အခန်း ၇၁ ထားလိုက်ပါတော့ ကိုယ်ပဲ လုပ်ပါ့မယ်
အခန်းထဲတွင် ချူနင်သည် ကုတင်ပေါ်၌ ဟိုလှည့်ဒီလှည့်ဖြင့် အခြေအနေကို အကဲခတ်နေသည်။
"ဟင် ဘာလို့ အဲဒီလို ဖြစ်နေရတာလဲ"
"ဇနီးသည်ဆီကနေ ကိုယ်မျှော်လင့်ထားသလို ဝမ်းသာအားရ ဖြစ်တဲ့ တုံ့ပြန်မှုမျိုး ဘာလို့ မရှိရတာလဲ"
တကယ်လို့ နေရာချင်းသာ လဲကြည့်မယ်ဆိုရင် ချူနင်ကတော့ အရမ်းပျော်နေမှာ သေချာသည်။ သူဆိုရင် သူမကိုပဲ တစ်သက်လုံး မှီခိုစားသောက်နေတော့မှာပေါ့။ ဒါပေမဲ့ သူ့အတွက်ကျတော့ ဘာလို့ အဲဒီလို မဖြစ်ရတာလဲ။
သို့သော် ရဲ့ချန်းလျန်၏ စရိုက်ကို ပြန်တွေးကြည့်သောအခါ ချူနင် ခေတ္တစဉ်းစားမိပြီး ဒါက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရသည်။
ဧကရီတစ်ပါး ဖြစ်သလို အသက်တစ်ရာကျော်ရုံနဲ့ သူတော်စင်အဆင့်ကို ရောက်ခဲ့တဲ့ ကျင့်ကြံသူတစ်ယောက်အနေနဲ့ မာနရှိတာကတော့ ထုံးစံပါပဲ။ သူမက သူမရဲ့အစွမ်းက ပိုသာပြီး သူ့ကိုထိန်းချုပ်ထားနိုင်တယ်လို့ ထင်ခဲ့တာဖြစ်မည်။
အခုတော့ သူ့ရဲ့ကျင့်စဉ်က အရမ်းမြင့်နေတာကို သိသွားတော့ သူမ သူ့ကို မထိန်းချုပ်နိုင်တော့ဘူးလို့ ခံစားနေရတာ ဖြစ်နိုင်သည်။ လက်တစ်ဖက်နဲ့ မထိန်းနိုင်ရင် နှစ်ဖက်နဲ့ ထိန်း နှစ်ဖက်နဲ့ မရရင် သူမက သူ့နောက်ကွယ်မှာ တခြားမိန်းမတွေ ရှာခိုင်းတဲ့အထိ ပြောတယ်ဆိုတော့ တော်တော်လေး စိတ်ဓာတ်ကျသွားပုံရသည်။
ဒါကို ကြားလိုက်ရတဲ့အခါ ချူနင်ရဲ့ စိတ်တွေပါ ဗြောင်းဆန်ကုန်သည်။ သူက ဘာလို့ တခြားမိန်းမတွေ ရှာရမှာလဲ။ ရဲ့ချန်းလျန် တစ်ယောက်တည်းနဲ့တင် မလုံလောက်ဘူးလား။ ကလေးနှစ်ယောက်နဲ့တင် မဝသေးဘူး သူက နောက်ထပ် အများကြီးတောင် ထပ်ယူချင်သေးတာ။
ဒါက ပြဿနာပဲ ဟိုတစ်ခါကလိုပဲ သူတို့ကြားမှာ အကွာအဝေးတွေ ပြန်ဖြစ်လာပြန်ပြီ။
အရင်တစ်ခါကတော့ ရဲ့ချန်းလျန်ကပဲ အရင် အဆင်ပြေအောင် လုပ်ပေးခဲ့ပေမဲ့ အခုတော့ သူမမှာ တခြားနည်းလမ်း မရှိတော့ဘူး ထင်သည်။
သူမ အဆင်ပြေအောင် လုပ်ချင်ရင်တောင် လုပ်နိုင်မှာ မဟုတ်တော့ဘဲ ချူနင်ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်နေတော့သည်။
သူဘာမှမရှိတဲ့အချိန်မှာတောင် သူ့ကို ဧကရာဇ်အဖြစ် တင်မြှောက်ပေးခဲ့တဲ့သူ ချူနင် အာဏာရလာရင် သူမအတွက် ထိခိုက်နိုင်မှန်း သိရက်နဲ့ သူတို့ရဲ့ ဆက်ဆံရေးအတွက် အာဏာကို ဝေမျှပေးခဲ့တဲ့သူ သူမဟာ သူမ တတ်နိုင်သမျှ အများကြီး လုပ်ဆောင်ပေးခဲ့သူပါ။
သူမမှာ အဖိုးတန်ဆုံးအရာတွေကို ချူနင်ကို ပေးခဲ့ပြီးပြီ။ ချူနင်က ဘယ်လောက်ပဲ စိတ်မဝင်စားဘူး ပြောပြော ဒီလိုသံယောဇဉ်မျိုးကို သူမခံစားရဘဲ ဘယ်နေပါ့မလဲ။
ဒါကြောင့်လည်း ချူနင်က ရဲ့ချန်းလျန်ရဲ့ ပြဿနာမှန်သမျှကို ဖြေရှင်းပေးချင်နေတာဖြစ်ပြီး အကောင်းဆုံးကျင့်စဉ်တွေ အကောင်းဆုံး ဓားတွေနဲ့ နောက်ထပ် အရာရာတိုင်းကို ပေးချင်နေတာပါ။ သံယောဇဉ်ဆိုတာ တခြားအရာတွေနဲ့ တိုင်းတာလို့ မရပါဘူး။
အတိုင်းအတာတစ်ခုကို ရောက်သွားရင် တခြားအရာတွေကို ထည့်တွက်နေစရာ မလိုတော့ဘူးလေ။
ဒါပေမဲ့ ချူနင်ကတော့ သူ့ရဲ့ခံစားချက်ကို ရဲ့ချန်းလျန်ကို ပြောပြသင့်တယ်လို့ ခံစားရသည်။ ဒါကို ရဲ့ချန်းလျန်က ယုံဖို့တော့ လိုတာပေါ့ သူမ ယုံမယုံတော့ သူ မသိပေမဲ့ သူမ စိတ်တည်ငြိမ်သွားတဲ့အခါ သူ သေချာပေါက် ပြောပြရမည်။ မင်္ဂလာပွဲ မတိုင်ခင် ပြောပြတာ အကောင်းဆုံးပဲ။ အဲဒီ မင်္ဂလာပွဲကိုတော့ အချိန်ဆွဲလို့ လုံးဝ မဖြစ်ဘူး။
ရုတ်တရက် အပြင်က လှုပ်ရှားမှုကို ကြားလိုက်ရသဖြင့် သူ ချက်ချင်း ထလိုက်သည်။
မီးဖိုချောင်လား။
သူ့ရဲ့ ဝိညာဉ်အာရုံကို ဖြန့်ကျက်လိုက်ရာ ချူနင် ခဏ ကြောင်သွားသည်။
ဇနီးသည်က ဘာလုပ်နေတာလဲ
ရဲ့ချန်းလျန်က ရှေးဟောင်းဓားကြီးကို ကိုင်ပြီး စင်းတီတုံးပေါ်က ယုန်ကို အားရပါးရ ခုတ်ထစ်နေတာကို သူ မြင်လိုက်ရသည်။ ပြီးတော့ သူမကိုယ်သူမ ဟင်းချက်တတ်ပြီဆိုပြီး ဝမ်းသာနေသေးသည်။ ချူနင် ဒါကို မြင်ပြီး ဆွံ့အသွားရသည်။
"ဟင်ငါ့မိန်းမက ဟင်းချက်တတ်တာလား"
ဧကရီတွေဆိုတာ ငယ်ငယ်ကတည်းက အခြွေအရံတွေနဲ့ နေလာတာ ဒါမျိုး ဘယ်သိပါ့မလဲ။ ပြီးတော့ ရဲ့ချန်းလျန်က ဘာလို့ ကိုယ်တိုင်ချက်ဖို့ လုပ်နေတာလဲ။ သူမ ဗိုက်ထဲမှာ ကလေးရှိနေတာကို ချူနင် သွားတားဖို့ လုပ်ပြီးမှ ခေတ္တရပ်လိုက်သည်။
အရင် အကဲခတ်ကြည့်ဦးမှ ဒါနဲ့ သူက ရဲ့ချန်းလျန်ရဲ့နောက်မှာ တစ္ဆေတစ်ကောင်လို ပေါ်လာပြီး အခြေအနေကို ကြည့်နေလိုက်သည်။ စပ်စုချင်တာလည်း ပါတာပေါ့။
ထိုအချိန်တွင် ရဲ့ချန်းလျန်က ပထမအဆင့် အောင်မြင်သွားလို့ ဝမ်းသာနေသည်။ ဒါပေမဲ့ သူမ စားနေကျ ယုန်သားတွေက အတုံးသေးသေးလေးတွေဆိုတော့ ထပ်ခုတ်ဖို့ လိုသေးတယ်လို့ သူမ တွေးမိသည်။ ဒါနဲ့ ဓားကို ထပ်ပြီး ခုတ်ချလိုက်ရာ အရိုးနုယုန်တစ်ကောင်လုံး အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားတော့သည်။
ဒါကို မြင်တော့ ရဲ့ချန်းလျန် အသက်ပြင်းပြင်းရှူလိုက်ပြီး "ပြီးပြီ" လို့ ပြောလိုက်သည်။ ချူနင်ကတော့ စင်းတီတုံးပေါ်က ယုန်သားတွေကို ကြည့်ပြီး ဒါက ဘာပြီးသွားတာလဲ လူသတ်သလို ခုတ်ထစ်ထားတာကို စားလို့ရဦးမှာလားလို့ တွေးနေမိသည်။
ရဲ့ချန်းလျန်ကတော့ ဒါကိုဂရုမစိုက်ဘဲ မီးဖိုဘက် အာရုံပြောင်းလိုက်သည်။
"နောက်တစ်ဆင့်က မီးမွှေးရမယ်"
ထင်းတွေ နည်းလို့ မီးမတောက်တာ ဖြစ်မယ်လို့ တွေးပြီး ထင်းတွေကို အပြည့် ထည့်ပစ်လိုက်သည်။
ဘေးက ကြည့်နေတဲ့ ချူနင်ကတော့ ပိုပြီး နားမလည် ဖြစ်သွားသည်။
ချန်းလျန် အဲဒီထင်းတွေကို မင်းမွှေးလို့ ရမှာ မဟုတ်ဘူး။ ကိုယ်က အဲဒီထင်းတွေကို အထူးရှာထားတာ မီးခိုးမထွက်သလို ဖုန်လည်း မထွက်ဘူး လောင်ရင်လည်းဟင်းအရသာကို ပိုကောင်းစေတဲ့ ရနံ့ ထွက်တာလေ အချိုမှုန့်ထက်တောင် ကောင်းသေးတယ်
ဒါပေမဲ့ ရဲ့ချန်းလျန်က ထပ်ကြိုးစားရင်း စိတ်လှုပ်ရှားလာသည်။
"ဘာလို့ မလောင်တာလဲ"
သူမ ခဏ တိတ်သွားပြီးမှ ဒီထင်းတွေကလည်း အထက်လောကက ယူလာတာ ဖြစ်မယ်လို့ ရိပ်မိသွားသည်။
ဟုတ်ပါတယ် မင်းရိပ်မိသွားလို့ ကိုယ်က မီးလောင်အောင် လုပ်ပေးလိုက်ပါ့မယ်။
ရဲ့ချန်းလျန် ထပ်ကြိုးစားတဲ့အခါ မီးက တကယ်ပဲ တောက်လာသည်။ သူမ အရမ်း ဝမ်းသာသွားပြီး "ငါသိသားပဲ ဒီလောကမှာ ငါ မလုပ်နိုင်တာ ဘာမှ မရှိဘူး" လို့ ရေရွတ်လိုက်သည်။
ချူနင်ကတော့ သူမ မသိအောင် ခိုးရယ်နေမိသည်။ ထို့နောက် သူမက ရေတစ်ပုံးခပ်ပြီး ဒယ်အိုးထဲ လောင်းထည့်လိုက်သည်။
ခုတ်ထားတဲ့ ယုန်သားတွေထည့် ဆားအိုး တစ်ဝက်လောက် လောင်းထည့် ငရုတ်သီးတွေလည်း အကုန်လောင်းထည့်ပြီး အိုးဖုံး ပိတ်လိုက်သည်။
"မကြာခင် ရတော့မှာပဲ သူလည်း ဒီလိုပဲ လုပ်တာပဲ"
ချူနင်: "..."
ငါကော ငါတကယ်ပဲ အဲဒီလို လုပ်ခဲ့တာလား
ဒါမှမဟုတ် သူကအမြဲတမ်း ဟင်းချက်တာ မြန်လွန်းလို့ သူမက ဒီလိုပဲ ထင်သွားတာလား။
မင်းက ငရုတ်သီးယုန်သားကို ပြုတ်ချက် ချက်နေတာလား။ ပြီးတော့ ဒီမီးနဲ့ဆိုရင် ရေတွေ ခဏလေးနဲ့ ခန်းသွားမှာပေါ့။
မီးဖိုထဲက မီးက အရမ်းပြင်းတာကြောင့် ရဲ့ချန်းလျန်ဟာ နေဝန်းနီနတ်ဘုရားနယ်မြေထက်တောင် ပိုပူတယ်လို့ ခံစားရပြီး နောက်ကို ဆုတ်လိုက်ရသည်။
ဒီလောက်တောင် ပူတာလား။ သူက နေ့တိုင်း ဒီလို ချက်နေရတာ မနေရခက်ဘူးလား
မခက်ပါဘူး ဒီမီးက သူ့ဆံပင်တစ်ပင်ကိုတောင် မလောင်နိုင်ပါဘူး။
ရဲ့ချန်းလျန်က မီးတောက်တွေကို ငေးကြည့်နေပြီး ချူနင်ကလည်း သူမကို ဘေးကနေ ကြည့်နေသည်။ ချန်းလျန်က ဘာလို့ ရုတ်တရက်ကြီး ဟင်းချက်ချင်နေရတာလဲ။ ဒီအတိုင်းသာ ဆက်သွားရင် သူမ စိတ်ပျက်သွားမှာ သေချာသည်။
မကြာခင်မှာပဲ အိုးထဲကနေ မီးခိုးတွေ ထွက်လာသည်။ ရေခန်းသွားပြီလေ အခုအိုးဖုံးဖွင့်လိုက်ရင် ယုန်သားတွေ မည်းတူးနေတာကို တွေ့ရတော့မှာပါ။
ထားလိုက်ပါတော့ ဇနီးသည် စိတ်မပျက်ပါစေနဲ့ ဒါသူမရဲ့ ပထမဆုံး အကြိမ်ပဲကို
ချူနင် မျက်လုံးကို အသာမှိတ်ပြီး လေထဲကို လှမ်းဖမ်းလိုက်သည်။
မမြင်ရတဲ့ အချိန်မြစ်တစ်စိတ်တစ်ပိုင်းကို သူ လက်ထဲမှာ ဆုပ်ကိုင်လိုက်ပြီး ဖြတ်တောက်လိုက်သည်။
အရာအားလုံး ရပ်တန့်သွားသည်။ ဒါက အချိန်ကို ရပ်လိုက်တာ မဟုတ်ဘဲ အဲဒီ အချိန်အပိုင်းအခြားလေးကို အဆမတန် ဆွဲဆန့်လိုက်တာပါ။ အသက်တစ်ရှုစာ အချိန်ကို တစ်နှစ် ဆယ်နှစ် ရာစုနှစ် ဒါမှမဟုတ် နှစ်ပေါင်း သောင်းချီတဲ့အထိ ဆွဲဆန့်လို့ ရသည်။
သူ ခြေတစ်လှမ်းလှမ်းလိုက်တဲ့ နေရာလေးမှာပဲ အချိန်က ပုံမှန် စီးဆင်းနေသည်။ ခဏလေးအတွင်းမှာပဲ သူကတူးနေတဲ့ အိုးနဲ့ ယုန်သားတွေကို ဖယ်ထုတ်ပြီး ဟင်းချက်စရာ အသစ်တွေနဲ့ အစားထိုးလိုက်သည်။
မင်းက ဟင်းချက်ဖို့ မွေးဖွားလာတာ မဟုတ်ပါဘူး တကယ် ဒါပေမဲ့ ခင်ပွန်းတစ်ယောက်အနေနဲ့တော့ အားပေးရမှာပေါ့။
ငရုတ်သီးယုန်သားဟင်းကို အကောင်းဆုံး ချက်ပြီးတဲ့နောက် ချူနင်က ရဲ့ချန်းလျန်ရဲ့ ဘေးကို ပြန်သွားပြီး အချိန်မြစ်ကို မူလအတိုင်း ပြန်ထားလိုက်သည်။
ရဲ့ချန်းလျန်ရဲ့ အမြင်မှာတော့ ဆွဲဆန့်ထားတဲ့ အချိန်တွေဟာ အသက်တစ်ရှုစာထက်တောင် တိုတောင်းသွားသည်။
ချူနင် ဟင်းချက်ခဲ့တဲ့ အချိန်ကို သူမ လုံးဝ သတိမထားမိလိုက်ပါဘူး။ သူမ မြင်လိုက်ရတာက မီးခိုးမည်းတွေ ထွက်လာပြီး ချက်ချင်း ပြန်ပျောက်သွားတာပဲ။
မီးခိုးမထွက်တော့ဘူးဆိုရင် အဆင်ပြေသွားပြီလား။
ရဲ့ချန်းလျန် ဇဝေဇဝါနဲ့ အိုးဖုံးကို ဖွင့်ကြည့်လိုက်ရာ မျက်လုံးပြူးသွားတော့သည်။ ချူနင် ချက်သလိုမျိုး ကွက်တိဖြစ်နေတဲ့ ငရုတ်သီးယုန်သားဟင်း တစ်အိုးရှိနေတာလေ။
တကယ်ပဲ သူမရဲ့ ပါရမီက အံ့ဩဖို့ ကောင်းတာပဲ ပထမဆုံးအကြိမ်မှာတင် ဒီလောက် ပြည့်စုံအောင် ချက်နိုင်တယ် အခုတော့ သူမ ဒီတာဝန်ကို ယူနိုင်ပြီပေါ့။
အစွမ်းထက်တဲ့ ကျင့်ကြံသူကို ဟင်းချက်ခိုင်းနေစရာ မလိုတော့ဘူး။ သူမက ချူနင့်အပေါ် အကြွေးတွေ အများကြီး တင်နေတယ်လို့ ခံစားနေရတာကြောင့် ဆက်ပြီး အကြွေးမတင်ချင်တော့ပါဘူး။
"ဟင်းချက်တာက ဆေးဖော်တာလောက်ပဲ လွယ်တာပဲ"
"ချူနင့်ကို ခေါ်ပြီး အတူတူ စားရမယ်"
မကြာခင်မှာပဲ သူမက မြေအိုးလေးတစ်လုံးထဲ ထည့်ပြီး ချူနင်ရဲ့ အခန်းဘက်ကို ထွက်လာခဲ့သည်။ သူမရဲ့နောက်မှာ ရှိနေတဲ့ ချူနင်ကတော့ နားမလည်နိုင် ဖြစ်နေရသည်။ ဒါက သူ့အတွက်လား။