပထမဦးစွာ သူသည် အဆိပ်မြူများကို ခုခံနိုင်ရန် လိုအပ်သည်။
ကံကောင်းထောက်မစွာဖြင့် ဝါးမြိုခြင်း နတ်ဘုရားပုလဲသည် အဆိပ်မြူများကိုပင် ဝါးမြိုနိုင်စွမ်း ရှိသဖြင့် ၎င်းက နင်ပေအား မည်သည့်ထိခိုက်မှုမျှ မရှိဘဲ ဝင်ရောက်လာနိုင်စေခြင်း ဖြစ်သည်။
"ဒါ... ဒါ မိစ္ဆာနှိမ်နင်းရေး မင်းသားနန်းတော်ရဲ့ သခင်လေး မဟုတ်ဘူးလား။ သူ ဘယ်လိုလုပ် ဒီထဲကို ဝင်လာတာလဲ"
အကြီးအကဲချူ၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး မိမိကိုယ်ကိုယ် စိတ်ကူးယဉ်နေသည်ဟုပင် ထင်မှတ်လိုက်မိကာ ရင်ထဲတွင် အဓိပ္ပာယ်မရှိမှုကို ခံစားလိုက်ရသည်။
သူ မှတ်မိသလောက်ဆိုလျှင် နင်ပေသည် သခင်လေးနှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် 'နတ်မိမယ်တုတ်နှောင်ကြိုး' ဖြင့် တင်းကျပ်စွာ တုတ်နှောင်ခံထားရခြင်း ဖြစ်သည်။ သူ ယခုအချိန်တွင် ဘယ်လိုလုပ် လွတ်မြောက်လာတာလဲ။ ပြီးတော့ ဤမျှ ပွင့်လင်းစွာဖြင့် အဆိပ်မြူများထဲသို့ လမ်းလျှောက်ဝင်လာတာလဲ။
"ဟမ်... ဒီအဖိုးကြီးက ဒီမှာ ရှိနေသေးတာလား"
အကြီးအကဲချူ မိမိကို သတိပြုမိသွားသည်ကို မြင်လိုက်ရသည့်အခါ နင်ပေ မျက်မှောင်ကြုတ်လိုက်သည်။
ဘာပဲပြောပြော သူ၏ ကိုယ်ပွားက စောစောနှင့် နောက်ကျရုံသာ ကွာပြီး သေချာပေါက် အရှာခံရမည်ဖြစ်သဖြင့် သူသည် အလင်းပြသွားမည်ကို မကြောက်ပါချေ။
တစ္ဆေမျက်နှာ နဂါးပျံဘုရင်ရဲ့ အလောင်းကို အရင်ဆုံး ယူသွားရမယ်။
ကြီးမားလှသော အလောင်းကြီး၏ ရှေ့သို့ ရောက်ရှိလာသည့်အခါ နင်ပေ၏ မျက်ဝန်းများ အနည်းငယ် ပူပြင်းလာခဲ့သည်။ အဋ္ဌမမြောက်အဆင့်၏ အထွတ်အထိပ်တွင်ရှိသော သားရဲတစ်ကောင်သည် သူ၏ ဝါးမြိုခြင်း နတ်ဘုရားပုလဲကို ပိုမိုတိုးတက်သွားစေရန်အတွက် လုံလောက်လှပေသည်။
သူက လက်ဝါးကြီးကို ဝှေ့ယမ်းလိုက်ပြီး ထိုအလောင်းကြီးကို သူ၏ သယ်ဆောင်ရလွယ်ကူသော ဟင်းလင်းပြင်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။
လှမ်းလှမ်းတွင် မှင်တက်လျက် ကျန်ရစ်ခဲ့သော အကြီးအကဲချူကို လှမ်းကြည့်လိုက်ရင်း နင်ပေက အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
"အဖိုးကြီး... ဘာကို စိုက်ကြည့်နေတာလဲ။ လူတစ်ယောက် အလောင်းခိုးတာကို တစ်ခါမျှ မမြင်ဖူးဘူးလား"
ပြောပြီးနောက် သူသည် ခေါင်းကို မြင့်မြတ်စွာ မော့လျက် လှည့်ထွက်သွားတော့သည်။
အကြီးအကဲချူ တစ်ဦးတည်းသာ လေထဲတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ရတော့သည်......
◼️◼️◼️◼️◼️◼️◼️◼️◼️◼️