အခန်း ၈၇ ဧကရီကို လှည့်စားခြင်း
မင်္ဂလာပွဲကျင်းပရန် သုံးရက်အလိုတွင် ရဲ့ချန်းလျန်သည် သူမ၏လက်ရှိဘဝသစ်ကို လုံးဝကျင့်သားရနေပြီ ဖြစ်သည်။
ထိုလူယုတ်မာသည် နေ့တိုင်း အကြောင်းပြချက် အမျိုးမျိုးရှာကာ သူမ၏ အိပ်ဆောင်တွင် လာနေလေ့ရှိပြီး ထို့နောက် သူမ၏ခုတင်ပေါ်သို့ ခိုးဝင်လာတတ်သည်။
ချူနင်သည် ရဲ့ချန်းလျန်အပေါ် တကယ်ပင် ကောင်းမွန်လှသော်လည်း သူမအနေဖြင့် မကျေမနပ် ရေရွတ်ခြင်းကိုတော့ မရှောင်လွှဲနိုင်ပါချေ။
ရက်ပိုင်းပဲလိုတော့တာကို ဘာလို့ဒီလောက်တောင် လောနေရတာလဲ။
ညဦးပိုင်းသို့ ရောက်ရှိလာပြီး ညစာစားပြီးနောက် သူတို့နှစ်ဦးသည် ချန်းချင်းနန်းဆောင် အပြင်ဘက်ရှိ မဏ္ဍပ်တွင် ထိုင်နေကြသည်။
ရာသီဥတုမှာ အေးစပြုလာပြီဖြစ်ပြီး နွေဦး၏ အပူရှိန်မှာ တဖြည်းဖြည်း လျော့ပါးလာကာ ဆောင်းဦး၏ အေးမြမှုကြောင့် ညဘက်တွင် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်နေတတ်သည်။
ငါအဲဒါကို မဝတ်ချင်ဘူး ငါကကျင့်ကြံသူတစ်ယောက်ပဲ ချမ်းမှာမဟုတ်ဘူး နင်ကငါ့ကို အဝတ်တွေနဲ့ ထုပ်ပိုးပြီး အသက်ရှူကျပ်အောင် လုပ်သတ်ပြီးရင် ဒီအင်ပါယာကို ဆက်ခံချင်နေတာ မဟုတ်လား။ ငါ့ဗိုက်ထဲမှာ နင့်ကလေး ရှိနေတာကို မမေ့နဲ့ဦး
ချူနင်က ဘေးမှနေ၍ သက်ပြင်းချလိုက်သည်။ ကျင့်ကြံသူတွေလည်း နွေးနွေးထွေးထွေး နေဖို့ လိုတာပဲလေ။ အအေးမိသွားရင် ဘယ်လိုလုပ်မလဲ။
ရဲ့ချန်းလျန်က နှုတ်ခမ်းတွန့်လိုက်သည်။ ငါက အအေးမိမှာကို ကြောက်နေရမှာလား။
နောက်ထပ်နှစ်ရက် သုံးရက်လောက် ထပ်ကျင့်လိုက်ရင် အဆင့်တက်တော့မှာ။ မင်္ဂလာဆောင်မတိုင်ခင် အနန္တအဆင့်ကို သေချာပေါက် ရောက်အောင် လုပ်မှာ
ဒါကြောင့် နွေးနွေးထွေးထွေး နေဖို့မလိုဘူး။ အခု ဝတ်ထားတဲ့ ဝတ်စုံက လုံလောက်ပါတယ်။ နင် ဝတ်ချင်ရင် နင့်ဘာသာနင် ဝတ်လိုက်လေ
ဒါပေမဲ့ ကိုယ်က ယောင်္ကျားကြီးပဲဟာ ပန်းရောင်ကြီးတော့ ဝတ်လို့ မရဘူးလေ။
ဧကရီတစ်ပါးအနေနဲ့ ငါကရွှေရောင်ကိုပဲ ဝတ်သင့်တာပေါ့ ယက်လုပ်ရေးဌာနကို ဘာလို့ ပန်းရောင်ဝတ်စုံ သွားချုပ်ခိုင်းတာလဲ
မင်း အဲဒီလိုဝတ်စုံမျိုး ဝတ်ထားရင် ဘယ်လို ကွဲပြားခြားနားတဲ့ ခံစားချက်မျိုး ရှိမလဲဆိုတာ မြင်ချင်လို့ပါ။
ထိုစကားကို ကြားသော် သူမ ခဏမျှ ကြောင်သွားပြီး သူ့ကိုဇဝေဇဝါ ကြည့်လိုက်သည်။
"ဘာကွဲပြားခြားနားတဲ့ ခံစားချက်လဲ"
"မင်းရဲ့ ထူးခြားတဲ့ခန္ဓာကိုယ်ကြောင့် စိတ်တွေ ထဖောက်လာတဲ့ အချိန်နဲ့ မဖောက်ခင် အချိန်ကြားက ကွဲပြားမှုမျိုးပေါ့ ပုံမှန်ဆိုရင်တော့ မင်းက အေးစက်စက် ဧကရီတစ်ပါးပဲ ဒါပေမဲ့ စိတ်တွေ ထလာပြီဆိုရင်တော့"
ချူနင် စကားမဆုံးခင်မှာပင် ရဲ့ချန်းလျန်၏ မျက်နှာလေး နီမြန်းသွားပြီး ချူနင့်ပါးစပ်ကို အတင်းလှမ်းပိတ်လိုက်တော့သည်။
အခု ငါ့ရဲ့ခန္ဓာကိုယ်ကို ငါထိန်းချုပ်နိုင်နေပြီ အဲဒီ အကြောင်းတွေကို ထပ်မပြောနဲ့တော့
ချူနင်က ရယ်မောလျက် ရဲ့ချန်းလျန်၏ လက်ကလေးကို ဆုပ်ကိုင်ထားပြီး ပြန်မလွှတ်တော့ပါချေ။
ဒါကြောင့်လည်း ဒီရက်ပိုင်းမှာ ကိုယ်အခွင့်အရေး မရတော့ဘူးပေါ့။ နမ်းရုံ ဖက်ရုံနဲ့တင် လုံးဝ မလုံလောက်သလို ခံစားနေရတယ်။
ရဲ့ချန်းလျန်က နှုတ်ခမ်းတွန့်ကာ ကဲ့ရဲ့လိုက်သည်။
"လောဘက အဆုံးမရှိဘူးပဲ နင်ဘာတွေ ထပ်လုပ်ချင်နေသေးတာလဲ ငါပြောပြီးပြီလေ"
သိပါတယ် သိပါတယ် ကလေးမွေးပြီးမှ ဆိုတာကိုပေါ့။ ဒါပေမဲ့ အမှန်တော့ အခုလည်း ဘာမှပြဿနာ မရှိပါဘူး ဘာပဲဖြစ်ဖြစ် မင်းက အဲဒီဆေးလုံးကို သောက်ထားတာပဲလေ။ အခုလို ဖြစ်နေပြီပဲဟာ တစ်ခါလောက်တောင် မရဘူးလား။
လုံးဝ မဖြစ်နိုင်ဘူး။
ကောင်းပါပြီ ကောင်းပါပြီ မင်းသဘောအတိုင်းပေါ့။ ဒါပေမဲ့ အပေါ်ဝတ်ရုံလေးတော့ ဝတ်ထားပါဦး ကလေးအတွက်ပဲ ဖြစ်ဖြစ်ပေါ့။
ထိုအခါမှသာ ရဲ့ချန်းလျန်သည် မတတ်သာဘဲ ပန်းရောင် အပေါ်ဝတ်ရုံကို ဝတ်လိုက်သည်။ သို့သော် ချူနင်၏ထူးဆန်းသော အကြည့်ကို မြင်လိုက်ရသည့်အခါ သူမ နှုတ်ခမ်းတွန့်သွားရပြန်သည်။
"နင်က ဘာလို့ ငါ့ကိုပဲ အမြဲ စိုက်ကြည့်နေတာလဲ"
ချူနင်က အချိန်အတော်ကြာ စိုက်ကြည့်ပြီးမှ မှတ်ချက်ပေးလိုက်သည်။
ပန်းရောင်က မင်းနဲ့မလိုက်ဘူး ထင်တယ် အကယ်၍ ကွဲပြားခြားနားမှုက အရမ်းကြီးလွန်းရင်လည်း သိပ်မကောင်းလှဘူးပဲ။
ရဲ့ချန်းလျန်က အပေါ်ဝတ်ရုံကို ဒေါသတကြီး ပြန်ပစ်ပေးလိုက်သည်။
နင် ငါ့ကိုဟာသလုပ်ချင်နေတာ သိသာနေတာပဲ ငါ မဝတ်ဘူး ဝတ်ချင်တဲ့သူ ဝတ်လိုက်တော့
ပြောပြီးနောက် သူမသည် အိပ်ဆောင်ဘက်သို့ ထွက်သွားပြီး ချူနင်ကလည်း ချက်ချင်းပင် နောက်မှ လိုက်သွားတော့သည်။
ခြံဝင်းအတွင်းရှိ သစ်ပင်များမှာ ဝါရောင်သန်းနေပြီ ဖြစ်သည်။ သစ်ရွက်ခြောက် တစ်ရွက် ကြွေကျလာစဉ်မှာပင် သူတို့နှစ်ဦး အထဲသို့ ဝင်သွားကြသည်။
အိပ်ဆောင်အတွင်းရှိ ပစ္စည်းအားလုံးကို မင်္ဂလာဆောင်အတွက် ပစ္စည်းသစ်များဖြင့် အစားထိုးထားပြီးဖြစ်သည် ပြတင်းပေါက် လိုက်ကာများ၊ ခြင်ထောင်များ၊ မင်္ဂလာဖယောင်းတိုင်များ၊ စားပွဲ၊ ကုလားထိုင်များမှအစ စားပွဲပေါ်ရှိ မုန့်များအဆုံး အားလုံးမှာ မင်္ဂလာရှိသော အသွင်အပြင်များ ဖြစ်နေသည်။
ရဲ့ချန်းလျန်သည် ခုတင်ပေါ်တွင် နှုတ်ခမ်းဆူလျက် ထိုင်နေသည်။ စားပွဲပေါ်ရှိ ကလေးအမြန်ရစေရန် သင်္ကေတပြုထားသော မုန့်များကိုကြည့်ပြီး သူမ စိတ်ထဲတွင် တစ်ဖန်ပြန်လည် စိတ်တိုလာပြန်သည်။
"မင်္ဂလာပွဲက ဘာလို့ဒီလောက်တောင် မြန်နေရတာလဲ။ တကယ် စိတ်ရှုပ်ဖို့ ကောင်းတယ်"
ချူနင်ကတော့ မအံ့သြပါဘူး အိပ်ဆောင်အတွင်းက ပစ္စည်းတွေ အကုန်ပြောင်းသွားကတည်းက ရဲ့ချန်းလျန် စိတ်တိုနေတတ်တာ သူသိနေတာကိုး။
ကိုယ်ဝန်ဆောင် စိုးရိမ်စိတ်နှင့် မင်္ဂလာပွဲမတိုင်ခင် စိုးရိမ်စိတ်များ ရောထွေးနေသဖြင့် သူမ ဘာမှလုပ်ချင်စိတ် မရှိဘဲဖြစ်နေသည်။
သူမ အများဆုံး လုပ်တတ်သည်မှာ ချူနင် ဘာလို့ သူမကို ကိုယ်ဝန်ရအောင် လုပ်ရသလဲ ဒါကြောင့် မင်္ဂလာပွဲက ဘာလို့ ဒီလောက် မြန်နေရတာလဲ ဆိုပြီး ညည်းညူခြင်းပင် ဖြစ်သည်။
သူမစတင်ပြီး စိတ်လှုပ်ရှားကာ စိုးရိမ်ပူပန်နေပြီ ဖြစ်သည်။ ညည်းညူပြီးတိုင်း နန်းတော်ထဲ လမ်းလျှောက်တတ်ပြီး စိတ်တိုင်းမကျသည့် နေရာတစ်ခုခုကို တွေ့လျှင် ရှောင်ပင်းကို ခေါ်ကာ ပိုကောင်းသည့်အရာနှင့် လဲခိုင်းတတ်သည်။
လဲစရာ မရှိလျှင်တော့ ပြန်ပြီး ညည်းညူတော့သည်။
ယခုလည်း ရဲ့ချန်းလျန်သည် အိပ်ဆောင်ထဲတွင် စိုးရိမ်တကြီး လမ်းလျှောက်နေပြီး စားပွဲနားသို့ ရောက်သွားသည်။
"ဒီ မြေပဲတွေက"
ဒီနေ့တင် အသစ်လဲထားတာလေ မင်းပဲဒါတွေက ကြာရင် ပုပ်ကုန်လိမ့်မယ်လို့ ပြောထားတာ မဟုတ်လား။ ရှောင်ပင်းက အသစ်တွေ လဲခိုင်းထားတယ် အနည်းဆုံး နောက်ထပ် လဝက်လောက်အထိ ဘာမှ မဖြစ်ပါဘူး။
သူမ ပြတင်းပေါက်နား သွားပြီး အနီရောင်စက္ကူကပ်ထားတာကို စိုက်ကြည့်ပြန်သည်။
"တာ့ချန်းအင်ပါယာရဲ့ စံနှုန်းက ဒါပဲလို့ ရှောင်ပင်း ပြောတယ်လေ မင်းလဲခိုင်းရင်လည်း ဒါပဲဖြစ်မှာပဲ"
ဟိုမင်္ဂလာဖယောင်းတိုင်ကိုလည်း မကြည့်နဲ့တော့ မနေ့ကမှ မင်းပဲပြောတယ် မဟုတ်လား ဒါတွေက ဆင်ပြီးရင် သုံးရတော့မှာလို့။
အခုမှ ဒါတွေကို ပြန်ဖြုတ်ပြီး ပုံမှန်ဟာတွေနဲ့ လဲခိုင်းရင် ကိုယ့်ဘာသာကိုယ် ဒုက္ခရှာသလို ဖြစ်နေမှာပေါ့။ တကယ်လို့ စိတ်တိုင်းမကျရင် မင်္ဂလာဆောင်တဲ့နေ့ကျမှ အသစ်လဲလိုက်မယ်လေ။
ရဲ့ချန်းလျန်သည် ဘယ်နေရာမှာမှ အပြစ်ရှာမရတော့သည့်အခါ ချူနင့်ကို စိုက်ကြည့်လိုက်သည်။ သူကတော့ မှင်တက်သွားရသည်။
ဒီလူကိုတော့ လဲလို့မရဘူးနော်။ လဲလိုက်ရင် မူလဟာ မဟုတ်တော့ဘူးလေ မင်းလည်း သေချာပေါက် သဘောတူမှာ မဟုတ်ပါဘူး။
ရဲ့ချန်းလျန် နှုတ်ခမ်းဆူလိုက်မိသည်။ သူပြောတာလည်း ဟုတ်နေသလိုပဲ အပြစ်ရှာမရသဖြင့် စိတ်တိုနေမိသော်လည်း ဘာမှမလုပ်ဘဲ စောင့်နေရခြင်းမှာ သူမအတွက် ထာဝရကာလကြီးလို ခံစားနေရသည်။ နောက်ဆုံးတော့ သူမ အပြစ်ရှာစရာ တစ်ခုတွေ့သွားပြီ။
"နင် ရေမချိုးရသေးဘူး မဟုတ်လား ဒီအိပ်ရာခင်းတွေက အသစ်တွေလေ တကယ်လို့ နင်က"
ချိုးပြီးပြီလေ မနေ့ညက မင်းကိုရေချိုးဖို့ ပြောတုန်းက ဘာလို့မချိုးတာလဲ ဒါမှမဟုတ် ကိုယ်တို့ အတူတူ ချိုးကြမလား။
ရဲ့ချန်းလျန် ဘာမှ ထပ်မပြောနိုင်တော့ဘဲ နှုတ်ခမ်းဆူလျက် ခုတင်ပေါ် ပြန်ထိုင်လိုက်သည်။ ချူနင်က သူမဘေးတွင် ထိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
ရပါတယ် ဒါက မင်္ဂလာပွဲတစ်ခုပဲလေ ထုံးတမ်းစဉ်လာ တစ်ခုပဲဟာ စိတ်လှုပ်ရှားစရာ မရှိပါဘူး။
ရဲ့ချန်းလျန်သည် ချူနင့်လက်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
ဒါပေမဲ့ ငါတကယ် စိတ်လှုပ်ရှားနေတာ ဘာလုပ်ရမှန်းလည်း မသိဘူး။ အခုတလော ငါအရမ်း စိတ်တိုနေတယ် တစ်ခုခုလိုအပ်နေသလိုပဲ ဒါပေမဲ့ ဘာလိုနေမှန်း ရှာမရဘူး။ ငါ နေမကောင်းဖြစ်နေတာများလား။
လူတိုင်းမှာလည်း တစ်ခါတလေ ဒီလိုဝေဒနာလေးတွေ ရှိတတ်တာပဲ။ မင်းလည်း လူသားတစ်ယောက်ပဲလေ ဒီလို အခြေအနေမှာ စိုးရိမ်စိတ်ရှိတာက ပုံမှန်ပါပဲ။
ဒါပေမဲ့ နင်ကတော့ စိုးရိမ်ပုံ မပေါ်ပါဘူး နင်က တိတ်တဆိတ် မင်္ဂလာဆောင်ခဲ့တာ အကြိမ်ပေါင်း ဒါဇင်ချီနေလို့ စိတ်မလှုပ်ရှားတာလား။
ရဲ့ချန်းလျန်သည် ချူနင့်မျက်နှာတွင် အပြစ်တစ်ခုခု ရှာတွေ့ရန် စိုက်ကြည့်နေတော့သည်။
မင်းက အခုကိုယ်ဝန်ရှိနေတယ် ပြီးတော့ မင်္ဂလာဆောင်တော့မယ်။ ကိုယ်ပါ မင်းလို စိုးရိမ်နေရင် အကုန်လုံး ရှုပ်ထွေးကုန်မှာပေါ့။ အနည်းဆုံး ငါတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ တည်တည်ငြိမ်ငြိမ် ရှိနေရမယ် မဟုတ်လား။
ရဲ့ချန်းလျန် သူပြောတာ မှန်တယ်လို့ ခံစားရပေမဲ့ သက်ပြင်းချမိပြန်သည်။
"နင် ပြောတာ ဟုတ်ပါတယ် ငါ အများကြီး တွေးမိသွားတယ်"
သူမ ဖိနပ်ချွတ်ကာ စောင်ထဲ တိုးဝင်ပြီး ကိုယ့်ကိုယ်ကိုယ် တင်းတင်းထုပ်ပိုးလိုက်သည်။ ချူနင်ကတော့ ရယ်ရခက် ငိုရခက်ဖြစ်နေရသည်။
"အဝတ်တောင် မချွတ်ရသေးဘဲ အိပ်တော့မှာလား"
"မအိပ်ဘူး ငါ တစ်ခုခုစဉ်းစားနေတာ"
သူမ ရုတ်တရက် ချူနင့်ကို မော့ကြည့်လိုက်သည်။
"နင်က ဘာလို့ ငါ့ကိုအဝတ်ချွတ်ဖို့ တိုက်တွန်းနေတာလဲ"
သူက ရယ်မောလိုက်သည် "အဝတ်ချွတ်ပြီးတော့ ချစ်သူတွေ လုပ်လေ့ရှိတဲ့ အရာတွေကို"
အိပ်မက်တောင် မမက်နဲ့ လုံးဝမဖြစ်နိုင်ဘူး နင့်ကို ဒီမှာ အိပ်ခွင့်ပေးတာကတင် ကောင်းကင်ဘုံက ပေးတဲ့ ကျေးဇူးပဲ။ နင်ကျေနပ်သင့်ပြီ တကယ်လို့ နင်က အသားယူပြီး ထပ်တောင်းဆိုဦးမယ်ဆိုရင် ဒါက ဧကရီကို လှည့်စားတဲ့ ပြစ်မှုပဲ ကိုးဆက်တိုင်အောင် အသတ်ခံရမယ့် ပြစ်ဒဏ်ပဲ။
ချူနင်က အသာအယာ ပြုံးလိုက်သည် "ဒါဆိုရင် ကလေးနဲ့ မင်းပါ အသတ်ခံရမှာလား"
ရဲ့ချန်းလျန် ခေါင်းကို စောင်ထဲ ပိုတိုးဝင်လိုက်ပြီး
"ဒါဆို နင်တစ်ယောက်တည်းပဲ အသတ်ခံရမှာ"
ဒါဆိုရင် ကလေးကို အဖေမရှိအောင် မင်းကိုလည်း ခင်ပွန်းမရှိအောင် လုပ်ချင်တာလား။
"ဒါဆိုမသတ်တော့ဘူး နင် ငါ့ကိုအနိုင်ကျင့်ချင်သလို ကျင့်တော့။ ငါ နင့်ဆီမှာ ဘယ်နှစ်ကြိမ်တောင် အနိုင်ကျင့်ခံခဲ့ရမှန်း မသိတော့ဘူး။
သူမက မကျေမနပ် ပြောဆိုရင်း ချူနင့်ကို လက်သီးဖြင့် တစ်ချက် ထိုးလိုက်သည်။
ချူနင် ပြုံးလျက် သူမကို ဖက်ကာ စောင်ထဲ တိုးဝင်လိုက်သည်။
"ငါ့နား အရမ်းမကပ်နဲ့လေ"
"ဒီထက် ပိုနီးကပ်ခဲ့တာတွေတောင် ရှိတာပဲ ဘာကြောက်နေတာလဲ"
"ဘယ်မှာပိုနီးကပ်လို့လဲ ချူနင်"
သူမ ရှက်ကိုးရှက်ကန်းဖြင့် ချူနင့်ကို စူးစိုက်ကြည့်ကာ နောက်ထပ် လက်သီးတစ်ချက် ထိုးလိုက်ပြန်သည်။
"အရှက်မရှိတဲ့ လူယုတ်မာ စကားကို လျှောက်ပြောနေတယ် ဒါကဧကရီကို လှည့်စားတဲ့ ပြစ်မှုပဲ"
ချူနင်သည် မျက်လုံးမှေးကာ ပြုံးလျက် ရဲ့ချန်းလျန်၏ အဝတ်ကြယ်သီးများကို စတင်ဖြုတ်လိုက်သည်။
ဒါဆိုရင် ဒါကဘဝဆယ်ဆက်တိုင်အောင် အသတ်ခံရမယ့် မြင်းငါးကောင်နဲ့ ဆွဲဖြတ်သတ်ခံရမယ့် ပြစ်မှုကြီးပေါ့ ဟုတ်လား။
သူမ၏ မျက်နှာလေးမှာ တဖြည်းဖြည်း နီမြန်းလာပြီး ချူနင့်ကို တည့်တည့် မကြည့်ရဲတော့ပါချေ။
ငါ့ရဲ့ကျင့်စဉ်က နင့်ထက်မြင့်လာတဲ့နေ့ကျရင် နင့်ကို ငါဖြည်းဖြည်းချင်း လွှီးသတ်ပစ်မယ်။ အရင်ဆုံး အောက်ပိုင်းကို လွှီးမယ် ပြီးရင်အပေါ်ပိုင်း ပြီးရင် တစ်ကိုယ်လုံးကို အပိုင်းပိုင်း လွှီးပစ်မယ်။
အော် အဲဒါက တော်တော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမှာပဲ။ ဒါဆိုအဲဒါကို နောက်မှလုပ်ပေါ့ မင်းရဲ့ ကျင့်စဉ်က ကိုယ့်ထက် မြင့်လာတဲ့နေ့ကျမှ ဖြည်းဖြည်းချင်း လွှီးပေါ့။
ချူနင် နင်တကယ် အရှက်မရှိဘူး စောင့်နေလိုက် အဲဒီနေ့က တစ်နေ့နေ့တော့ ရောက်လာမှာပဲ ငါ မလုပ်နိုင်ရင်တောင် ငါ့သမီးလေးတွေ လုပ်လိမ့်မယ် သူတို့ကို ငါ့အတွက် ကူပြီးကလဲ့စားချေခိုင်းမယ်။
သို့သော် ချူနင်၏ လှုပ်ရှားမှုများကို ခံစားမိသည့်အခါ သူမ၏ မျက်လုံးများမှာ ပြာယာခတ်သွားရသည်။
နင်... နင်... မီးငြှိမ်းလိုက်ဦး ကြည့်ခွင့်မရှိဘူး မဟုတ်ရင် ငါ့ကိုမထိနဲ့တော့။
ချူနင်မှာ တကယ်ပင် မတတ်သာတော့ပါချေ။
မကြာခင် မင်္ဂလာဆောင်တော့မှာပဲဟာ ကြည့်တာ ဘာဖြစ်လို့လဲ အရင်ကလည်း မြင်ဖူးတာပဲ မဟုတ်လား။
"မရဘူး! ငြှိမ်းကို ငြှိမ်းရမယ်"
ငါ့ကို ထိတာကတော့ အရှက်မရှိလို့ ထားပါတော့ ဒါပေမဲ့ စိုက်ကြည့်တာကတော့ အနည်းဆုံး မင်္ဂလာဆောင်ပြီးမှ လုပ်ပါလား။
ရဲ့ချန်းလျန် ဇွတ်အတင်းပြောနေသဖြင့် ချူနင် လိုက်လျောလိုက်ရသည်။
ဒီလောက်တောင် စိတ်လှုပ်ရှားနေဖို့ လိုလို့လား။ အတူအိပ်နေတာတောင် ရက်ပေါင်း မနည်းတော့ဘူးလေ။
ကြည့်တာထက် ထိတာက ပိုပြီးအလွန်အကျွံ ဖြစ်နေတာ မဟုတ်ဘူးလား။
မိန်းမတွေရဲ့ စိတ်က တကယ်ကို နားလည်ရခက်တာပဲ။ သို့သော် ချူနင် အများကြီး မတွေးတော့ပါဘူး။
တခြားကိစ္စတွေက အခု လက်ရှိ ဧကရီကို လှည့်စား ဖို့လောက် အရေးမကြီးပါဘူး။ စိုးရိမ်စိတ်တွေက တကယ်တော့ မလိုအပ်ပါဘူး။ စိုးရိမ်နေမယ့်အစား စောင်ထဲမှာ အတူတူ နီးနီးကပ်ကပ် နေတာက ပိုကောင်းပါတယ်။
မကြာခင်မှာပင် ရဲ့ချန်းလျန်မှာ လက်လျှော့စပြုလာပြီ ဖြစ်သည်။
"ပုန်ကန်တဲ့ သစ္စာဖောက် နင်က ငါ့ကိုလှည့်စားပြီးတော့ အာဏာကို လုယူချင်နေတာပဲ"
အာဏာလုဖို့တော့ စိတ်မဝင်စားပါဘူး။ ဒါပေမဲ့ ဧကရီကို လှည့်စားဖို့ကတော့ ကိုယ့်မှာ အရည်အချင်း နည်းနည်း ရှိပါတယ်။