အခန်း (၉) ငါက ဧကရီပဲ ငါ့စကား ငါပြန်ဖျက်တော့ ဘာဖြစ်လဲ
ဒါကို ကြားလိုက်ရတော့ ရှောင်ပင်းလည်း လန့်သွားသည်။
"မဟုတ်တာ ချူနင်က ဘာလို့ အရှင်မကို ကွယ်ရာမှာ အတင်းပြောရမှာလဲ"
"မင်းမသိလို့ပါ မနေ့က သူဒီမှာ ငါ့ကိုမိုက်မဲတဲ့ အုပ်ချုပ်သူဆိုပြီး ဆဲသွားသေးတယ်"
"အင်"
ရှောင်ပင်း ပိုလို့ပင် ကြောင်သွားရသော်လည်း ချက်ချင်း ပြန်ရှင်းပြလိုက်သည် "သူ အရှင်မကို ဆဲတာ မဟုတ်ပါဘူး။ ကျွန်မက ချူနင့်ကို အရှင်မအပေါ် ထားတဲ့ သူ့ရဲ့ သဘောထားကို မေးကြည့်ရုံတင်ပါ"
ရဲ့ချန်းလျန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။
ငါ့အပေါ်ထားတဲ့ သူ့သဘောထားကို ငါသိဖို့ လိုလို့လား အခုငါ သူ့ကို နန်းတော်ထဲမှာ ထားထားတာက နောင်ကျရင် နဂါးရင်သွေးလေးကို အဖော်ပြုပေးဖို့ထက် မပိုဘူး။
သူ့ရဲ့ အသုံးဝင်မှုက အဲဒီလောက်ပဲ။ သူ ငါ့ကို ကွယ်ရာမှာ ဘယ်လိုပဲ သဘောထားထား ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး။
"အဲဒါကတော့ ကျွန်မ ထင်တာတော့ အရှင်မက ချူနင့်ကို အရမ်းအထင်သေးလွန်းနေတာလားလို့ပါ သူက တကယ်တော့ အဲဒီလိုလူမျိုး မဟုတ်ပါဘူး"
ရဲ့ချန်းလျန်က သူမကို အမူအရာမရှိဘဲ ကြည့်လိုက်သည် လူတစ်ယောက်က ဘယ်လိုလူမျိုးလဲဆိုတာ တစ်ရက်တည်းနဲ့ စကားတစ်ခွန်း အပြုအမူတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရဘူး။ မင်းက လူဘယ်နှယောက်နဲ့ ဆုံဖူးလို့ သူက အဲဒီလိုလူ မဟုတ်ပါဘူးလို့ ရဲရဲဝံ့ဝံ့ ပြောရဲတာလဲ မင်း သူ့ကို သိတာ တစ်ရက်ပဲ ရှိသေးတာလေ
ရှောင်ပင်း ခဏစဉ်းစားလိုက်ပြီး ဘာမှ ထပ်မပြောတော့ရန် ဆုံးဖြတ်လိုက်သည်။
အရှင်မက သူမရဲ့ အဆင့်အတန်းကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုစိတ် အရမ်းပြင်းထန်နေတာပဲ။ အကယ်၍ အရှင်မကိုယ်တိုင် စိတ်မပြောင်းသရွေ့ ဘာပြောပြော ဘာမြင်မြင် အလကားပါပဲ။
သို့သော် ရှောင်ပင်း ထွက်သွားခါနီးတွင် ရဲ့ချန်းလျန်က လေသံအေးအေးဖြင့် မေးလိုက်ပြန်သည်။
"ဒီနေ့ သူ ဘာပြောသေးလဲ"
ဒါကို ကြားတော့ ရှောင်ပင်း ပြုံးလိုက်မိသည်။
အရှင်မက ချူနင့်ရဲ့ သဘောထားကို တကယ်တော့ စိတ်ဝင်စားနေတာပဲ။
"ချူနင် ပြောတာကတော့ သူ အရှင်မအပေါ်မှာ စစ်မှန်တဲ့ သံယောဇဉ် မရှိသေးဘူးတဲ့"
ရဲ့ချန်းလျန်၏ မျက်နှာကတော့ အမူအရာ မပျက်သော်လည်း စိတ်ထဲမှာတော့ ဟာတာတာ ဖြစ်သွားပြီး စိတ်ရှုပ်ထွေးသွားရသည်။
"ဟင်း အဲဒါ ဘာဖြစ်လဲ ငါကကော သူ့အပေါ် သံယောဇဉ် ရှိလို့လား"
"ဒီလူက ဘာအကြောင်းကြောင့်မှန်း မသိဘဲ ငါကျင့်စဉ်ကျင့်နေတဲ့ ဂူထဲကို ကျူးကျော်ဝင်ရောက်ခဲ့တယ် ပြီးမှ ဒါတွေ အကုန်လုံး ဖြစ်လာတာ။ ဒီလိုကိစ္စမျိုးကြောင့် တစ်ယောက်ယောက်အပေါ် စစ်မှန်တဲ့ သံယောဇဉ် ရှိလာမယ့်လူ ဒီလောကမှာ ရှိလို့လား"
"အရင်က ပြောဖူးသလိုပဲ ငါက ကလေးကို အဖေမရှိဘဲ မွေးမလာစေချင်ရုံ သက်သက်ပါပဲ"
သူမအနေဖြင့် အမှန်တော့ ဒီလောက်အထိ အများကြီး ပြောစရာ မလိုပေမဲ့ စိတ်ထဲက အရှုံးမပေးချင်တဲ့ ဇွဲကြောင့် မပြောဘဲ မနေနိုင်ဖြစ်နေခြင်းဖြစ်သည်။
ဘာလို့လဲ ဒီနေ့ ချူနင့်ရဲ့ လုပ်ရပ်တွေကြောင့် သူမ စိတ်ထဲမှာ အနည်းငယ် လှုပ်ရှားသွားကာမှ သူက သံယောဇဉ် မရှိဘူးလို့ ပြောထွက်ရတာလဲ။
ဒီကိစ္စမှာ နစ်နာတာက သူမလေ ချူနင်က အရာအားလုံးကို ဖျက်ဆီးခဲ့တာ မဟုတ်လား။ သူမ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး မျက်နှာထားက ပိုလို့ပင် ရှုပ်ထွေးသွားသည်။
ရှောင်ပင်းသည် ရဲ့ချန်းလျန်အနားမှာ နှစ်ပေါင်းများစွာ နေလာခဲ့သူဖြစ်ရာ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ အရှင်မရဲ့ စရိုက်အရဆိုရင် ချူနင်နဲ့ ပုံမှန်အတိုင်း တိုးတက်ဖို့က မဖြစ်နိုင်ဘူး ဒါကြောင့်လည်း သူမက ချူနင်ကို ပိုပြီး တက်ကြွဖို့ တိုက်တွန်းခဲ့တာပေါ့။
ကြည့်စမ်း အခု နှစ်ယောက်လုံးမှာ ကလေးရှိနေပြီပဲ။ နောင်ကျရင် ကလေးအတွက်လည်း မိဘနှစ်ပါး ဆက်ဆံရေး ကောင်းနေတာက ပိုပြီး ပျော်စရာမကောင်းဘူးလား။
ရှောင်ပင်းက ပြုံးပြီး ပြောလိုက်သည် "ဒါပေမဲ့ ချူနင်က ပြောပါသေးတယ် ပထမဆုံး ဆုံတွေ့မှုမှာ အရှင်မင်းကြီးနဲ့ နဂါးရင်သွေးလေး ရှိနေရင်တောင်မှ သံယောဇဉ် မရှိသေးတာက မှန်ကန်တဲ့ အရာပါတဲ့"
"ဟင်း အဲဒီလိုဆိုရင် သူက ဘာလို့ ဒီလောက်တောင် အတင့်ရဲနေရတာလဲ ငါ့မှာ ဒီလို စားဖိုမှူးမျိုး ရှားနေလို့လား"
ထပ်ပြောနေရင် သူမ စိတ်ဓာတ်တွေ ပြိုလဲတော့မည်။ ရဲ့ချန်းလျန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးသဖြင့် စိတ်ထဲတွင် ပြောမပြတတ်အောင် ခံစားနေရသည်။
ဒါဆို မနေ့ကနဲ့ ဒီမနက်က လုပ်ရပ်တွေက အတုအယောင်တွေပဲလား သူက သူမအတွက် ဘာမှ ထည့်မစဉ်းစားပေးခဲ့ဘူးလား။
ဒါကို မြင်တော့ ရှောင်ပင်းက ဆက်ပြောပြသည် "ဒါပေမဲ့ ချူနင်က အခု အရှင်မနဲ့ သူ့ရဲ့ ဆက်ဆံရေးက တာဝန်သိစိတ်တစ်ခုလို ဖြစ်နေပြီတဲ့"
"နန်းတွင်းက လူတွေက ဂုဏ်ဒြပ်နဲ့ အာဏာအတွက် ကြိုးစားကြသလို ကျွန်မ နန်းတော်ထဲကို ဝင်လာတာကလည်း ပိုကောင်းတဲ့ ဘဝရဖို့အတွက်ပဲလေ"
သူပြောတာကတော့ စစ်မှန်တဲ့ သံယောဇဉ်ဆိုတာတွေက အလကားပါတဲ့ သံယောဇဉ်ဆိုတာ အချိန်ကြာကြာ အတူရှိပြီး နားလည်မှု ယူမှ ဖြစ်လာတာတဲ့။
အခု အရှင်မအတွက် သူက တာဝန်ယူစိတ်နဲ့ ကတိကဝတ် ရှိနေပြီ ဒါတွေကို သူ တက်တက်ကြွကြွနဲ့ အစွမ်းကုန် ထမ်းဆောင်ချင်နေတာပါ။
ရဲ့ချန်းလျန် ခဏမျှ ဆွံ့အသွားသည်။ သူမ နားလည်သွားပုံရသည်။
အခု နန်းတွင်းက လူတွေကလည်း တာ့ချန်းအင်ပါယာအပေါ် တကယ်ပဲ သစ္စာရှိကြပြီး အင်ပါယာ တိုးတက်တာကို မြင်ချင်ကြတာပဲ။
ရှောင်ပင်းကလည်း သူမအပေါ် တကယ် စေတနာ ထားတာပဲ။ အရာရာက အမြဲတမ်း ပြောင်းလဲနေတာလေ ချူနင် သူမအပေါ် ထားတဲ့ အမြင်ကလည်း တဖြည်းဖြည်း ပြောင်းလဲလာမှာပဲ အဲဒီလိုပဲ သူမကော။
ဒီစကားတွေက သံယောဇဉ် ရှိပါတယ်ဆိုတဲ့ စကားတွေထက် ပိုပြီး ယုံကြည်ဖို့ ကောင်းနေသည် ရဲ့ချန်းလျန်၏ မျက်နှာ ရုတ်တရက် နီရဲသွားပြီး သူမ ချက်ချင်း နောက်လှည့်လိုက်သည်။
"ငါက အထက်က ကောင်းကင်ဘုံရဲ့ လမ်းစဉ်ကို ဆက်ခံပြီး အောက်က လူထုရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနေတဲ့ အမြင့်မြတ်ဆုံး ဧကရီပဲ! ချူနင်က ငါ့ကို ဘာတွေ တာဝန်ယူပေးဖို့ လိုလို့လဲ"
"သွား... ချူနင့်ကို သွားပြောလိုက် သူ့နေရာမှာ သူ ငြိမ်ငြိမ်နေဖို့ ထူးဆန်းတာတွေ လျှောက်မလုပ်ဖို့နဲ့ ဒီလိုစကားမျိုးတွေကို နောက်ထပ် မပြောဖို့"
"ကောင်းပါပြီ အရှင်မ ဒါဆို ကျွန်မ သွားလိုက်ပါဦးမယ်"
ရှောင်ပင်းက သူ့ကို တကယ် သွားပြောမှာလား သေချာပေါက် မပြောပါဘူး။
အရှင်မက အရှက်သည်းပြီး စိတ်ဆိုးမာန်ဆိုး ပြောလိုက်တာပဲလေ။ သူမ ဒီဧကရီကို ကောင်းကောင်းသိသည် အပြင်ပန်းက ကြမ်းတမ်းပေမဲ့ အတွင်းစိတ်က နုနယ်သည်။
သူမ ဘေးနားက လူတွေနဲ့ အရာတွေကို တကယ် ဂရုစိုက်တတ်သူဖြစ်ပြီး အပြင်မှာပဲ တင်းမာပြနေခြင်းဖြစ်သည်။
ဒါကြောင့် သွားပြောဖို့ကတော့ လုံးဝ မဖြစ်နိုင်ဘူး သူမက ထမင်းကောင်းကောင်းတွေ ထပ်စားချင်သေးတာလေ။
မင်းတက်နန်းဆောင်ထဲမှာတော့ ရှောင်ပင်း ထွက်သွားပြီးနောက် ရဲ့ချန်းလျန်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
"ဟင်း မင်းက တာဝန်ယူဖို့ လိုလို့လား ငါ့ခန္ဓာကိုယ်ကို ယူပြီးကလေးတောင် ပေးခဲ့သေးတယ် အခုမှ တာဝန်ယူချင်တာလား အိပ်မက်မက်နေလိုက်"
"မင်းက ကလေးရဲ့အဖေပဲ အဲဒီထက် မပိုဘူး"
သူမ ပြောရင်းနှင့် နီရဲနေသော မျက်နှာက တဖြည်းဖြည်း ပြန်တည်ငြိမ်သွားသည်။ စိတ်ထဲက အသေးအဖွဲ စိုးရိမ်ပူပန်မှုတွေကို ဘာက ဖြေရှင်းပေးနိုင်မလဲ နိုင်ငံရေးကိစ္စတွေကို အာရုံစိုက်မှပဲ စိတ်မလေတော့မှာ သို့သော် သူမ အလုပ်လုပ်ရင်းနှင့် စိတ်က တခြားကို ခဏခဏ ရောက်နေပြန်သည်။
ရှောင်ပင်းက ဒါတွေကို မပြောသင့်ဘူး။ နောက်ဆို ရှောင်ပင်းကို စကားမပြောခိုင်းတော့ဘူး ဒါပေမဲ့ တကယ်တော့ သူမ စိတ်ထဲမှာ အနည်းငယ် ပျော်နေမိသည်။ အနည်းဆုံးတော့ ဒီလူက ဘာမှမရှိပေမဲ့ တာဝန်ယူချင်စိတ်တော့ ရှိသားပဲ။
မွန်းတည့်ချိန်တွင် ရဲ့ချန်းလျန်သည် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားပြီး အစီရင်ခံစာများကို အသည်းအသန် စစ်ဆေးနေသည်။ တစ်နေ့ကို အစီရင်ခံစာ နှစ်ထောင်က အနည်းဆုံးဖြစ်ရာ အကုန်မပြီးမချင်း သူမ မနားနိုင်ပေ။ သူမက ကိုယ့်ကိုယ်ကိုယ် အရမ်း တင်းကျပ်ထားသူဖြစ်သည်။
"ရှောင်ပင်း... နေ့လည်စာလား"
"အဲဒီမှာပဲ ချထားလိုက် ငါ ခဏနေမှ စားမယ်"
နောက်ထပ် အစီရင်ခံစာ နှစ်ရာလောက် စစ်ပြီးမှ ခဏနားပြီး စားမည်။ သူမက အခု နယ်စပ်ကိစ္စတွေကြောင့် စိတ်ရှုပ်နေရတာလေ။
ဗန်းကို စားပွဲပေါ် တင်လိုက်သည့် အသံက စာရေးသံသာ ကြားနေရသည့် နန်းဆောင်ကြီးထဲတွင် အတော်လေး ကျယ်လောင်သွားသည်။
ရဲ့ချန်းလျန်က ဂရုမစိုက်ဘဲ အာရုံစိုက်နေဆဲ။ ရုတ်တရက် တစ်ယောက်ယောက်က သူမ ပခုံးကို ပုတ်လိုက်သလို ခံစားလိုက်ရသည်။ သူမ၏ ပါးစပ်နားသို့ မုန့်တစ်ဖဲ့ကို တူဖြင့် လာတေ့ပေးသည်။
ရဲ့ချန်းလျန် မျက်မှောင်ကြုတ်လိုက်သော်လည်း တစ်လုပ်တည်းနှင့် စားလိုက်သည်။
"ငါ ပြောပြီးပြီလေ၊ ခဏနေမှ စားမယ်လို့၊ ဒီလို လုပ်နေစရာ မလိုပါဘူး"
သို့သော် မုန့်က ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး တကယ်ပင် ခံတွင်းလိုက်လှသည်။ တစ်မနက်လုံး ဗိုက်ဆာနေသော ရဲ့ချန်းလျန်မှာ ပါးစပ်ကို မြိန်ရေယှက်ရေ လှုပ်လိုက်မိသည်။
"ဒီနေ့ စားဖိုမှူးက လက်ရာကောင်းသားပဲ နောက်ကျရင် သူ့ကို ငွေဒင်္ဂါးအချို့ ဆုချလိုက်ဦးမယ် နောက်တစ်ဖဲ့ ပေးဦး"
တူက ထပ်ရောက်လာပြန်သည်။ အစီရင်ခံစာ တစ်စောင် ပြီးသွားမှ သူမ ဆက်စားဖို့ စိတ်ကူးရသည် ဒီလိုနှင့် တစ်လုပ်ပြီးတစ်လုပ် စားလိုက်ရာ။
"ထူးဆန်းတယ် ဘာလို့ ဒီနေ့ ဟင်းတွေက ဒီလောက်တောင် အရသာရှိနေတာလဲ"
သူမ တကယ်ကို စားချင်နေတာပါ ရဲ့ချန်းလျန် လက်ထဲက အစီရင်ခံစာကို ချလိုက်ပြီး ရုတ်တရက် ထရပ်လိုက်သည်။
"ရှောင်ပင်း... ဒီနေ့ စားဖိုမှူးက"
သူမ ရုတ်တရက် လန့်သွားပြီး နောက်သို့ သုံးလှမ်းခန့် ဆုတ်သွားကာ ရှေ့က ချူနင်ကို မျက်လုံးပြူးပြီး ကြည့်နေမိသည်။ ချူနင်၏ လက်ထဲတွင်တော့ တူတစ်စုံကို ကိုင်ထားသည်။
"ရှင် ဘာလို့ ဒီမှာရှိနေတာလဲ ရှောင်ပင်း မဟုတ်ဘူးလား"
သူမ နာရီဝက်နီးပါး စားနေတာတောင် ဘေးကလူက ချူနင် ဖြစ်နေတာကို သတိမထားမိခဲ့ဘူး။
"ဟဲဟဲ... စားလို့ ကောင်းတယ် မဟုတ်လား ဒါ ကျွန်တော် အထူးတလည် လုပ်ထားတာလေ"
ချူနင်က ရဲ့ချန်းလျန်ကို ပြုံးကြည့်ရင်း ပြောလိုက်သည် ဒါဆို ချန်းလျန် ခုနက မင်း ကျွန်တော့်ကို ချီးကျူးလိုက်တာပေါ့။
ရဲ့ချန်းလျန်၏ မျက်နှာထားက မကျေမနပ် ဖြစ်သွားပြီး အေးစက်စက် ပြောလိုက်သည် "ရှင်နေတဲ့ နန်းဆောင်ကနေ အပြင်မထွက်ဖို့ ကျွန်မ အကြိမ်ကြိမ် ပြောထားတယ်လေ။ ချန်းနင်နန်းဆောင်ကို သွားရင်တောင် ရှောင်ပင်း အဖော်ပါမှ သွားရမယ် မဟုတ်လို့ တစ်ယောက်ယောက်က ရှင့်ကို မြင်သွားရင် လူသိကုန်မှာပေါ့"
ချူနင်က သူမစကားကြောင့် လန့်သွားပြီး သက်ပြင်းချလိုက်သည်။
"ဪ မင်းရှေ့မှာတော့ ကျွန်တော်က လူတောမတိုးတဲ့ လူတစ်ယောက်ပေါ့"
"ကျွန်တော့်ရဲ့ စေတနာတွေ အလကား ဖြစ်ကုန်ပြီပဲ။ ဒီလိုဆိုရင်တော့ ကျွန်တော် နန်းဆောင်ထဲကနေ ဘယ်တော့မှ အပြင်မထွက်တော့ပါဘူး"
ပြောပြီးသည်နှင့် ချူနင်က လှည့်ထွက်သွားရန် ပြင်လိုက်သည်။ ရဲ့ချန်းလျန်က စိတ်ဆိုးမာန်ဆိုးဖြင့် ချူနင်ကို ဆွဲထားလိုက်သည်။
"ကျွန်မပြောတာက ရှင်အပြင်ထွက်လို့ လူမြင်သွားရင် ရှင့်အတွက် ပြဿနာ ဖြစ်မှာကို စိုးရိမ်လို့လေ နန်းတွင်းထဲမှာ ယောက်ျားလေးတွေ နေခွင့်မရှိဘူးဆိုတာ ရှင်မသိဘူးလား"
"ရှင်က နန်းဆောင်ထဲမှာပဲ ပိတ်မိနေရင် စိတ်ကျဉ်းကျပ်နေမှာပေါ့ အပြင်ထွက်ရင်လည်း ရှောင်ပင်းကို ခေါ်သွားရမယ်။ ပြီးတော့ မင်းက ငါ့ရဲ့အနာဂတ် ဧကရာဇ်ပဲ ဘာလို့ လူတောမတိုးရမှာလဲ"
"ဒါဆို ချန်းလျန် မင်း တကယ်ပဲ ကျွန်တော့်ကို မမုန်းဘူးပေါ့"
ရဲ့ချန်းလျန် တကယ်ကို စကားမပြောနိုင်လောက်အောင် ဖြစ်သွားရသည်။
"ကျွန်မ ရှင့်ကို နန်းတော်ထဲအထိ ခေါ်လာပြီးပြီပဲ ဘာလို့ မုန်းရမှာလဲ"
ချူနင်က ဒါကို ကြားတော့ ရယ်လိုက်မိသည်၊ ဒါတွေက သရုပ်ဆောင်နေတာလေ။
"ရပါတယ် ဘယ်သူမှ ကျွန်တော့်ကို သတိမထားမိပါဘူး ကျွန်တော်က အရမ်း သတိထားတာပါ။ ကိစ္စတွေရဲ့ အရေးကြီးပုံကို ကျွန်တော် မင်းထက်တောင် ပိုသိပါသေးတယ်"
ရဲ့ချန်းလျန်ကတော့ ဒေါသထွက်လွန်းလို့ ရယ်ချင်လာပြီး ချူနင့်ကို လှောင်ပြုံးပြလိုက်သည် "ဘယ်သူမှ မသိဘူး ဟုတ်လား အဲဒါကို ငါက ယုံရမှာလား"
"ဒါဆို ငါတို့ လောင်းကြမလား အကယ်၍ ဘယ်သူမှ ကျွန်တော့်ကို သတိမထားမိဘူးဆိုရင် မင်းကျွန်တော့်ရဲ့ တောင်းဆိုချက် တစ်ခုကို လိုက်လျောပေးမလား"
"ကောင်းပြီလေ"
ရဲ့ချန်းလျန်က ချက်ချင်း အမိန့်ပေးလိုက်သည်။
"အမှောင်အစောင့်အရှောက်တွေဘယ်မှာလဲ? ချက်ချင်း လာခဲ့ကြစမ်း"
ဒီနန်းတော်ဝန်းကျင် တစ်ခုလုံး မဟာရင်ပြင်ကနေ မင်းတက်နန်းဆောင်အထိကို နဂါးအစောင့်အရှောက်တွေထက် ပိုပြီး အစွမ်းထက်ပြီး လျှို့ဝှက်တဲ့ အမှောင်အစောင့်အရှောက်တွေက စောင့်ကြည့်နေတာလေ အင်ပါယာ တစ်ခုလုံးမှာ သူမနဲ့ ရှောင်ပင်းပဲ သူတို့ရှိတာကို သိတာ။
ရဲ့ချန်းလျန်က ချူနင့်ကို မမြင်ရအောင် အတားအဆီးတစ်ခု ဖန်တီးလိုက်ပြီးနောက် အနက်ရောင်ဝတ်စုံဝတ် အမျိုးသမီးတစ်ဦး နန်းဆောင်ထဲတွင် ချက်ချင်း ပေါ်လာသည်။ ချူနင်ကတော့ အသာအယာ ရယ်ပြီး ထိုအမျိုးသမီးကို မျက်လုံးလေး မှေးကြည့်နေသည်။
"အရှင်မကို ဂါရဝပြုပါတယ် အရှင်မကျွန်မကို ဘာကြောင့် ခေါ်ယူတာလဲ သိပါရစေ"
ရဲ့ချန်းလျန်က လှောင်ပြုံးဖြင့် မေးလိုက်သည် "ဒီနေ့ မင်းတက်နန်းဆောင်ကို ရှောင်ပင်းအပြင် ဘယ်သူလာသေးလဲ"
ထိုအမျိုးသမီးက ချက်ချင်း အစီရင်ခံသည် "သူမအပြင် တခြား ဘယ်သူမှ မရှိပါဘူး"
ရဲ့ချန်းလျန် ချက်ချင်း ဓားကို ဆွဲထုတ်လိုက်သည်။
"အဓိပ္ပာယ်မရှိတာ မင်းတို့ မျက်စိအောက်မှာတင် တစ်ယောက်ယောက်က ခိုးဝင်လာနိုင်တယ်လို့ ပြောနေတာလား"
ဟာသပဲ ချူနင်က ဒီမှာ ရပ်နေတာလေ သူမရဲ့ ကျင့်စဉ်ကြောင့် ခဏ ဖုံးကွယ်ထားတာပဲ ရှိတာ။ သူက ဒီကိုလာရင် အမှောင်အစောင့်အရှောက်တွေရဲ့ မျက်စိအောက်ကနေ လုံးဝ လွတ်စရာ အကြောင်းမရှိဘူး။
ထိုအမျိုးသမီး ချက်ချင်း ထိတ်လန့်သွားပြီး ဒူးထောက်လိုက်သည် "အရှင်မ ကျွန်မတို့ ဘယ်သူ့ကိုမှ အာရုံမခံမိပါဘူး ကျွန်မတို့ တာဝန်ကို အစွမ်းကုန် ထမ်းဆောင်နေတာပါ ယင်ကောင်တစ်ကောင်တောင် မဝင်နိုင်ပါဘူး။
အကယ်၍ အရှင်မ မယုံရင် တခြား အမှောင်အစောင့်အရှောက်တွေကို ခေါ်မေးလို့ ရပါတယ် ကျွန်မတို့ တကယ် မလိမ်ပါဘူး။
ထိုအချိန်တွင် ရဲ့ချန်းလျန်၏ မျက်နှာတွင် အံ့သြမှုများ ပြည့်သွားသည်။ သူတို့ ချူနင့်ရဲ့ ရှိနေမှုကို အာရုံမခံမိဘူးလား။
ဒါဆို ချူနင်က ပျံလာတာလား ပျံလာရင်တောင် အာရုံခံမိရမှာလေ ပြီးတော့ သူက တံခါးမကြီးကနေ ဝင်လာတာလေ ရဲ့ချန်းလျန်က ချူနင့်ကို ကြည့်လိုက်ရာ သူ့ရဲ့ကျေနပ်နေတဲ့ မျက်နှာထားကို တွေ့လိုက်ရသည် အမှောင်အစောင့်အရှောက်တွေက သူမအပေါ် လုံးဝ သစ္စာရှိကြသည် သူတို့ကို လာဘ်ထိုးလို့ မရဘူး။
ဒါဆို ဒီလူက ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ
"တော်ပြီ ပြန်ကြတော့ ဒီလိုမျိုး နောက်တစ်ခါ မဖြစ်စေနဲ့"
"အရှင်မရဲ့ ကျေးဇူးတော်ကို ကျေးဇူးတင်ပါတယ်"
ထိုအမျိုးသမီး ချက်ချင်း ထွက်သွားတော့မှ ချူနင်က အသာအယာ ချောင်းဟန့်လိုက်သည်။
"ကဲ အရှင်မ၊ ဧကရီတစ်ပါးရဲ့ စကားက တည်ရမယ် မဟုတ်လား"
"မင်း ကျွန်တော့်ကို ကတိပေးထားတာ ရှိတယ်လေ အဲဒါကို ဖြည့်ဆည်းပေးရမယ် မဟုတ်လား"
ရဲ့ချန်းလျန် ချက်ချင်း သတိဝင်လာသည် ဒီလူက သူမကို တမင် ထောင်ချောက်ဆင်လိုက်တာပဲ သူမ ဓားကို ဖြည်းဖြည်းချင်း မြှောက်ပြီး ချူနင့်ကို ချိန်ကာ လှောင်ရယ်လိုက်သည်။
"ဪ... ဧကရီရဲ့ စကားက တည်ရမယ် ဟုတ်လား ငါ ဘာပြောလို့လဲ"
ချူနင်ကတော့ မကျေမနပ် ဖြစ်နေပုံရသည်။
"ချန်းလျန်... မင်း ဒီလို မလုပ်သင့်ဘူးလေ ကျွန်တော် မင်းကို အရှင်မလို့တောင် ခေါ်ထားတာပဲ အဲဒီလောက်အထိတော့ မဟုတ်ဘူး မဟုတ်လား"
ရဲ့ချန်းလျန်က ဓားကို အေးအေးဆေးဆေး ပြန်သိမ်းလိုက်သည်။ "မင်း ငါ့ကို အဲဒီလို ခေါ်သင့်တာ မဟုတ်လား"
"ကျွန်တော်က မင်းရဲ့အနာဂတ် ခင်ပွန်းလေ အရှင်မလို့ ခေါ်နေရင် နောင်ကျရင် ကလေးက တစ်မျိုးထင်နေမှာပေါ့" ချူနင်က ရယ်ပြီး ရဲ့ချန်းလျန်ကို ထိုင်ဖို့ ဆွဲလိုက်သည်။
"ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် ထမင်းအရင်စားပါ။ စားပြီးမှ ဆက်လုပ်ပေါ့။ နောက်မှ ကျွန်တော် အကုန် သိမ်းပေးမယ်"
"ဟင်း..."
"ငါ့ကို မကိုင်နဲ့ ငါ့ဘာသာငါ လမ်းလျှောက်မယ်"
"ဘာဖြစ်လဲ ဘာပဲဖြစ်ဖြစ် နောင်ကျရင် ငါတို့က တစ်အိပ်ရာတည်း အတူအိပ်ရမှာပဲ စောစောစီးစီး ကျင့်သားရအောင် လုပ်ထားတာ မကောင်းဘူးလား"
ရဲ့ချန်းလျန် ချက်ချင်း မျက်စောင်းထိုးလိုက်ပြီး မျက်နှာတစ်ခုလုံး နီရဲသွားသည်။
"ရိုင်းလိုက်တာ ဒါက နန်းတော်လေ ပြီးတော့ ငါက တာ့ချန်းအင်ပါယာရဲ့ ဧကရီပဲ"
ချူနင်ကတော့ ဇဝေဇဝါ ဖြစ်နေပုံရသည်။
"အဲဒါက ကျွန်တော့်ရဲ့ အနာဂတ် ဇနီးလည်း ဖြစ်နေတာ မဟုတ်လား"
ရဲ့ချန်းလျန် ဆွံ့အသွားသည်။ ဟုတ်သားပဲ ဒီလူက ဂုဏ်သိက္ခာတွေ အဆင့်အတန်းတွေကို ဂရုစိုက်နေမယ့်လူ မဟုတ်ဘူး။
သူ့ကို လျစ်လျူရှုထားတာပဲ အကောင်းဆုံး ပြီးတော့ တစ်အိပ်ရာတည်း အတူအိပ်မယ် ဟုတ်လား အိပ်မက်မက်နေလိုက်။
သူမထိုင်လိုက်သည်နှင့် ချူနင်က နဂါးရိုးတွင်းခြင်ဆီ ရတနာဟင်းချိုကို ကမ်းပေးလိုက်သည်။
"အရှင်မ သုံးဆောင်တော်မူပါဦး"
ဒါကို မြင်တော့ ရဲ့ချန်းလျန်၏ မျက်နှာထား အနည်းငယ် ပျော့ပျောင်းသွားသည်။
"ရှင် မစားရသေးရင်လည်း ထိုင်ပြီး အတူတူစားလေ"