အခန်း ၁၆ - သူတို့ရဲ့ လှည့်ကွက်ကို အသုံးချပြီး အသာစီးပြန်ယူမယ်
မှန်ပေသည်..
သူကသာ စစ်မှန်သော မူလကိုယ်ခန္ဓာ အစစ်အမှန် ဖြစ်သည်။ စောစောက ဖမ်းဆီးခေါ်ဆောင်ခြင်း ခံလိုက်ရသူမှာ သူ၏ အစီအမံဖြင့် ဖန်တီးထားသော အတုအယောင် 'ခွဲထွက်ကိုယ်ပွား' မျှသာ ဖြစ်သည်။
သူ ဤသို့ ပြုလုပ်နိုင်ခဲ့ခြင်းမှာ 'မပျက်စီးနိုင်သော မိစ္ဆာနတ်ဘုရားကျင့်စဉ်' ၏ တတိယမြောက် စွမ်းရည်ဖြစ်သော— 'မိစ္ဆာရိပ် ကိုယ်ပွား' ကြောင့် လုံးဝ ဥဿုံ ဖြစ်ပေသည်။
မိစ္ဆာရိပ် ကိုယ်ပွားသည် မူလကိုယ်ခန္ဓာ၏ အစွမ်းသတ္တိ ၆၀ ရာခိုင်နှုန်းကို ဆက်ခံနိုင်ပြီး၊ မူလကိုယ်၏ စွမ်းရည်အားလုံးကို အသုံးပြုနိုင်သည်။ ထို့ပြင် စိတ်ချင်း ဆက်သွယ်ထားသဖြင့် အမြင်အာရုံကို တိုက်ရိုက် မျှဝေခံစားနိုင်ရုံမက အံ့သြစရာ အကောင်းဆုံးအချက်မှာ ကျင့်ကြံခြင်းအဆင့် အနိမ့်အမြင့်အပေါ် မူတည်၍ ၎င်းကို အချိန်မရွေး အစွမ်းပြင်းစွာ အလိုအလျောက် ပေါက်ကွဲ စေနိုင်ခြင်းပင် ဖြစ်သည်။
တစ္ဆေစျေးကွက် ကျွမ်းကျင်ပညာရှင်များ၏ ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေမှုကို ရင်ဆိုင်ရစဉ်က နင်ပေ သည် မိစ္ဆာရိပ် ကိုယ်ပွားတစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်ပြီး လူတိုင်း၏ အာရုံစိုက်မှုကို ရရှိရန် ထောင်ချောက်ထဲသို့ မိမိသဘောအလျောက် လမ်းလျှောက်ဝင်ပြခဲ့ခြင်း ဖြစ်သည်။
ဒါက မိမိကိုယ်ကိုယ် အကာအကွယ်ပေးရန်အတွက် မီးခိုးဗုံးတစ်လုံး ပစ်ဖောက်ပစ်လိုက်သည်နှင့် တူပေသည်။
ထိုအကွက်က အလွန်ပင် ထိရောက်မှုရှိခဲ့သည်မှာ ထင်ရှားလှသည်။
ရဲကူဟန် ဖြစ်စေ၊ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးဖြစ်သော အကြီးအကဲချူ ဖြစ်စေ ထိုကိုယ်ပွားထံမှ မည်သည့် ဟာကွက်ကိုမျှ ရှာမတွေ့ခဲ့ကြချေ။
ဘာပဲပြောပြော မိစ္ဆာရိပ် ကိုယ်ပွားသည် ရုပ်ရည်နှင့် အရှိန်အဝါကို တစ်ထေရာတည်း ပုံတူကူးယူနိုင်စွမ်း ရှိသည်။ အစွမ်းသတ္တိ ၆၀ ရာခိုင်နှုန်းသာ ရှိသည်မှလွဲ၍ ကျန်အရာအားလုံးမှာ အစစ်အမှန်နှင့် ဘာမျှ မခြားနားချေ။
ထို့ကြောင့် သူတို့ အစစ်နှင့် အတုကို ခွဲခြားမရနိုင်ခြင်းမှာ သဘာဝကျလှပေသည်။
ဤအချက်ကြောင့်ပင် ရဲကူဟန်နှင့် အခြားသူများသည် အချိန်မရွေး ပေါက်ကွဲနိုင်စွမ်းရှိသော ဗုံးတစ်လုံးကို မိမိတို့အနားတွင် ခေါ်ဆောင်ထားမိမှန်း ဘယ်သောအခါမှ ရိပ်မိကြလိမ့်မည် မဟုတ်ချေ...။
"မင်းတို့ ဘာတွေ ကြံစည်နေလဲဆိုတာ ငါ ဆက်ကြည့်ရသေးတာပေါ့" နင်ပေ၏ မျက်ဝန်းများ ဝင်းပသွားခဲ့သည်။ ကိုယ်ပွားထံမှ တိုက်ရိုက် ပေးပို့လာသော ပုံရိပ်စုံများသည် သူ၏ ဦးနှောက်ထဲတွင် တကယ့်မြင်ကွင်းကဲ့သို့ ပေါ်လာခဲ့သည်။
ရဲကူဟန်နှင့် အဖွဲ့သည် မြင့်မားလှသော တောင်တန်းများနှင့် လျှိုမြောင်များကို ဖြတ်ကျော်ကာ တောင်တန်း၏ အနက်ရှိုင်းဆုံး ဗဟိုချက်ဆီသို့ ဦးတည်သွားနေကြသည်ကို သူ မြင်တွေ့နေရသည်။
သူတို့၏ လှုပ်ရှားမှုတိုင်းသည် နင်ပေ၏ လက်ဝါးတွင်း၌သာ ရှိနေခဲ့သည်။
"သူတို့နောက်ကို မလိုက်ခင် ဒီသားရဲအလောင်းတွေကို အရင်ဆုံး သိမ်းရဦးမယ်။ မလောပါနဲ့... ဇာတ်လမ်းကောင်းက အခုမှ စတာ"
နေရာအနှံ့ ပျံ့ကြဲနေသော သားရဲအလောင်းများကို ကြည့်ရင်း နင်ပေသည် သူတို့၏ အသားနှင့် သွေးများကို ဝါးမြိုရန် ဝါးမြိုခြင်း နတ်ဘုရားပုလဲကို ထုတ်ဆင့်လိုက်ပြန်သည်။
ဝုန်း.....!
တောက်ပသော အလင်းတန်းများ ပန်းထွက်လာခဲ့သည်။
ဝါးမြိုခြင်း နတ်ဘုရားပုလဲသည် အဆင့်မြင့် မှော်ရတနာအဆင့်မှ ထိပ်တန်းအဆင့် မှော်ရတနာအဆင့်သို့ တိုက်ရိုက် တိုးတက်သွားခဲ့ပြီး ကျယ်ပြောလှသော စွမ်းအားများနှင့်အတူ ပြင်းထန်သော အရှိန်အဝါလှိုင်းများကို ထုတ်လွှတ်နေခဲ့သည်။
နင်ပေတွင် ကြိုတင်သိမြင်မှုတစ်ခု ရှိနေခဲ့သည် အကယ်၍ သူသာ ဤဝါးမြိုခြင်း နတ်ဘုရားပုလဲကို အစွမ်းကုန် အသုံးပြု၍ တိုက်ခိုက်မည်ဆိုပါက သူ၏ညီမဖြစ်သူ၏ 'မိုးပြာရောင်နှင်းခဲဓား' ပင်လျှင် ကျိုးကြေသွားနိုင်ပေသည်။
ရှဲ....!
ဤအရာအားလုံးကို အဆုံးသတ်ပြီးနောက် နင်ပေသည် 'ကမ္ဘာဦး မိုးကြိုးရိပ်ခြေလှမ်း' ကို ထုတ်ဖော်လိုက်ရာ အနက်ရောင် မိုးကြိုးလျှပ်စီးများ ဝန်းရံထားသော ဝေဝါးလှသည့် လူရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ဖြူဖွေးလှသော သားရဲအရိုးစုများကိုသာ ချန်ရစ်လျက် တစ်ခဏချင်းမှာပင် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင်.
ရဲကူဟန်နှင့် အဖွဲ့သည် တောင်တန်း၏ အနက်ဆုံးအပိုင်းသို့ ရောက်ရှိလာခဲ့ကြပြီး လမ်းကြောင်းအတိုင်း ရှာဖွေနေကြသည်။
လမ်းတစ်လျှောက်တွင် သူတို့သည် တစ်ခါတစ်ရံ သတ္တမမြောက်အဆင့် ဝန်းကျင်ရှိ အဆင့်မြင့် သားရဲများ၏ နှောင့်ယှက်မှုကို ခံခဲ့ရသော်လည်း အကြီးအကဲချူ ထုတ်လွှတ်လိုက်သော အရှိန်အဝါဖိအားကြောင့် ထိုသားရဲများအားလုံး ကြောက်လန့်တကြားဖြင့် နောက်ဆုတ်သွားခဲ့ကြသည်။
ဘာပဲပြောပြော ဤမျှမြင့်မားသော အဆင့်ရှိ သားရဲများသည် ဉာဏ်ပညာ မနိမ့်ပါးကြတော့သဖြင့် အကျိုးနှင့် အပြစ်ကို ကောင်းစွာ ချင့်ချိန်တတ်ကြပြီ ဖြစ်သည်။
မကြာမီမှာပင်...
ထိုလူစုသည် ကျောက်ဆောင်ထူထပ်ပြီး မကောင်းဆိုးဝါး ယင်စွမ်းအင် များ လွှမ်းမိုးနေသည့် ဂူကြီးတစ်ခု၏ အနီးသို့ ရောက်ရှိလာကြသည်။
ရဲကူဟန်က "ဒီမိန်းမကို အိတ်ထဲက ထုတ်လိုက်" ဟု အမိန့်ပေးလိုက်သည်။
"ဟုတ်ကဲ့... သခင်လေး"
လက်အောက်ငယ်သားက အိတ်ကို ဖွင့်လိုက်ရာ ထိတ်လန့်တုန်လှုပ်နေသော ထန်ချောင်ချောင် ပေါ်လာခဲ့သည်။
ထန်ချောင်ချောင်ထံမှ ထွက်ပေါ်နေသော အနံ့အသက်ကြောင့် ရဲကူဟန်သည် လမ်းတစ်လျှောက်လုံး ထိုအနံ့ကို တတ်နိုင်သမျှ ဖုံးကွယ်ထားရန်အတွက် သူမကို အိတ်တစ်လုံးအတွင်းသို့ ထည့်သွင်းကာ သယ်ဆောင်လာခိုင်းခဲ့ခြင်း ဖြစ်သည်။
အလင်းရောင်ကို ပြန်လည်မြင်တွေ့လိုက်ရသော ထန်ချောင်ချောင်သည် ဝမ်းသာခြင်း မရှိသည့်အပြင် မိမိ၏ သေဆုံးမည့်အချိန် နီးကပ်လာပြီဖြစ်ကြောင်း ကြိုတင်သိရှိလိုက်ရသဖြင့် မျက်ရည်များ စီးကျလျက် အသည်းအသန် တောင်းပန်တော့သည်
"ကျွန်မကို လွှတ်ပေးပါ... တောင်းပန်ပါတယ်။ ရှင်တို့ ကျွန်မကို ဘာပဲလုပ်လုပ် ရပါတယ်၊ တကယ့်ကို ဘာမဆို လက်ခံနိုင်ပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့..."
သူမ၏ လက်နှင့် ခြေထောက်များ တုတ်နှောင်ခံထားရသဖြင့် သူမသည် မြေပြင်ပေါ်တွင် အသည်းအသန် လူးလွန့်ကာ ရဲကူဟန်၏ ခြေဖဝါးနားသို့ ရောက်အောင် ကြိုးစားရင်း ငိုယိုအော်ဟစ်တော့သည် "သခင်လေးရဲ... ကျွန်မကို မသတ်ပါနဲ့၊ ကျေးဇူးပြုပြီး မသတ်ပါနဲ့။ ကျွန်မက သခင်လေးကို အမြဲတမ်း အလွန်အမင်း အထင်ကြီး လေးစားခဲ့တာပါ။ ကျွန်မက သခင်လေးရဲ့ ဖန်တစ်ယောက်ပါ၊ ဝူးဝူး..."
ထိုစကားကို ကြားလိုက်ရသည့်အခါ အကြီးအကဲချူနှင့် အခြားသူများ၏ အမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။
ရဲကူဟန်က ရယ်ချင်ပတ်ချင်ဟန်ဖြင့် "အို... မင်းက ငါ့ရဲ့ ဖန်တစ်ယောက်ဆိုတော့ မင်းရဲ့ သစ္စာရှိမှုကို စမ်းသပ်မယ့် အချိန်ရောက်ပြီပေါ့။"
ပြောပြောဆိုဆိုဖြင့် သူသည် လက်သီးဆုပ်ခန့်ရှိသော သတ္တုလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။ ဤသတ္တုလုံးပေါ်တွင် အပြာရောင် မှော်စာလုံး များ ရေးထိုးထားပြီး ၎င်း၏အတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အချို့ ကိန်းအောင်းနေပုံရသည်။
"ဒါက တို့ တစ္ဆေစျေးကွက်ကနေ လျှို့ဝှက်တီထွင်ထားတဲ့ 'အထွတ်အထိပ် မိုးကြိုးပေါက်ကွဲပုလဲ' အသစ်ပဲ"
"ငါ့လက်ထဲက မှော်စာလုံးကို အသက်သွင်းလိုက်တာနဲ့... ဒီ အထွတ်အထိပ် မိုးကြိုးပေါက်ကွဲပုလဲက ဝုန်းခနဲ ပေါက်ကွဲသွားလိမ့်မယ်"
"အဋ္ဌမမြောက်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ယောက်တောင် ဒါကို တည့်တည့်ထိရင် အသက်တစ်ဝက် ပြတ်သွားနိုင်တယ်"
ထိုစကားကို ကြားလိုက်ရသည့်အခါ...
ထန်ချောင်ချောင်သည် မိမိ၏ လက်ရှိအခြေအနေကို တွေးမိပြီး ချက်ချင်းပင် တစ်စုံတစ်ခုနှင့် ဆက်စပ်တွေးတောမိသွားသည်။ သူမ၏ သူငယ်အိမ်များက မိစ္ဆာတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား တုန်လှုပ်သွားခဲ့ပြီး စကားများ ထစ်ထစ်အအ ဖြစ်လာတော့သည်
"နင်... နင်... နင် ဘာလုပ်ဖို့ ကြံနေတာလဲ..."
"ပစ်မှတ်ကို တည့်တည့်ထိမှန်ပြီး အမြင့်မားဆုံး ဖျက်ဆီးမှု ရရှိအောင်လို့... မင်း ဒါကို မျိုချလိုက်ဖို့ ဒုက္ခပေးရလိမ့်မယ်။ မင်း တစ္ဆေမျက်နှာ နဂါးပျံဘုရင်ရဲ့ ဗိုက်ထဲကို ရောက်သွားတဲ့အချိန်ကျမှ ငါ ဒါကို ဖောက်ခွဲလိုက်မယ်။ ဒါဆိုရင် အဲဒီကောင်ကို နှိမ်နင်းဖို့ တို့အတွက် အခွင့်အရေး ပိုများသွားတာပေါ့"
ရဲကူဟန်က ရက်စက်စွာ သရော်လိုက်သည်။
"နင်က နှာဘူး၊ လူရူး၊ မိစ္ဆာကောင်" ထန်ချောင်ချောင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်တော့သည်။
သူမအနေဖြင့် တစ်ဖက်လူသည် နင်ပေထက်ပင် ပိုမိုကြောက်မက်ဖွယ်ကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူက တကယ့်ကို အသက်ရှင်လျက်ရှိသော ယမမင်း ပင် ဖြစ်သည်။
"သခင်လေးက တကယ့်ကို ထူးခြားစွာ ဉာဏ်ပညာကြီးမားလှပါတယ်။ ဒီအဖိုးကြီး တကယ်ကို လေးစားမိတယ်" ဟု အကြီးအကဲချူသည်လည်း ရဲကူဟန်၏ ထူးခြားလှသော စိတ်ကူးစိတ်သန်းကို အံ့သြမိရင်း ဖားလိုက်တော့သည်။
"မင်းက တို့ရဲ့ စစ်မှန်တဲ့ ဖန်တစ်ယောက် ဟုတ်ပုံမရပါဘူး။ တကယ်လို့ စစ်မှန်တဲ့ ဖန်တစ်ယောက်ဆိုရင် အိုင်ဒေါက သေခိုင်းရင်တောင် ဝမ်းမြောက်ဝမ်းသာ သေပေးရမှာပေါ့။"
ရဲကူဟန်က ခေါင်းကို ခါယမ်းလိုက်ရင်း ဟန်ဆောင်ဝမ်းနည်းသည့် အမူအရာဖြင့် သက်ပြင်းချလိုက်သည်။
ချက်ချင်းဆိုသလိုပင် သူသည် အထွတ်အထိပ် မိုးကြိုးပေါက်ကွဲပုလဲကို ထန်ချောင်ချောင်၏ ပါးစပ်ထဲသို့ အတင်းအကျပ် ထိုးထည့်လိုက်ပြီး သူမအား မျိုချစေလိုက်တော့သည်။
ဂလု..
ထန်ချောင်ချောင်သည် နာကျင်လှသော မျက်နှာထားဖြင့် မျိုချလိုက်ရပြီး မကြာမီမှာပင် သူမ၏ မျက်နှာတစ်ခုလုံး ဖြူလျော်သွားကာ အားအင်များ ချို့တဲ့သွားတော့သည်။
သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများအပြင် နက်ရှိုင်းသော မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။
သူမ၏ အကြည့်က ဘေးနားရှိ ချောမောလှသော လူငယ်လေးထံသို့ ကျရောက်သွားပြီး ထန်ချောင်ချောင်က နာကျည်းစွာ ပြောလိုက်သည်.
"နင်ပေ.. ဒါတွေအားလုံးက နင့်ကြောင့်ပဲ.. နင်သာ မရှိခဲ့ရင် ငါ ဘာလို့ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရမှာလဲ"
"ငါ တစ္ဆေတစ်ကောင် ဖြစ်သွားရင်တောင် နင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"
ထန်ချောင်ချောင်၏ အတွေးအခေါ်က အလွန်ရိုးရှင်းလှသည် နင်ပေ၏ စောစောက ယုတ်မာမှုသာ မရှိခဲ့ပါက သူမသည် ရဲကူဟန်နှင့် အဖွဲ့၏ ပစ်မှတ် ဖြစ်လာလိမ့်မည် မဟုတ်ပေ။
သို့သော် ထန်ချောင်ချောင်သည် သူမကိုယ်တိုင် လျူရူယန် နှင့် ပူးပေါင်းကာ နင်ပေကို ထောင်ချောက်ဆင်ခဲ့သည်ကိုလည်းကောင်း၊ တောအုပ်ထဲတွင် လီညီအစ်ကိုများနှင့်အတူ နင်ပေကို လှောင်ပြောင်ခဲ့သည်ကိုလည်းကောင်း တစ်စက္ကန့်မျှပင် ပြန်လည်မတွေးတောမိခဲ့ချေ။
အရာအားလုံး၊ အရာရာတိုင်းသည် သူမကိုယ်တိုင် စိုက်ပျိုးခဲ့သော အကျိုးဆက်များသာ ဖြစ်ပေသည်။
ထိုလူစုထဲတွင်ရှိသော "နင်ပေ" (ကိုယ်ပွား) သည် ဤမြင်ကွင်းကို ငြိမ်သက်စွာ စောင့်ကြည့်နေပြီး မြင်ကွင်းပုံရိပ်များကို မူလကိုယ်ခန္ဓာ၏ ဦးနှောက်ထဲသို့ လွှဲပြောင်းပေးပို့နေခဲ့သည်။
အနောက်မှ လျှို့ဝှက်စွာ လိုက်ပါလာသော နင်ပေ အစစ်အမှန်၏ မျက်နှာတွင် မှင်တက်ဖွယ် အမူအရာတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။
"အားပါးပါး... ဒီကောင်က တကယ်ပဲ ဒီလောက်အထိ ရက်စက်တာလား"
သူက မိမိကိုယ်ကိုယ် လုံလောက်အောင် ရက်စက်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း ရဲကူဟန်၏ နည်းလမ်းများက သူ့ထက်ပင် ပိုမိုရူးသွပ်နေသည်ကို တွေ့လိုက်ရသည်။
ဒါက ထန်ချောင်ချောင်ကို လူသားဗုံးတစ်လုံးအဖြစ် ပြောင်းလဲလိုက်ပြီး တစ္ဆေမျက်နှာ နဂါးပျံဘုရင်အား သူမကို စားစေကာ အချိန်ကိုက် ဖောက်ခွဲပစ်မည့် အကွက်ပင် ဖြစ်သည်။
ဤကောင်က တကယ့်ကို အကြံကောင်း ဉာဏ်ကောင်း ရှိသည်ဟု ဝန်ခံရပေမည်။
"ငါ တကယ့် ဗီလိန်အကြီးစားတစ်ယောက် ဖြစ်ချင်တယ်ဆိုရင် လေ့လာရဦးမယ့် လမ်းက အဝေးကြီး လိုပါသေးလား" ဟု နင်ပေ စိတ်ထဲမှ ရေရွတ်လိုက်သည်။
ဤအချိန်တွင်.
အရာအားလုံး အဆင်သင့် ဖြစ်သွားခဲ့ပြီ။
ရဲကူဟန်သည် ထန်ချောင်ချောင်ကို ထိုနေရာတွင် ချန်ထားရစ်ခဲ့ပြီး သူ၏လူများကို ဦးဆောင်ကာ လုံခြုံစိတ်ချရသော နေရာတစ်ခုတွင် ပုန်းကွယ်လိုက်ကြသည်။
သူမ၏ ဝမ်းဗိုက်အတွင်းသို့ ထူးဆန်းသော သတ္တုပစ္စည်း ရောက်ရှိသွားခြင်းကြောင့် ထန်ချောင်ချောင်သည် အလွန်တရာ နေရထိုင်ရ ခက်ခဲနေခဲ့သော်လည်း၊ ဤအရာနှင့် နှိုင်းယှဉ်ပါက ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုက မကြာမီ သက်ရောက်လာတော့မည် ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အလွန်မွှေးကြိုင်လှသည့် အသားနံ့သည် တောင်လေနှင့်အတူ ဂူအတွင်းသို့ တိုက်ခတ်သွားခဲ့ရာ၊ မကြာမီမှာပင် မှောင်မိုက်လှသော ဂူကြီးအတွင်းမှ ကြီးမားလှသော သတ္တဝါကြီးတစ်ကောင် လှုပ်ရှားလာသည့် အသံများ ထွက်ပေါ်လာတော့သည်။
မှောင်မိုက်ခြင်းထဲမှ မီးအိမ်ကြီးနှစ်လုံးပမာ တောက်ပနေသော အနီရင့်ရောင် မျက်လုံးအစုံ ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့ပြီး လှမ်းလှမ်းရှိ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ထန်ချောင်ချောင်ကို စိုက်ကြည့်နေခဲ့သည်။
၎င်း၏ နှာမှုတ်သံတစ်ခုတည်းကပင် ကြီးမားလှသော ဖုန်မှုန့်တိမ်တိုက်များကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်း၏ အသက်ရှူသံများမှာလည်း တဖြည်းဖြည်း ပြင်းထန်လာခဲ့သည်။
အမှောင်ထဲတွင် ချောင်းမြောင်းကြည့်ရှုနေသော ရဲကူဟန်၏ နှုတ်ခမ်းထောင့်တွင် ရက်စက်လှသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"ဟားဟား... သားကောင်က အစာဟပ်ပြီ"
◼️◼️◼️◼️◼️◼️◼️◼️◼️◼️