အခန်း ၉၉ သူမ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်ယူချင်တယ်
ရဲ့ချန်းလျန်တစ်ယောက် ရှက်နေတုန်းပါပဲ ရှောင်ပင်းက အနားမှာ ရှိနေသေးတာကိုး။
တကယ်လို့ ဘေးလူမရှိဘူးဆိုရင် ချူနင့်ရှေ့မှာ အော်ဟစ်လိုက်တာက ဘာမှမဖြစ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သူတို့က လုပ်စရာရှိတာတွေ အကုန်လုပ်ပြီးသားပဲလေ ဘာကို စိုးရိမ်နေရဦးမှာလဲ။ ချူနင်လည်း သူ့ရဲ့ မာန်မာနတွေကို အခုလောက်ဆို ကျေနပ်လောက်ပြီ မဟုတ်လား။
ဒါပေမဲ့ ရှောင်ပင်း ရှိနေတာကတော့ နည်းနည်းတော့ နေရခက်စေတယ်။ ကောင်းပြီလေ အခုတော့ ငါခေါ်လိုက်ပြီ နင် ကျေနပ်ပြီလား။ ချန်းလျန်ကတော့ စိတ်တိုတိုနဲ့ပဲ ထမင်းကို ဆက်စားနေတော့သည်။
ဒီကာလအတွင်းမှာ တာ့ချန်းအင်ပါယာမှာ အရင်းအမြစ်တွေ အများကြီး ရထားတယ် အခု မင်္ဂလာဆောင်ပြီးတော့ ပိုတောင် များလာသေးတယ်။
"အင်ပါယာရဲ့ကိုယ်ပိုင်အင်အား တောင့်တင်းလာဖို့အတွက် ဒီအရင်းအမြစ်တွေကို အသုံးချဖို့ အမြဲ လိုအပ်တယ်"
ချူနင်က ခဏလောက် အကဲခတ်ပြီးနောက် စာရင်းကို ရဲ့ချန်းလျန်ရှေ့သို့ ပြန်ချပေးလိုက်သည်။
"မင်းမှာ ဘာအစီအစဉ်ရှိလဲ"
အရင်ကတော့ တာ့ချန်းအင်ပါယာအတွင်းမှာ ပါရမီကောင်းတဲ့ ကျင့်ကြံသူလူငယ်တွေကို အများအပြား စုဆောင်းပြီး လေ့ကျင့်ပေးဖို့ အစီအစဉ်ရှိခဲ့တယ်။
ပါရမီမြင့်ပြီးကျင့်ကြံမှု အလားအလာကောင်းတဲ့သူတွေကို နောင်ကျရင် ရဲ့မိသားစု မြင့်မြတ်သောမြေမှာ အကြီးအကျယ် လေ့ကျင့်ပေးလို့ ရတယ်။
ကောင်းတဲ့အကြံပဲ နန်းတော်အနေနဲ့ ရဲ့မိသားစုမြင့်မြတ်သောမြေကို အခြေစိုက်စခန်းနဲ့ လေ့ကျင့်ရေးကွင်းအဖြစ် အသုံးချလို့ ရတယ်။ ရဲ့မိသားစုမြင့်မြတ်သောမြေက လူတွေကို လွှတ်ပြီး ပါရမီထူးချွန်တဲ့ ကျင့်ကြံသူတွေကို သီးသန့် ရှာဖွေခိုင်းပြီး မင်းရဲ့အစောင့်တပ်လိုမျိုး အဖွဲ့အစည်းတစ်ခု ဖွဲ့စည်းလိုက်ပါ။
အဲဒီပါရမီရှင်တွေကို တွေ့ပြီဆိုရင် ကျင့်ကြံမှု အဆင့်အတန်းအလိုက် သတ်မှတ်ချက်တွေ ထားလို့ရတယ်။ ရဲ့မိသားစုမြင့်မြတ်သောမြေထဲမှာ သူတို့အတွက် စောင့်ရှောက်သူတွေရွေးပေးပြီး လောကအနှံ့ အတွေ့အကြုံယူစေပြီး ကျင့်ကြံမှုမြှင့်တင်ခိုင်းရမယ်။
သတ်မှတ်ထားတဲ့ အဆင့်တစ်ခုကို ရောက်ပြီဆိုရင်တော့ အဲဒီေစာင့်ေရှာက်သူနဲ့ ပါရမီရှင်ကိုယ်တိုင်ကို ဝိညာဉ်ကျောက်တုံး၊ ဆေးလုံး၊ မှော်ရတနာ၊ လက်နက် စတာတွေကို ဆုလာဘ်အနေနဲ့ ပေးရမယ်။ ဒါကို တာ့ချန်းအင်ပါယာတင်မကဘဲ တစ်ကမ္ဘာလုံးက အင်ပါယာတွေအထိ နယ်ပယ်ချဲ့ပြီး ရွေးချယ်လို့ရတယ်။ တခြားနိုင်ငံက ကျင့်ကြံသူတွေကိုတောင် အရင်းအမြစ်တွေ ပေးပြီး ကိုယ့်ဘက်ပါလာအောင် စည်းရုံးလို့ရတာပေါ့။
ထိုက်ရွှီမြင့်မြတ်နယ်မြေကလည်း တာ့ချန်းအင်ပါယာနဲ့ ပူးပေါင်းဖို့ အစီအစဉ်ရှိတယ် မဟုတ်လား။ ဒါကို မင်းဘာသာ စီစဉ်လို့ ရပါတယ် ဒါပေမဲ့ မြင့်မြတ်နယ်မြေမှာ ပိုကောင်းတဲ့ အရင်းအမြစ်တွေနဲ့ ကျင့်စဉ်တွေ ရှိသင့်တယ်။ မြင့်မြတ်နယ်မြေက လူတွေကိုလွှတ်ပြီး အတွေ့အကြုံတွေ မျှဝေခိုင်းတာမျိုးလည်း လုပ်လို့ရတယ်။
အတိုချုပ်ပြောရရင် ဒါကတိုက်ရိုက် ချိတ်ဆက်မှုပဲ။ အင်ပါယာမှာအဆင့်တစ်ခုကို ရောက်တဲ့ ကျင့်ကြံသူတွေကို ထိုက်ရွှီမြင့်မြတ်နယ်မြေဆီ လွှတ်ပြီး အဆင့်မြင့်လေ့ကျင့်မှုတွေ လုပ်ခိုင်းမယ်။ ဒီလိုနည်းနဲ့ ငါတို့နဲ့ သူတို့ကြားမှာ ခွဲခြားနေစရာ မလိုတော့ဘူး လိုအပ်တဲ့အချိန်မှာ သူတို့ကိုပြန်ခေါ်ပြီး အသုံးချလို့ရတယ်။
ဒါပေမဲ့ မင်းကဒီပါရမီရှင်တွေ ထိုက်ရွှီမြင့်မြတ်နယ်မြေကို ရောက်သွားရင် မင်းရဲ့လူမဟုတ်တော့မှာကို စိုးရိမ်နေနိုင်တယ်။ အဲဒါကို အရမ်းစိတ်မပူပါနဲ့ ထိုက်ရွှီမြင့်မြတ်နယ်မြေက ဒါမျိုးကိုလုပ်ရဲမှာလည်း မဟုတ်ဘူး လုပ်မှာလည်း မဟုတ်ဘူး။
ယုံကြည်ချက်ရှိရှိသာ လုပ်ပါ ဒီလိုကျင့်ကြံမှု မြင့်မြတ်နယ်မြေကြီးတစ်ခုက တာ့ချန်းအင်ပါယာနဲ့ ပူးပေါင်းတာက အကျိုးကျေးဇူး အများကြီး ရှိပါတယ်။ အဆင့်တစ်ခုအထိ တိုးတက်လာပြီဆိုရင် ဥပမာ ကောင်းကင်ဖြစ်စဉ် အဆင့်ကျင့်ကြံသူတွေက မိုးပေါက်တွေလို ပေါများလာပြီဆိုရင် အောက်ဘုံမှာ ဆက်နေနေဖို့ မလိုတော့ဘူး။
ဝိညာဉ်စွမ်းအင်ပိုပြီး ပေါကြွယ်ဝတဲ့'အထက်ဘုံကို သွားပြီး ဆက်လက် တိုးတက်အောင် လုပ်လို့ ရတယ် အဲဒီအခါ မင်းရဲ့လုပ်ငန်းကြီးက ပိုပိုပြီးကြီးထွားလာလိမ့်မယ်။
ချူနင့်ရဲ့ ရှင်းပြချက်ကို ကြားလိုက်ရတဲ့အခါ ရဲ့ချန်းလျန်နဲ့ ရှောင်ပင်းတို့ မှင်တက်သွားကြသည်။
ငါ... ငါက ငါ့အင်ပါယာက ကျင့်ကြံသူတွေကိုပဲ လေ့ကျင့်ပေးချင်တာလေ။ နင်က ဘာလို့ ဒီလောက်အထိ အဝေးကြီး တွေးနေတာလဲ။
ငါက အင်ပါယာကြီးငါးခုကိုတောင် မပေါင်းစည်းရသေးဘူး နင်ကအထက်ဘုံအကြောင်းတွေ ပြောနေပြီ။
ဒါပေမဲ့ ဒီအင်ပါယာတွေကို ပေါင်းစည်းဖို့က ပြဿနာ မရှိသလိုပါပဲ။ အမှန်အတိုင်း ပြောရရင် ချူနင်သာ မရှိရင်တောင် အင်ပါယာလက်နက်ကို ကိုင်ဆောင်ထားတဲ့သူမဟာ တစ်ကမ္ဘာလုံးကို တစ်ယောက်တည်းနဲ့ သိမ်းပိုက်နိုင်စွမ်း ရှိတယ်လေ။
ဒါပေမဲ့ တစ်ဦးချင်းအင်အား တောင့်တင်းတာက အင်ပါယာရဲ့အင်အား တောင့်တင်းတာနဲ့ အမြဲတမ်း တူညီမှာ မဟုတ်ပါဘူး။
ချူနင့်ရဲ့အကြံပေးချက်က ကောင်းပါတယ်။ ဘက်စုံတိုးတက်လာပြီး တစ်ကမ္ဘာလုံးကို အထက်ဘုံဆီ ခေါ်ဆောင်သွားကာ ပိုပြီးကျယ်ပြောတဲ့ ကမ္ဘာကြီးနဲ့ ရင်ဆိုင်ရမှာကမှ ရဲ့ချန်းလျန်အနေနဲ့ သူမရဲ့ စွမ်းဆောင်ရည်အစစ်အမှန်ကို ပြသရမယ့်နေရာပဲ။
နိုင်ရင်တိုက်မယ်။
မနိုင်ရင်တော့ ယောက်ျားကိုခေါ်မယ်။
ဒါကလည်း မဆိုးဘူး မဟုတ်လား။
ကောင်းပြီလေ ဒါဆိုငါရဲ့မိသားစုမြင့်မြတ်နယ်မြေကို လူလွှတ်ပြီး စီစဉ်ခိုင်းလိုက်မယ်။ ဒီအရင်းအမြစ်တွေကိုရော ဘယ်လို ကိုင်တွယ်ရမလဲ။
အခုရှိနေတဲ့ အင်ပါယာက ကျင့်ကြံသူတွေကို အကြီးအကျယ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်။ မြင့်မြတ်နယ်မြေက ကျင့်ကြံသူတွေက အင်ပါယာမှာအဆင့်အတန်း အမြင့်ဆုံးလို့ သတ်မှတ်ခံထားရတယ် သူတို့ရဲ့ ကျင့်ကြံမှု အဆင့်နိမ့်နေရင်တောင် သူတို့ကရဲ့မျိုးရိုးတွေ ဖြစ်နေလို့ အဆင့်အတန်းက မြင့်နေတာ။ ငါတို့ ပိုပြီး တိုးတက်ချင်ရင် ဒီဆွေမျိုးသားချင်း စနစ်ကို ဖျက်သိမ်းရမယ်။
ကျင့်ကြံသူတွေကို အဆင့်သုံးဆင့်နဲ့ ခွဲခြားတဲ့စနစ်ကို ကျင့်သုံးရမယ်။ အဆင့်အတန်း ဘယ်လောက်ပဲရှိရှိ ကျင့်ကြံသူအားလုံးကိုပြန်လည် စစ်ဆေးပြီး အရင်းအမြစ်တွေကို ခွဲဝေပေးရမယ်။
ဥပမာအားဖြင့် စတုတ္ထအဆင့်အောက်ကသူတွေကို တတိယတန်းစား စတုတ္ထအဆင့်ကနေ ဆဋ္ဌမအဆင့်ကြားကသူတွေကို ဒုတိယတန်းစား ဆဋ္ဌမအဆင့်ကနေ အနန္တအဆင့် အောက်ကသူတွေကို ပထမတန်းစားဆိုပြီး သတ်မှတ်မယ်။ အဲဒီထက် မြင့်တဲ့သူတွေကိုတော့ သက်ဆိုင်ရာ ဘွဲ့ထူးတွေနဲ့ အရင်းအမြစ်တွေ ထပ်တိုးပေးလို့ ရတာပေါ့။
အတိုချုပ်ပြောရရင် မျိုးရိုးအမည်ကြောင့် အဆင့်အတန်းမြင့်ပြီးရနေတဲ့ အရင်းအမြစ်တွေကို တိုက်ရိုက် ဖျက်သိမ်းရမယ်။ လူတိုင်းက ကိုယ့်အစွမ်းတိုးတက်အောင် ကြိုးစားရမယ် မင်းကမျိုးရိုးနာမည် တစ်ခုတည်းနဲ့ အရင်းအမြစ်တွေ ပိုရနေတာမျိုးမဖြစ်စေရဘူး။ ပါရမီနဲ့အစွမ်းကသာ အင်ပါယာကျင့်ကြံသူတွေကို တိုင်းတာတဲ့ ပထမဆုံး စံနှုန်း ဖြစ်ရမယ် တခြားအရာတွေက အရေးမကြီးဘူး။
ရဲ့မိသားစုမြင့်မြတ်နယ်မြေက ဒါကို သဘောတူမှာ မဟုတ်ဘူးလို့ ငါစိုးရိမ်တယ် ပြင်းပြင်းထန်ထန် ကန့်ကွက်တာမျိုးတွေ ရှိလာနိုင်တယ်။ ပြီးတော့ ငါတို့နဲ့ ပတ်သက်တဲ့ ဆွေမျိုးတွေ အဲဒီလူတွေက။
မင်းက ဧကရီပဲ ဘုရင်မတစ်ပါးပဲလေ။ ဆွေမျိုးပတ်သက်မှုဆိုတာ သွေးသားနဲ့ပဲဆိုင်တယ် အဆင့်အတန်းနဲ့ မဆိုင်ဘူး ကြီးကျယ်တဲ့ အရာတွေကို လုပ်ချင်တဲ့သူတွေက ကိုယ့်ရဲ့အနီးကပ်ဆုံး ဆွေမျိုးတွေကိုတောင် သတ်ရဲရမယ် အထိပ်အသီးစွမ်းအားတစ်ခု တိုးတက်လာဖို့ဆိုတာ သွေးသားပတ်သက်မှုအပေါ်မှာ မမူတည်ဘူး အကျိုးစီးပွား အချင်းချင်း ချိတ်ဆက်မှုအပေါ်မှာပဲ မူတည်တာ။ မင်းကျင့်ကြံမှု အဆင့်မြင့်ရင် ငါအရင်းအမြစ်တွေ ပိုပေးမယ်။
မင်းအဆင့် နိမ့်ရင်တော့ ဖယ်ပေးလိုက်။ ကျိုးကြောင်းဆီလျော်တဲ့ ရာထူးတိုးစနစ်နဲ့ ရှင်းလင်းတဲ့ ခွဲခြားမှုတွေကို တည်ဆောက်ပါ။ နောင်လာမယ့် ကျင့်ကြံသူတွေက ဒီစည်းမျဉ်းကို ပိုပြီး လေးစားလာကြလိမ့်မယ် အဲဒီအခါမင်းရဲ့ အာဏာကလည်း ပိုပြီးထင်ရှားလာလိမ့်မယ်။
ဒါပေမဲ့ သွေးသားပတ်သက်မှုက မကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး မင်းနဲ့ သွေးသားပတ်သက်နေရုံနဲ့တင် တစ်သက်လုံး ထိုင်စားလို့ရမယ်လို့ မထင်စေချင်တာပါ။ ရဲ့ချန်းလျန်က ထိုစကားကို ကြားရတဲ့အခါ လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"အဓိပ္ပာယ် ရှိသားပဲ"
ဒါပေမဲ့ သူမက ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ တကယ်လို့ ငါတို့သမီးလေးတွေက ပါရမီ မကောင်းဘူး ဒါမှမဟုတ် ကျင့်ကြံမှု အားနည်းနေရင်ရော။
ဒါဆိုရင်တော့ သူတို့ကို အရင်းအမြစ်တွေ အများကြီးပေးပြီး ကျင့်ကြံမှုအဆင့် တက်လာအောင် လုပ်ပေးရမှာပေါ့။
အဲဒါက ခုနကနင်ပြောတဲ့ စကားနဲ့နည်းနည်း ဆန့်ကျင်နေသလိုပဲ။ ငါတို့ သမီးလေးတွေက သာမန်လူတွေမှ မဟုတ်တာ သူတို့က ငါတို့ရဲ့အနီးကပ်ဆုံး သွေးသားတွေလေ ကောင်းတဲ့အရာမှန်သမျှက ငါတို့သမီးလေးတွေ အတွက်ပဲ။
"ဟွန့်... လူရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး ပြောတာကတော့ နင်ပဲ"
ချူနင် ရယ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါတွေက ကိုယ့်ဘက်က ပေးတဲ့အကြံပြုချက်တွေပါ ဘယ်လို လုပ်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ် ကိုယ်ဝင်မစွက်ဖက်ပါဘူး။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်က ခေါင်းငုံ့ကာ ထမင်းကို ဆက်စားနေတော့သည်။ သူ့ကို အားမကိုးဘူးလို့ သူမပြောခဲ့ပေမဲ့ သူကစကားတစ်ခွန်းတည်းနဲ့ နောက်ပိုင်း ဖြစ်လာမယ့် အရာအားလုံးကို ရှင်းပြသွားပြီး ဖွဲ့စည်းပုံနဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေကို ရှင်းလင်းပေးသွားခဲ့ပြီ။ သူမ လုပ်ရမှာက လက်တွေ့ အကောင်အထည်ဖော်ဖို့ပဲ ကျန်တော့တာပါ။
တကယ်လို့ သူမသာ ဒါကိုမလုပ်နိုင်ဘူးဆိုရင်တော့ ရဲ့ချန်းလျန်တစ်ယောက် ဧကရီလုပ်မနေဘဲ ကုတင်ပေါ်မှာပဲ လှဲပြီး ကလေးပဲ ထိန်းနေတာ ပိုကောင်းပါလိမ့်မယ်။
ဒီယောက်ျားက အမြဲတမ်း အားကိုးရတာပဲ။ ပြီးတော့ သူက သူမရဲ့ခင်ပွန်းလေ နည်းနည်းတော့ ပျော်မိသား။
ထမင်းစားပြီးရင် ကိုယ်တို့အပြင်ထွက်ပြီး လမ်းလျှောက်ကြမလား သူမက အခန်းထဲမှာပဲ အမြဲမအောင်းချင်တော့ပါဘူး။ အဲဒီကိစ္စတွေပဲ လုပ်နေရတာအပြင် တခြားစိတ်ဝင်စားစရာ မရှိဘူးလေ။
ချူနင် ပြုံးလိုက်သည် အထက်ဘုံမှာ သွားလမ်းလျှောက်မလား ဒါမှမဟုတ် မရဘူး ငါ့မှာအစွမ်းရှိလာတဲ့ အခါကျမှ အထက်ဘုံကို ငါ့ဘာသာ သွားမယ် အခုတော့ဒီမြို့တော်ထဲမှာပဲ လမ်းလျှောက်ပြီး လေကောင်းလေသန့်လေး ရှူကြရအောင်။
"ပြီးရင် ပြန်လာတော့ရော"
ပြန်လာရင် ကျင့်စဉ်ကျင့်ကြတာပေါ့။ နှစ်ဦးတွဲကျင့်စဉ်ကလည်း ကျင့်စဉ်တစ်မျိုးပါပဲ။ ကိုယ့်ဆီမှာ ကျင့်စဉ်တစ်ခု ရှိတယ်။
...
မငြိမ်မသက်မှုတွေကနေ မွေးဖွားလာပြီး ရှေးဦးစွမ်းအင်တွေ ဖန်တီးခဲ့တယ် ဝိညာဉ်အလင်းတန်း တစ်ခုနဲ့အတူ ကမ္ဘာကြီးက ရုတ်တရက် လင်းထိန်သွားတယ်။ သူမ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
ရှင်ခြင်းနဲ့ သေခြင်းဖန်တီးမှု သံသရာကျင့်စဉ် သူမသံသရာထဲကို ခြေလှမ်းလိုက်ပြီး နောက်ဆုံးမှာတော့ ပြန်လည်မွေးဖွားခြင်းကို ရရှိခဲ့ပြီ။
ဒီဘဝမှာတော့ သူမက ထိပ်ဆုံးကို တစ်ခါပြန်တက်ပြီး လောကမှာရှိတဲ့ ရန်သူအားလုံးကို နှိမ်နင်းကာ အမြင့်ဆုံး အဆင့်ဆီကိုရောက်အောင် ကြိုးစားမယ်။
သူမက သူမရဲ့ ပတ်ဝန်းကျင်ကို ဇဝေဇဝါနဲ့ ကြည့်လိုက်တော့ သူမက အခုမှ သန္ဓေသားလောင်း ပုံစံပဲရှိသေးတယ်ဆိုတာ တွေ့လိုက်ရတယ် ဒါပေမဲ့ သူမမှာကိုယ်ပိုင်အသိစိတ် ရှိနေပြီ။ ကြည့်ရတာ သူမက သံသရာထဲကို ပြန်ဝင်ပြီး ပြန်လည်မွေးဖွားလာတာထင်တယ်။
ဒီလို တွေးနေတုန်းမှာပဲ သူမနဲ့ တစ်ပုံစံတည်း တူတဲ့ ပုံရိပ်လေးတစ်ခုကို မလှမ်းမကမ်းမှာ တွေ့လိုက်ရပြန်သည်။
သူမမှာ ညီမလေးတစ်ယောက် ရှိနေတာလား။ ပြန်လည်မွေးဖွားလာတဲ့ဘဝမှာ မိဘတွေနဲ့ မောင်နှမတွေရဲ့ သံယောဇဉ်ကို တစ်ခါပြန်ခံစားရမယ်လို့ သူမ မထင်ထားခဲ့ဘူး။
သူမ အရင်ကရာထူးကို ပြန်ရတဲ့အခါ သူတို့ကိုလည်း ထိပ်ဆုံးအဆင့်အထိ ခေါ်ဆောင်သွားမယ် ပြန်လည်မွေးဖွားလာတဲ့သူမလို လူမျိုးရဲ့မိဘတွေဖြစ်ရတာ ဘယ်လောက် ဂုဏ်ယူဖို့ကောင်းသလဲဆိုတာ သူတို့ကိုသိစေရမယ်။
ကြီးကျယ်တဲ့ ကျင့်စဉ်တွေကိုတော့ အခုလောလောဆယ် မကျင့်နိုင်သေးဘူး မအောင်မြင်နိုင်သေးဘူး။
ဒါပေမဲ့ ဓားစိတ်ကျင့်စဉ်ကိုတော့ စတင် ကျင့်ကြံလို့ ရနေပြီ။ နှစ်ငါးဆယ်အတွင်းမှာ သူတော်စင်အဆင့် နှစ်တစ်ရာအတွင်းမှာ ကောင်းကင်ဖြစ်စဉ်အဆင့်ကို ရောက်အောင် လုပ်မယ် နှစ်တစ်ထောင်အတွင်းမှာတော့ သူမက '
မဟာဧကရီရာထူးကို သေချာပေါက် ပြန်ရစေရမယ်။ သူမ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်ယူမယ်။