အခန်း ၇၀ သူမ ဟင်းချက်တတ်ပြီ
မူလကတော့ အနာဂတ်အစီအစဉ်တွေ စီမံခန့်ခွဲမှုတွေနဲ့ တခြားကိစ္စအဝဝကို အစကတည်းက ရှင်းရှင်းလင်းလင်း လုပ်ထားသင့်တာပါ။
ဒါပေမဲ့ ချူနင်ထုတ်ပြလိုက်တဲ့ အစွမ်းက အရမ်းကို ကြီးမားလွန်းနေတာကြောင့် သူမ ဘာလုပ်ရမှန်းမသိ ဖြစ်နေရသည်။
အထူးသဖြင့် ချူနင်ရဲ့ ရှေ့မှာသူမဟာ ဘာမှပြောပလောက်တဲ့သူ မဟုတ်တော့သလို သူ့နှလုံးသားထဲမှာရော သူမက အရေးပါရဲ့လားလို့ သံသယဝင်မိလာသည်။
ရဲ့ချန်းလျန်သည် ချန်ချင်းနန်းဆောင်သို့ အပြေးအလွှား ပြန်လာခဲ့သော်လည်း ချူနင်၏ အခန်းရှေ့အရောက်တွင် ခြေလှမ်းများ ရပ်တန့်သွားပြန်သည်။
သူမ ချူနင့်ကို ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲ ဘယ်လို စိတ်နေစိတ်ထားမျိုး ထားရမလဲ။
ဇနီးတစ်ယောက်လို ချူနင့်အပေါ် မှီခွဲပြီး နူးနူးညံ့ညံ့ စကားပြောဖို့ဆိုတာ သူမ တကယ်မလုပ်နိုင်ပါဘူး အပြောင်းအလဲက အရမ်းကြီးလွန်းနေလို့ပါ။
ဒါပေမဲ့ အရင်ကလိုပဲ ဆက်နေဖို့ဆိုတာကလည်း ပိုပြီးတော့တောင် မဖြစ်နိုင်တော့ပါဘူး ချူနင်ပေးတဲ့ ဓားကိုကိုင်ပြီး သူ့ကို ပြန်ခြိမ်းခြောက်ဖို့ဆိုတာကော တကယ်ကြီး ဖြစ်နိုင်ပါ့မလား။
ဒါကြောင့် ရဲ့ချန်းလျန်ဟာ အခန်းထဲဝင်ဖို့ရော မဝင်ဖို့ရော ကြားထဲမှာ ဗာဟီရ ဖြစ်နေရသည်။ သူမ ဒီလို စိတ်မျိုး တစ်ခါမှ မခံစားဖူးလေတော့ ဘာလုပ်ရမှန်း မသိတာ မဆန်းပါဘူး။
သူသာ ဒီလောက်အထိ မသန်မာခဲ့ရင် ငါ လိုက်မီနိုင်တဲ့ ခြေလှမ်းမျိုးသာ ဆိုရင် အနည်းဆုံးတော့ ငါဒီလို ဖြစ်နေမှာ မဟုတ်ဘူး
ဒါပေမဲ့ ကောင်းကင်ဖြစ်စဥ်အဆင့်ကျင့်ကြံသူဆိုတာ တာ့ချန်းအင်ပါယာမှာ တစ်ခါမှ မကြားဖူးတဲ့ တည်ရှိမှုမျိုးလေ။
ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုတောင် ချူနင်က ပုရွက်ဆိတ်လို သဘောထားတာဆိုတော့ ရဲ့ချန်းလျန်အနေနဲ့ ဘယ်လိုလုပ် လိုက်မီနိုင်ပါ့မလဲ တစ်သက်လုံး ကြိုးစားရင်တောင် မီမှာ မဟုတ်ပါဘူး။
သူမ ဒီလိုနဲ့ ဟိုလျှောက်ဒီလျှောက် လုပ်နေရင်း မွန်းတည့်ချိန်ကို ရောက်လာသည်။ နန်းတော်ထဲက ပြန်လာတဲ့ ရှောင်ပင်းက တံခါးဝမှာ ရပ်နေတဲ့ ရဲ့ချန်းလျန်ကို မြင်တော့ နားမလည်ဖြစ်သွားသည်။
"ဧကရီ ဘာဖြစ်လို့လဲ"
ရဲ့ချန်းလျန် သက်ပြင်းအရှည်ကြီး ချလိုက်သည်။
"ဘာမှမဟုတ်ပါဘူး ရှောင်ပင်း နင့်အလုပ် နင်သွားလုပ်တော့" ရှောင်ပင်း ခဏ ကြောင်သွားသည်။
ဧကရီ ဒီနေ့ တော်တော် ထူးဆန်းနေပါလား ချူနင်ရဲ့ ကျင့်စဉ်ကို သိသွားပြီ မဟုတ်လား အဲဒီဓားကိုလည်း ရထားတာပဲလေ။
ကောင်းကင်ဖြစ်စဥ်အဆင့်တွေကို ကြက်ကလေး ငှက်ကလေးလို သတ်ဖြတ်နိုင်ပြီး ဧကရာဇ်အဆင့် ကျင့်ကြံသူတွေတောင် သူ့ရှေ့မှာ ဦးညွှတ်ရတာပဲ။ တာ့ကျိုးအင်ပါယာကို ဖျက်ဆီးလိုက်တာက သူ့အတွက် လက်ဖျစ်တစ်ချက်တီးရသလောက်ပဲ မဟုတ်လား။
ရှောင်ပင်းလည်း မနက်ပိုင်းကတော့ သတိသိပ်မကပ်သေးပါဘူး။ အခုမှ သတိပြန်ဝင်လာပြီး ရဲ့ချန်းလျန်ထက်တောင် ပိုပြီး တည်ငြိမ်နေသေးသည်။ အရှင်မင်းကြီးဆိုတာ ဒီလောက်တော့ သန်မာရမှာပေါ့လို့ သူမတွေးမိသည်။
ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့ ဒါမျိုး တစ်ခါမှ မကြုံဖူးလေတော့ သူမတို့နှစ်ယောက်ကြားက သိရှိမှု ကွာခြားချက်က အရမ်းကြီးမားနေသည်။
ရှောင်ပင်းက ဘေးလူမို့လို့ အံ့ဩရုံပဲ ရှိပေမဲ့ ရဲ့ချန်းလျန်ကတော့ ချူနင်ရဲ့ ဇနီးလေ သူမအနေနဲ့ ဒီလောက်အထိ စိတ်အေးလက်အေး မနေနိုင်ပါဘူး။
"ဧကရီ ဘာဖြစ်လို့လဲဟင်"
ရဲ့ချန်းလျန် မော့ကြည့်လိုက်ပြီး "ရှောင်ပင်း နင်က ငယ်သေးတယ် နင် နားမလည်ပါဘူး"
ရှောင်ပင်း: "....."
ဒီစကားက ဘယ်မှာ ကြားဖူးပါလိမ့်။
အရှင်မင်းကြီး (ချူနင်) ပြောခဲ့တာလား
တကယ့် လင်မယားတွေပဲ ပြောတဲ့စကားတောင် ထပ်တူကျနေလိုက်တာ။
ရဲ့ချန်းလျန် တံခါးကို တွန်းဖွင့်ဖို့ လုပ်ပြီးမှ တစ်ခုခုကို အကြောင်းပြပြီး ဝင်ရင် ကောင်းမလားလို့ တွေးလိုက်မိသည်။
ဥပမာ- ထမင်းစားရင်း စကားပြောရင် အိုးတိုးအောက်တိုး ဖြစ်တာ နည်းနည်း သက်သာမလားလို့ပေါ့။
ဘာပဲဖြစ်ဖြစ် ချူနင်က သူမအတွက် ပြဿနာတွေ အများကြီး ရှင်းပေးခဲ့ပြီး အရင်းအမြစ်တွေ အများကြီး ယူလာပေးခဲ့တာပဲ။
အနည်းဆုံးတော့ ကျေးဇူးတင်စကား ပြောရင်းနဲ့ သူတို့ရဲ့ ခံစားချက်တွေကို ဖွင့်ဟတိုင်ပင်လို့ ရတာပေါ့။ တကယ်တော့ သူမလည်း အရမ်းကို ရင်ခုန်တုန်လှုပ်နေရတာပါ။
မွန်းတည့်ချိန် ရောက်ပြီ။
"ရှောင်ပင်း နေ့လယ်စာ စားဖို့ အချိန်မရောက်သေးဘူးလား"
"နောက်ထပ် နာရီဝက်လောက် လိုသေးတယ်"
"ဒါဆိုရင်လည်း..."
"ကျွန်မ အရှင်မင်းကြီးကို သွားခေါ်လိုက်ရမလား"
"မလိုဘူး"
ရဲ့ချန်းလျန်က ချက်ချင်း တားလိုက်သည်။
ဒီလူက ဒီလောက် အစွမ်းထက်နေတာကို နင်က ဟင်းချက်ခိုင်းဦးမလို့လား။ နင်က အစွမ်းထက်တဲ့ ကျင့်ကြံသူတွေကို အရေးမစိုက်လွန်းရာ မရောက်ဘူးလား။
အရင်ကတော့ သူမမသိခဲ့ပါဘူး။ ချူနင် နန်းတော်ထဲမှာ ဟင်းချက်တယ် သူမကလည်း သူ့ကိုကျင့်စဉ် အရင်းအမြစ်တွေ အာဏာနဲ့ အဆင့်အတန်းတွေ သူလိုချင်တာ အကုန်ပေးနိုင်တယ်လို့ ထင်ခဲ့တာ။
မကြာခင်မှာ သူမကိုယ်တိုင်တောင် သူ့ကို အလကားပေးလိုက်ရတော့မလားလို့ တွေးခဲ့သေးသည်။ အရင်က သူ သူမကို ကိုင်တွယ်ထိတွေ့တဲ့အခါ သူမလည်း မရုန်းကန်ခဲ့ပါဘူး။
အခြေအနေက ဒီအတိုင်းသာ ဆက်သွားရင် သူမ တကယ်ကြီး အလကား ပါသွားမှာပေါ့။ ဒါပေမဲ့ အခုတော့ မဟုတ်တော့ဘူး။ ဒီလူက အရမ်းသန်မာနေပြီး သူမက ချူနင့်အပေါ် အကြွေးတွေ အများကြီး တင်နေတာလေ။
ရဲ့ချန်းလျန်ရဲ့ အကြည့်က ရှောင်ပင်းဆီ ရောက်သွားသည်။
"ရှောင်ပင်း နင်ရဲ့မျိုးနွယ်စု နတ်ဘုရားနယ်မြေကို အရင်သွားလိုက်"
ရှောင်ပင်း နားမလည်သလို ကြည့်ကာ "ဘာလုပ်ဖို့လဲဟင်"
"သွားပြီး နှစ်ရက်လောက် ကျင့်စဉ်ကျင့်နေလိုက်"
ရှောင်ပင်း: "....."
ဒါပေမဲ့ အရှင်မင်းကြီးနဲ့အတူ ကျင့်တာက ပိုမြန်တယ် မဟုတ်ဘူးလား။
ရှောင်ပင်း ဇဝေဇဝါ ဖြစ်နေပေမဲ့ နောက်တစ်စက္ကန့်မှာပဲ အဖြေက ခေါင်းထဲ ပေါ်လာသည်။
နားလည်ပါပြီ ဧကရီနဲ့ အရှင်မင်းကြီးတို့ နှစ်ယောက်တည်း အချိန်ပေးချင်လို့ကိုး။
ဒါဆို ငါက ဘာလို့ ကြားထဲက အနှောင့်အယှက် ပေးနေမှာလဲ။ ဟိုတစ်ခါက သူတို့နှစ်ယောက် နမ်းတော့မလို ဖြစ်တုန်းက ငါ ဝင်နှောင့်ယှက်မိလို့ ပျက်သွားတာ မှတ်မိသေးတယ်။
"ဟုတ်ကဲ့ပါ ဧကရီ"
ပြောပြောဆိုဆိုနဲ့ ရှောင်ပင်းတစ်ယောက် အမြန်ဆုံးနှုန်းနဲ့ ပြေးထွက်သွားတော့သည်။
ဧကရီ ဘာလို့အခန်းထဲ မဝင်တာလဲဆိုတာ အခုမှ သိတော့သည်။ နေ့လယ်စာ စားချိန်နီးပြီဆိုတော့ ငါကအရှင်မင်းကြီးကို ဟင်းချက်ဖို့ လာခေါ်မှာ စိုးလို့ကိုး အနှောင့်အယှက် မဖြစ်ချင်လို့ပေါ့ အေးလေ ငါ မနှောင့်ယှက်တော့ပါဘူး သွားပြီ။
ထွက်သွားတဲ့ ရှောင်ပင်းရဲ့ ကျောပြင်ကို ကြည့်ပြီးမှ ချူနင်ရဲ့ အခန်းဘက်ကို သူမ ပြန်လှည့်ကြည့်လိုက်သည်။ ရဲ့ချန်းလျန် ခေတ္တ စဉ်းစားလိုက်မိသည်။
ချူနင်ရဲ့ လက်ရာက အရမ်းကောင်းတာ မှန်ပေမဲ့ ချူနင်လို အဆင့်အတန်းမြင့်တဲ့ ကျင့်ကြံသူတစ်ယောက်က ဟင်းချက်နေရတာဟာ ဂုဏ်သိက္ခာမရှိလှပါဘူး။
ကျင့်ကြံသူတစ်ယောက်အနေနဲ့ အေးအေးဆေးဆေး ဘဝကို ဇိမ်နဲ့ ဖြတ်သန်းဖို့ပဲ စဉ်းစားရမှာကို အခုတော့ ဟင်းချက်နေရတယ်။
သူမကိုယ်တိုင်က ဟင်းချက်တာ သိပ်မတော်ပေမဲ့ ဟင်းမချက်တတ်ဘူးလို့ ပြောလို့ ရပေမဲ့ ဒါက သူမ မလုပ်နိုင်ဘူးလို့ မဆိုလိုပါဘူး
အရာရာကို သင်ယူလို့ ရတာပဲ။
သူမရဲ့ ကျင့်စဉ်ပါရမီက အရမ်းကောင်းတာဆိုတော့ ဟင်းချက်တာလည်း သိပ်ဆိုးမှာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ သူမကိုယ်တိုင် ချက်ထားတဲ့ ထမင်းတစ်နပ်နဲ့ ချူနင့်ကို ကျွေးရင်း စိတ်ချင်းဖလှယ် စကားပြောကြည့်မယ် ပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်မယ်။
သူတို့ကြားက ဒီလိုစိမ်းကားမှုနဲ့ အကွာအဝေးကို သူမ မကြိုက်ပါဘူး။ ဒါဟာ သူမရဲ့ တုန်လှုပ်နေတဲ့ စိတ်ကြောင့်ဖြစ်ရတာလို့ သူမ ခံစားရသည်။
ဒီလိုနဲ့ ရဲ့ချန်းလျန်ဟာ ရိုးရှင်းလှတဲ့ မီးဖိုချောင်ထဲကို ရောက်လာခဲ့သည်။ အုတ်နီခဲတွေနဲ့ လုပ်ထားတဲ့ မီးဖို၊ သံဒယ်အိုးကြီး၊ စင်းတီတုံးနဲ့ ဓား ဒါပဲ ရှိသည်။
ဟင်းချက်စရာတွေက ဘယ်မှာလဲ။
ရဲ့ချန်းလျန် ဟိုကြည့်ဒီကြည့် လုပ်ရင်း မလှမ်းမကမ်းက အိမ်လေးတစ်လုံးကို မြင်လိုက်ရသည်။ သူမ ဇဝေဇဝါနဲ့ ဝင်ကြည့်လိုက်ရာ အဲဒီနေရာက ရေခဲတိုက်ဖြစ်နေမှန်း သိလိုက်ရသည်။
ဟင်းချက်စရာ အမျိုးမျိုးကို စီစီရီရီ ထားထားသည်။ အအေးဓာတ်က သူမကို ချက်ချင်း ရိုက်ခတ်လိုက်တာကြောင့် ရဲ့ချန်းလျန်ရဲ့ မျက်နှာ ချက်ချင်း ဖြူဖတ်ဖြူလျော် ဖြစ်သွားရသည်။
ဒီနေရာက ဘာလို့ ဒီလောက်အထိ အေးစိမ့်နေရတာလဲ။
အရင်က ရှောင်ပင်း မီးဖိုနားမှာ ယုန်တစ်ကောင်မဟုတ်ဘူး အရိုးနုယုန်တစ်ကောင်ကို ခုတ်ထစ်နေတာ မပြီးသေးလို့ ဒီအတိုင်း ထားထားတာ ဖြစ်ရမည်။
ရဲ့ချန်းလျန်က အနီးဆုံးမှာ မြင်ရတဲ့ ဟင်းချက်စရာတွေကို အမြန်ထုတ်ပြီး မီးဖိုဆီ ယူလာခဲ့သည်။ သူမရဲ့ လက်တွေဟာ အအေးဒဏ်ကြောင့် ညိုမည်းသွားပြီး ဆီးနှင်းတွေတောင် ဖုံးနေပြီ။
ရဲ့ချန်းလျန် သွားကြိတ်ပြီး ဝိညာဉ်စွမ်းအင်ကို သုံးကာ အအေးဒဏ်ကို လျော့ပါးအောင် အတော်ကြာ လုပ်လိုက်ရသည်။
ဟင်းချက်ဖို့ ပထမဆုံး အဆင့်က ဘာလဲ။
ဟုတ်ပြီ မီးစဖွင့်ရမယ်။
ထင်းတွေယူ မီးဖိုထဲထည့် ပြီးရင်မီးညှိမယ်။ အဲဒီအတိုင်း ဖြစ်ရမယ်။
ဒါပေမဲ့ သူမရဲ့ဝိညာဉ်စွမ်းအင်နဲ့ လုပ်ထားတဲ့ မီးတောက်က ထင်းတွေကို တောင် မလောင်နိုင်ပါဘူး ရဲ့ချန်းလျန် စိတ်ဓာတ်တွေ နည်းနည်း ကျချင်လာသည်။
မီးညှိလို့ မရရင်လည်း ဟင်းသီးဟင်းရွက်တွေ အရင်လှီးမယ်။ ဒါတော့ သူမ လုပ်နိုင်မှာပါ။ ရှောင်ပင်း ပြောဖူးတာကတော့ ဒီဓားက သာမန်ဓား မဟုတ်ဘူးတဲ့။
သူမ အာရုံပြောင်းလိုက်ပြီး ဓားကိုကိုင် ဝိညာဉ်စွမ်းအင်ကို စုစည်းပြီး ခဲနေတဲ့ ယုန်ကို ခုတ်ချလိုက်သည်။
ဒုန်း
ယုန်က နှစ်ခြမ်း ကွဲသွားသည်။
ရဲ့ချန်းလျန် အရမ်း ဝမ်းသာသွားသည်။
အောင်မြင်ပြီ အောင်မြင်ပြီ သူမ ဟင်းချက်တတ်ပြီ။