အခန်း (၈) လူနှစ်ယောက် တစ်ပြိုင်တည်း အဆင့်တက်ခြင်း
တာ့ချန်းအင်ပါယာ၏ နန်းတော်မဟာရင်ပြင်ထက်တွင် ဖြစ်သည်။
စစ်ဘက်နှင့် နယ်ဘက်ဆိုင်ရာ အရာရှိကြီးများသည် တည်ကြည်ခန့်ညားသော အရှိန်အဝါများဖြင့် ဝဲယာနှစ်သွယ် စီတန်းရပ်နေကြသည်။ အောက်ခြေတွင်တော့ လူတိုင်းက စစ်ရေးသတင်းများကို အစီရင်ခံနေကြသည်။
ထိုအချိန်တွင် ရွှေရောင်နဂါးဝတ်ရုံကို ဆင်မြန်းထားသော အေးစက်ချောမောသည့် အမျိုးသမီးမှာ လက်ကလေးဖြင့် မေးထောက်ကာ ထိုင်နေသည်။
သူမသည် အစီရင်ခံစာများကို အာရုံစိုက် နားထောင်နေပုံရသော်လည်း အမှန်တကယ်တော့ စိတ်က တခြားရောက်နေခြင်းဖြစ်သည်။
ဒီလူက တကယ်တော့ မဆိုးလှပါလား။
အထူးသဖြင့် သူက သူမအပေါ် တက်တက်ကြွကြွ ဂရုစိုက်ပြသည့်အခါ ရဲ့ချန်းလျန်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး ရံဖန်ရံခါတွင် ရင်ခုန်သံများပင် စည်းချက်လွဲသွားရသည်။
သို့သော် ထိုမတော်တဆ ဆုံစည်းမှုတစ်ခုတည်းကြောင့် ချူနင်က သူမအပေါ် စိတ်ရင်းအပြည့် ထားလိမ့်မည်ဟု သူမ မယုံကြည်နိုင်သေးပေ။
ရဲ့ချန်းလျန် သိပ်ပြီး အယုံအကြည်မရှိလှ။ အကယ်၍ ဒါက သူမဝမ်းထဲက ကလေးအတွက်ပဲ ဆိုရင်ကော အကယ်၍ ဒါကသူ့ရဲ့ စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဒြပ်အတွက်ပဲ ဆိုရင်ကော။
ဒါကို တွေးမိတော့ ရဲ့ချန်းလျန် စိတ်ထဲမှာ ဟာတာတာ ဖြစ်သွားသည်။ အမှန်ပါပဲ သူမနဲ့ ချူနင်ကြားမှာ အစကတည်းက ဘာသံယောဇဉ်မှ မရှိခဲ့တာလေ။
"ဧကရီ.....ဧကရီ"
ထားလိုက်ပါတော့ ဒီအတိုင်းလည်း အဆင်ပြေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တာတွေ ရနေကြတာပဲလေ။
သူမအတွက်ကတော့ကလေးတွေမှာ အဖေရှိဖို့ ဂရုစိုက်မှု မကင်းမဲ့ဖို့နဲ့ သူမလိုမျိုး အထီးကျန်တဲ့ ဘဝကို မဖြတ်သန်းရဖို့ လိုအပ်တာပဲ။
ချူနင် ရလိုက်တာကတော့ ဘယ်သူမဆို မက်မောရမယ့် စည်းစိမ်ဥစ္စာနဲ့ ဂုဏ်ဒြပ်တွေပေါ့။
သူမ၏ လှပသော မျက်ဝန်းအစုံက အောက်သို့ ငိုက်ကျနေပြီး မကျေမနပ် ဖြစ်နေပုံရသော်လည်း သူမအနေဖြင့် ဘာမှမတတ်နိုင်သလိုပင်။
သူမက ချူနင်ကို ချစ်လာဖို့ မဖြစ်နိုင်သလို ချူနင်က သူမကို ချစ်လာဖို့ဆိုတာကလည်း ပိုလို့တောင် မဖြစ်နိုင်သေးဘူး ဒါကတော့ သေချာလှသည်။
ခြေလှမ်း တစ်လှမ်းချင်းစီပဲ သွားကြတာပေါ့။
"အရှင်မ ကျဆုံးအမှတ်အသား အင်ပါယာနဲ့ ပတ်သက်ပြီး အရှင်မရဲ့ အမြင်က ဘယ်လိုရှိပါသလဲ"
မေးခွန်းတစ်ခုက ရဲ့ချန်းလျန်ကို သတိပြန်ဝင်လာစေသည်။ "ဘာအမြင်လဲ"
အရာရှိများစွာက တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ အမြဲတမ်း အလုပ်ကို ကြိုးစားလုပ်ဆောင်တတ်သည့် အရှင်မက အခုလို အရေးကြီးတဲ့ ကိစ္စမှာ ငေးငိုင်နေတတ်လို့လား။
ဝန်ကြီးချုပ်က ဘာမှမတတ်နိုင်သည့်အဆုံး မေးခွန်းကို ထပ်မံမေးမြန်းလိုက်သည်။ ရဲ့ချန်းလျန် အသက်ပြင်းပြင်း ရှူလိုက်သည်။ သူမ နောက်ပိုင်းမှာ ခဏခဏ ငေးနေမိသည် ကိုယ်ဝန်ရှိလို့ ဦးနှောက်က ထိုင်းသွားတာလား။
ဝန်ကြီးချုပ် ပြောနေတာတွေကတော့ ရန်သူနိုင်ငံတွေ အကြောင်းပဲ ဖြစ်သည်။ အင်ပါယာကြီး (၅) ခုထဲတွင် ကျဆုံးအမှတ်အသား အင်ပါယာသည် တာ့ချန်းအင်ပါယာနှင့် အနီးဆုံးတွင်ရှိပြီး အနောက်မြောက်ဘက် သဲကန္တာရတွင် တည်ရှိသည်။ သူတို့သည် တာ့ချန်းအင်ပါယာ၏ မြေသြဇာကောင်းသော မြေများကို မက်မောနေသည်မှာ နှစ်ပေါင်းများစွာ ရှိပြီဖြစ်သည်။
အခုတော့ သူတို့က စစ်ကြေညာတော့မည် ကျဆုံးအမှတ်အသားတပ်မတော်က တောင်ဘက်ကို စစ်ချီလာမှာလား ဒါမှမဟုတ် တာ့ချန်းအင်ပါယာက သူတို့ကို အထက်နိုင်ငံအဖြစ် အသိအမှတ်ပြုပြီး လက်အောက်ခံမှာလား။
ကျဆုံးအမှတ်အသား အင်ပါယာမှာ အဆင့် (၇) သူတော်စင်နှစ်ပါး ရှိတယ် ကျွန်တော်တို့ တာ့ချန်းမှာတော့ တစ်ပါးမှ မရှိတော့ဘူး အကုန်လုံး ကွယ်လွန်ကုန်ကြပြီ။
"ဒါ့အပြင် ရန်သူ့စစ်အင်အားက တောင့်တင်းလွန်းတော့ ခုခံဖို့ ခက်ခဲလိမ့်မယ် စစ်သားဖြစ်ရင်"
ရလဒ်ကတော့ လူတိုင်းသိကြပါသည်။
မင်းနေပြည်တော်အထိ တိုက်ပွဲတွေ ရောက်လာဖို့ပဲ ရှိသည်။ ရဲ့ချန်းလျန် စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်ကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်ခုခုကို ရုတ်တရက် အာရုံခံမိလိုက်သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းတွင် စုပုံနေသော ဆေးစွမ်းအင်များက တဖြည်းဖြည်း အသက်ဝင်လာသည်။
ထိုအချိန်တွင် အစွန်းဆုံး အမှတ်တစ်ခုဖြစ်သော အတားအဆီးကို ရောက်ရှိသွားသည်။
သူမ၏ အမူအရာ ချက်ချင်း ပြောင်းလဲသွားသည်။ မဟာရင်ပြင်ထက်တွင် ကျယ်ပြောလှသော ဝိညာဉ်စွမ်းအင်များက ရုတ်တရက် သောင်းကျန်းလာသဖြင့် အရာရှိများစွာ နောက်သို့ ဆုတ်သွားကြသည်။
ဝန်ကြီးချုပ်၏ မျက်လုံးများ ပြူးသွားပြီး ရဲ့ချန်းလျန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။
"ဒီအရှိန်အဝါက... အရှင်မအဆင့်တက် တော့မှာလား"
"ဒါပေမဲ့ အရှင်မင်းကြီးက အဆင့် (၆) ကျင့်ကြံသူလေ အခု ထပ်ပြီး အဆင့်တက်မယ်ဆိုရင် သူတော်စင်နယ်ပယ်ကို ရောက်သွားမှာ မဟုတ်လား ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"အသက် တစ်ရာမပြည့်ခင် သူတော်စင် ဖြစ်လာတာလား ကျဆုံးအမှတ်အသား အင်ပါယာတောင်မှ ပြန်စဉ်းစားရတော့မယ် တကယ်ပဲ အရှင်မင်းကြီး တကယ်ပဲ အဆင့်တက်တော့မှာ လူတွေ အကုန်လုံး အမြန်ထွက်ကြ"
ကောင်းကင်ထက်တွင် မိုးကြိုးဘေးဒဏ်များ စုရုံးလာသည်။
ရဲ့ချန်းလျန်ကိုယ်တိုင်လည်း အံ့အားသင့်နေသည်။ သူမ ခန္ဓာကိုယ်ထဲက ဒီလောက် အားကောင်းတဲ့ စွမ်းအင်က ဘယ်ကလာတာလဲ မနေ့ကနဲ့ ဒီနေ့သူမ ခံစားနေရတာတွေက အမှားမဟုတ်ဘူးပဲ တစ်ခုခုက သူမကို အဆက်မပြတ် စွမ်းအင်တွေ ထောက်ပံ့ပေးနေတာပဲ။
ဝုန်း
မိုးကြိုးတစ်ချက် ပစ်ချလိုက်ရာ မဟာရင်ပြင်ကြီး တစ်ခုလုံး ပျက်စီးသွားသည်။ ရဲ့ချန်းလျန်လည်း မဟာရင်ပြင်ထဲမှာ ဆက်နေရင် နန်းတော်တစ်ခုလုံး ပျက်စီးသွားမှာကို ချက်ချင်း သတိရလိုက်သဖြင့် သူမ၏ ကိုယ်ရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
သူမ ပြန်ပေါ်လာသည့် အချိန်တွင်တော့ ကောင်းကင်ထက်သို့ ရောက်နေပြီဖြစ်သည်။
သူမ၏ ခန္ဓာကိုယ်အတွင်းတွင် ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည် ရဲ့ချန်းလျန်၏ချီပင်လယ်ထဲတွင် ကောင်းကင်ဘုံလမ်းစဉ်၏ စွမ်းအင်များက ကမ္ဘာငယ်လေးတစ်ခုလို ပြန်လည် ပုံဖော်နေသကဲ့သို့ပင်။
ဒုတိယတစ်ချက် တတိယတစ်ချက်
လူအများက ဝမ်းသာအားရ ဖြစ်နေကြသည်။
"ဧကရီ တကယ်ပဲ အဆင့်တက်သွားပြီ ဧကရီက နိုင်ငံရေးတင် ကျွမ်းကျင်တာ မဟုတ်ဘဲ ကျင့်စဉ်မှာလည်း တစ်ခါမှ နောက်ကျမကျန်ခဲ့ဘူးပဲ ဟားဟား"
"ဧကရီရှိနေမှတော့ ကျဆုံးအမှတ်အသား အင်ပါယာက ကျူးကျော်ရဲဦးမလား"
"မြန်မြန်ကြည့်ကြ ဧကရီ အောင်မြင်စွာ အဆင့်တက်သွားပြီ"
ကောင်းကင်ထက်တွင် ရဲ့ချန်းလျန်၏ အရှိန်အဝါ ပြောင်းလဲသွားသည်။ သူမသည် ဘာပညာရပ်မှ သုံးစရာမလိုဘဲ လေထဲတွင် လမ်းလျှောက်နိုင်နေပြီ ။
အဆင့် (၇)ဟင်းလင်းပြင်ခွင်းနယ်ပယ် အထက်ပိုင်း ၃ ဆင့်၏ ပထမဆုံးအဆင့်၊ ကျင့်စဉ်လောကတွင်တော့ သူတော်စင်ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။
လူတိုင်းက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြသော်လည်း ရဲ့ချန်းလျန်ကတော့ ဇဝေဇဝါ ဖြစ်နေဆဲ။
"ဒါက မဖြစ်သင့်ဘူး ငါ့ရဲ့ ကျင့်စဉ်အရဆိုရင် နောက်ထပ် နှစ်ပေါင်းများစွာ ကြာဦးမှ အဆင့်တက်ရမှာ"
ကလေးရှိနေလို့ အဆင့်တက်ရတာ ပိုလွယ်သွားတာလား။
ရဲ့ချန်းလျန် ဘာကြောင့်လဲဆိုတာ မသိသော်လည်း အခုတော့ နယ်ပယ်သစ်တစ်ခုကို ရောက်သွားပြီဆိုတာကတော့ အမှန်တရားပင်။ သူမ၏ အကြည့်များက ရုတ်တရက် စူးရှသွားပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။
"ငါ့ရဲ့ အမိန့်တော်ကို ထုတ်ပြန်လိုက်အကယ်၍ ကျဆုံးအမှတ်အသား အင်ပါယာက တိုက်ချင်တယ်ဆိုရင် တိုက်ခိုင်းလိုက်"
"အဆိုးဆုံးအနေနဲ့ တစ်နိုင်ငံလုံးရဲ့ အင်အားနဲ့ တိုက်မှာပဲ ဘယ်သူက နောက်ဆုံးမှာ ရယ်နိုင်မလဲဆိုတာ ကြည့်ကြတာပေါ့"
"သူတော်စင်ရဲ့ အမိန့်တော်အတိုင်း လိုက်နာပါ့မယ်"
...
ရဲ့ချန်းလျန်သည် မင်းတက်နန်းဆောင်တွင် နိုင်ငံရေးကိစ္စများ ဆောင်ရွက်ရင်း အတွေးနက်နေပြန်သည်။ သူမ ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး အဆင့်တက်သွားတာလဲ ဘယ်လောက်ပဲ မြန်တယ်ပြောပြော ဒီလောက်အထိတော့ မဖြစ်နိုင်ဘူးလေ။
ထို့နောက် သူမ ခန္ဓာကိုယ်အတွင်းကို ပြန်ကြည့်လိုက်ရာ သူမ၏ ဆီးခုံအောက်ပိုင်းရှိ အသက်နှစ်ချောင်း၏ အခြေအနေကို မြင်လိုက်ရသည်။ သူတို့လေးတွေရဲ့ ခန္ဓာကိုယ်ပေါ်မှာလည်း အရောင်ဖျော့ဖျော့လေးတွေ ထွက်နေပြီး တကယ့်ကို ပျော်ရွှင်နေသလိုမျိုး။
ဟင်ဒီသန္ဓေသားလေးတွေကြောင့်လား
သူမ စဉ်းစားနေစဉ်မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။
"ဧကရီ...ဧကရီ..... ကျွန်မ ရှောင်ပင်းပါ ကျွန်မ အဆင့်တက်သွားပြီ"
''ဟင်...."
ရှောင်ပင်း ဝင်လာတော့ ရဲ့ချန်းလျန်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
"ဧကရီ .. ကျွန်မ အဆင့် (၄) ကို ရောက်သွားပြီ ခုနလေးတင်ပဲ အခု သက်ရှည်မျှော်စင်ကိုတောင် စတင် တည်ဆောက်နေပြီ"
"အဲ ဧကရီလည်း အဆင့်တက်သွားတာလား" ရှောင်ပင်းက ရဲ့ချန်းလျန်ထံမှ ထွက်ပေါ်နေသော ကြီးမားလှသော ဖိအားကို ခံစားမိသဖြင့် ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ရဲ့ချန်းလျန် တကယ်ကို မယုံနိုင်အောင် ဖြစ်ရသည်။ "ရှောင်ပင်း မင်းက မနှစ်ကမှ အဆင့်တက်ထားတာ မဟုတ်လား ပုံမှန်ဆိုရင် နောက်ထပ် ဆယ်စုနှစ်တစ်ခုလောက် ကြာဦးမှ အဆင့်ထပ်တက်ရမှာလေ"
ရှောင်ပင်းက အသက်ဘယ်လောက်ရှိပြီလဲ သူမ ကျင့်ကြံလာတာ နှစ်ပေါင်း ၃၀ ကျော်ပြီ ရဲ့ချန်းလျန် အသက် ၃၀ တုန်းကလည်း အဆင့် (၃) အထိပ်ဆုံးမှာပဲ ရှိသေးတာ အဆင့် (၄) ရောက်ဖို့ ၅ နှစ်တောင် ကြာခဲ့တာလေ။
ဒါက သူမထက်တောင် မြန်နေတာ မဟုတ်လား သူမရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ သွေးမျိုးဆက်နဲ့ အရင်းအမြစ်တွေက ရှောင်ပင်းထက် အများကြီး သာလွန်တာတောင်မှပေါ့ ဒီအရှိန်အဟုန်က ရှင်းပြဖို့ ခက်ခဲလွန်းလှသည်။
ရှောင်ပင်းက ခေါင်းကို တရစပ် ခါယမ်းလိုက်ပြီး သူမလည်း ဇဝေဇဝါ ဖြစ်နေသည် "ကျွန်မလည်း မသိပါဘူး ဒါပေမဲ့ ဒီမနက် ဧကရီ ထွက်သွားပြီးနောက်မှာ ကျွန်မအဆင့်တက်တော့မလို ရုတ်တရက် ခံစားလိုက်ရတာ"
"အဲဒါနဲ့ တကယ်ပဲ အဆင့်တက်သွားတာပဲ ဒါပေမဲ့ ဧကရီ သူတော်စင်နယ်ပယ်ကို ရောက်သွားတာက အပျော်ဆုံး ကိစ္စပါ ဂုဏ်ယူပါတယ် ဧကရီ"
ရဲ့ချန်းလျန်၏ စိတ်ထဲတွင် ဗလာကျင်းသွားသည်။ သူမလည်း ရှောင်ပင်းလိုပဲ ရုတ်တရက်ကြီး အဆင့်တက်ချင်သလို ခံစားလိုက်ရတာလေ နှစ်ယောက်လုံးမှာ ဒီလို အခြေအနေမျိုး ဖြစ်နေတာလား။
သူမ ခဏမျှ စဉ်းစားလိုက်သည်။ လတ်တလော ပြောင်းလဲမှုအားလုံးကို စဉ်းစားကြည့်သော်လည်း ဘယ်လိုပဲ စဉ်းစားစဉ်းစား ပြောင်းလဲမှုအားလုံးက ချူနင်ဆီမှာပဲ ဗဟိုပြုနေသည်။ တစ်ယောက်ကို သူတော်စင်ဖြစ်စေပြီး နောက်တစ်ယောက်ကို အဆင့် (၄) ရောက်စေဖို့ သူက ဘယ်လို စွမ်းရည်မျိုး ရှိနေတာလဲ သူ ဘာနည်းလမ်း သုံးခဲ့တာလဲ သာမန်လူ တစ်ယောက်ကတော့ ဒါကိုမလုပ်နိုင်တာ အသေအချာပဲ။
သူမ စဉ်းစားလို့ မရပါ တကယ်ကို စဉ်းစားလို့ မရပါ။ သူမ နဖူးကို အသာအယာ ပွတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့အရာပါ၊ အနည်းဆုံးတော့ သူမရဲ့ ခွန်အားက သိသိသာသာ တိုးတက်လာပြီး ကြီးမားတဲ့ ပြဿနာတစ်ခုကို ဖြေရှင်းနိုင်သွားပြီလေ။ ကျဆုံးအမှတ်အသား အင်ပါယာက တိုက်ချင်တယ်ဆိုရင် သူမ စောင့်နေပါ့မယ်။
ရှောင်ပင်းလည်း ခေါင်းကို တရစပ် ညိတ်လိုက်သည်။ သူမလည်း နောက်ပိုင်းမှာ တကယ်ကို ကြိုးကြိုးစားစား ကျင့်ကြံနေတာလေ။
"ဪ... ဟုတ်သားပဲ အရှင်မ ကျွန်မ ဒီနေ့ ချူနင်နဲ့ အရှင်မ အကြောင်း စကားပြောဖြစ်ခဲ့တယ်"
ရဲ့ချန်းလျန်၏ စိတ်ထဲတွင် ရုတ်တရက် ကယောက်ကယက် ဖြစ်သွားသော်လည်း သူမ၏ အမူအရာကတော့ အေးစက်နေဆဲပင်။ သူမက ရှောင်ပင်းကို ခံစားချက်မပါသော အကြည့်ဖြင့် တစ်ချက် ကြည့်လိုက်သည်။
"ဪ ငါ့အကြောင်း ပြောဖြစ်တယ် ဟုတ်လား"
"မင်း ငါ့ကို ကွယ်ရာမှာ အတင်းပြောနေတာလား"