အခန်း ၁၄ - ဒေါသထွက်လွန်းလို့ နာကျင်ရတဲ့အထိ
မကြာမီမှာပင် ထိုနေရာ၌ သားရဲအနည်းငယ်သာ ကျန်ရစ်တော့ပြီး အရွယ်အစားစုံလှသော သားရဲအလောင်းများမှာ နေရာအနှံ့ ပျံ့ကြဲနေခဲ့သည်။ စီးကျနေသော သွေးများမှာလည်း ချောင်းငယ်တစ်ခုပမာ ဖြစ်နေပြီး ခြေလှမ်းတိုင်းတွင် သွေးစများ စင်ထွက်လုနီးပါး ရှိနေခဲ့သည်။
သစ်ပင်ပေါ်တွင် ချိတ်ဆွဲခံထားရပြီး ဤအရာအားလုံးကို ကိုယ်တိုင်မျက်မြင်တွေ့ခဲ့ရသော ထန်ချောင်ချောင်မှာမူ သူမ၏ ရင်တွင်းမှ ထိတ်လန့်ချောက်ချားမှုများကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်စွမ်း မရှိတော့ချေ။
အချင်းချင်း အသေအလဲ တိုက်ခိုက်နေကြသော သားရဲအနည်းငယ်၏ တိုက်ပွဲသည် မြန်ဆန်စွာပင် အဖြေထွက်လာခဲ့သည်။ အဆုံးသတ်တွင် စတုတ္ထမြောက်အဆင့် ပြည့်စုံခြင်းအဆင့် ရှိသော 'မိုးပြာရောင်သလင်းခြင်္သေ့' တစ်ကောင်က အောင်ပွဲခံလိုက်နိုင်သည်။
၎င်းသည် ဒဏ်ရာရထားသော ခန္ဓာကိုယ်ကို ဆွဲလျက် သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသည့် အမျိုးသမီးကို ကြည့်လိုက်ရာ ရက်စက်ကြမ်းကြုတ်သော မျက်ဝန်းများထဲ၌ နက်ရှိုင်းသော လောဘရိပ်များကို ဖုံးကွယ်မထားနိုင်ခဲ့ချေ။
သူတို့ အသေအလဲ တိုက်ခိုက်ခဲ့ကြသည်မှာ ဤအသားတစ်လုတ်အတွက် မဟုတ်ပါလော။
ချက်ချင်းဆိုသလိုပင် မိုးပြာရောင်သလင်းခြင်္သေ့သည် ခြေလေးချောင်းဖြင့် မြေပြင်ကို ကန်ကျောက်ကာ ဟိန်းဟောက်သံနှင့်အတူ အပေါ်သို့ ခုန်တက်လိုက်ပြီး၊ သွားရည်များ တစိုစိုဖြင့် သွေးအိုင်ပမာဖြစ်နေသော ပါးစပ်ကြီးကို ဖြဲလျက် ထန်ချောင်ချောင်အား ကိုက်ခဲရန် အရှိန်ပြင်းစွာ တိုးဝင်လာတော့သည်။
သွေးညှီနံ့ဆိုးကြီးက သူမ၏ နှာခေါင်းထဲသို့ အလုံးအရင်း ဝင်ရောက်လာပြီး၊ စိမ့်နေအောင် ထက်မြက်လှသော သွားစွယ်ကြီးများ မိမိကိုယ်ပေါ်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည့်အခါ ထန်ချောင်ချောင်သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိတော့သည်—
"အား..."
ထိုကြောက်လန့်တကြား အော်ဟစ်သံသည် ကောင်းကင်ယံကိုပင် ဖောက်ထွက်မတတ် စူးရှလွန်းလှသည်။
"ဟေ့... ဒီသားကောင်က မင်းစားဖို့ မဟုတ်ဘူးကွ"
အတိအကျပင် ထိုအချိန်၌ နင်ပေ သည် ကောင်းကင်ထက်မှ ဝုန်းခနဲ ဆင်းသက်လာပြီး ထိုသားရဲကို ခြေထောက်ဖြင့် ပြင်းထန်စွာ ကန်ချပစ်လိုက်သည်။
ဘုန်း.....!
မိုးပြာရောင်သလင်းခြင်္သေ့သည် ဥက္ကာပျံတစ်ခုကဲ့သို့ မြေပြင်ပေါ်သို့ ဘုန်းဘုန်းလဲကျသွားပြီး သွေးများ ပန်းထွက်ကာ အရိုးများ ကျိုးကြေသွားခဲ့ရသည်။
သနားစရာကောင်းသော ဤသတ္တဝါမှာမူ ဘာဖြစ်သွားမှန်းပင် မသိလိုက်ရဘဲ မျက်ဝန်းထဲ၌ ထိတ်လန့်မှုများ အပြည့်ဖြင့် နင်ပေ၏ ခြေဖဝါးအောက်တွင် အနင်းခံရကာ သေပွဲဝင်သွားရရှာသည်။
မြေပြင်ပေါ်ရှိ သူ၏ လက်ချက်လက်ရာများကို ကြည့်ရင်း နင်ပေ၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်အားရသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ဤသားရဲတစ်သုတ်ကြောင့် သူ၏ လက်ရှိရမှတ် များသည် ၁.၅ သန်းအထိ တဟုန်ထိုး မြင့်တက်သွားခဲ့ပြီ ဖြစ်သည်။
"ကဲ... ငါ့ရဲ့ ဝါးမြိုခြင်း နတ်ဘုရားပုလဲကို အဝစားခွင့် ပေးလိုက်ရအောင်"
သူက လက်ကို မြှောက်လိုက်ပြီး လက်သီးဆုပ်ခန့်ရှိသော အနီရင့်ရောင် ပုလဲလုံးလေးကို ထုတ်ဆင့်လိုက်ရာ ၎င်းက နေရာအနှံ့ ရှိနေသော သားရဲအလောင်းများဆီသို့ ပျံသန်းသွားတော့သည်။
ဝူး... ဝူး... ဝူး....!
မြေပြင်ပေါ်ရှိ သားရဲအလောင်းများ၏ အသားနှင့် သွေးများသည် လျင်မြန်စွာပင် ခန်းခြောက်သွားပြီး ဝါးမြိုခြင်း နတ်ဘုရားပုလဲအတွင်းသို့ စမ်းချောင်းတစ်ခုပမာ စီးဝင်သွားခဲ့သည်။
ဝါးမြိုခြင်း နတ်ဘုရားပုလဲသည် တောက်ပသော အလင်းတန်းများကို ထုတ်လွှတ်နေပြီး ၎င်း၏ စွမ်းအင်လှိုင်းများမှာလည်း ထူးခြားစွာ ပြင်းထန်လာခဲ့သည်။
မျက်တောင်ခတ်ရုံမျှ အချိန်အတွင်းမှာပင် သားရဲအလောင်း တစ်ထောင်ကျော်သည် ခြောက်ခြားဖွယ် အရိုးစုများအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာ ကြည့်ရသည်မှာ ကျောချမ်းဖွယ်ကောင်းလှသည်။
တစ်ချိန်တည်းမှာပင် ဝါးမြိုခြင်း နတ်ဘုရားပုလဲ၏ အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာခဲ့ပြီး ၎င်း၏အဆင့်မှာ 'အဆင့်နိမ့် မှော်ရတနာ' မှ 'အဆင့်မြင့် မှော်ရတနာ' အဖြစ်သို့ တိုးတက်သွားခဲ့သည်။
နှမြောစရာကောင်းသည်မှာ ဤသားရဲတစ်ထောင်ကျော်စလုံးသည် အဆင့်နိမ့်များ ဖြစ်နေခြင်းပင်။ အကယ်၍ သူတို့သာ အဆင့်လတ်သားရဲများ ဖြစ်ခဲ့ပါက ဝါးမြိုခြင်း နတ်ဘုရားပုလဲသည် 'ထိပ်တန်းအဆင့် မှော်ရတနာ' အဆင့်သို့ သေချာပေါက် ရောက်ရှိသွားမည် ဖြစ်သည်။
သို့သော် နင်ပေ အလျင်မလိုပါချေ။ ဘာပဲပြောပြော သူသည် လက်ရှိတွင် ရင်ဒန်း တောင်တန်းထဲ၌ ရှိနေခြင်းကြောင့် အဆင့်လတ်သားရဲများနှင့် ဆုံတွေ့ရန် အခွင့်အရေးက သဘာဝအတိုင်း ရှိနေမည်ဖြစ်သည်။
သူသည် လက်ရှိတွင် တောင်တန်း၏ အပြင်ဘက်အစွန်း၌သာ ရှိနေသေးသည်ကို သတိပြုရမည်။
ဝါးမြိုခြင်း နတ်ဘုရားပုလဲကို ပြန်သိမ်းလိုက်ပြီးနောက် နင်ပေသည် စိတ်အခြေအနေ အလွန်ကောင်းမွန်နေပြီး သူ၏ 'သားကောင်' ကို ပိုမိုနက်ရှိုင်းသော အတွင်းပိုင်းဒေသသို့ ခေါ်ဆောင်သွားရန် ပြင်လိုက်သည်။
ရုတ်တရက် သူ၏ နှာခေါင်းက လှုပ်ရှားသွားပြီး ဆီးနံ့သဲ့သဲ့ကို ရရှိလိုက်သည်။
လတ်ဆတ်သော သွေးနံ့များ မရှိတော့သဖြင့် လေထုထဲရှိ ဤဆီးနံ့မှာ အထူးတလည်ပင် သိသာနေခဲ့ခြင်း ဖြစ်သည်။
အနံ့ထွက်လာရာ လမ်းကြောင်းအတိုင်း နင်ပေ ခေါင်းမော့ကြည့်လိုက်ရာ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်သွားတော့သည်။
သူမသည် စောစောက မိုးပြာရောင်သလင်းခြင်္သေ့ကြောင့် အလွန်အမင်း ကြောက်လန့်သွားခဲ့ပုံရသည်။ ထန်ချောင်ချောင်သည် မိမိကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ဘဲ သူမ၏ ဂါဝန်အောက်ပိုင်းမှာ စိုရွှဲနေခဲ့ပြီး ဆီးရည်များသည် သူမ၏ ပေါင်တံတစ်လျှောက် ဖြည်းညှင်းစွာ စီးကျနေခဲ့သည်... ဟုတ်ပေသည်၊ သူမသည် ကြောက်လန့်လွန်းသဖြင့် ဆီးမထိန်းနိုင်ဘဲ ထွက်ကျသွားခြင်းပင်..
မိမိ၏ အရှက်ရဖွယ် အခြေအနေကို သတိပြုမိသွားသည့်အခါ ထန်ချောင်ချောင်၏ မျက်နှာမှာ သွေးအန်မတတ် နီမြန်းသွားခဲ့ရပြီး ရင်ထဲတွင် အရှက်နှင့် ဒေါသတို့ ဒွန်တွဲနေကာ မျက်ဝန်းများထဲ၌ နာကျည်းမှုများဖြင့် စိုက်ကြည့်ရင်း အော်ဟစ်လိုက်တော့သည်—
"အခုတော့ နင် ကျေနပ်ပြီလား။ နင်လို နှာဘူးကောင်... လူရူး... အရှက်မရှိတဲ့ လူယုတ်မာကောင်"
နင်ပေက သက်ပြင်းချလိုက်ရင်း..
"ကိုယ်ချင်းစာတရား ဆိုတာ တကယ်ပဲ မရှိတော့ပါလား။ ငါ ခုတင် မင်းကို ကယ်လိုက်တာကိုတော့ မင်းသိရဲ့လား"
သူ၏ ဝမ်းနည်းဟန်ဆောင်ထားသော ထိုအမူအရာသည် ထန်ချောင်ချောင်၏ မျက်စိထဲတွင်မူ ပြင်းထန်လှသော စိတ်ဒဏ်ရာ တစ်ခု ပေးလိုက်သကဲ့သို့ပင်..
၎င်းက သူမကို ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်တစ်ခုလုံး အောင့်တက်လာစေခဲ့သည်။
"အား... အား... အား... နင်က အရှက်မရှိတဲ့ကောင်။ နင်က တကယ့်ကို အရှက်မရှိတဲ့ လူယုတ်မာပဲ" ထန်ချောင်ချောင် စိတ်ဓာတ်များ လုံးဝ ပြိုလဲသွားကာ သူမ၏ အဆုတ်ကွဲမတတ် အော်ဟစ်တော့သည်။
【ဒေါင်... သခင်သည် တကယ့်ကို အရှက်မရှိလှကြောင်း၊ ဟန်ဆောင်ကောင်းလှသော 'လက်ဖက်ရည်စိမ်းမလေး' ပင်လျှင် အရှုံးပေးရလောက်ကြောင်း စနစ်က စုံစမ်းသိရှိရပါသည်။ ရမှတ် ၁၀,၀၀၀ ဆုချီးမြှင့်ပါသည်!】
နင်ပေ— "..."
ဆွံ့အသွားမိသည်။
ဘာပဲပြောပြော... တရားမျှတမှု ဆိုတာ လူတွေရဲ့ နှလုံးသားထဲမှာပဲ ရှိတာပါ။
သူ၏ စိတ်အခြေအနေကို ပြန်လည်ပြင်ဆင်ပြီးနောက် နင်ပေသည် ထန်ချောင်ချောင်ကို သစ်ပင်ပေါ်မှ ဖြုတ်ချလိုက်ပြီး တောင်တန်း၏ အတွင်းပိုင်းဒေသဆီသို့ တရွတ်တိုက် ဆွဲခေါ်သွားခဲ့ပြန်သည်။
ယခုတစ်ကြိမ်တွင်လည်း သူသည် အကွက်ဟောင်းအတိုင်းပင် ထိုသားကောင်ကို အမြင့်တွင် ပြန်လည်ချိတ်ဆွဲထားလိုက်ပြီး၊ သူကိုယ်တိုင်ကမူ ချောင်းမြောင်းနိုင်မည့် နေရာတစ်ခုတွင် ပုန်းကွယ်ကာ သားကောင်များ လာရောက်အစာဟပ်မည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်သည်။
မကြာမီမှာပင် သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် ပေါ်လာခဲ့ကြပြီး တစ်ကောင်ချင်းစီ၏ အရှိန်အဝါများမှာ ပိုမိုအစွမ်းထက်လာခဲ့သည်။ သူတို့အားလုံးသည် စတုတ္ထမြောက်အဆင့်မှ စတင်ကြပြီး ပဉ္စမမြောက်အဆင့် ရှိသော သားရဲများစွာပင် ပါဝင်လာခဲ့သည်။
"ဟုမ်း.....!"
အရွယ်အစားစုံလှသော သားရဲများ၏ ဟိန်းဟောက်သံများသည် ထူထပ်လှသော တောအုပ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားခဲ့သည်။
ထို့နောက်တွင်မူ ပိုမိုပြင်းထန်လှသော တိုက်ပွဲကြီးတစ်ခု စတင်ဖြစ်ပွားတော့သည်။
မိမိအောက်တွင် ဖရိုဖရဲဖြင့် အသေအလဲ တိုက်ခိုက်နေကြသော သားရဲအုပ်ကြီးကို ကြည့်ရင်း ထန်ချောင်ချောင်သည် ငိုချင်သော်လည်း မျက်ရည်မထွက်နိုင်တော့ဘဲ လုံးဝ မျှော်လင့်ချက်မဲ့နေခဲ့ရသည်။
သူမအနေဖြင့် ဤကဲ့သို့သော သာမန် 'ကိရိယာတန်ဆာပလာ' တစ်ခုအဖြစ်သို့ ရောက်ရှိသွားလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။
သူမ၏ အသုံးဝင်မှုတန်ဖိုး ကုန်ဆုံးသွားသည့်နေ့တွင် သူမ ကြုံတွေ့ရမည့် ကံကြမ္မာကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
"ဟားဟားဟားဟား"
ထိုမြင်ကွင်းကို ကြည့်ရင်း နင်ပေသည် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ပြန်ဘဲ ဗီလိန်တို့၏ ထုံးစံအတိုင်း ဂန္ထဝင်မြောက်စွာ ရယ်မောလိုက်တော့သည်။
【ဒေါင်... သခင်၏ ယုတ်မာပက်စက်သော အပြုအမူကြောင့် အဆင့်လတ်သားရဲ အကောင်တစ်ရာကျော် သေဆုံးသွားကြောင်း စနစ်က စုံစမ်းသိရှိရပါသည်။ ရမှတ် ၁၀၀,၀၀၀ ဆုချီးမြှင့်ပါသည်!】
【ဒေါင်... သခင်၏ ယုတ်မာပက်စက်သော အပြုအမူကြောင့် အဆင့်လတ်သားရဲ အကောင်သုံးရာကျော် သေဆုံးသွားကြောင်း စနစ်က စုံစမ်းသိရှိရပါသည်။ ရမှတ် ၂၀၀,၀၀၀ ဆုချီးမြှင့်ပါသည်!】
【ဒေါင်... သခင်၏ ယုတ်မာပက်စက်သော အပြုအမူကြောင့် အဆင့်လတ်သားရဲ အကောင်ငါးရာကျော် သေဆုံးသွားကြောင်း စနစ်က စုံစမ်းသိရှိရပါသည်။ ရမှတ် ၃၀၀,၀၀၀ ဆုချီးမြှင့်ပါသည်!】
...စနစ်၏ အကြောင်းကြားစာများက အချိန်အပိုင်းအခြားအလိုက် ထွက်ပေါ်နေခဲ့သည်။
သူသည် ရမှတ်တစ်သန်းကျော်ကို အလွယ်တကူပင် ရရှိသွားခဲ့ပြီ ဖြစ်သည်။
"အခွင့်အရေးကောင်းပဲ... ငါ ထပ်ပြီး အဆင့်တက် လို့ ရပြီ"
နင်ပေသည် 'မပျက်စီးနိုင်သော မိစ္ဆာနတ်ဘုရားကျင့်စဉ်' ၏ တတိယမြောက်ပုံစံသို့ တိုက်ရိုက် အဆင့်မြှင့်တင်လိုက်ပြီး၊ ထို့နောက် စနစ်ဆိုင်မှ ဇီဝပလ္လင် ကို တည်ဆောက်နိုင်မည့် ထိပ်တန်းအဆင့် ဆေးလုံးတစ်လုံးကို ရမှတ် ၁၀၀,၀၀၀ သုံး၍ ဝယ်ယူကာ ပဉ္စမမြောက်အဆင့်သို့ တစ်ဟုန်ထိုး အဆင့်တက်ရန် ပြင်လိုက်တော့သည်။
ပြင်ပရှိ တိုက်ပွဲကြီးမှာမူ တဖြည်းဖြည်း အဆုံးသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
စတုတ္ထမြောက်အဆင့်နှင့် ပဉ္စမမြောက်အဆင့်ရှိ သားရဲအလောင်းများမှာ နေရာအနှံ့ ရှိနေခဲ့ပြီး ရက်စက်ကြမ်းကြုတ်မှုမှာလည်း အရင်ကထက် များစွာ ပိုမိုပြင်းထန်လှသည်။ ဘာပဲပြောပြော ဒါက အဆင့်လတ်သားရဲများကြားမှ တိုက်ပွဲဖြစ်သောကြောင့် ဖျက်ဆီးနိုင်စွမ်းမှာ မှင်တက်လောက်စရာပင်။
နာရီဝက်ခန့် ကြာပြီးနောက်...
နင်ပေသည် သူ၏ ဇီဝပလ္လင်ကို တရားဝင် တည်ဆောက်နိုင်ခဲ့ပြီး ပဉ္စမမြောက်အဆင့်သို့ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီ ဖြစ်သည်။
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပဉ္စမမြောက်အဆင့်၏ နောက်ဆုံးအဆင့် သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
မိစ္ဆာနတ်ဘုရား သွေးမျိုးဆက်ကြောင့် သူ၏ ပါရမီသည် နတ်ဘုရားအရိုးကို ပိုင်ဆိုင်ထားစဉ်ကထက်ပင် ပိုမိုအစွမ်းထက်လှပြီး၊ စနစ်ဆိုင်မှ ပံ့ပိုးပေးသော ထိပ်တန်းအဆင့် ဆေးလုံးများနှင့် ပေါင်းစပ်လိုက်သည့်အခါ ဤမျှတိုတောင်းသော အချိန်အတွင်း ဤအဆင့်သို့ ရောက်ရှိလာခြင်းမှာ သဘာဝကျလှပေသည်။
စနစ်ဆိုင်ရှိ ဤဆေးလုံးများထဲမှ ထိပ်တန်းအဆင့် ဆေးလုံးများသည် တကယ့်ကို အတုမရှိ ထိပ်တန်းအဆင့်များ ဖြစ်ကြသည်။ ၎င်းတို့ထဲမှ တစ်လုံးကိုသာ အပြင်လောကသို့ ထုတ်ပြလိုက်ပါက ဂိုဏ်းဆရာကြီးများ၏ လက်ရာအဖြစ် သတ်မှတ်ခြင်းခံရမည်ဖြစ်ပြီး အဆင့်မြင့် လေလံပွဲများတွင် မိုးထိအောင် စျေးကောင်းရရှိမည်မှာ အမှန်ပင်။
"ဟူး...."
နင်ပေသည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး သူ၏ သူငယ်အိမ်များထဲတွင် အနီရင့်ရောင် အလင်းတန်းများ သဲ့သဲ့မျှ လင်းလက်သွားခဲ့သည်— "ငါ နောက်ဆုံးတော့ ငါ့ရဲ့ အရင်အဆင့်ကို ပြန်ရောက်လာပြီ။"
သူ၏ ကျင့်ကြံခြင်းအဆင့်သည် ပဉ္စမမြောက်အဆင့်သို့ ပြန်လည်ရောက်ရှိသွားခဲ့သော်လည်း နင်ပေ ရင်ထဲတွင် ဝမ်းသာလုံးဆို့မနေခဲ့ပါချေ။ ဘာပဲပြောပြော ဒါက သူ၏ စတင်ရာ အမှတ်အသားမျှသာ ရှိသေးသည်မဟုတ်ပါလော။
【ဒေါင်... လျင်မြန်စွာ အဆင့်တက်ခြင်း အောင်မြင်မှုကို ပြီးမြောက်ခဲ့သည့်အတွက် သခင်အား ဂုဏ်ပြုပါသည်။ ဆုလာဘ်အဖြစ် 'သယ်ဆောင်ရလွယ်ကူသော ဟင်းလင်းပြင်' တစ်ခုကို ပေးအပ်ပါသည်!】
စနစ်၏ အကြောင်းကြားစာ ထွက်ပေါ်လာသည်။
နင်ပေ၏ မျက်ဝန်းများ ဝင်းပသွားခဲ့သည်— "မဆိုးဘူး... စနစ်၊ မင်းကတော့ အလုပ်လုပ်တတ်သားပဲ!"
ထို့နောက် သူသည် အပြင်ဘက်သို့ ကြည့်လိုက်ရာ သူ၏ နှုတ်ခမ်းထောင့်တွင် ဓားသွားကဲ့သို့ ထက်မြက်လှသော အပြုံးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။ ထိုအပြုံးသည် သူ၏ ချောမောလှသော မျက်နှာနှင့် ပေါင်းစပ်လိုက်သည့်အခါ အလွန်ပင် ဆွဲဆောင်မှုရှိပြီး လျှို့ဝှက်ဆန်းကြယ်သော ဗီလိန်အရှိန်အဝါကို ထွက်ပေါ်စေသည်။
ဤအချိန်တွင် ပြင်ပရှိ သားရဲအားလုံးနီးပါး သေဆုံးသွားခဲ့ပြီဖြစ်ပြီး ပဉ္စမမြောက်အဆင့်ရှိ သားရဲအနည်းငယ်သာ အပြန်အလှန် ထိန်းချုပ်ရင်း အခြေအနေ တင်းမာနေခဲ့ကြသည်။
နင်ပေအနေဖြင့် ဆက်လက်စောင့်ဆိုင်းရန် အစီအစဉ်မရှိတော့ချေ။ ယခုအခါ သူသည် အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ရာ ဤပဉ္စမမြောက်အဆင့် သားရဲအချို့နှင့် လက်ရည်စမ်းကာ လေ့ကျင့်လိုစိတ် ပြင်းပြနေခဲ့သည်။
ရုတ်တရက်...
တောအုပ်တစ်ခုလုံးသည် အလွန်အမင်း ဖိအားများပြားလှသော အခြေအနေသို့ ကျရောက်သွားခဲ့ပြီး လေထုကြီးတစ်ခုလုံး ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဟုမ်း......!"
အချင်းချင်း တိုက်ခိုက်နေကြဆဲ ဖြစ်သော ပဉ္စမမြောက်အဆင့် သားရဲအနည်းငယ်သည်လည်း ရုတ်တရက် ရင်ထဲ၌ ထိတ်လန့်သွားကြပြီး ကြောက်လန့်တကြားဖြင့် မလှုပ်ရဲတော့ချေ။
"ဘာတွေဖြစ်နေတာလဲ"
လှုပ်ရှားရန် ပြင်နေသော နင်ပေသည် ထူးဆန်းလှသော လေထုကို သတိပြုမိသွားပြီး မသိစိတ်ဖြင့် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ရာ သူ၏ သူငယ်အိမ်များသည် အပ်ဖျားခန့်အထိ ကျုံ့ဝင်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် သူသည် အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသော လူရိပ်များကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ သူတို့သည် အတိအကျအားဖြင့် တစ်ဆယ့်နှစ်ယောက် ရှိပြီး အလွန်တရာ ပြင်းထန်လှသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။ သို့သော် ထိုအရာက အဓိကမဟုတ်ချေ။ အဓိကအချက်မှာ... သူတို့ တစ်ယောက်ချင်းစီသည် ကောင်းကင်ယံထက်တွင် ရပ်တန့်လျက် ဟင်းလင်းပြင်ထဲ၌ လွင့်ပျံနေနိုင်ခြင်းပင် ဖြစ်သည်။
ဤသို့ ပြုလုပ်နိုင်ရန်အတွက် ကျင့်ကြံသူတစ်ဦးသည် ပထမဦးစွာ ဆဋ္ဌမမြောက်အဆင့်ဖြစ်သော 'ကောင်းကင်ပျံသန်းခြင်းအဆင့်' သို့ အဆင့်တက်ရန် လိုအပ်သည်။
ကောင်းကင်ပျံသန်းခြင်းအဆင့်ရှိ ကျွမ်းကျင်ပညာရှင်များသည် လွတ်လပ်စွာ ပျံသန်းနိုင်စွမ်း ရှိကြသဖြင့် မြေပြင်ပေါ်တွင် ပြေးလွှားနေရသော ကျင့်ကြံသူများထက် များစွာ ပိုမိုသာလွန်သော အားသာချက် ရှိကြသည်။
တစ်နည်းအားဖြင့် ပြောရလျှင် ဤလူတစ်ဆယ့်နှစ်ယောက်စလုံးသည် အနည်းဆုံး ဆဋ္ဌမမြောက်အဆင့်ရှိ ကျွမ်းကျင်ပညာရှင်များ ဖြစ်ကြသည်။
နင်ပေ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားခဲ့ပြီး မိမိအနေဖြင့် ငြိမ်သက်စွာ နေရမည်ဖြစ်ကြောင်း သိလိုက်သည်။
"နေဦး... ဒီလူတွေရဲ့ အနက်ရောင် ဝတ်စုံတွေပေါ်မှာ တူညီတဲ့ သင်္ကေတတစ်ခု ရှိနေပါလား။ သူတို့က 'တစ္ဆေစျေးကွက်' က ကျွမ်းကျင်ပညာရှင်တွေများလား"
ထိုအသေးစိတ်အချက်ကို သတိပြုမိသွားပြီးနောက် နင်ပေသည် သူ၏ မှတ်ဉာဏ်များကို ရှာဖွေကြည့်လိုက်ရာ ကောက်ချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤထူးဆန်းလှသော ပုံစံသည် ရုပ်ဆိုးလှသော တစ္ဆေမျက်နှာတစ်ခုနှင့် တူပြီး လူကို မသက်မသာ ခံစားချက်မျိုး ပေးစွမ်းသည်။
မှတ်ဉာဏ်များအရ ဒါက တစ္ဆေစျေးကွက်ရှိ ကျွမ်းကျင်ပညာရှင်များ၏ တူညီသော ဝတ်စုံသင်္ကေတ ဖြစ်သည်။
မဟာဝေ ပြည်နယ်၏ အရှေ့ဘက်ပိုင်းတွင် တည်ရှိသော တစ္ဆေစျေးကွက်သည် တရားရုံးတော်၏ ထိန်းချုပ်မှုအပြင်ဘက်ရှိ မီးခိုးရောင်နယ်မြေတစ်ခု ဖြစ်သည်။ ထိုနေရာတွင် တရားဝင်လမ်းစဉ်နှင့် မိစ္ဆာလမ်းစဉ် နှစ်ခုစလုံးသည် စည်းမျဉ်းများကို လိုက်နာကြရသည်။ ဤနေရာ၌ အခြားနေရာများတွင် တရားဝင် ပိတ်ပင်ထားသော ပစ္စည်းများအပြင်၊ မတရားသော နည်းလမ်းများဖြင့် ရရှိထားသော ပစ္စည်းများကိုပါ လွတ်လပ်စွာ ရောင်းချနိုင်ကြသည်။
အကျဉ်းချုပ်ပြောရလျှင် တစ္ဆေစျေးကွက်သည် ခိုးရာပါပစ္စည်းများကို လွှဲပြောင်းရောင်းချရန် အကောင်းဆုံးနေရာတစ်ခု ဖြစ်ပြီး တရားရုံးတော်ကပင် မျက်ကွယ်ပြုထားရသည်။
တရားရုံးတော်အနေဖြင့် တစ္ဆေစျေးကွက်ကဲ့သို့သော နေရာမျိုး တည်ရှိနေခြင်းကို ခွင့်ပြုထားရသည့် အခြေခံအကြောင်းရင်းမှာ ထိုနေရာ၏ ပိုင်ရှင်သည် တစ်ချိန်က လောကကြီးကို လွှမ်းမိုးခဲ့ဖူးသော ထိပ်တန်းကျွမ်းကျင်ပညာရှင်ကြီး တစ်ဦးဖြစ်ပြီး၊ သူ၌ အလွန်ပင် ကျော်ကြားလှသော ဘွဲ့အမည်တစ်ခု ရှိနေခြင်းကြောင့် ဖြစ်သည်။ 'တစ္ဆေဧကရာဇ်'
တစ္ဆေဧကရာဇ်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားပြီး ရက်စက်ကြမ်းကြုတ်သူ ဖြစ်သည်။ သူ၏ နိုးထလာမှုသည် အဆုံးမရှိသော သတ်ဖြတ်မှုများနှင့်အတူ ပါရှိလာခဲ့သဖြင့် သူ၏ ဘဝတစ်လျှောက်လုံးတွင် ရေတွက်မရနိုင်သော ရန်သူများ ရှိခဲ့သည်။
နောက်ပိုင်းတွင် သူသည် ထိုအချိန်က ဝန်ကြီးများ၏ မျက်နှာသာပေးမှုကို အနည်းဆုံး ခံခဲ့ရသော မင်းသားတစ်ပါးကို ကူညီခဲ့ပြီး၊ ထိုမင်းသားအား ထီးနန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်အောင် ပံ့ပိုးပေးခဲ့သဖြင့် 'နဂါးကို ပံ့ပိုးပေးခဲ့သည့် ကောင်းမှုကုသိုလ်' ကို ရရှိခဲ့သည်။
ထိုသူသည်ကား... လက်ရှိ မဟာဝေပြည်နယ်ကို အုပ်ချုပ်နေသော 'ဝေဧကရာဇ်' ပင် ဖြစ်သည်။
ဤကဲ့သို့သော ခိုင်မာလှသည့် ဆက်ဆံရေးကြောင့်သာ တရားရုံးတော်သည် တစ္ဆေစျေးကွက်ကို နှိမ်နင်းရန် စစ်တပ်စေလွှတ်ခြင်း မပြုရဲခြင်း ဖြစ်သည်။
နှစ်ပေါင်းများစွာအတွင်း တစ္ဆေစျေးကွက်သည် အမျိုးမျိုးသော ကျွမ်းကျင်ပညာရှင်များကို စည်းရုံးခဲ့ပြီး စဉ်ဆက်မပြတ် တိုးချဲ့လာခဲ့ရာ လက်ရှိတွင် မဟာဝေပြည်နယ်၏ ထိပ်တန်းအင်အားစုကြီး တစ်ခုအဖြစ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
နင်ပေအနေဖြင့် တစ္ဆေစျေးကွက်မှ ကျွမ်းကျင်ပညာရှင်အုပ်စုတစ်စုနှင့် ဤနေရာတွင် ဆုံတွေ့ရလိမ့်မည်ဟု မထင်ထားခဲ့မိပေ။ သူတို့ ဤနေရာတွင် ဘာလာလုပ်နေကြတာလဲ.......
◼️◼️◼️◼️◼️◼️◼️◼️◼️◼️