အခန်း (၇) ရှောင်ပင်းက တကယ်တော့ သတင်းပေး တောင်ပံခတ်ဖော်ပဲ
ပန်းကန်နှင့် တူများ ယူလာသော်လည်း ချူနင်ကတော့ မစားသေးပေ။ အကယ်၍ သူသာ တကယ်စားမည်ဆိုလျှင် သူ့ဇနီးနှင့် ရှောင်ပင်း ကို ပေးကျွေးလိုက်သည်က ဘာမှမဟုတ်သော်လည်း ချူနင်က ရှောင်ပင်းကို တည်ကြည်သောမျက်နှာထားဖြင့် ကြည့်ကာ ပြောလိုက်သည်။
"ခဏနေရင် အရှင်မ မကုန်တာတွေကို မင်းအကုန်စားရမယ် လုံးဝအလေအလွင့် မရှိစေနဲ့။ မဟုတ်ရင် နောက်ခါကျရင် မင်းအတွက် မပါတော့ဘူး"
ရှောင်ပင်းက ခေါင်းကို တရစပ် ညိတ်ပြလိုက်သည် "ကျွန်မ တစ်စက်လေးတောင် မချန်ပါဘူး"
ဘေးတွင် ရပ်နေသော ရဲ့ချန်းလျန်က ခပ်တိုးတိုး ရယ်မောလိုက်ပြီး ချူနင် ကမ်းပေးသောဟင်းချိုကို ယူလိုက်သည်။
ဤဟင်းချိုမှာ တကယ်ပင် အရသာရှိလှသည်။ အခြားဟင်းလျာများမှာလည်း အလွန်အရသာရှိကြောင်း ရဲ့ချန်းလျန် တွေ့ရှိသွားသည်။
သူမကိုယ်သူမ လောကကြီးကို မမြင်ဖူးသည့် တောသားလေးတစ်ယောက်လိုပင် ခံစားနေရသည်။
အမှန်အတိုင်း ပြောရလျှင် တာ့ချန်းအင်ပါယာ၏ ဧကရီအဖြစ် နှစ်ပေါင်းများစွာ နေလာခဲ့သော်လည်း သူမအနေဖြင့် ဤကဲ့သို့သော အရသာမျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ ချူနင်က ရဲ့ချန်းလျန်ကို ကြည့်ကာ ပြုံးဖြီးဖြီး လုပ်နေမိသည်။
သူ့ဇနီးသည်က တကယ်ကို လှလွန်းလှသည်။ ရဲ့ချန်းလျန်မှာတော့ အစိုက်ကြည့်ခံနေရသဖြင့် စိတ်ထဲတွင် အနည်းငယ် ကယောက်ကယက် ဖြစ်လာသည်။
"ချူနင် ငါ့ကို အဲဒီလိုကြီး စိုက်မကြည့်နေနဲ့ဦးမလား" ရဲ့ချန်းလျန် မျက်မှောင်ကြုတ်လိုက်ပြီး လှုပ်ရှားနေသော စိတ်အစုံကို တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်ကာ အတင်းအပြုံးဖြင့် ပြောလိုက်သည် "မင်း စိုက်ကြည့်နေတော့ ငါ ဘယ်လိုလုပ် စားလို့ရမှာလဲ"
ချူနင်က ရယ်လိုက်သည် "ဘာဖြစ်လဲ မင်းက ကလေးရဲ့မိခင်အရင်းပဲ ငါက ကလေးရဲ့ ဖခင်အရင်းလေ။ ငါတို့တွေ ဒါကို ကျင့်သားရအောင် လုပ်ရမှာ မဟုတ်လား"
"ပြီးတော့ မင်းလည်း ငါ့ကို ပြန်စိုက်ကြည့်လို့ ရတာပဲ မဟုတ်လား"
ဘေးတွင် ရပ်နေသော ရှောင်ပင်းမှာတော့ ခေါင်းကို အောက်သို့ ငုံ့ထားလိုက်သည်။
ငါ့ကိုမမြင်ပါစေနဲ့ ငါ့ကို မမြင်ပါစေနဲ့ ဒီစကားဝိုင်းကို သူမ ကြားနေရတာ မသင့်တော်ဘူး ထင်သည်။
ဒါပေမဲ့ မစ္စတာချူနဲ့ အရှင်မရယ် အရှင်မနဲ့ ရှင့်ရဲ့ ဆက်ဆံရေးက အဲဒီအဆင့်ထိ မရောက်သေးဘူးလေ အရမ်း ရင်းနှီးလွန်းတာတော့ မကောင်းဘူး။
ရဲ့ချန်းလျန် ခဏမျှ ဆွံ့အသွားပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေသည်။ ဒီလူက သူ့ရဲ့ ဂုဏ်သိက္ခာကို သိပ်ဂရုစိုက်ပုံမရဘူး ငါက ဘာလို့ မင်းကို ပြန်စိုက်ကြည့်ရမှာလဲ။
သို့သော် သူက ကြည့်ရတာ တကယ်ပင် မျက်စိပသာဒ ဖြစ်လှသည်။ ရဲ့ချန်းလျန်က အသာအယာ ချောင်းဟန့်လိုက်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
"ရှောင်ပင်း ရှေ့မှာ ဒီလိုပြောတာ ကိစ္စမရှိပေမဲ့ (သူမက ငါ့နောက်ကို လိုက်လာတာ နှစ်ပေါင်းများစွာ ရှိပြီဆိုတော့) တခြား အပြင်လူတွေကိုတော့ လုံးဝ မပြောမိပါစေနဲ့"
ရဲ့ချန်းလျန်၏ သတိပေးချက်ကို ကြားသောအခါ ချူနင်က ခေါင်းကို တရစပ် ညိတ်ပြလိုက်သည်။
"မိုးသိမယ်၊ မြေသိမယ်၊ မင်းသိမယ်၊ ငါသိမယ်၊ ရှောင်ပင်းသိမယ်။ စတုတ္ထမြောက် လူတစ်ယောက်မှ သိမှာမဟုတ်ဘူး"
ဘယ်သူပဲ လျှောက်ပြောပြော ချူနင်ကိုယ်တိုင် သွားရောက် တွေ့ဆုံလိုက်မည်။
သူ၏ဇနီးသည် ဧကရီဖြစ်လာမည့် လမ်းကြောင်းကို ဘယ်သူမှ မပိတ်ဆို့နိုင်စေရ
သတိပေးခံရသော်လည်း ချူနင်ကတော့ ဆက်ပြီး စိုက်ကြည့်နေဆဲဖြစ်သည်။
သူ၏ အကြည့်များက တဖြည်းဖြည်း အောက်သို့ ရောက်သွားသည်။ အမွှာလေးတွေပဲ၊ ကြည့်ရတာ သမီးလေး နှစ်ယောက် ထင်တယ်။ သူတို့လေးတွေရဲ့ ရုပ်ရည်က သူ့လို မဖြစ်ဘဲ သူတို့ အမေလိုပဲ လှပါစေလို့ သူ ဆုတောင်းနေမိသည်။
ဒါပေမဲ့ အခုမှ ကိုယ်ဝန် ၃ လပဲ ရှိသေးတာဆိုတော့ နောက်နှစ်အထိ စောင့်ရဦးမှာပေါ့ ကိစ္စမရှိပါဘူး ဘယ်လောက်ကြာကြာ သူ စောင့်နိုင်ပါသည်။
ချူနင်သည် တကယ်ပင် ဘာလိုအင်ဆန္ဒမှ မရှိတော့ချေ။ သူ၏ ရှေ့မှ ကလေးနှင့် ကလေး၏ မိခင်သာလျှင် အရေးကြီးဆုံးဖြစ်သည်။ သူ၏ ကျင့်စဉ်မှာ ထိပ်ဆုံးကို ရောက်နေပြီဖြစ်ရာ ဘာမှမလိုအပ်ဘဲနှင့် အထက်ဘုံသို့ သွားမည်မဟုတ်ပေ။
ယနေ့ သူ လပေါင်းများစွာ ပြင်ဆင်ထားသော ပစ္စည်းများက သေချာပေါက် လုံလောက်ပါသည်။
"မင်း ဘာကို ကြည့်နေတာလဲ" ရဲ့ချန်းလျန်၏ အသံက ချူနင်ကို အတွေးထဲမှ ဆွဲထုတ်လိုက်သည် သူမ၏ အကြည့်များမှာ ရန်လိုနေပြီး လက်သီးကိုပင် ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။
သူမသည် ချူနင်ကို အထင်လွဲသွားခြင်း ဖြစ်သည်မှာ ထင်ရှားသည်။ ချူနင်က အမြန်ရှင်းပြလိုက်သည် "ချန်းလျန် စိတ်မပူပါနဲ့ ကျွန်တော် အဲဒီကိုကြည့်နေတာ မဟုတ်ပါဘူး ကလေးအကြောင်း စဉ်းစားနေတာပါ"
"မင်းမှာ ကိုယ်ဝန် ၃ လ ရှိနေပြီဆိုတော့ နောက်ဆိုရင် ခန္ဓာကိုယ်က သိသိသာသာ ပြောင်းလဲလာတော့မှာ။ ညီလာခံတက်တဲ့အခါ လူတွေ ရိပ်မိသွားမှာ မဟုတ်လား"
ရဲ့ချန်းလျန်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ "အဲဒါက အခက်ဆုံးပဲ အထူးသဖြင့် ဝန်ကြီးချုပ်ရှီ နဲ့ စစ်သူကြီးအချို့က ကိုယ်တိုင်ကိုယ်ကျ လာအစီရင်ခံတဲ့အခါမျိုးပေါ့။ ၅ လ မတိုင်ခင်အထိတော့ နဂါးဝတ်ရုံနဲ့ ဖုံးကွယ်ထားလို့ ရပေမဲ့ ၅ လ ကျော်သွားရင်တော့"
ရဲ့ချန်းလျန်က ချူနင်ကို စိုက်ကြည့်လိုက်သည် ဒါတွေ အကုန်လုံး မင်းကြောင့်ပဲ။
တစ်ခါတည်းနဲ့ ဖြစ်သွားရသလို သိလိုက်ရတဲ့ အချိန်မှာလည်း အချိန်တွေ အများကြီး ကုန်သွားခဲ့ပြီ အကယ်၍ လူသိသွားရင် ဘယ်လိုလုပ်မလဲ အင်ပါယာကြီးက သေချာပေါက် ကယောက်ကယက် ဖြစ်သွားမှာဖြစ်သလို သူမ၏ ဂုဏ်သိက္ခာလည်း ထိခိုက်လိမ့်မည်။
လူမသိခင်မှာ ချူနင်ကို ဧကရာဇ်အဖြစ် ခန့်အပ်ရမည်ဖြစ်သော်လည်း တရားဝင် အဆင့်အတန်းတစ်ခု ရသွားရင်တောင် ခန္ဓာကိုယ် ပြောင်းလဲမှုတွေကို လူတွေ သိသွားရင် မသမာသူတွေက အခွင့်ကောင်း ယူကြလိမ့်မည်။
ပြည်တွင်းမှာတော့ ပြဿနာမရှိနိုင်ပေမဲ့ ရန်သူနိုင်ငံတွေဆီ သတင်းပျံ့သွားရင်တော့ သူတို့တွေ ပြဿနာ ရှာကြမှာ အမှန်ပဲ ချူနင်လည်း ခေါင်းကို ကုတ်ကာ အားနာနာဖြင့် ပြောလိုက်သည်။
"ကျွန်တော့် ခန္ဓာကိုယ်က ဒီလောက်တောင် ကောင်းနေလိမ့်မယ်လို့ မထင်ထားဘူး။ ကျွန်တော်လည်း မနေ့ကမှ သိတာပါ အရင်ကတော့ ဒါတွေ အကုန်လုံးက အိပ်မက်လို့ပဲ ထင်နေခဲ့တာ"
"ချူနင်... ရှောင်ပင်း ဒီမှာ ရှိနေသေးတယ်လေ လျှောက်မပြောနဲ့" ရဲ့ချန်းလျန်ကတော့ အမူအရာမပျက်သော်လည်း စိတ်ထဲမှာတော့ သူ့ကို လည်ပင်းညှစ်ချင်နေပြီ မင်းကို ဒီအတွက် ချီးကျူးရမှာလား။
မင်းသာ မရှိရင် ဒီလောက် ပြဿနာတွေ ဖြစ်လာမှာ မဟုတ်ဘူး သူမအနေဖြင့် ကလေးအကြောင်းကို တစ်ခါမှ မစဉ်းစားခဲ့ဖူးသလို ဧကရာဇ်အကြောင်းလည်း မစဉ်းစားခဲ့ဖူးပေ။
အခုတော့ အကုန်လုံး တစ်ပြိုင်တည်း ဖြစ်လာတော့သည်။ ၃ လတောင် ရှိနေပြီ ပြီးတော့ အမွှာလေးတွေတဲ့ နောက်ဆိုရင် ခန္ဓာကိုယ်က ပိုပြီး ပြောင်းလဲလာတော့မှာ။
"အခု ငါစဉ်းစားနေတာက ကလေးအတွက်ပဲ၊ ကလေးက အဖေမရှိဘဲ မွေးလာမှာကို မလိုလားလို့ပဲ" ရဲ့ချန်းလျန်က တည်ငြိမ်စွာ ပြောလိုက်သည် "ပြီးခဲ့တဲ့ ကိစ္စတွေကို ထပ်မပြောနဲ့တော့။ နောက်ပိုင်းကိစ္စတွေကို ငါ့ဘာသာငါ အဆင်ပြေအောင် စီစဉ်ပါ့မယ်။ မင်းက နန်းတော်ထဲမှာပဲ ငြိမ်ငြိမ်လေး နေရင် ရပြီ ဘာမှမဖြစ်စေရဘူးနားလည်လား"
"နားလည်ပါတယ် နားလည်ပါတယ် အကုန်လုံးက ကလေးအတွက်ပဲ မဟုတ်လား ချန်းလျန် စားလို့ ပြီးပြီလားလာ ကျွန်တော် နောက်တစ်ပန်းကန် ထပ်ခပ်ပေးမယ် အများကြီး ကျန်သေးတယ်"
ရဲ့ချန်းလျန် မျက်မှောင်ကြုတ်လိုက်သည်။ ဒီလူက သူမပြောချင်တဲ့ အဓိပ္ပာယ်ကို တကယ်ပဲ နားမလည်တာလား ဒါတွေကို သူလုပ်ပေးနေစရာ မလိုပါဘူး။ ကလေးမွေးလာရင် ဘယ်လိုစီစဉ်မလဲဆိုတာက သူမရဲ့ အလုပ်ပဲလေ။
သူမအနေဖြင့် အရှိတရားကို အပြည့်အဝ လက်မခံနိုင်သေးသလို ချူနင်နဲ့ ပတ်သက်သမျှ အကုန်လုံးကိုလည်း လက်မခံနိုင်သေးပေ။ လက်ရှိ အခြေအနေကိုသာ ထိန်းသိမ်းထားချင်နေခြင်း ဖြစ်သည်။
သို့သော် ချူနင်ကတော့ ပြုံးပြုံးလေးဖြင့် ဟင်းချိုခပ်ပေးနေဆဲဖြစ်ရာ ရဲ့ချန်းလျန်လည်း ဘာမှ ထပ်မပြောတော့ပေ။ ခဏအကြာတွင် မနက်စာ စားလို့ ပြီးသွားသည်။
ရှောင်ပင်းကတော့ ကျန်တာတွေကို အကုန်လုံး ပြောင်အောင် စားပစ်လိုက်သည်။
စားနိုင်လိုက်တာ တကယ်ကို အလေအလွင့် မရှိဘူးပဲ ထိုအချိန်တွင် ရှောင်ပင်း၏ မျက်လုံးထဲတွင် ပျော်ရွှင်မှုများသာ ပြည့်နှက်နေသည်။ တကယ်ကို အရသာ ရှိလှသည်။
အရှင်မကတော့ တကယ် ကံကောင်းတာပဲ။ မစ္စတာချူက ဟင်းချက်တာ အရမ်းတော်တာပဲ။ နောက်ဆိုရင် နန်းတွင်းမီးဖိုချောင်က အဲဒီ အမှိုက်တွေကို မလိုတော့ဘူး။
ဒီနေ့ပဲ သူတို့ကို ထုပ်ပိုးပြီး ထွက်သွားဖို့ သွားပြောလိုက်မယ်။ သူတို့ကိုယ်သူတို့ အဆင့် (၃) စားဖိုမှူးတွေလို့ ပြောနေပေမဲ့ တစ်ယောက်မှ မစ္စတာချူလောက် လက်ရာမကောင်းဘူး။
"အဲဒီလောက်အထိတော့ မလိုပါဘူး သူတို့ကို ဒီအတိုင်းပဲ ထားလိုက်ပါ" ချူနင်က ဘယ်လောက်အထိ တက်ကြွနေမလဲ ဘယ်သူသိမှာလဲ ရက်အနည်းငယ်ကြာရင် သူစိတ်မပါတော့ရင်ကော ဒါမှမဟုတ် ကလေးမွေးလာရင် ကလေးကို မပြုစုချင်တော့ရင်ကော ဘယ်သူသိမှာလဲ သူမအနေဖြင့် ချူနင်အကြောင်းကို သိပ်မသိသေးပေ။
ထို့အတူ ချူနင်ကလည်း သူမအကြောင်းကို မသိသေးပေ။ သူတို့နှစ်ဦးမှာ တစ်ကြိမ်သာ ဆုံစည်းခဲ့ဖူးပြီး အခုလို ဖြစ်လာခဲ့ခြင်းဖြစ်သည်။ သံယောဇဉ် အခြေခံကတော့ အခုထိ မရှိသေးချေ။
ထို့နောက်တွင် ရဲ့ချန်းလျန် ညီလာခံတက်ရန် ထွက်သွားသည်။ ညီလာခံမှာ ၂ နာရီခန့် ကြာမြင့်ပြီး ဝန်ကြီးချုပ်နှင့် အရာရှိများထံမှ နိုင်ငံရေးနှင့် စစ်ရေးကိစ္စများကို ဆွေးနွေးကာ အစိုးရအလုပ်များကို ဆောင်ရွက်ရသည့် နေ့စဉ် လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်။
ရှောင်ပင်းမှာတော့ ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး ထူးဆန်းနေသည်။ သူမ အဆင့်တက်တော့မည့်ပုံပဲ ဒါပေမဲ့ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ သူမ အဆင့် (၃) ကို ပြီးခဲ့တဲ့နှစ်ကမှ ရောက်ခဲ့တာလေ အဆင့် (၄) ဆိုတာ အဝေးကြီး လိုပါသေးတယ်။ သို့သော် အရှင်မ ထွက်သွားပြီးနောက် ရှောင်ပင်းမှာ ယနေ့ သံသယဖြစ်နေသည့် ကိစ္စတွေကို မေးဖို့ အချိန်ရသွားသည်။
ဘေးနန်းဆောင်တွင် ချူနင်မှာ မှီထိုင်ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း နေပူစာလှုံနေသည်။ တစ်ရေးတမော အိပ်စက်နေခြင်း ဖြစ်သည်!
"မစ္စတာချူ" ရှောင်ပင်းက ချူနင်အနားကို လာပြီး စပ်စုသလို မေးလိုက်သည်။ "ဒီနေ့ ဟင်းတွေကို ဘာတွေနဲ့ ချက်တာလဲ ပစ္စည်းတွေက ချန်းနင်နန်းဆောင်ထဲမှာပဲ ရှိနေတာလား ပြီးတော့ မီးကလည်း မီးခိုးမထွက်သလို ပြာတွေလည်း မကျန်ခဲ့ဘူးနော်"
ဒါကို ကြားသောအခါ ချူနင်က ရှောင်ပင်းကို တစ်ချက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင် စပ်စုချင်စိတ်များ ပြည့်နေသည်ကို မြင်တော့ ချူနင်က နှာခေါင်းရှုံ့လိုက်သည်။
"တကယ်တော့ ငါက လူ့လောကပြင်ပက ထူးခြားဆန်းပြားတဲ့ ဆရာကြီးတစ်ယောက်ဆိုရင် မင်းယုံမလား"
"မယုံဘူး" ရှောင်ပင်းက ချက်ချင်းပင် ငြင်းလိုက်သည်။
ဆရာကြီးတဲ့လား ဆရာကြီးတွေက အဝတ်အစားမပါဘဲ အထမ်းခံပြီး ရောက်လာတတ်လို့လား ဆရာကြီးတွေကော အိပ်ဖို့ လိုသေးလို့လား သူမတောင် အိပ်ဖို့ မလိုဘူးလေ၊ ကျင့်စဉ်လေး နည်းနည်း ကျင့်လိုက်ရင်တင် စိတ်ဓာတ်တွေ ပြန်လန်းဆန်းလာတာ။
အရှင်မနားနေရတာက နေ့တိုင်း အလုပ်တွေများပြီး တစ်နေ့ကို အစီရင်ခံစာ ထောင်ချီ ကိုင်တွယ်နေရလို့ ခွန်အားပြန်ဖြည့်ရတာလေ၊ ဟုတ်ပြီလား။
ရှောင်ပင်း မယုံကြည်သည်ကို မြင်သောအခါ ချူနင် ဘာမှ ထပ်မပြောတော့ပေ။ အခုအတိုင်းကလည်း အဆင်ပြေနေတာပဲ။
မသေမျိုး ဧကရာဇ်ကျင့်စဉ်ဆိုတာ ဒီလောကအတွက်တော့ အရမ်းမြင့်မားလွန်းလှသည်။ အထက်ဘုံမှာတောင် အင်အားအကြီးဆုံး ကျင့်စဉ်တွေက မဟာဧကရာဇ်အဆင့်ပဲ ရှိတာလေ။ မသေမျိုး ဧကရာဇ် ဆိုတာ မရှိသေးဘူး။ ဒါကြောင့် အစောက နတ်ဘုရားအာရုံကျင့်စဉ်ဆိုတာ သူ့အောက် အဆင့်ပေါင်း ထောင်ချီ နိမ့်နေတာက သဘာဝကျပါတယ်။
"မင်း မယုံရင်လည်း ရှင်းပြနေစရာ မလိုတော့ဘူးပေါ့" ရှောင်ပင်းကတော့ ချူနင် မပြောချင်ဘူးလို့ပဲ ထင်လိုက်သည်။ "ဒါဆို မစ္စတာချူ... ကျွန်မ တစ်ခုလောက် မေးလို့ရမလား"
"ဘာလဲ"
"ရှင်က အရှင်မကို တကယ်ပဲ ဂရုစိုက်တာလား ရှင် အရှင်မကို ဒီလောက်ထိ ဂရုစိုက်နေတာ မြင်လို့ ကျွန်မ မေးကြည့်တာပါ"
ချူနင်က ရယ်လိုက်သည် "ဒါပေါ့... မဟုတ်ပါဘူး ချန်းလျန်နဲ့ ငါက တကယ် သိခဲ့တာ တစ်ရက်ပဲရှိသေးတာလေ ဘယ်လိုလုပ်ပြီး စစ်မှန်တဲ့ သံယောဇဉ် ဖြစ်နိုင်မှာလဲ"
ဒါက အရှိတရားပဲ ပထမဆုံး ဆုံတွေ့တဲ့ အချိန်မှာတင် ဘယ်သူမှ စစ်မှန်တဲ့ သံယောဇဉ် မရှိနိုင်ပါဘူး။ ကလေးရှိနေရင်တောင် ဒီလူက အရမ်းလှနေရင်တောင် အာဏာအရှိဆုံး ဧကရီဖြစ်နေရင်တောင် စစ်မှန်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။
ရှောင်ပင်း မျက်မှောင်ကြုတ်လိုက်ပြီး အနည်းငယ် မကျေမနပ် ဖြစ်သွားသည် "စစ်မှန်တဲ့ သံယောဇဉ် မဟုတ်ဘူးဆိုရင် ဘာလို့ ကိုယ်တိုင်ချက်ကျွေးနေတာလဲ အရှင်မအစားကောင်းကောင်း မစားရမှာ စိုးလို့လား"
ချူနင် ခဏ စဉ်းစားလိုက်ပြီး အေးအေးဆေးဆေး ပြုံးလိုက်သည်။
"တာဝန်သိစိတ်ကြောင့် ဖြစ်နိုင်ပါတယ်။ ငါက ဒါတွေကို လုပ်ခဲ့မိပြီ ချန်းလျန်မှာလည်း ငါ့ရဲ့ရင်သွေးရှိနေပြီဆိုတော့ ငါက ဒီတာဝန်တွေကို ထမ်းဆောင်ရမှာပေါ့"
ငါ့မှာ အခုဘာမှမရှိဘူးလို့ ထင်ရပေမဲ့ ချန်းလျန်အတွက်ရော သူမဝမ်းထဲက ကလေးအတွက်ရော ငါအစွမ်းကုန် ကြိုးစားမှာပါ။ စစ်မှန်တဲ့ သံယောဇဉ်ဆိုတာ နှစ်ပေါင်းများစွာ ကြာမှ ဖြစ်လာတာလေ တစ်ရက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။
ငါက အခုစစ်မှန်ပါတယ်လို့ ပြောရင်ကော မင်း ယုံမှာလား ချန်းလျန်ကော ယုံမှာလား ဒါပေမဲ့ နောင်ဆိုရင်တော့ တစ်မျိုး ဖြစ်လာနိုင်တာပေါ့။
"ဒီတာဝန်သိစိတ်ကနေ စစ်မှန်တဲ့ သံယောဇဉ်အဖြစ် ပြောင်းလဲသွားနိုင်သလို နှစ်ဦးနှစ်ဖက်လည်း နားလည်မှု ရှိလာနိုင်တာပေါ့"
ရှောင်ပင်း ဒါကို ကြားပြီး အတွေးနက်သွားသည်။ ချူနင် ပြောတာက အဓိပ္ပာယ် ရှိလှသည်။ ယောက်ျားတစ်ယောက်က တာဝန်ယူစိတ်ရှိပြီး ဖြည်းဖြည်းချင်း တာဝန်ယူလာတဲ့အခါ သံယောဇဉ်က တဖြည်းဖြည်း ဖြစ်လာမှာပဲ အစကတည်းက စစ်မှန်ပါတယ်လို့ ပြောရင်တော့ ဒါက အပေါစားဆန်ပြီး ရှောင်ပင်းအနေဖြင့် ပြက်လုံးတစ်ခုလိုပဲ မှတ်ယူမိမှာပါ။
အခုတော့ ဒီသာမန်လူက မဆိုးလှဘူးလို့ သူမ ထင်မိသွားသည်။ သူက အရှင်မနဲ့ တကယ်ကို သင့်တော်တာပဲ။
ဒါကို ကြားသောအခါ ချူနင် ချက်ချင်း စိတ်ဝင်စားသွားသည်။ "ဒါဆို ချန်းလျန်အကြောင်း ငါ့ကိုပြောပြဦး သူမအကြောင်း သိချင်လို့ပါ။ မင်း များများပြောလေ ပိုကောင်းလေပဲ။ အကယ်၍ မင်း ဟိုကျင့်စဉ်ကို နားမလည်ရင် ငါ ရှင်းပြပေးပြီး မင်းကို မဟာဧကရာဇ်ကူညီပေးမယ်"
ဒီလောက်အထိ လေကြီးနေသော ချူနင်ကို ကြည့်ပြီး ရှောင်ပင်းကတော့ သူ လူအထင်ကြီးအောင် လုပ်နေတယ်လို့ပဲ ထင်ကာ ပြုံးလိုက်မိသည်။
တာယန် ကောင်းကင်ဘုံ ကျင့်စဉ်တဲ့လား သူမ တစ်ခါမှ မကြားဖူးပါဘူး။ သူမ ကျင့်နေတာက အရှင်မပေးထားတဲ့ နန်းတွင်းကျင့်စဉ်ဖြစ်တဲ့ အဆင့် (၇) ကျင့်စဉ်လေ။
"ဒါဆို ကျွန်မ တိတ်တိတ်လေး ပြောပြမယ်အရှင်မက တကယ်တော့ အစပ်ကြိုက်တယ်၊ အချို မကြိုက်ဘူး"
"အရှင်မက အလုပ်ကို အရမ်းစွဲလမ်းတာ ပုံမှန်ဆိုရင် သူ့ကို တွေ့ဖို့ မလွယ်ဘူး။ ဒါပေမဲ့ ညဘက်ကျရင် စကားပြောဖို့ အကြောင်းပြချက်တစ်ခုခု ရှာပြီးသွားတွေ့လို့ ရတယ်"
"အခု ထမင်းပို့ရမယ့် အချိန် မဟုတ်ဘူးလား အခုလို ထမင်းပို့တဲ့ အချိန်မှာ စကားပြောလို့ ရတာပေါ့ နေ့လည်ကျရင်လည်း ပို့ပေးဦး။ အဲဒီကျရင် ကျွန်မ မလိုက်တော့ဘူး၊ ရှင့်ဘာသာရှင် သွားပို့လိုက်"
ချူနင်က သူမကို နာမည်တောင် မကြားဖူးတဲ့ ကျင့်စဉ်တစ်ခုနဲ့ ညာနေပေမဲ့ ရှောင်ပင်းကတော့ သူတို့နှစ်ယောက်အတွက် တကယ်ပဲ စဉ်းစားပေးနေခြင်း ဖြစ်သည်။
မင်းတို့မှာ ကလေးရှိနေပြီဆိုတော့ နောင်ကျရင် ဆက်ဆံရေးက ပြေလည်နေဖို့ လိုတယ်လေ။ အရှင်မကတော့ ဒါတွေကို လုပ်မှာ မဟုတ်ဘူး ချူနင် အပေါ်မှာပဲ မူတည်တာ။
ချူနင်မှာတော့နားထောင်ရင်းအံ့သြသွားရသည်။ဒါဆိုအခွင့်အရေးတွေအများကြီးရှိနေတာပေါ့ရှောင်ပင်းကတော့အကန့်အသတ်မရှိသတင်းတွေပေးနိုင်တဲ့အစွမ်းထက်လက်နက်တစ်ခုပဲသူမကိုဒီမဟာဧကရာဇ်အဆင့်ကျင့်စဉ်ပေးလိုက်ရတာကတော့တကယ်ပဲမရှုံးပါဘူး။