အခန်း ၁၁- မင်းတို့ ဘယ်လိုသေချင်လဲ
ကျွမ်းထောင် ဟာ သရဲသရဲတစ္ဆေ မြင်လိုက်ရတဲ့အလား အဲဒီမြင်ကွင်းကို ကြည့်ပြီး ကြောင်အမ်းသွားခဲ့သည်။
အဲဒီနောက် ရင်းနှီးသလိုလို စိမ်းသက်သလိုလို ရှိနေတဲ့ အဲဒီချောမောတဲ့ လူငယ်လေးကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်ရင်သွားခဲ့ရသည်။ အရာအားလုံးရဲ့ နောက်ကွယ်မှာ ဒီလူ ရှိနေမှန်း သူ သိလိုက်လို့ပဲ။
"အစ်ကိုကြီး... အဲဒါ မင်းလား"
ကျွမ်းထောင် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထသွားပြီး သတိကြီးကြီးထားကာ မေးလိုက်သည်။
နင်ပေ စိတ်ထဲမှာ ရယ်ချင်သွားပြီး
"ထောင်ဇီ... ငါမဟုတ်လို့ ဘယ်သူဖြစ်ရမှာလဲ"
ဒီလို ခေါ်ဝေါ်သံကို ကြားလိုက်ရမှ ကျွမ်းထောင်ရဲ့ စိုးရိမ်စိတ်တွေ လျော့ကျသွားပြီး စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တော့သည်—
"အမလေး အစ်ကိုကြီးရာ... မင်း တကယ်ကို လန်းလွန်းတယ်။ ဒီလိုစွမ်းရည်မျိုးကို ဘယ်လိုလုပ်ပြီး ရလာတာလဲ။ မိုက်တယ်... တကယ့်ကို အမိုက်စားပဲ"
နင်ပေက ပြုံးပြီး "ဒါတွေနဲ့ပတ်သက်ပြီး အများကြီးမမေးနဲ့ဦး။ ဒီနေ့ဖြစ်ပျက်ခဲ့တာတွေကို တတိယလူတစ်ယောက်ကိုမှ အသိမပေးမိဖို့ပဲ သတိထား"
"ဒါပေါ့... ငါက လူအမှမဟုတ်တာ" ကျွမ်းထောင်ရဲ့ အကြည့်က ဝမ်ဝေ ရဲ့ အလောင်းဆီ ရောက်သွားပြီး မျက်နှာ အနည်းငယ် ဖြူဖျော့သွားသည်
"ဒါပေမဲ့ ဒီဝမ်ဝေရဲ့ နောက်ခံက မသေးဘူး။ သူ သေသွားပြီး ဝမ်မိသားစုကသာ စုံစမ်းရင်..."
"ဒါက လွယ်လွယ်လေးပါ"
နင်ပေက မိစ္ဆာခွေးရဲကို ကြည့်ပြီး ထပ်မံ အမိန့်ပေးလိုက်သည် "ဒီအလောင်းရဲ့ လည်ပင်းအောက်ပိုင်း အစိတ်အပိုင်းအားလုံးကို ဝါးမြိုပစ်လိုက်စမ်း... ပြီးရင် ခေါင်းကိုတော့ ဝမ်မိသားစုဆီ ပြန်သယ်သွားပေးလိုက်"
သူ့စကား ဆုံးတာနဲ့ မိစ္ဆာခွေးရဲဟာ ညည်းတွားရင်း ခေါင်းငုံ့ကာ သူ့သခင်ဟောင်းရဲ့ အလောင်းကို ရူးသွပ်စွာ ကိုက်ခဲဝါးမြိုပါတော့သည်။
အသားနဲ့ အရိုးတွေကို ဝါးမြိုနေတဲ့ အသံတွေဟာ လမ်းကြားထဲမှာ စဉ်ဆက်မပြတ် ထွက်ပေါ်နေပြီး ကျွမ်းထောင်ကို ကျောချမ်းစေခဲ့သည်။
"ထောင်ဇီ... ငါလုပ်တာ ရက်စက်တယ်လို့ မင်းထင်လား" နင်ပေက မေးလိုက်သည်။
ကျွမ်းထောင်က ခေါင်းခါပြပြီး "မရက်စက်ပါဘူး၊ သူနဲ့ ထိုက်တန်တာပဲ။ ဒါ့အပြင် ကောလာဟလတွေအရ ဝမ်ဝေဟာ တစ်ခါက ဒီသားရဲကို စည်ကားတဲ့ ဈေးထဲ ခေါ်လာဖူးသည်၊ အဲဒီမှာ ဒီကောင်က ရုတ်တရက် ရူးသွပ်ပြီး သားအမိနှစ်ယောက်ကို ကိုက်သတ်ခဲ့တာ။ နောက်ဆုံးတော့ ဝမ်မိသားစုက ပိုက်ဆံနဲ့ပဲ ကမန်းကတန်း ဖြေရှင်းလိုက်တာပဲ"
ဝမ်မိသားစုရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ သခင်ဆိုးရဲ့ အကြောင်းကို ယုကျိုး မြို့တစ်မြို့လုံး သိကြတာပဲ။
တစ်နည်းအားဖြင့် ပြောရရင် နင်ပေဟာ မတရားမှုကို ကောင်းကင်ဘုံကိုယ်စား အပြစ်ပေးလိုက်တာပဲ ဖြစ်သည်။
"ဩော်... ဟုတ်သားပဲ၊ အစ်ကိုကြီး... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်တွေ ပြန်ကောင်းလာပြီလား" နင်ပေရဲ့ စွမ်းဆောင်ရည်တွေကို တွေးမိပြီး ကျွမ်းထောင်က မျှော်လင့်ချက်အပြည့်နဲ့ စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
နင်ပေတစ်ယောက် 'လူငယ်အထွတ်အထိပ်' ဖြစ်ခဲ့စဉ်က ယုကျိုးမြို့ရှိ လူငယ်ကျင့်ကြံသူအားလုံးကို ခေါင်းမဖော်နိုင်အောင် လွှမ်းမိုးထားနိုင်ခဲ့ပြီး ဘယ်လောက်တောင် တောက်ပခဲ့လဲဆိုတာ သူ မှတ်မိနေသေးတာပဲ။
နောက်ပိုင်းမှာ ကျင့်ကြံခြင်း လမ်းလွဲသွားလို့ စွမ်းအားတွေ ကျဆင်းသွားခဲ့ရတယ်လို့ သူ ကြားခဲ့ရတာ။
အခုတော့ သူ ကိုးကွယ်ရတဲ့ အိုင်ဒေါဟာ ပြန်လည် နိုးထလာနိုင်ပြီဖြစ်လို့ ကျွမ်းထောင် အလွန်အမင်း စိတ်လှုပ်ရှားနေမိသည်။
"ရပြီလို့ ပြောလို့ရတာပေါ့၊ ဒါပေမဲ့ ငါ လောကကြီးထဲကို လှည့်လည်သွားလာဖို့ လိုသေးတယ်" နင်ပေက သူ့ပုခုံးကို ပုတ်ပေးရင်း "ထောင်ဇီ... ရေစက်ရှိရင် ပြန်ဆုံကြတာပေါ့"
ကျွမ်းထောင်က ဒီဆုံးဖြတ်ချက်ကြောင့် အနည်းငယ် အံ့သြသွားပေမဲ့ ခေါင်းငြိမ့်ပြလိုက်သည်
"အစ်ကိုကြီးရဲ့ စွမ်းရည်နဲ့ဆိုရင် ဒီယုကျိုးမြို့သေးသေးလေးမှာ နေနေတာ အဓိပ္ပာယ်မရှိဘူး။ သိပ်မကြာခင်မှာ မင်းရဲ့ ကျော်ကြားလှတဲ့ နာမည်က မဟာဝေပြည်နယ်တစ်ခုလုံးမှာ ထပ်ပြီး ဟိန်းဟောက် သွားလိမ့်မယ်လို့ ငါ ယုံကြည်တယ်"
နင်ပေနဲ့ မိစ္ဆာနှိမ်နင်းရေး မင်းသားနန်းတော်တို့ လမ်းခွဲလိုက်ပြီဆိုတာကို သူ မသိသေးဘဲ ဒါဟာ ပုံမှန် အတွေ့အကြုံရှာ ခရီးစဉ်တစ်ခုလို့ပဲ ထင်နေခဲ့တာ။
"ကဲ... ငါ သွားပြီ"
နင်ပေက လက်ဝှေ့ယမ်းပြပြီး ကျော့ကျော့မော့မော့ပဲ လှည့်ထွက်သွားခဲ့သည်။
နေဝင်ရိုးရီ အောက်မှာ သူ့ရဲ့ အရိပ်က အရှည်ကြီး ဆန့်တန်းနေခဲ့သည်။
ကျွမ်းထောင် သတိပြန်ဝင်လာပြီး ဝါးမြိုခံထားရတဲ့ အလောင်းကို ကြည့်ကာ ဒီနေရာမှာ ကြာကြာနေဖို့ မသင့်တော်မှန်း သိလိုက်တာကြောင့် အမြန်ပဲ ထွက်ခွာဖို့ ပြင်လိုက်တော့သည်။
မကြာခင်မှာပဲ မိစ္ဆာခွေးရဲဟာ အလောင်းကို ကုန်သလောက် ဝါးမြိုပြီးသွားပြီ။ ၎င်းက ကျန်ရှိနေတဲ့ ဦးခေါင်းကို ကိုက်ချီပြီး အမိန့်ပေးထားတဲ့အတိုင်း ဝမ်မိသားစုအိမ်ဆီသို့ ဒုန်းစိုင်းပြေးသွားခဲ့သည်။
လမ်းတစ်လျှောက်မှာ လမ်းသွားလမ်းလာတွေဟာ ကြောက်လန့်တကြားနဲ့ လမ်းဖယ်ပေးခဲ့ကြရသည်။
"နေဦး... အဲဒါ ဝမ်မိသားစု သခင်လေး မွေးထားတဲ့ ခွေးမဟုတ်လား။ အဲဒီ ပါးစပ်ထဲက ကိုက်ချီထားတဲ့ ခေါင်းက ကြည့်ရတာ တစ်ယောက်ယောက်နဲ့ တူနေသလိုပဲ"
"အမလေး ဘုရားရေ... တူရုံတင် ဘယ်ကမလဲ။ အဲဒီခေါင်းက ဝမ်မိသားစုရဲ့ သခင်လေးပဲ"
"ကျုပ်ဖြင့် မယုံနိုင်ဘူး... ဒီတိရစ္ဆာန်က သူ့သခင်ကို ပြန်သတ်လိုက်ပြီ"
...လူတွေရဲ့ ထိတ်လန့်တကြား အော်ဟစ်သံတွေကြားထဲမှာပဲ
မိစ္ဆာခွေးရဲဟာ ဝမ်ဝေရဲ့ ဦးခေါင်းကို ကိုက်ချီပြီး ဝမ်မိသားစု ခြံဝင်းထဲကို ပြေးဝင်သွားခဲ့တာကြောင့် တစ်အိမ်လုံး ချက်ချင်းပဲ ပွက်လောရိုက်သွားခဲ့သည်။
"ငါ့သားလေး...."
ဝမ်မိသားစုရဲ့ အိမ်ထောင်ဦးစီးဟာ သူ့ရဲ့ ချစ်လှစွာသော သားဖြစ်သူရဲ့ ဦးခေါင်းကို မြင်လိုက်ရတဲ့အခါ သတိလစ်မတတ် ဖြစ်သွားခဲ့သည်။ ဒေါသအဟုန်နဲ့ သူကိုယ်တိုင်ပဲ မိစ္ဆာခွေးရဲရဲ့ ဝမ်းဗိုက်ကို ခွဲပစ်လိုက်သည်။ အထဲမှာ မကြေညက်သေးတဲ့ အရိုးအချို့နဲ့ ခြေလက်အင်္ဂါတွေအပြင် ဝမ်ဝေ အမြဲဝတ်ဆင်လေ့ရှိတဲ့ လက်စွပ်ကိုပါ တွေ့လိုက်ရတဲ့အခါ အဖြေက အထင်အရှား ထွက်ပေါ်လာခဲ့ပြီ။
သက်သေ အထင်အရှားရှိနေတာကြောင့် ဝမ်မိသားစုဟာ ဒီအဖြစ်ဆိုးဟာ မိစ္ဆာခွေးရဲ ရူးသွပ်ပြီး သခင်ကို ပြန်ကိုက်သတ်တာပဲလို့ တညီတညွတ်တည်း ကောက်ချက်ချလိုက်ကြသည်။
ဒီသတင်း ပျံ့နှံ့သွားတဲ့အခါ မြို့သူမြို့သား အများအပြားဟာ ဝမ်ဝေ တစ်ယောက် သူ့ဝဋ်သူပြန်လည်ခံစားရတာပဲလို့ ထင်ကြပြီး ဝမ်းသာအားရ လက်ခုပ်တီးခဲ့ကြသည်။
တစ်ချိန်တည်းမှာပဲ ဒီအရာအားလုံးကို ဖန်တီးခဲ့တဲ့ တရားခံကတော့ ယုကျိုးမြို့ကနေ ထွက်ခွာလာခဲ့ပြီး ရင်ဒန်း တောင်တန်းဆီကို ဦးတည်နေခဲ့ပြီဖြစ်သည်...။
ဆယ်ရက်ကြာပြီးနောက်......
တောအုပ်တစ်ခုထဲမှာ အနီရင့်ရောင် ဝတ်စုံကို ဆင်မြန်းထားတဲ့ ချောမောတဲ့ လူငယ်လေးတစ်ယောက်ဟာ မီးပုံဘေးမှာ ထိုင်ပြီး ကြက်တောင်ပံ ကင်နေခဲ့သည်။ ကြက်တောင်ပံတွေဟာ ရွှေဝါရောင်သန်းပြီး အလွန်ပဲ စားချင်စဖွယ် မွှေးပျံ့နေခဲ့သည်။
ဒီနေရာက ရင်ဒန်းတောင်တန်းနဲ့ အနီးဆုံးနေရာ ဖြစ်သည်။ နင်ပေဟာ သားရဲတွေကို မဲမဆွယ် (မမဲ) ခင်မှာ ဒီနေရာမှာ အင်အားဖြည့်တင်းဖို့ စီစဉ်ထားတာ ဖြစ်သည်။
သူ့လက်ထဲက ကြက်တောင်ပံကင်ကို အရသာရှိရှိ စားသုံးနေတုန်းမှာပဲ ရုတ်တရက် အနီးအနားကနေ အသံအချို့ ထွက်ပေါ်လာခဲ့သည်။
"ဂျူနီယာညီမလေး ထန် ... စိတ်မပူပါနဲ့။ ရင်ဒန်းတောင်တန်းထဲကို ဝင်ပြီးရင် စီနီယာအစ်ကိုက မင်းကို အစွမ်းကုန် ကာကွယ်ပေးမှာမို့ ဘာအန္တရာယ်မှ မရှိစေရဘူး"
"ငါလည်း ရှိသေးတယ်၊ ငါလည်း ဂျူနီယာညီမလေး ထန်ကို သေချာပေါက် ကာကွယ်ပေးမှာပါ။ ဒီဂိုဏ်းရဲ့ တာဝန်ကို ငါ့အပေါ်ပဲ လုံးဝပုံချလိုက်ပါ"
"စီနီယာအစ်ကို နှစ်ယောက်လုံးက ညီမလေးအပေါ် တကယ်ကောင်းတာပဲ။ နောက်ဆိုရင် အစ်ကိုတို့နှစ်ယောက်ကိုပဲ အားကိုးရတော့မှာနော်"
"ဟားဟား... ဒါက ငါတို့ရဲ့ တာဝန်ပဲလေ၊ တာဝန်ပဲ"
အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ စကားတပြောပြော ရယ်ရယ်မောမောနဲ့ လျှောက်လာခဲ့ကြသည်။
အဲဒီထဲက အမျိုးသမီးကတော့ အပြာရောင် ဂါဝန်ကို ဝတ်ဆင်ထားသည်။ သူမမှာ ဖြူဝင်းတဲ့ အသားအရေ၊ လှပတဲ့ မျက်နှာနဲ့ ခြေတံရှည်တွေ ရှိပြီး ဆွဲဆောင်မှုရှိရှိ ပြုံးပြနေတာကြောင့် အမျိုးသားနှစ်ယောက်လုံးကို စွဲမက်စေခဲ့သည်။
ဒီလူဟာ လျူရူယန် ရဲ့ အချစ်ဆုံးသူငယ်ချင်း ထန်ချောင်ချောင် ကလွဲလို့ အခြားသူမဟုတ်ပါဘူး။
သူမဟာ ကြီးမြတ်သော သန့်စင်မွန်မြတ်နယ်မြေ ခြောက်ခုအနက် တစ်ခုဖြစ်တဲ့ ချန်ယွမ် သန့်စင်မွန်မြတ်နယ်မြေရဲ့ အတွင်းစည်းတပည့်တစ်ယောက် ဖြစ်သည်။ သူမရဲ့ ထူးခြားတဲ့ ရုပ်ရည်နဲ့ မြင့်မြတ်တဲ့ မိသားစုနောက်ခံကြောင့် သူမကို လိုက်ပိုးပန်းကြတဲ့ ဂိုဏ်းတူ အမျိုးသားတပည့်တွေ အများကြီး ရှိခဲ့သည်။
ဂိုဏ်းတာဝန်ရဲ့ များပြားလှတဲ့ ဆုလာဘ်ကို မက်မောပေမဲ့ မိမိရဲ့ စွမ်းအားမလုံလောက်မှုကြောင့် အန္တရာယ်ဖြစ်မှာ ကြောက်နေတဲ့အတွက် 'သူဌေးမလေး' ထန်ချောင်ချောင်ဟာ အလုပ်ပြီးမြောက်အောင် ကူညီပေးဖို့ စိတ်ချရတဲ့ 'အလိုတော်ဖတ်' နှစ်ယောက်ကို ခေါ်လာခဲ့တာ ဖြစ်သည်။
အဆန်းဆုံးကတော့ အဲဒီလို လိုက်ပိုးပန်းနေကြတဲ့ အမျိုးသားနှစ်ယောက်ဟာ လီကျင်း နဲ့ လီရင် လို့ အမည်ရတဲ့ ညီအစ်ကိုအရင်းတွေ ဖြစ်နေတာပဲ။ သူတို့ရဲ့ ဖခင်ကတော့ ချန်ယွမ် သန့်စင်မွန်မြတ်နယ်မြေရဲ့ ဥပဒေထိန်းသိမ်းရေး အကြီးအကဲဖြစ်ပြီး ကြီးမားတဲ့ အာဏာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
ဖိတ်ခေါ်ခြင်းခံရတဲ့ လီညီအစ်ကိုဟာ ဒါကို သူတို့ နတ်သမီးလေးရဲ့ စမ်းသပ်မှုတစ်ခုလို့ ထင်မှတ်ပြီး ချက်ချင်းပဲ တက်ကြွလာခဲ့ကြသည်။ ဘယ်သူက ပိုပြီး စွမ်းဆောင်နိုင်မလဲဆိုတာ ပြိုင်ဆိုင်ပြီး အလှနတ်သမီးရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ သူတို့ရဲ့ စွမ်းရည်တွေကို ထုတ်ပြဖို့ ဆုံးဖြတ်ခဲ့ကြသည်။
"ဟဟ... ကမ္ဘာကြီးက တကယ်ကို ကျဉ်းတာပဲ"
ထန်ချောင်ချောင်ကို မြင်လိုက်ရတဲ့ ခဏမှာပဲ နင်ပေရဲ့ နှုတ်ခမ်းထောင့်က အဓိပ္ပာယ်ပါပါ ကွေးညွှတ်သွားခဲ့သည်။
သူမဟာ အရင်က လျူရူယန်နဲ့ ပူးပေါင်းပြီး သူ့ကို ထောင်ချောက်ဆင်ကာ မဟုတ်မတရား စွပ်စွဲခဲ့တာကို သူ မေ့မပစ်သေးပါဘူး။
ဒီနေ့ ဒီနေရာမှာ သူမနဲ့ ဆုံလိမ့်မယ်လို့ သူ လုံးဝ မထင်ထားခဲ့ဘူး။
သူမကိုယ်တိုင်ပဲ လာပြီး အသေခံတာဆိုတော့ လှပတဲ့ ပန်းတစ်ပွင့်ကို ရက်ရက်စက်စက် ချိုးဖဲ့ပစ်ရတာ သူ့အပြစ် မဟုတ်တော့ဘူးပေါ့။
ဟားဟားဟားဟား.......
ထန်ချောင်ချောင်ဟာ အလိုတော်ဖတ်နှစ်ယောက်ရဲ့ မြှောက်ပင့်မှုကို သာယာနေတုန်း ရှေ့က ရင်းနှီးနေတဲ့ ပုံရိပ်တစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည်။
သူမ သေချာစိုက်ကြည့်လိုက်တဲ့အခါ လှပတဲ့ မျက်ဝန်းတွေဟာ အံ့သြတုန်လှုပ်မှုကြောင့် ပြူးကျယ်သွားပြီး မယုံနိုင်စရာ လေသံနဲ့ ပြောလိုက်သည်
"မင်း... မင်းပါလား"
ထန်ချောင်ချောင်ဟာ နင်ပေနဲ့ ဒီနေရာမှာ တိုက်တိုက်ဆိုင်ဆိုင် ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။
"ဂျူနီယာညီမလေး ထန်... ဒီကောင်က ဘယ်သူလဲ..." သူတို့ရဲ့ ချစ်လှစွာသော နတ်သမီးလေးက အခြားအမျိုးသားတစ်ယောက်ကို အဲဒီလို တုံ့ပြန်တာကို မြင်တော့ လီညီအစ်ကိုဟာ ချက်ချင်းပဲ ပြင်းထန်တဲ့ ရန်လိုမှုကို ပြသလိုက်ကြသည်။
"သူလား သူက မိစ္ဆာနှိမ်နင်းရေး မင်းသားနန်းတော်ရဲ့ 'အမှိုက်' အမွေခံပဲလေ" ထန်ချောင်ချောင်က လှောင်ပြောင်လိုက်သည်။
သူမက 'အမှိုက်' ဆိုတဲ့ စကားလုံးကို အထူးတလည် လေးလေးနက်နက် ပြောဆိုခဲ့တာ ဖြစ်သည်။
"ဘာလဲ .. သူက မိစ္ဆာနှိမ်နင်းရေး မင်းသားနန်းတော်ရဲ့ အမွေခံလား။ နတ်ဘုရားအရိုးကို ပိုင်ဆိုင်ထားတယ်ဆိုတဲ့ လူငယ်အထွတ်အထိပ်လား" ညီဖြစ်သူ လီရင်က သူ့ရှေ့က ချောမောတဲ့ လူငယ်ကို ရှားပါးတိရစ္ဆာန်တစ်ကောင်ကို ကြည့်သလိုမျိုး စပ်စုတဲ့ မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။
"လူငယ်အထွတ်အထိပ်ဆိုတာ အလကားပါ၊ သူက ဒုက္ခိတဖြစ်နေတာ ကြာလှပြီ၊ အဲဒီလို ကောင်းမွန်တဲ့ နတ်ဘုရားအရိုးကို ဖြုန်းတီးပစ်လိုက်တာ" အစ်ကိုဖြစ်သူ လီကျင်းက နှာခေါင်းရှုံ့လိုက်သည်။
လီညီအစ်ကိုဟာ နင်ပေအပေါ် သူတို့ရဲ့ အထင်အမြင်သေးမှုကို ဖုံးကွယ်မထားခဲ့ကြဘူး။
ဒါ့အပြင် နင်ပေအပေါ် သူတို့ရဲ့ သဘောထားမှာ မနာလိုမှုတွေလည်း ပါဝင်နေခဲ့သည်။
ဒါက နားလည်ရလွယ်ပါသည်။
သူ့ရဲ့ ဖခင်က မိစ္ဆာနှိမ်နင်းရေးဘုရင် ဖြစ်ပြီး၊ မိခင်က လက်ရှိခေတ်ရဲ့ ဓားနတ်သမီးဖြစ်သည်၊ သူကိုယ်တိုင်လည်း နတ်ဘုရားအရိုးကို ပိုင်ဆိုင်ထားပြီး အနှိုင်းမဲ့ ပါရမီရှိခဲ့သူ ဖြစ်သည်။ ဒါပေမဲ့ ဒီလို ကောင်းမွန်တဲ့ ကတ်ထူးတွေကို သူက ဖြုန်းတီးပစ်လိုက်တာမို့ မနာလိုဖြစ်ဖူးသူတိုင်းကတော့ အခုလို အခြေအနေမှာ ဝမ်းသာအားရ ဖြစ်ပြီး ကျေနပ်နေကြမှာပဲ။
လီညီအစ်ကိုက အဲဒီလို လူစားမျိုးတွေ ဖြစ်သည်။
သူတို့ဟာ နင်ပေနဲ့ အသက်အရွယ် တူညီကြသည်။ တစ်ချိန်က မော့ကြည့်ခဲ့ရတဲ့ အထူးချွန်ဆုံး ပါရမီရှင်ဟာ အခုလို အခြေအနေကို ရောက်သွားတာ မြင်တော့ သူတို့က သေချာပေါက် ကောင်းကောင်းကြီး လှောင်ပြောင်ရမှာပေါ့။
"ဟွန့်... မကြာသေးခင်ကတင် သူက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းနဲ့ စေ့စပ်ထားတာကို ဖျက်သိမ်းလိုက်သေးတယ်။ ဒါလည်း ကောင်းတာပါပဲ၊ ရူယန်က အရင်ကတည်းက လူကြိုက်များတာ၊ အခုဆိုရင် ပိုပြီးတော့တောင် လူငယ်ပါရမီရှင်တွေက လိုက်နေကြသေးတယ်။ အဲဒီထဲက ဘယ်သူမဆို ဒီကောင်ထက် အဆတစ်ရာမက သာပါတယ်"
ထန်ချောင်ချောင်က နင်ပေကို ဒေါသထွက်စေရန် ရည်ရွယ်ချက်ရှိရှိနဲ့ ရွဲ့စောင်းပြောဆိုလိုက်သည်။
သူ့မှာ ဘာကိုယ်ရံတော်မှမပါဘဲ ဒီနေရာကို ဘာလို့ရောက်နေလဲဆိုတာ ထူးဆန်းနေပေမဲ့လည်း သူမရဲ့ စိတ်အာသီသကို ဖြေဖျောက်ဖို့ ဒီလိုအခွင့်အရေးကောင်းကို လက်လွတ်မခံနိုင်ခဲ့ဘူး။
ဒါကို ကြားလိုက်ရတဲ့အခါ။
နင်ပေက ဒေါသမထွက်ခဲ့ပါဘူး။ သူက ကြက်တောင်ပံကို အမြန်စားပစ်လိုက်ပြီး၊ လက်ကိုင်ပုဝါကို ထုတ်ကာ နှုတ်ခမ်းကို ယဉ်ယဉ်ကျေးကျေး သုတ်လိုက်သည်၊ ပြီးတော့ ပြုံးပြုံးလေး မတ်တပ်ရပ်ကာ ဘာအန္တရာယ်မှ မရှိတဲ့ ပုံစံမျိုးနဲ့ သူတို့ဆီကို လျှောက်လာခဲ့သည်။
ဒါပေမဲ့ သူနောက်ထပ် ပြောလိုက်တဲ့ စကားလုံးတွေကတော့ ထန်ချောင်ချောင်နဲ့ အဲဒီအမျိုးသားနှစ်ယောက်ကို ဆွံ့အသွားစေခဲ့သည်—
"မင်းတို့... ဘယ်လိုနည်းနဲ့ သေချင်လဲ ပြောစမ်း"
◼️◼️◼️◼️◼️◼️◼️◼️◼️◼️